စစ်မှုထမ်း တိမ်းရှောင်လို့ အဖမ်းခံခဲ့ရတဲ့ ထိုင်ဝမ်မင်းသား စစ်မှုထမ်းစတင်

 ၂၀၁၅ က Our Times ဆယ်ကျော်သက် အချစ်-ဟာသကားနဲ့ နာမည်ကြီးလာတဲ့ ဒါရန်ဝမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၅ က Our Times ဆယ်ကျော်သက် အချစ်-ဟာသကားနဲ့ နာမည်ကြီးလာတဲ့ ဒါရန်ဝမ်း
    • ရေးသားသူ, အီဗတ်တန်
    • ရာထူးတာဝန်, ဘီဘီစီသတင်း

စစ်မှုမထမ်း မနေရ တာ၀န်တွေကို ရှောင်တိမ်းတယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်ဝမ်မင်းသားတယောက် စစ်မှုထမ်းတာ၀န်တွေ စတင်နေပါပြီ။

၂၀၁၅ တုန်းက Our Times ဆယ်ကျော်သက် အချစ်-ဟာသ ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ ဒါရန်ဝမ်းက ဆေးစာအတုတွေ သုံးပြီး စစ်မှုထမ်း ကင်းလွတ်ခွင့်ရအောင် လုပ်တယ်လို့ စွပ်စွဲခံရကြောင်း ဒေသတွင်း သတင်းတွေမှာ ရေးပါတယ်။

ထိုင်ဝမ်မှာ အမျိုးသားတိုင်း တနှစ် စစ်မှုထမ်းရပါတယ်။ အရင်တုန်းက လေးလကနေ ၂၀၂၂ ကစလို့ တနှစ်ထိ အစိုးရက တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်ပြည်မကြီး အစိုးရရဲ့ ခြိမ်းခြောက်မှုက ကြီးလာလို့ ဆိုပြီး အကြောင်းပြပါတယ်။

စစ်ရေးလေ့ကျင့်နေတဲ့ ထိုင်ဝမ်တပ်သားများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ရေးလေ့ကျင့်နေတဲ့ ထိုင်ဝမ်တပ်သားများ

၃၃ နှစ်အရွယ် ထိုင်ဝမ်မင်းသား ဝမ်းရဲ့ စစ်မှုထမ်း တိမ်းရှောင်တယ်ဆိုတဲ့ သတင်းကြောင့် တရုတ်လူမှုကွန်ရက်မှာ စကားချေတင် ဖြစ်ခဲ့ကြပါတယ်။ ထိုင်ဝမ်သားတချို့က သူ့ကို တာ၀န်က တိမ်းရှောင်တယ်လို့ စွပ်စွဲပြီး တချို့ကတော့ ပြည်မကြီးမှာ နိုင်ငံသား သွားယူဖို့ တိုက်တွန်းကြပါတယ်။

ဝမ်းက တရုတ်ပြည်မကြီးမှာလည်း နာမည်ကြီးပြီး ပြည်မကြီးကို အမိမြေလို့ ညွှန်းဆို ပြောခဲ့ဖူးပါတယ်။

ဖေဖော်၀ါရီလ ၁၈ ရက်က နေအိမ်မှာ မင်းသား ဝမ်း အဖမ်းခံခဲ့ရပြီး ရဲက အာမခံနဲ့ ပြန်မလွှတ်ခင်မှာ မေးမြန်းဖို့ ခေါ်သွားခဲ့ပါတယ်။

ဆေးစာအတု လုပ်တယ်ဆိုပြီး စစ်ဆေးခံခဲ့ရကြောင်း ဒေသတွင်း သတင်းစာတွေက ရေးပါတယ်။ သူ့အိမ်ကနေ သက်ဆိုင်တဲ့ သက်သေအထောက်အထားတွေ သိမ်းဆည်းမိကြောင်းလည်း ထိုင်ဝမ် ဗဟို သတင်းအေဂျင်စီက ရေးပါတယ်။

အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပေမယ့် သူ့ဖုန်းထဲကနေ မသင်္ကာစရာ စာသားတွေ ရဲက တွေ့ပြီးနောက် လူသတ်ရန် ကြံစည်မှုမှာ ပါခဲ့သလား နောက်ပိုင်းမှာ ပြန်အစစ်ခံရပါတယ်။

ဒီအမှုအတွက် မတ်လက ဝမ်းကို ပြန်ဖမ်းသွားပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီအမှု နှစ်မှုလုံးအတွက် သူ့ကို ခုထိ စစ်ဆေးနေတုန်း ဖြစ်ပါတယ်။

တနှစ် စစ်မှုထမ်းတော့မယ့် ဝမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တနှစ် စစ်မှုထမ်းတော့မယ့် ဝမ်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တိုင်ချွန်းမြို့ ချန်ဂွန်လင်း စစ်စခန်းကို တခြား တပ်သားသစ် တထောင်ကျော်နဲ့အတူ ကြာသပတေးနေ့မှာ ဝမ်း စာရင်းသွင်းခဲ့ပါတယ်။

အခြေခံ စစ်သင်တန်းကို ရက်သတ္တပတ်တွေနဲ့ ချီပြီး တက်ပြီးနောက် ဒီတပ်သားသစ်တွေကို အထူးတပ်ဖွဲ့တွေဆီ ပို့ပေးမှာပါ။

ထိုင်ဝမ်မှာ ၁၈ နှစ်အထက် အမျိုးသားတိုင်း စစ်မှုထမ်းဖို့ လိုအပ်ပြီး တချို့ကိစ္စတွေမှာ အချိန်ရွှေ့ဆိုင်းပေးတာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း အသက် ၃၆ နှစ် ပြည့်ချိန်မှာတော့ အမျိုးသားအားလုံး စစ်မှုထမ်း ပြီးစီးဖို့ လိုပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းကဆိုရင် ထိုင်ဝမ်အမျိုးသားတိုင်း သုံးနှစ်ထိ စစ်မှုထမ်းဖို့ လိုပါတယ်။ နောက်ဆယ်စုနှစ်တွေအတွင်း စစ်မှုထမ်းသက်တမ်းကို တဖြည်းဖြည်း လျှော့ချလာပြီး လေးလထိ သက်တမ်းလျှော့ပစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း သမ္မတဟောင်း ဆိုင်ယင်ဝမ်း လက်ထက် ၂၀၂၂ မှာ တရုတ်နဲ့ တင်းမာမှုတွေ များလာပြီးနောက် စစ်မှုထမ်းသက်ကို ပြန်တိုးမယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ဟာ အာဏာရှင်စနစ် ချဲ့ထွင်လာမှုရဲ့ ရှေ့တန်းမှာ ရှိနေတယ်လို့လည်း ဆိုင်ယင်ဝမ်းက ပြောခဲ့ဖူးပါတယ်။ ဒီစစ်မှုထမ်းတွေကို ပိုပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပေးပြီး အမေရိကန်နဲ့ တခြား အဆင့်မြင့် စစ်တပ်တွေဆီက စစ်ပညာနဲ့ နည်းပညာတွေ မျှယူရမယ်လို့ သူက ဆိုပါတယ်။