ထိုင်ဝမ် တရားခွင်ထဲ ရောက်နေတဲ့ တရုတ်ရဲ့ “ကွန်မြူနစ် စပိုင်တွေ”

ကယ်လီ အင့်ခ်

ဘီဘီစီ သတင်း၊ စင်ကာပူ

Taiwan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လာမယ့် ထိုင်ဝမ်‌ရွေးကောက်ပွဲမှာ တရုတ်နဲ့ ဆက်ဆံရေး ဘယ်လို လုပ်ကြမလဲ ဆိုတာကို ရွေးကြမှာဖြစ်

နီးလာပြီဖြစ်တဲ့ ထိုင်ဝမ်ရွေးကောက်ပွဲမှာ သမ္မတလောင်းတွေရဲ့ ဘေဂျင်းနဲ့ ဆက်ဆံရေးမူဝါဒ အပေါ် မဲပေးသူတွေက မူတည် ရွေးချယ်ကြမှာဖြစ်သလို ဒီလို အရေးကြီးတဲ့ ‌ရွေးကောက်ပွဲ မတိုင်မီ ထိုင်ဝမ် အစိုးရက တရုတ်ရဲ့ “ကွန်မြူနစ် စပိုင်တွေ” လို့ စွပ်စွဲထားသူတွေ အပေါ် မှာလည်း ဖိဖိစီးစီး ပစ်မှတ်ထား တရားစီရင် နေတာကို တွေ့နေရပါတယ်။

မော်စီတုန်းရဲ့ ကွန်မြူနစ်တရုတ်နိုင်ငံ အစိုးရကို ဆန့်ကျင်ပြီး တိုင်ပေမှာ တရုတ် အမျိုးသားရေး ဝါဒီတွေက အစိုးရ သီးသန့် ခွဲပြီးတည်ထောင်လိုက်တဲ့ ၁၉၄၉ ခုနှစ်က စလို့ ထိုင်ဝမ်နဲ့ တရုတ်တို့ဟာ အပြန်အလှန် လျှို့ဝှက်ထောက်လှမ်းနေကြတာပါ။

ပြီးခဲ့တဲ့ ၁၀ လအတွင်းမှာ ထိုင်ဝမ်အာဏာပိုင်တွေက သူလျှိုအမှုတွေ အများကြီး ရုံးတင် စွပ်စွဲခဲ့ပြီး ဒါတွေကို ကြည့်ရင် ဘေဂျင်းဟာ သူလျှို သေနင်္ဂဗျူဟာတွေကို ပိုအားမြှင့် လာတယ်၊ စပိုင် ဝင်လုပ်တာတွေက စစ်တပ် ထိပ်ပိုင်း အသိုင်းအဝိုင်း ထဲမှာတောင် မကတော့ဘူး ဆိုတာကို ဖော်ညွှန်းနေတာ လို့ ဆိုပါတယ်။

ဒီနှစ်စ ကတည်းကကြည့်ရင် တရုတ်အတွက် သူလျှိုလုပ်ပေးတယ်ဆိုပြီး စွပ်စွဲခံရသူ အနည်းဆုံး ၁၆ ယောက်ရှိပါတယ်။ နှိုင်းယှဉ်ပြရရင်တော့ ၂၀၁၃ နဲ့ ၂၀၁၉ ကြားမှာ ထိုင်ဝမ် တရားမျှတမှု စုံစမ်းစစ်ဆေး‌ရေး ဗျူရိုက စာရင်းသွင်းတဲ့ သူလျှို အမှုက ၄၄ မှု သာပါ။

သူတို့ပိုင်ဆိုင်တယ်လို့ ဆိုထားတဲ့ ထိုင်ဝမ်ကို တရုတ်က စစ်ရေးအရ၊ နိုင်ငံရေးအရ ဖိအားတွေ တိုးတိုးပြီး ပေးလာနေတဲ့ အချိန်ကာလနဲ့လည်း ဒီအဖြစ်တွေက တိုက် ဆိုင် နေပါတယ်။ အမေရိကန်က ထိုင်ဝမ်ကို ထောက်ခံကြောင်း ပိုပြီးကျယ်ကျယ် လောင်လောင် ပြောလာနေပေမယ့်လည်း ဘေဂျင်းက ထိုင်ဝမ်ကျွန်းကို ရယူဖို့ အတွက် အင်အားသုံးမယ့် နည်းကို ပစ်ပယ် မထားဘူးလို့ ပြောထားတာပါ။

ဘေဂျင်းဟာ တကမ္ဘာလုံးမှာ စပိုင်လုပ်တာတွေရှိပြီး အထူးသဖြင့် အမေရိကန်ကို လျှို့ဝှက်ထောက်လှမ်းတာတွေ ချဲ့ထွင် လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေ၊ အစီရင်ခံစာတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဝါရှင်တန်ကလည်း တရုတ်နဲ့ပတ်သက်လို့ ထောက်လှမ်းရေး သတင်းတွေ အရင်ကထက် ပိုပြီး စုဆောင်းနေတာပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရုတ် စပိုင်တွေအဖို့ ထိုင်ဝမ်က လွယ်ကူတဲ့ ပစ်မှတ်တခုပဲလို့ အင်ဒို-ပစိဖိတ် ဒေသမှာ ဆယ်စုနှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့တဲ့ အမေရိကန် မရိမ်းတပ် အငြိမ်းစား ဗိုလ်မှူးကြီး ဂရန့် နယူဟမ်က ‌‌ပြောပါတယ်။

တရုတ်နဲ့ နီးတာရယ်၊ ထိုင်ဝမ်သားတွေပြောတဲ့ စကားကိုလည်း တရုတ်က နားလည် တာရယ် စတာတွေကြောင့် ထောက်လှမ်းရေးလုပ်ရတာ နှိုင်းယှဉ်ချက်အရ လွယ်ကူသလို ထိုင်ဝမ် အနေနဲ့ကလည်း တရုတ်စပိုင်တွေကို သိပ်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးလေ့ မရှိတာကြောင့် စပိုင်လုပ်ရတာ သက်သက်သာသာဖြစ် နေတယ်လို့ သူက ဆိုပါတယ်။

“တကယ်လို့ “အန္တရာယ်ကြုံရရင်” သိပ်ပြင်းပြင်းထန်ထန် မဖြစ် မှာကို ကြိုသိထားနေတော့ တရုတ် အတွက် စပိုင် လုပ်ပေးချင်တဲ့သူက စိတ်အား ထက်သန် ကြတယ်လေ။”

ထိုင်ဝမ်မှာ လျှို့ဝှက်သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် လုံခြုံရေး စည်းမျဉ်း ချမှတ်ထားတာမျိုးက သိပ်တောင်ကာလ မကြာသေးဘူးလို့ မစ္စတာ နယူဟမ်က ပြောပါတယ်။

“သတိထားဖို့လိုတဲ့ အရေးကြီးသတင်းတွေ၊ လျှို့ဝှက်သတင်းတွေကို သေသေချာချာ မထိန်းချုပ်ထားဘူးဆိုရင် ဒါတွေကို လာနှိုက်ဖို့ နိုင်ငံခြားထောက်လှမ်းရေးတွေကို လာပါ လာပါလို့ ခေါ်နေသလို ဖြစ်နေတယ်လေ။ ဒါမျိုးက ထိုင်ဝမ်မှာ ဖြစ်နေတာ ကြာလှပါပြီ။”

Taiwan

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်းဟာ ၂၀၂၄ မှာ သူ့ရဲ့ ဒုတိယ‌မြောက် သမ္မတ သက်တမ်း ကုန်ဆုံးမှာဖြစ်တဲ့အတွက် တာဝန်ကနေ နားတော့မှာဖြစ်

ထိုင်ဝမ်ကျွန်းနဲ့ ပတ်သက်ပြီး တရုတ်က ဝင်ရောက်စွက်ဖက်တာ ဒါမှမဟုတ် လွှမ်းမိုးလိုတာ စတာမျိုးတွေ လုပ်လိုရင် သုံးနိုင်တဲ့ နည်းနာတွေထဲ သူလျှိုလုပ်တဲ့ နည်းက တခုဖြစ်ကြောင်း ကျွမ်းကျင်သူတွေနဲ့ ထိုင်ဝမ်အရာရှိတွေက ပြော ပါတယ်။

ဘေဂျင်းဟာ “သေနတ်သံမထွက်တဲ့ စစ်” နဲ့ ထိုင်ဝမ်ကို တိုက်နေတာ ကြာလှပါပြီ လို့ ထိုင်ဝမ် အမျိုးသားလုံခြုံရေး ဗျူရိုရဲ့ ညွှန်ကြားရေးမှူးချုပ် စိုင်မင်ယန်းက အရင် သီတင်းပတ်အတွင်းမှာ ပြောခဲ့ပါတယ်။

ထိုင်ဝမ်ခေါင်းဆောင်တွေ နိုင်ငံခြားခရီးစဉ်သွားပြီဆိုရင် ဒါဟာ သံတမန်ရေးအရ စည်းကျော်တာလို့ သတ်မှတ်ပြီး တရုတ်က ထိုင်ဝမ်ကျွန်း ဝေဟင် ခံစစ်စည်းကို ကျော်ပြီး တိုက်လေယာဉ်တွေ ပျံသန်းပြခဲ့ပါတယ်။

ဒါ့အပြင် ထိုင်ဝမ်က တင်သွင်းတဲ့ နာနတ်သီး၊ သရက်သီး၊ ငါးအမျိုးအစား တချို့ စတာတွေကိုလည်း တရုတ်က ပိတ်ပင်ခဲ့ပါတယ်။

ဇန်နဝါရီလကျရင် ထိုင်ဝမ်ရွေးကောက်ပွဲ လာပြီမို့ ဒီကြားထဲမှာ ဒီလိုအဖြစ်တွေ ပိုများလာမယ်လို့ အများက မှန်းဆ နေကြပါတယ်။ ဆိုင်ဘာ တိုက်ခိုက်မှုတွေကို သုံးပြီး ရွေးကောက်ပွဲကို မွှေဖို့ တရုတ်အစိုးရက ကြိုးစားနိုင်တယ်လို့ မစ္စတာ စိုင်က စွပ်စွဲပြောပါတယ်။

ထိုင်ဝမ်က လွတ်လပ်ရမယ်၊ အချုပ်အခြာ အာဏာပိုင်စိုးရမယ်လို့ မြင်ထားတဲ့ လက်ရှိ အာဏာရ ဒီမိုကရက်တစ် ပြည်သူ့ပါတီ (Democratic People's Party – DPP) နဲ့ ဒီအခြေအနေအတိုင်း ငြိမ်ငြိမ်လေးနေလိုပြီး ဘေဂျင်းနဲ့ ဆွေးနွေးမှုတွေ ပြန်စချင်တဲ့ အတိုက်အခံ ကိုယ်စားလှယ် အနည်းဆုံး ၃ ယောက်တို့အကြား ယှဉ်ပြိုင် ကြမှာမို့ ဇန်နဝါရီလ ရွေးကောက်ပွဲဟာ အရေးပါတဲ့ ရွေးကောက်ပွဲပါ။

“ခွဲထွက်ရေး အမြင်တွေကို ခေါင်းမာမာနဲ့ ဖက်တွယ်ထားသူ” လို့ တရုတ်က သမုတ်ထားတဲ့ DPP သမ္မတလောင်း ကိုယ်စားလှယ်လည်းဖြစ်၊ လက်ရှိ ဒုသမ္မတလည်းဖြစ်တဲ့ ဝီလျံ လိုင် အောင်ပွဲရရင် တရုတ်ရဲ့ ပေါင်းစည်းရေး အစီအစဉ်တွေကို စိန်ခေါ်ပါလိမ့်မယ်။

ထိုင်ဝမ်က စပိုင်ဖမ်းသူတွေဟာ စစ်တပ်ထဲကို နီးနီးကပ်ကပ် အာရုံစိုက်ပြီး ကြည့်မယ့် ပုံရှိပါတယ်။ စွပ်စွဲခံ စပိုင်အများစုက စစ်တပ်နဲ့ ဆက်နွှယ်မှုရှိသူတွေ၊ စစ်သားတွေကို စည်းရုံးသူတွေပါ။

စပိုင် ကွန်ရက်တခုတည်ဆောက်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်ဂျင်ကစားနည်းတမျိုးရဲ့နည်းပြ လူချီရှန်း နဲ့ တခြား လူ ၄ ယောက် ဇူလိုင်လတုန်းက အဖမ်းခံခဲ့ရ ပါတယ်။ စစ်တပ်အခြေစိုက်စခန်းတွေနားမှာ အပေါင်ဆိုင်တွေ၊ ငွေချေးဌာနတွေ ဖွင့်ပြီး အခက်အခဲတွေ့နေတဲ့ စစ်သားတွေကို စည်းရုံးသိမ်းသွင်းခဲ့တယ်လို့ မစ္စတာလူ ကို စွပ်စွဲထားပါတယ်။ နောက်ထပ် စွပ်စွဲခံရသူ တယောက်ကတော့ ထိုင်ဝမ် နာမnf ကျော် အဆိုတော် ကူရူယောင်ရဲ့ ညီငယ် ကူပိုတင်းပါ။

ထိုင်ဝမ် စီးပွားရေးသမားတွေကို စုံစမ်းစစ်ဆေးပြီဆိုရင် အမှုက ပိုကျယ်ပြန့် လာတော့မယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပေးလေ့ရှိပါတယ်။ လျှို့ဝှက် သတင်း တွေကို သူတို့အတွက် စုဆောင်းပေးဖို့ စစ်သား ၂ ယောက်ကို စည်းရုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ် စီးပွားရေး လုပ်ငန်းရှင်တယောက်နဲ့ သူ့သား ဖြစ်သူတို့ ဇူလိုင် လက စွဲချက်တင် ခံခဲ့ရပါတယ်။

Taiwan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ဖက်က ခြိမ်းခြောက်နိုင်တာက စစ်ရေး အင်အား တခုတည်းတင် မဟုတ်ဘူး လို့ ကျွမ်းကျင်သူတွေက ဆို

တရုတ်ရဲ့ “စပိုင်တွေ”က လျှို့ဝှက်သတင်းတွေကိုပဲ ခိုးယူရုံသာ မဟုတ်ဘူး၊ တရုတ်ကို ထောက်ခံဖို့အတွက် လူတွေရဲ့ အမြင်တွေကိုပါ လွှမ်းမိုးနိုင်အောင် လုပ်မှာလို့ စိုးရိမ်မှု တွေ ရှိပါတယ်။

ထိုင်ဝမ်အပေါ်ချမှတ်ထားတဲ့ တရုတ်ရဲ့ ဗျူဟာ တဝက်လောက်က ထိုင်ဝမ်ကို စိတ်ပိုင်းအရ ကျိုးပျက်သွားအောင်၊ စိတ်ဓာတ်လဲပြိုသွားအောင်ရည်ရွယ်တဲ့ “မီဒီယာ စစ်ပွဲ” ဖြစ်တယ်လို့ တိုင်ပေက ချန်ချီ အမျိုးသား တက္ကသိုလ်က ဧည့်သုတေသီ ကယ်ရီ ဂါရှနက်ခ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ နီးလာတုန်းက ပြည်မကြီး ကောင်းကြောင်း ပုံဖော်ပြောဖို့ ထိုင်ဝမ် မီဒီယာတွေကို ဘေဂျင်းကနေ ငွေတွေ ပေးခဲ့တာတွေ ပေါ်လာခဲ့ဖူးကြောင်း သူက ပြောပါတယ်။

ဒီတခါမှာတော့ သတင်းစစ်ပွဲနဲ့ ပတ်သက်ပြီး DPP ရဲ့ တိုက်ပွဲအစီအစဉ်ထဲမှာ စပိုင်တွေ မိတယ်လို့ လူသိရှင်ကြား ထုတ်ပြောတာတွေ ပါဝင်တဲ့အကြောင်း ချန်ချီ အမျိုးသား တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် လက်ဗ် နက်ခ်မန်းက ပြောပါတယ်။

ဒါမျိုးက ဆိုင်ရာ နိုင်ငံရေးပါတီအတွက် “သိပ်ကောင်းတဲ့ ပြည်သူ့ဆက်ဆံရေး” ဖြစ်ကြောင်း ပါမောက္ခ နက်ခ်မန်းက ပြောပါတယ်။ ဒါပေမဲ့ တရုတ်က ဝင်စွက်ဖက် မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက ရွေးကောက်ပွဲမှာ သမ္မတ စိုင်အင်ဝမ်းပဲ အင်တိုက်အားတိုက်နိုင်ခဲ့တာကို ထောက်ပြရင်း တရုတ်ရဲ့ ထိုးဖောက် မှုက ထိုင်ဝမ်လူထု အများအပြား ပါသွားလောက်အောင် သိပ်အားရှိမယ့်ပုံမရ ပါဘူးလို့ သူက ယုံကြည်ပါတယ်။

“ဒီလိုလုပ်နေတာတွေက အသစ်တော့မဟုတ်ပါဘူး။ ထိုင်ဝမ် သာမန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေထဲမှာ ကြုံနေကြရတာပါ၊ ကျွန်တော့အနေနဲ့တော့ အဲဒီလိုလုပ်နေတဲ့ နည်းတွေကို မဲပေးသူတွေက သိထား ပြီးကြပါပြီ။”

ဘေဂျင်းက တိုက်ရိုက်ထိန်းချုပ်တဲ့ နိုင်ငံခြားစွက်ဖက်ရေး အဖွဲ့ ကိုယ်စား ထိုင်ဝမ်နဲ့ ဟောင်ကောင်ကို သူ ပစ်မှတ်ထားခဲ့တယ်လို့ သြစတြေးလျ မီဒီယာ‌ရှေ့မှာ ဝန်ခံ သွားတဲ့ တရုတ် စပိုင် ဝန်လီကျန်း ကိစ္စနောက်ပိုင်း ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ကာလမှာ DPPက သူလျှိုနှိမ်နင်းရေး ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ တရုတ်ကတော့ မစ္စတာ ဝန်ရဲ့ ပြောဆိုချက်တွေကို ပယ်ချခဲ့ပါတယ်။

တရုတ်ရဲ့” ထိုးဖောက်ရေး နည်းနာတွေ” မအောင်မြင်ဘူးဆိုတာကို ပြသဖို့ နောက် ထပ် အထောက်အထား‌တွေအများအပြား ရှိပါသေးတယ်လို့ ပါမောက္ခ နက်ခ်မန်းက ပြောပါတယ်။

ဒါပေမဲ့ သြစတြေးလျ အမျိုးသား တက္ကသိုလ်က ဝန်တီဆန်းနဲ့ တခြားသူတွေကတော့ အဲဒီလို စပိုင်အရေးကို လူသိရှင်ကြား ထုတ်ပြောတာတွေက အသွား ၂ ဖက်ရှိတဲ့ ဓားလိုပဲ ကိုယ့်ဘက်ကိုလည်း ပြန်ထိခိုက်နိုင်ကြောင်း ပြောပါတယ်။

“ဒါက အနာဂတ်မှာ ထိုင်ဝမ်နဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ မိတ်ဆွေ အလောင်း အလျာ တွေကို သတိထားစရာအဖြစ် အချက်ပြ လှန့်လိုက်သလိုလည်း ဖြစ်သွား နိုင်ပါတယ်။ နောက်ပြီး ဒီလို ကိုယ့်ရဲ့ ဌာနထဲ၊ အဖွဲ့အစည်းထဲ အထိ ရောက်နေတဲ့ စပိုင်တွေကို အစ ကတည်းက ဝင်လာလို့ မရအောင် ဘာလို့ မလုပ်နိုင်ခဲ့သလဲ ဆိုတဲ့ အပေါ် အမေးထုတ် မယ့်သူတွေလည်း ပေါ်လာနိုင်ပါတယ်။”