အမေရိကန်က ထိုင်ဝမ်ကို တိတ်တဆိတ် လက်နက်တပ်ပေးနေ

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် က အမေရိကန်နဲ့ ဆက်ဆံရေးခိုင်မာမှုတိုးလာတာကိုထုတ်ဖော်ပြောလာပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် က အမေရိကန်နဲ့ ဆက်ဆံရေးခိုင်မာမှုတိုးလာတာကိုထုတ်ဖော်ပြောလာပါတယ်
    • ရေးသားသူ, ရုပါ့ ဝင်းဖီး‌ဟေးစ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း
    • ရေးသားပေးပို့သည့်နေရာ, ထိုင်ဝမ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်စစ်ဘက်ပစ္စည်းတွေဝယ်ယူနိုင်ရေးအတွက် ထိုင်ဝမ်ကို ကန်ဒေါ်လာ သန်း ၈၀ ပေးဖို့ မကြာသေးခင်တုန်းက လက်မှတ်ထိုးတဲ့အခါ ဝါရှင်တန်ရဲ့လုပ်ဆောင်ချက်ကို ‘‘ကန့်ကွက်ရှုတ်ချပြီး ဆန့်ကျင်တယ်’’ လို့ တရုတ်ဘက်က ပြောခဲ့ပါတယ်။

ထိုင်ဝမ်အရေးကို ပုံမှန်စောင့်ကြည့်နေသူအတွက်ဆိုရင်တော့ ဒီပမာဏဟာ များတဲ့ပုံ မပေါ်ပါဘူး။ ခေတ်မီ တိုက်ခိုက်ရေးလေယာဥ်တစ်စီးစာဖိုးတောင် မရှိပါဘူး။ ထိုင်ဝမ်ဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄,၀၀၀ ကျော်ဖိုးရှိတဲ့ အမေရိကန်စစ်ဘက်ပစ္စည်းတွေကို ဝယ်ယူထားပါတယ်။ ဒီတော့ ဒေါ်လာ ၈၀ ဆိုတာ ပြောပ လောက်ပါသလား။

ထိုင်ဝမ်အတွက် စစ်ရေးထောက်ပံ့မှုမှန်သမျှကို ဒေါသနဲ့တုံ့ပြန်တတ်တဲ့ တရုတ်အတွက် အခုတစ်ကြိမ်က တစ်မူထူးပါတယ်။

ဒေါ်လာ သန်း ၈၀ ဟာ ချေးငွေမဟုတ်ပါဘူး။ အခွန်ထမ်းကြတဲ့ အမေရိကန်ပြည်သူတွေဆီကနေ လာတဲ့ငွေကြေးဖြစ်ပါတယ်။ အမေရိကန်ဟာ နိုင်ငံတစ်နိုင်ငံရယ်လို့ တရားဝင်အသိအမှတ်မပြုထားသူကို လက်နက်တွေပို့နိုင်ဖို့ ကိုယ်ပိုင်ငွေကို နှစ်ပေါင်း ၄၀ ကျော်အတွင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ ပေးလိုက်တာဖြစ်ပါတယ်။ ဒါဟာ ပြည်ပစစ်ဘက်ဆိုင်ရာဘဏ္ဍာရေး (FMF) လို့ခေါ်တဲ့ အစီအစဥ် အောက်ကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို ပြီးခဲ့တဲ့နှစ်မှာ ကျူးကျော်မှု စတင်ကတည်းက အမေရိကန်ဟာ FMF အစီအစဥ်အောက်ကနေ ယူကရိန်းကို စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ သန်း ၄,၀၀၀ နီးပါး ပေးခဲ့ပြီးဖြစ်ပါတယ်။

အာဖဂန်နစ္စတန်၊ အီရတ်၊ အစ္စရေး၊ အီဂျစ်နဲ့ တခြားနေရာတွေအတွက် ဒေါ်လာသန်းထောင်ချီကိုလည်း အကူအညီတွေ ပေးထားပါတယ်။ ဒါပေမဲ့ ဒီအကူအညီတွေဟာ ကုလသမဂ္ဂက နိုင်ငံအဖြစ် ဒါမှမဟုတ် အဖွဲ့အစည်းတွေအဖြစ် အသိအမှတ်ပြုထားတာတွေကိုပဲ ပေးခဲ့တာဖြစ်ပါတယ်။ ထိုင်ဝမ်ကတော့ ဒီလိုမဟုတ်ပါဘူး။

အမေရိကန်ဟာ ၁၉၇၉ ခုနှစ်မှာ သံခင်းတမန်ခင်းအရ အသိအမှတ်ပြုမှုကို ထိုင်ဝမ်ကနေ တရုတ်ဆီ ပြောင်းလဲခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေကို အမေရိကန်က ပြဋ္ဌာန်းပြီး ထိုင်ဝမ်ကျွန်းကို လက်နက်တွေ ဆက်ပြီးရောင်းချနေခဲ့ပါတယ်။

အဓိကအချက်ကတော့ ထိုင်ဝမ်အနေနဲ့ တရုတ်ဘက်ကနေ ပြုလုပ်လာနိုင်ခြေရှိတဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ဖို့ လုံလောက်တဲ့လက်နက်တွေရှိအောင် အမေရိကန်က ရောင်းချတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုရောင်းချမှုအများစုဟာ ဝါရှင်တန်နဲ့ ဘေကျင်းကြားက ဆက်ဆံရေးကို ယိုယွင်းမှုများများစားစား မဖြစ်စေခဲ့ပါဘူး။ ဆယ်စုနှစ်တွေချီကြာအောင် အမေရိကန်ဟာ တရုတ်နဲ့စီးပွားရေးလုပ်နိုင်ဖို့နဲ့ ထိုင်ဝမ်ကိုတော့ ခိုင်မာတဲ့မဟာမိတ်အဖြစ် ဗျူဟာကျကျဆက်ဆံမှု ဆိုပြီးနှစ်မျိုးကျင့်သုံးခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာတော့ ထိုင်ဝမ်ရေလက်ကြားတစ်ဖက်တစ်ခြမ်းစီမှာရှိတဲ့ ထိုင်ဝမ်နဲ့ တရုတ်ကြားက စစ်ရေးဟန်ချက်ညီမှုဟာ တရုတ်ဘက်ကို ချိန်ခွင်အ‌လေးသာလာခဲ့ပါတယ်။ ပုံသေနည်းအဟောင်းကြီးက အလုပ်မဖြစ်တော့ပါဘူး။ ဝါရှင်တန်ကလည်း အရေးကြီးတဲ့သူ့မူဝါဒ မပြောင်းလဲဘူးလို့ ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလည်း FMF ဟာ ထိုင်ဝမ်ကို အသိအမှတ်ပြုမှုသဘော မသက်ရောက်ဖူးဆိုတဲ့အကြောင်း မြန်မြန်ဆန်ဆန် ငြင်းဆိုပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ် ကျွန်းဟာ တရုတ်ပြည်မကြီးက ကျူး‌ကျော်လာနိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Imgaes

ဓာတ်ပုံ ပုံစာ, ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ် ကျွန်းဟာ တရုတ်ပြည်မကြီးက ကျူး‌ကျော်လာနိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ တိုင်ပေအစိုးရကတော့ အမေရိကန်ဟာ ထိုင်ဝမ်နဲ့ ဆက်ဆံရေးကို ပြန်လည်ပုံဖော်နေတယ်လို့ ယူဆနေချိန်မှာပဲ ဝါရှင်တန်ကလည်း ထိုင်ဝမ်ကို မြန်မြန်ဆန်ဆန် လက်နက်ပြန်လည်ဖြည့်တင်းနေစေချင်တာဖြစ်ပါတယ်။

‘‘အမေရိကန်က ကျွန်တော်တို့ရဲ့စစ်ရေးစွမ်းဆောင်ရည်ကို တိုးတက်စေလိုစိတ် ပြင်းပြနေတယ်။ ဒါဟာ ကျွန်တော်တို့ အတူတကွရပ်တည်နေတယ်ဆိုတာကို ဘေကျင်းဘက်ကို ရှင်းလင်းတဲ့ ဗျူဟာမြောက် သတင်းစကားပါးလိုက်တာပါပဲ’’ လို့ ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်နဲ့ရော၊ အမေရိကန်လွှတ်တော်အကြီးအကဲတွေနဲ့ပါ ဆက်ဆံရေးရင်းနှီးတဲ့အာဏာရပါတီက ထိုင်ဝမ်အမတ် ဝမ်တင်ယုက ပြောပါတယ်။

ဒေါ်လာ သန်း ၈၀ ဟာ အကူအညီကြီးကြီးမားမားရဲ့ အပိုင်းလေးပဲဖြစ်တယ်လို့ သူကပြောသလို ထိုင်ဝမ်ကို ဒေါ်လာသန်း ၅၀၀ တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြုပေးခဲ့တာကိုလည်း သူက ထောက်ပြပြောဆိုပါတယ်။

မစ္စတာဝမ်ကတော့ ထိုင်ဝမ်ဟာ ၁၉၇၀ ပြည့်နှစ်တွေကတည်းကဆိုရင် ပထမဆုံးအကြိမ်အနေနဲ့ မြေပြင်တပ်ဖွဲ့ ၂ ဖွဲ့ကို အမေရိကန်ကို သင်တန်းစေလွှတ်ဖို့ ပြင်နေတယ်လို့လည်း သူကပြောပါတယ်။

ဒါပေမဲ့ ဒီလေ့ကျင့်ရေးစတင်နိုင်ဖို့ အဓိကအချက်က ငွေကြေးဖြစ်တယ်လို့ သူကပြောသလို လာမယ့် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၀,၀၀၀ အထိရှိနိုင်တယ်လို့လည်းဆိုပါတယ်။

စစ်ဘက်ဆိုင်ရာပစ္စည်းတွေပါဝင်တဲ့ သဘောတူညီချက်ဟာ ၁၀ နှစ်အထိကြာနိုင်တယ်လို့ တိုင်ပေ အခြေစိုက် ပညာရှင်အဖွဲ့ Prospect Foundation ရဲ့ ဥက္ကဋ္ဌ လိုင်အီချင်းက ပြောပါတယ်။

‘‘ဒါပေမဲ့ FMF နဲ့ဆိုရင် အမေရိကန်ဟာ သူ့ကိုယ်ပိုင် လက်နက်တွေနဲ့ငွေကြေးတွေကို တိုက်ရိုက်ပေးတာဖြစ်လို့ အတည်ပြုချက်တောင်းတဲ့အဆင့်ကို ဖြတ်ဖို့ မလိုတော့ဘူး’’

ထိုင်ဝမ်ကို အမေရိကန်လွှတ်တော်တွေထဲက ဒီမိုကရက်နဲ့ ရီပတ်ပလင်ကန် နှစ်ပါတီစလုံးက အမတ်တွေက ထောက်ခံပုံရပေမဲ့ ယူကရိန်းကို ပေးမယ့် ဒေါ်လာသန်းထောင်ချီတန် အကူအညီကို ကွန်ဂရက်စ် လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြရတဲ့အခြေအနေကိုကြည့်ရင် ဒါက အရေးပါတဲ့အခြေအနေဖြစ်ပါတယ်။

ဒါပေမဲ့ ဂါဇာစစ်ပွဲအခြေအနေနဲ့ ယူကရိန်းက စစ်ပွဲတွေကြောင့် အမေရိကန်က ထိုင်ဝမ်ကို လက်နက်ထောက်ပံ့မယ့်ကိစ္စဟာ ကျယ်ကျယ်ပြောပြောဖြစ်လာနိုင်ဖို့ ခဲယဥ်းပါတယ်။ သမ္မတ ဘိုင်ဒန်ကတော့ ယူကရိန်းနဲ့ အစ္စရေးကို စစ်ပွဲဆိုင်ရာအကူအညီတွေ ပေးဖို့ လုပ်နေပြီး အဲဒီထဲမှာ ထိုင်ဝမ်အတွက်လည်း ထည့်တွက်ထားပါတယ်။

 ၂၀၂၃ ခုနှစ်၊ မေလမှာ စင်ကာပူမှာ ဆိုက်ကပ်ထားတဲ့ တရုတ်ရဲ့ ရေတပ်ဒုံးကျည်ပစ် စစ်သင်္ဘော ယုလင်(ညာဘက်)နဲ့ မိုင်းရှင်းလင်းရေးသင်္ဘော ချီဘီ(ဘယ်ဘက်)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်၊ မေလမှာ စင်ကာပူမှာ ဆိုက်ကပ်ထားတဲ့ တရုတ်ရဲ့ ရေတပ်ဒုံးကျည်ပစ် စစ်သင်္ဘော ယုလင်(ညာဘက်)နဲ့ မိုင်းရှင်းလင်းရေးသင်္ဘော ချီဘီ(ဘယ်ဘက်)

အမေရိကန်က ပေးတဲ့ငွေကြေးတွေကို ဘယ်လိုသုံးစွဲမလဲဆိုတာနဲ့ပတ်သက်ပြီး တိုင်ပေမှာရှိတဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနကို မေးမြန်းတဲ့အခါမှာတော့ ခပ်ပြုံးပြုံးတုံ့ပြန်မှုသာဖြစ်ခဲ့ပါတယ်။

ဒေါက်တာ လိုင်ကတော့ ဖြစ်နိုင်ခြေကို ပညာရှင်ဆန်ဆန်ခန့်မှန်းသုံးသပ်ကြည့်မယ်ဆိုရင် ထိုင်ဝမ်တပ်ဖွဲ့တွေ မြန်မြန်ဆန်ဆန်လေ့ကျင့်နိုင်ပြီး သက်ရောက်မှုလည်းမြင့်တဲ့ ဂျာဗလင်နဲ့ စတင်ဂျာ လေယာဥ်ပစ် ဒုံးကျည်တွေ ဝယ်နိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။

‘‘ကျွန်တော်တို့မှာ အဲဒီလက်နက်လုံလုံလောက်လောက်မရှိဘူး။ အများကြီးလည်း လိုအပ်နေတယ်’’ လို့ သူက ပြောပါတယ်။

‘‘ယူကရိန်းမှာဆိုရင် စတင်ဂျာ(လေယာဥ်ပစ် ဒုံးကျည်)တွေက မြန်မြန်ကုန်သွားတယ်။ ယူကရိန်းက အဲဒီဒုံးကျည်တွေကို အသုံးပြုနေတဲ့အတိုင်းအဆကို ကြည့်ရင် ကျွန်တော်တို့က အဲဒီထက် ၁၀ ဆ ပိုလိုအပ်လိမ့်မယ်’’

ကာလရှည်စောင့်ကြည့်သူ အကဲခတ်သူတွေအတွက်တော့ သုံးသပ်ချက်က ရှင်းပါတယ်။ ထိုင်ဝမ်ကျွန်းဟာ တရုတ်ဘက်က တိုက်ခိုက်လာနိုင်ခြေတစ်ခုကို တုံ့ပြန်ဖို့ ပြင်ဆင်မှုအပိုင်းမှာ လိုအပ်နေပါသေးတယ်။

ပြဿနာက တစ်သီတစ်တန်းကြီးရှိနေပါတယ်။ ထိုင်ဝမ်စစ်တပ်ဟာ ဟောင်းမြေ့နေတဲ့တိုက်ခိုက်ရေး တင့်ကားတွေ ရာနဲ့ချီရှိနေပြီး အနည်းအကျဥ်းကပဲ ဒုံးကျည်အပေါ့စားစနစ်တွေပါဝင်တဲ့ ခေတ်မီတဲ့တင့်ကားတွေဖြစ်ပါတယ်။ စစ်တပ်ကွပ်ကဲဖွဲ့စည်းပုံ၊ နည်းနာနဲ့ မူဝါဒဟာ ဆန်းသစ်မှုဆက်မလုပ်ခဲ့တာ ရာစုနှစ်တဝက်နီးပါးရှိနေပြီဖြစ်ပါတယ်။ ရှေ့တန်းမှာတာဝန်ထမ်းဆောင်ရမယ့်တပ်ဖွဲ့တွေမှာဆိုရင်လည်း ရှိသင့်တဲ့ လူအင်အားရဲ့ ၆၀ ရာခိုင်နှုန်းပဲရှိနေပါတယ်။

သတင်းတွေအရဆိုရင် တရုတ်နိုင်ငံထဲမှာ ထိုင်ဝမ်ရဲ့ တုံ့ပြန်ထောက်လှမ်းရေးစစ်ဆင်ရေးတွေ မရှိ‌တော့သလို ထိုင်ဝမ်ရဲ့ စစ်မှုမထမ်းမနေရ စနစ်ကလည်း ယိုယွင်းနေပါတယ်။

ထိုင်ဝမ်ဟာ စစ်မှုမထမ်းမနေရစနစ်ကို ၁ နှစ် ကနေ ၄ လ အထိ ၂၀၁၃ ခုနှစ်မှာ လျှော့ချလိုက်ပါတယ်။ ဒါပေမဲ့ လာမယ့်နှစ်ကစလို့ တစ်နှစ်တာဝန်ထမ်းဆောင်ရမယ့်အစီအစဥ် ပြန်စတင်ဖို့ ရှိပါတယ်။ တဖက်မှာလည်း ပိုကြီးမားတဲ့စိန်ခေါ်မှုတွေ ရှိနေပါတယ်။ စစ်သင်တန်းတက်ခဲ့ကြတဲ့ ထိုင်ဝမ်လူငယ်တွေကဆိုရင် ‘‘နွေရာသီစခန်းသွင်းလေ့ကျင့်မှု’’ရယ်လို့တောင် အရွှန်းဖောက် ပြောဆိုသုံးနှုန်းကြပါတယ်။

‘‘ပုံမှန်သင်တန်းပေးလေ့ကျင့်တာမရှိဘူး’’ လို့ မကြာသေးခင်က သင်တန်းဆင်းလာသူတစ်ဦးက ပြောပါတယ်။

‘‘သေနတ်ပစ်ကွင်းကို နှစ်ပတ်တစ်ခါ သွားရတယ်။ ၁၉၇၀ ပြည့်နှစ်တွေတုန်းက ထုတ်ထားတဲ့သေနတ်တွေနဲ့ လေ့ကျင့်ရတာ။ ပစ်မှတ်တွေကိုတော့ ပစ်ခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုချိန်ရမယ်ဆိုတာမျိုး သေသေချာချာသင်တန်းပေးတာမျိုးမရှိဘူး။ ဒီတော့ အကုန်လုံးက ပစ်မှတ်တွေလွဲနေတာပဲ။ လေ့ကျင့်ခန်းဆို သုညပဲ။ သင်တန်းပြီးတဲ့အချိန်မှာ ကြံ့ခိုင်မှုစစ်ဆေးတာတော့ရှိတယ်။ ဒါပေမဲ့ အဲဒီအတွက် ကျွန်တော်တို့ ပြင်ဆင်ခဲ့ရတာမရှိဘူး’’

စစ်သင်တန်းတက်လာတဲ့လူငယ်တွေဟာ သင်တန်းမှာ စိတ်ဝင်စားမှုနည်းပါးတာနဲ့ အချိန်တိုတိုပဲ သင်တန်းမှာ ရှိနေမယ်ဆိုတဲ့ အမြင်မျိုး ထိုင်ဝမ်စစ်တပ်အကြီးတန်းတပ်မှူးတွေမှာရှိတယ်လို့လည်း သူက ပြောပြပါတယ်။

ထိုင်ဝမ်စစ်တပ်ဟာ တရုတ်စစ်တပ်နဲ့စာရင် အဆမတန် အင်အားနည်းပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်ဝမ်စစ်တပ်ဟာ တရုတ်စစ်တပ်နဲ့စာရင် အဆမတန် အင်အားနည်းပါတယ်

ထိုင်ဝမ်ဟာ စစ်တပ်ကို ပြန်လည်တည်ဆောက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အချိန်နည်းနေပြီဆိုတဲ့အရိပ်အငွေ့တွေသန်း နေတာကို ဝါရှင်တန်ဘက်က မြင်တွေ့နေရပါတယ်။

တရုတ်က ထိုင်ဝမ်ကျွန်းကို ကျူးကျော်ဖို့ ခက်ခဲမယ်၊ အဲဒီလိုလုပ်ရင် တရုတ်ဘက်က စွန့်စားလွန်းရာရောက်မယ်ဆိုတဲ့ယူဆချက်အပေါ် ထိုင်ဝမ်ကျွန်းရဲ့ နိုင်ငံရေးနဲ့ စစ်ရေးခေါင်းဆောင်တွေ ဆယ်စုနှစ်တွေအတွင်း တွေးဆမှု အလေးသာခဲ့ကြပါတယ်။

ဗြိတိန်လိုပဲ ထိုင်ဝမ်ဟာ စစ်တပ်အရေးနဲ့ ပတ်သက်လာရင် သူ့ရဲ့လေတပ်နဲ့ ရေတပ်ကိုပဲ ဦးစားပေး ခဲ့ပါတယ်။

‘‘တိုက်ချင်းတိုက်ဆို တကယ်တိုက်ရမှာက ထိုင်ဝမ်ရေလက်ကြားမှာ တိုက်ရမယ်၊ နောက် ကမ်းခြေမှာပဲ သူနိုင်ကိုယ်နိုင်အပြိုင်တိုက်ရမယ်ဆိုတဲ့စိတ်ကူးမျိုးရှိခဲ့ကြတာ။ ဒါကြောင့် လေတပ်နဲ့ ရေတပ်ကို ပိုပြီး တောင့်တင်းအောင်လုပ်တာ’’လို့ ဒေါက်တာ လိုင်က ပြောပါတယ်။

အခုတော့ တရုတ်ဟာကမ္ဘာမှာ အကြီးဆုံး ရေတပ်ကို ပိုင်ဆိုင်ထားသလို လေတပ်ပိုင်းမှာလည်း အတော်လေးသာလွန်နေပါပြီ။

တတ်သိပညာရှင်အဖွဲ့တစ်ဖွဲ့က ပြီးခဲ့တဲ့နှစ်တုန်းက ပြုလုပ်ခဲ့တဲ့ စစ်ပွဲဂိမ်းလေ့ကျင့်ခန်းတစ်ခုမှာ ဆိုရင် တရုတ်နဲ့ပဋိပက္ခဖြစ်တဲ့အခါ ထိုင်ဝမ်ရေတပ်နဲ့လေတပ်ဟာ တိုက်ပွဲစဖြစ်ချိန်ကနေ ၉၆ နာရီ အတွင်းမှာ ပျောက်ကွယ်နိုင်ခြေကို တွေ့ရှိခဲ့ပါတယ်။

ဝါရှင်တန်ဘက်ကနေ အဆက်မပြတ်ဖိအားတွေကြောင့် ထိုင်ပေဟာ တရုတ်အနေနဲ့ ထိုင်ဝမ်ကျွန်းကို အလွယ်တကူအနိုင်မယူနိုင်အောင် ‘‘ထိုင်ဝမ်ခံတပ်’’ဆိုတဲ့ဗျူဟာ ဆိုတာကို ပြောင်းလဲကျင့်သုံးနေပါတယ်။

ကမ်းခြေတွေကနေ ကျူးကျော်လာတာကို ပြန်တိုက်ဖို့၊ တောနက်နက် စစ်စခန်းတွေ၊ မြို့ကြီးပြကြီးတွေမှာ ပြည်သူ့လွတ်မြောက်ရေးတပ်(PLA)ကို တိုက်ဖို့ ရည်ရွယ်ပြီး မြေပြင်တပ်ရင်းတပ်ဖွဲ့တွေနဲ့ လက်နက်တွေဘက်ကို တိုင်ပေက အာရုံစိုက်လာနေပါတယ်။

ထိုင်ဝမ်ရဲ့အဓိက အားသာချက်တစ်ခုက တောင်ကုန်းတောင်မြင့်တွေ ရှိနေတာပါ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်ဝမ်ရဲ့အဓိက အားသာချက်တစ်ခုက တောင်ကုန်းတောင်မြင့်တွေ ရှိနေတာပါ

‘‘၁၉၇၉ ခုနှစ်မှာ အမေရိကန်က ဆက်ဆံရေးဖြတ်တောက်လိုက်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ စစ်တပ်ဟာ လုံးဝ သီးခြားဖြစ်သွားခဲ့တယ်။ ဒါကြောင့် စစ်တပ်ဟာ ဗီယက်နမ်စစ်ပွဲခေတ် အမေရိကန် စစ်တပ်နဲ့မူထဲကနေ မတက်နိုင်ဖြစ်နေခဲ့တယ်’’ လို့ ဒေါက်တာ လိုင်က ပြောပါတယ်။

ဒါပေမဲ့ ဒီအခြေအနေဟာ တိုင်ပေအတွက်ရော၊ ဝါရှင်တန်အတွက်ပါ မကြာသေးခင်တုန်းကအထိ စိုးရိမ်စရာမဖြစ်ခဲ့ပါဘူး။ ၁၉၉၀ ပြည့်နှစ်တွေကနေ ၂၀၀၀ ပြည့်နှစ်တွေအတွင်း ထိုင်ဝမ်နဲ့ အမေရိကန် ကုမ္ပဏီတွေဟာ တရုတ်နိုင်ငံတဝန်းမှာ စက်ရုံတွေ တည်ဆောက်ခဲ့ကြပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)မှာ ပါဝင်ဖို့ တရုတ်အစိုးရကို ဆွယ်ခဲ့ကြသလို တရုတ်ကလည်း အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာဟာ တရုတ်စီးပွားရေးနဲ့ ထွေးရောယှက်တင်ဖြစ်ခဲ့ပြီး အမေရိကန်ကလည်း ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမူက ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးကို ခိုင်ကြည်စေမယ်လို့ တွေးထင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိတရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သူ့ရဲ့အမျိုးသားရေးဝါဒ မြင့်တက်လာတာ၊ ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုတွေဟာ သက်တောင့်သက်သာဖြစ်စရာ အပေါ်က ယူဆချက်တွေကို ဝေးကွာ သွားစေပါတယ်။

ထိုင်ဝမ်အတွက်တော့ ယူကရိန်းကျူးကျော်ခံရမှုကနေရတဲ့သင်ခန်းစာတွေဟာ တုန်လှုပ်စရာဖြစ်နေပါတယ်။ လက်နက်ကြီးတွေဟာ စစ်မြေပြင်မှာ လွှမ်းမိုးမှုရှိတဲ့လက်နက်ဖြစ်ပြီး ပစ်ခတ်နှုန်းနဲ့ ကြောက်ဖို့ကောင်းလောက်အောင် တိကျမှုလည်းရှိပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေအတွက်တော့ သူတို့ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ပစ်တာနဲ့ နေရာရွှေ့ရမယ် ဆိုတာကို သိကြပါတယ်။ အဲဒီလိုမှမဟုတ်ရင် ရုရှားရဲ့ ‘‘တန်ပြန်ပစ်ခတ်မှု’’က သူတို့နေရာယူထား တဲ့နေရာတွေကို ကျလာနိုင်တာကြောင့်ဖြစ်ပါတယ်။

ဒါပေမဲ့ ထိုင်ဝမ်ရဲ့ လက်နက်ကြီးတပ်ဖွဲ့တွေဟာ ဗီယက်နမ်စစ်ပွဲ ဒါမှမဟုတ် ဒုတိယကမ္ဘာစစ်ခေတ် လက်နက်တွေ တပ်ဆင်ထားတာဖြစ်ပါတယ်။ အဲဒီလက်နက်တွေကို လက်နဲ့ကျည်ဖြည့်ရသလို ရွှေ့ဖို့လည်း ခက်ခဲပါတယ်။ ဒီလက်နက်တွေကြောင့်ပဲ အကာအကွယ်မဲ့သလို ဖြစ်နိုင်ပါတယ်။

ထိုင်ဝမ်ရဲ့ အားနည်းနေမှုက ဝါရှင်တန်ဘက်ကို အရေးတယူလုပ်လာစေတဲ့အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ထိုင်ဝမ်မြေပြင်တပ်ဖွဲ့တွေကို သင်တန်းပေးဖို့ အမေရိကန်ကို စေလွှတ်ခဲ့ပြီး အမေရိကန် သင်တန်းဆရာဆရာမတွေလည်း ထိုင်ဝမ်မရိန်းတပ်သားတွေနဲ့ အထူးတပ်ဖွဲ့တွေကို သင်တန်းပေးဖို့ ထိုင်ဝမ်ကို လာကြပါတယ်။

လိုအပ်ရင် ထိုင်ဝမ်ကို အင်အားသုံးသိမ်းမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကပြောထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လိုအပ်ရင် ထိုင်ဝမ်ကို အင်အားသုံးသိမ်းမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကပြောထား

တိုင်ပေမှာရှိတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးသုတေသန အင်စတီကျူ့က သုတေတီ ဝီလီယံ ချွန်းကတော့ ထိုင်ဝမ်ဟာ တရုတ်ကို သူ့ချည်းသက်သက် ဟန့်တားဖို့ရာမဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

ဒါက ယူကရိန်းစစ်ပွဲကနေ ရတဲ့နောက်ထပ် သင်ခန်းစာတစ်ခုဖြစ်ပါတယ်။

‘‘ထိုင်ဝမ်ဟာ အရေးပါလား၊ မပါလားဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက ဆုံးဖြတ်ပေးဖို့လိုမယ်’’ လို့ သူက ပြောပါတယ်။ ‘‘စက်မှု ထိပ်သီး G7 ဒါမှမဟုတ် နေတိုးမဟာမိတ် - Nato တို့ဘက်က သူတို့အကျိုးစီးပွားအတွက် ထိုင်ဝမ်ဟာ အရေးပါတယ်လို့ တွေးမယ်ဆိုရင် ထိုင်ဝမ်အခြေအနေကို နိုင်ငံတကာအခြေအနေဖြစ်အောင်လုပ်ရမယ်။ ဘာကြောင့်လဲဆို ဒါကပဲ တရုတ်က ဖြစ်လာနိုင်တဲ့ ဆုံးရှုံးမှုဟာ ၂ ဆဖြစ်မယ်ဆိုတာမျိုး တွေးလာမယ်’’

ဒေါက်တာချွန်းကတော့ တရုတ်ဘက်က မရည်ရွယ်ဘဲလုပ်တယ်ဆိုရင်တောင် အဲဒီလိုလုပ်တာကပဲ ထိုင်ဝမ်ကို ကူညီရာရောက်နေတယ်လို့ သူက ပြောပါတယ်။

‘‘တရုတ်ဟာ တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်မှာ နယ်မြေချဲ့ထွင်မှုကို ပြသနေပါတယ်။ ရလဒ်ကတော့ ဂျပန်က ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆတိုးသုံးလာတာကို မြင်ရတာပါပဲ’’

သူ့အပြောအရ ရလဒ်ဟာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကြား သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ၊ (ဂျပန်၊ အမေရိကန်၊သြစတြေးလျနဲ့ အိန္ဒိယ)တို့ပါဝင်တဲ့ စစ်ဘက်မဟာမိတ် Quad အဖွဲ့ အရေးပါမှု တိုးလာတာ၊ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ မျိုးဆက်သစ်တည်ဆောက်ဖို့ ဦးတည်နေတဲ့(ဗြိတိန်၊ အမေရိကန်နဲ့ သြစတြေးလျ)တို့ရဲ့ Aukus အဖွဲ့ ဒါမှမဟုတ် အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကြား ဆက်ဆံရေးနီးကပ်လာမှုလို ဒေသတွင်းမှာ မဟာမိတ်ဖြစ်မှုကို ပြန်လည်ပုံဖော်နေပါတယ်။

‘‘တရုတ်ဟာ ဒေသတွင်းမှာ ပိုနေမြဲ ကျားနေမြဲအခြေအနေကို ပြောင်းလဲဖို့ ကြိုးစားနေတယ်’’ လို့ သူကပြောပါတယ်။ ‘‘ဒါကပဲ ထိုင်ဝမ်လုံခြုံရေးဟာ တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်တွေနဲ့ ဆက်သွယ်နေတယ်။ ဒါကိုကြည့်ရင် ကျွန်တော်တို့ သီးခြားဖြစ်မနေတော့ဘူး’’

အခုတော့ ထိုင်ဝမ်ကို ထောက်ခံတဲ့အခါ ဘယ်လောက်အတိုင်းအတာအထိ ထောက်ခံမလဲဆိုတဲ့ အပေါ် ဝါရှင်တန်မှာလည်း အကြိတ်အနယ်ဆွေးနွေးစရာဖြစ်လာပါတယ်။ တရုတ်အရေး အစဥ်တစိုက် စောင့်ကြည့်လေ့လာကြသူအများစုကတော့ အမေရိကန်ကနေ ထိုင်ဝမ်အရေး လူသိရှင်ကြားလုပ်ပြတဲ့ကတိကဝတ်မှန်သမျှဟာ ထိုင်ဝမ်အရေးမှာ တရုတ်ကို ဟန့်တားတာထက် တရုတ်ကို ရန်စမှုအဖြစ် ရှုမြင်ခံရနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဝါရှင်တန်ဘက်ကလည်း ထိုင်ဝမ်ဟာ သူ့ချည်းသက်သက် ခုခံကာကွယ်ဖို့ရာ မစွမ်းသာဘူးဆိုတာ သိနေပါတယ်။

ကာလရှည် တရုတ်အရေးစောင့်ကြည့်သူတစ်ဦးပြောသလို ‘‘ထိုင်ဝမ်ကို လက်နက်တပ်ဆင်ပေးနေချိန်မှာ အမေရိကန်က တရုတ်နဲ့ ထိုင်ဝမ်ကြား နှစ်ဖက်ဆက်ဆံရေးတစ်ခုလုံးကို တိုးတိုးတိတ်တိတ် ဆက်ထိန်းထားဖို့ လိုမယ်’’