တရုတ်တိုက်ရင် ထိုင်ဝမ်ကို ခုခံကာကွယ်ပေးသွားမယ်လို့ ဘိုင်ဒန်ပြော

ဓာတ်ပုံ ရင်းမြစ်, EPA
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထိုင်ဝမ်ကို အမေရိကန်က ခုခံကာကွယ်ပေးသွားမယ်လို့ ထပ်မံပြော ကြားလိုက်ပါတယ်။
CBS သတင်းဌာနဲ့ အင်တာဗျူးတစ်ခုမှာ အမေရိကန်တပ်တွေ ထိုင်ဝမ်ကို ကာကွယ်မှာလားလို့ မေးတဲ့မေးခွန်းကို မမျှော်လင့်ထားတဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံလာခဲ့ရင် ကာကွယ်သွားမယ်လို့ ဂျိုးဘိုင်ဒန်က ပြောခဲ့တာပါ။
ထိုင်ဝမ်အပေါ် စစ်ရေးအရ ကတိကဝတ် မပြုထားတဲ့ အမေရိကန်ရဲ့ တရားဝင်မူဝါဒက အပြောင်းအလဲမရှိဘူးလို့ ဘိုင်ဒန်ပြောတာကို လိုက်ဖြေရှင်းတဲ့အနေနဲ့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ရပါတယ်။
မစ္စတာဘိုင်ဒင်ရဲ့ အခုလိုပြောကြားချက်ကို တရုတ်ဘက်က ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
တနင်္ဂနွေနေ့ကထုတ်လွှင့်တဲ့ CBS 60 Minutes အင်တာဗျုးမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်စကားတွေဟာ အမေရိကန်အစိုးရကို ကိုယ်စားပြုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်ဝမ်ဟာ တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာတည်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းတစ်ကျွန်းဖြစ်ပြီး တရုတ်အစိုးရကတော့ သူတို့နိုင်ငံရဲ့ ပိုင်နက် အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
အမေရိကန်အစိုးရဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ရင် သူတို့ရဲ့ သံတမန်ရေးရပ်တည်ချက်ကို အမြဲလိုလို သတိကြီးကြီးနဲ့ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်ဟာ တရုတ်တစ်ပြည်တည်းမူဝါဒကိုလက်ခံပြီး တရုတ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေရှိနေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တရုတ်တစ်ပြည်တည်းမူဝါဒအရ၊ အမေရိကန်ဟာ တရုတ် အစိုးရတစ်ခုတည်းသာရှိကြောင်း အသိအမှတ်ပြုပြီး ထိုင်ဝမ်ထက် တရားဝင် ဆက်ဆံရေးတွေ ပိုလုပ်နေပါတယ်။
ဒါပေမဲ့လည်း ထိုင်ဝမ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးတွေ ဆက်လုပ်နေပြီး ထိုင်ဝမ် ဆက်ဆံရေး အက်ဥပဒေအရ အမေရိကန်က ထိုင်ဝမ်ကို ခုခံကာကွယ်ဖို့ နည်းလမ်းတွေကို ပံ့ပိုးပေးရမယ်လို့ ဆိုနေပါတယ်။
မစ္စတာဘိုင်ဒန်ရဲ့ သဘောထားမှတ်ချက်တွေက အမေရိကန်ရဲ့ စစ်ရေးဝင်ရောက်စွက်ဖက်မှု ကတိပြုတဲ့ကိစ္စမှာ အရှင်းဆုံးဖြစ်ပြီး၊ ထိုင်ဝမ်အရေးအပေါ် အမေရိကန်အစိုးရဲ့ မရေရာတဲ့ မဟာဗျူဟာ ရပ်တည်ချက်ကို တန်ပြန်လုပ်ရာလည်းကျပါတယ်။
အမေရိကန်ရဲ့မဟာဗျူဟာအရ ထိုင်ဝမ်ကို ခုခံကာကွယ်ဖို့ ကတိကဝတ်မပြုထားဘူးလို့ ပြောနေပေမယ့် ဖြစ်လာမယ့်ကိစ္စကို ရှောင်လွှဲသွားမှာမဟုတ်ဘူးလို့ ပြောနေသလိုမျိုး ဖြစ်နေပါတယ်။
တနင်္ဂနွေနေ့က တွေ့ဆုံမေးမြန်းမှုထဲမှာလည်း မစ္စတာဘိုင်ဒင်က ထိုင်ဝမ်မှာ လွတ်လပ်ရေး ကြေညာဖို့ အမေရိကန်က အားမပေးဘူးလို့ ထပ်ပြောခဲ့ပါတယ်။
"တရုတ်တစ်နိုင်ငံတည်း ပေါ်လစီရှိနေတဲ့အတွက် ထိုင်ဝမ်က သူတို့နိုင်ငံရဲ့ လွတ်လပ်ရေး နဲ့ပတ်သက်ပြီး သူတို့ကိုယ်တိုင် စီရင်ဆုံးဖြတ်ရမှာပါ။ ကျွန်တော်တို့က သူတို့ လွတ်လပ် ရေးကြေညာတာကို အားပေးနေတာမဟုတ်ဘူး၊ ဒါက သူတို့ရဲ့ ဆုံးဖြတ်ချက်ပါ" လို့ ပြောခဲ့ပါတယ်။
ဂျိုးဘိုင်ဒန်ရဲ့ မှတ်ချက်စကားတွေထဲက ထိုင်ဝမ်နဲ့ပတ်သက်တဲ့ အမေရိကန်အစိုးရဲ့ ခိုင်မာတဲ့ လုံခြုံရေးကတိကဝတ်ကို ကြိုဆိုတယ်လို့ တနင်္လာနေ့မှာ ထိုင်ဝမ်ဘက်က တုံ့ပြန်ခဲ့ပါတယ်။ ပြီးတော့ အမေရိကန်နဲ့ သူတို့ထိုင်ဝမ်အကြားက "လုံခြုံရေး မိတ်ဖက်ပြုမှု"ကိစ္စကိုလည်း နက်ရှိုင်းအောင် ဆက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ယခုလအစောပိုင်းတုန်းကလည်း အမေရိကန်က ထိုင်ဝမ်ကို လက်နက်နဲ့ ဒုံးကျည် ကာကွယ် ရေးအတွက် လက်နက် ဒေါ်လာ ၁.၁ ဘီလီယံ (ပေါင် ၉၅၅ သန်း) ရောင်းချဖို့ သဘော တူညီခဲ့တဲ့အတွက် တရုတ်အစိုးရက ဒေါသူပုန်ထခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ ရပ်တည်ချက် ဘောင်ထက်ကျော်ပြီး သမ္မတဘိုင်ဒန်ပြောတာဟာ အခုအကြိမ်နဲ့ ဆို တတိယအကြိမ်ရှိသွားပါပြီ။
မေလတုန်းက သူသမ္မတဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအာရှခရီးစဥ်ဖြစ်တဲ့ ဂျပန်ခရီးစဥ်မှာလည်း ထိုင်ဝမ်ကို ခုခံကာကွယ် ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
အဲ့ဒီတုန်းကလည်း သူပြောပြီးနောက်ပိုင်းမှာ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ ကာလရှည်ကြာရပ်တည်နေတဲ့ အမေရိကန်မူဝါဒ အပြောင်းအလဲ မရှိဘူးလို့ အိမ်ဖြူတော်က နောက်ဆက်တွဲ ကြေညာချက်လိုက်ထုတ်ခဲ့ရပါတယ်။
ယခုတစ်ကြိမ်လည်း “သမ္မတက ဒီနှစ်အစောပိုင်း တိုကျိုမှာတုန်ကလည်း အဲဒီလို ပြောဖူးပါတယ်။ ဒါပေမဲ့ မူဝါဒက အရင်အတိုင်းမပြောင်းလဲဘူး”လို့ အိမ်ဖြူတော်က နောက်ကလိုက်ကြေညာခဲ့ရပါတယ်။
လိုအပ်ရင် ထိုင်ဝမ်ကိစ္စမှာ အမေရိကန်က စစ်ရေးအရကူမယ်လို့ မစ္စတာဘိုင်ဒန်ရဲ့ ကတိပြုပြောကြားမှုကို တရုတ်က အရင်တုန်းက ကန့်ကွက်ရှုံ့ချခဲ့တာရှိပါတယ်။
ထိုင်ဝမ်ဟာ တရုတ်ပိုင်နက်နယ်မြေကနေ ခွဲထွက်ခွင့်မရှိတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ထိုင်ဝမ်ကိစ္စကို ဘယ်ပြည်ပနိုင်ငံတွေကမှာ ဝင်ရောက်စွက်ဖက်ခွင့်မရှိတဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးသက်သက်သာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဂျပန်နိုင်ငံမှာပြောခဲ့တဲ့ မစ္စတာဘိုင်ဒင်မှတ်ချက်ကို တုံ့ပြန်အနေနဲ့ မေလအတွင်းက ပြောကြားခဲ့ပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီကလည်း သြဂုတ်လအတွင်းမှာ အငြင်းပွားဖွယ်ရာခရီးစဥ်အဖြစ် ထိုင်ဝမ်ကို သွားရောက်လည်ပတ်ပြီးနောက်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်လာပြီး မစ္စတာဘိုင်ဒန်ကလည်း အကြံကောင်းမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
နန်စီပေလိုစီခရီးစဥ်နဲ့ပတ်သက်ပြီး ထိုင်ဝမ်တစ်ဝိုက်ကို ငါးရက်ကြာ စစ်ရေးပိတ်ဆို့ထားမှုလုပ်ပြီး တရုတ်ဘက်က တုံ့ပြန်ခဲ့ပါတယ်။ ပြီးတော့ ထိုင်ဝမ်ကျွန်းပေါ်ကနေကျော်ပြီး တရုတ်က ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲပေမယ့် အဲ့ဒီ့ကိစ္စကို တရုတ်ဘက်က အတည်မပြုပါဘူး။
တရုတ်နိုင်ငံက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ လေထုထဲကို ပျံတက်သွားတဲ့အတွက် ခြိမ်းခြောက်မှု မရှိဘူးလို့ ထိုင်ဝမ်က ပြောပါတယ်။
တရုတ်နှင့် ထိုင်ဝမ်ကြားက အခြေခံအချက်များ
တရုတ်နှင့် ထိုင်ဝမ် ဆက်ဆံရေး ဘာကြောင့် ဆိုးရွားနေရလဲ။
တရုတ်နိုင်ငံက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို သူတို့ နိုင်ငံ ပိုင်နက်အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်နေပြီး လိုအပ်ရင် အင်အားသုံးပြီး တရုတ်ပြည်မကြီးနဲ့ ပေါင်းစည်းသင့်တယ်လို့ အခိုင်အမာပြောထားပါတယ်။ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ဖူးသလားဆိုတဲ့ မေးခွန်းအတည်မပြုနိုင်သေးပါဘူး ။
ထိုင်ဝမ် ဘယ်လို အုပ်ချုပ်လဲ။
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့အမြဲတမ်း လက်နက်ကိုင် တပ်ဖွဲ့ဝင်၃၀၀,၀၀၀ ခန့်ရှိပါတယ်။
ထိုင်ဝမ်ကို ဘယ်သူတွေ အသိအမှတ်ပြုလဲ။
ထိုင်ဝမ်ကို နိုင်ငံအနည်းငယ်ကသာ အသိအမှတ် ပြုထားပါတယ်။ ကမ္ဘာ့နိုင်ငံအများစုက ဘေဂျင်းအခြေစိုက် တရုတ်အစိုးရကိုပဲ အသိအမှတ်ပြုပါတယ်။ အမေရိကန်မှာ ထိုင်ဝမ်တရားဝင် ဆက်ဆံမှုမရှိပေမယ့် လိုအပ်ရင် ထိုင်ဝမ်ကို ကာကွယ်ဖို့ လုပ်ဆောင်နိုင်တဲ့ ဥပဒေထုတ်ထားတာ ရှိပါတယ်။








