စက်ရုပ်ခြေထောက်ဖန်တီးတဲ့ ထိုင်းရောက်မြန်မာလူငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, မေသဇင်လဲ့/ဘီဘီစီမြန်မာပိုင်း
မြန်မာမှာ ပထမဆုံးစက်ရုပ်ကို "လမ်းလျှောက်စက်ရုပ်" လို့ နာမည်ပေးထားပြီး အင်းစိန် G.T.I က ဆရာနဲ့ကျောင်းသားတွေပူးပေါင်းကာ ၁၉၆၆ ခုနှစ်က တီထွင်ခဲ့ပါတယ်။
"လမ်းလျှောက်စက်ရုပ်"၊ "လပေါ်ရောက်လူသား" စက်ရုပ်နဲ့ ကားဆေးမှုတ်နိုင်တဲ့ စက်ရုပ်တွေက မြန်မာ့ စက်ရုပ် တီထွင်မှုခေတ်ဦးမှာ ထင်ရှားခဲ့ကြတာပါ။
ဒီအဆင့်ကနေ ရှေ့ဆက်တက်လှမ်းဖို့ အစိုးရက အားမပေးတော့တာကြောင့် ဒေသတွင်းမှာ ရှေ့ရောက်နေခဲ့တဲ့ မြန်မာ့စက်ရုပ်တီထွင်မှုက တခန်းရပ်သွားပါတယ်။
နှစ် ၆၀ ကြာလာချိန်မှာတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက အပြိုင်အဆိုင် နည်းပညာ မြှင့်တင် ဖန်တီးနေတဲ့ လူပုံစံတူစက်ရုပ်"Humanoid Robot"နယ်ပယ်ကို မြန်မာလူငယ်တွေ ချဥ်းကပ်လာ ကြပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ ဖန်တီးခွင့်ရခဲ့ကြတာတော့ မဟုတ်ပါဘူး။
သူငယ်ချင်းအတွက် စက်ရုပ်ခြေတု ဖန်တီးချင်တဲ့ လူငယ်

ဓာတ်ပုံ ရင်းမြစ်, မေသဇင်လဲ့/ဘီဘီစီမြန်မာပိုင်း
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် လူငယ် ၃ သိန်းကနေ ၅ သိန်းကြားဟာ နိုင်ငံပြင်ပ ထွက်သွားခဲ့ပြီလို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ် UNDP က ခန့်မှန်းထားပါတယ်။
ဒီလူငယ်တွေထဲမှာ ကိုပြည့်ထူးခန့်လည်း ပါဝင်ပါတယ်။
စစ်အာဏာသိမ်းချိန်မှာ သူက မန္တလေးနည်းပညာတက္ကသိုလ်ရဲ့ Mechatronics Engineering စတုတ္ထနှစ်ကျောင်းသား ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်တပ်ရဲ့ အာဏာသိမ်းတဲ့လုပ်ရပ်ကို လက်မခံနိုင်တာကြောင့် CDM လုပ်တဲ့ ကျောင်းသားတစ်ဦး ဖြစ်လာပါတယ်။
ပညာရေးကို နိုင်ငံပြင်ပမှာ ဆက်သင်ယူဖို့ ဖြစ်လာရတဲ့အကြောင်းရင်းထဲကတစ်ခုကတော့ လေ ကြောင်း ဗုံးစထိမှန်ပြီး ဒူးအောက်ပိုင်းပြတ်သွားတဲ့ သူငယ်ချင်းအတွက် စက်ရုပ်ခြေတုဖန်တီးပေးချင်တာပါ။
"ကျွန်တော့်မိသားစုရှိတဲ့ရွာနားမှာလည်း ဗုံးကြဲတယ်ဆိုတော့ ဒီလိုခြေလက် ထိခိုက်မိတဲ့သူတွေ အရမ်းများတယ်။ ကျွန်တော့်ညီလေးသာ ဒီလိုဖြစ်လာရင် ဘယ်လိုလုပ်မလဲတွေးမိတယ်။ ကျွန်တော်က Mechatronics နောက်ခံရှိတော့ စက်ရုပ်ခြေတုအတွက် စက်ရုပ်အင်ဂျင်နီယာ (Robotics) နဲ့ ဘယ်လိုသွားလို့ရမလဲဆိုပြီး လေ့လာတယ်။ ဒီလိုနဲ့ထိုင်းမှာ ဆက်လေ့လာဖို့ ဖြစ်လာတယ်" လို့ ကိုပြည့်ထူးခန့်ကပြောပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က King Mongkut's Institute of Technology Ladkrabang မှာ စက်ရုပ်အင်ဂျင်နီယာနဲ့ ဥာဏ်ရည်တုနည်းပညာ(Robotics and AI) ကို ပညာသင်ဆုရယူပြီး ၂၀၂၂ ခုနှစ် မှာ စတင်တက်ရောက်ခဲ့ပါတယ်။
"ကျွန်တော့်မိသားစုက ငွေကြေးထောက်ပံ့ပေးနိုင်တဲ့အခြေအနေမရှိဘူး။ ကျောင်းလခကို ပညာသင်ဆုယူခဲ့တယ်။ နေထိုင်စားသောက်စားရိတ်က ချေးငွေယူထားတာပါ" လို့ သူကပြောပါတယ်။
၂၀၂၄ ခုနှစ်ထဲမှာတော့ တက္ကသိုလ်ဘွဲ့ယူစာတမ်းအတွက် စဥ်းစားချိန်မှာ သူ့ရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့ စက်ရုပ်ခြေတုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
"ဒီပရောဂျက်က လေကြောင်းဗုံးကြဲလို့ ဖြစ်လာတာ။ ဒါပေမဲ့ ခြေတုအတွက်က ဆေးပညာပိုင်း အသိပညာလိုတယ်။ ဒါကြောင့် စပွန်ဆာပေးတဲ့ ကုမ္ပဏီနဲ့တိုင်ပင်ပြီးတော့ Humanoid Robot leg (လူပုံစံတူစက်ရုပ်ခြေထောက်) လုပ်ဖို့ ဖြစ်သွားတယ်" လို့ ကိုပြည့်ထူးခန့်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပြည့်ထူးခန့်၊ မေသဇင်လဲ့/ဘီဘီစီမြန်မာပိုင်း
သူနဲ့အတူ နောက်ထပ် မြန်မာကျောင်းသား ၂ ဦးလည်း ဒီပရောဂျက်ထဲမှာ အတူ လုပ်ကိုင်ခဲ့ကြတာပါ။
တစ်ဦးက ကိုပြည့်ထူးခန့်နဲ့ မန္တလေးနည်းပညာတက္ကသိုလ်အတူတက်ခဲ့တဲ့ ကိုကြည်ခိုင်ခန့်စိုးဖြစ်ပြီး နောက်တစ်ဦးကတော့ ရန်ကုန်သတင်းအချက်အလက်နည်းပညာတက္ကသိုလ်က ကိုပိုင်သက်ကို ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာမှာ သူတို့ရဲ့ ပရောဂျက်စတင်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ မတ်လထဲမှာ အဆုံးသတ်ခဲ့ကြပါတယ်။
"အချိန်အားဖြင့် ၁၅ လ ၁၆ လလောက်ကြာတယ်။ ကြာတာက လူအင်အားနည်းတာလည်းပါတယ်။ ကျွန်တော်တို့က အစအဆုံးကိုယ်တိုင် sketch လုပ်ခဲ့တာဆိုတော့ Hardware ရော software ရော ၂ ခုလုံး ပြန်ပေါင်းစပ်ရတာခက်တယ်" လို့ ကိုပြည့်ထူးခန့်က ပြောပါတယ်။
ဒီလို လူသားအကျိုးပြုနိုင်မယ့် ဖန်တီးမှုမျိုးကို ကိုပြည့်ထူးခန့်နဲ့ ကိုကြည်ခိုင်ခန့်စိုးတို့ ၂ ဦးဟာ တခြားနည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားတွေနဲ့ စုပေါင်းပြီး မြန်မာမှာ တီထွင်ခဲ့ဖူးပါတယ်။
မြန်မာက "လမ်းလျှောက်စက်ရုပ်"ကနေ "လူပုံစံတူစက်ရုပ်"အထိ တီထွင်သူမျိုးဆက်

ဓာတ်ပုံ ရင်းမြစ်, WINTHANDARPHYU'FACEBOOK
၂၀၂၀ ခုနှစ်တုန်းက မြန်မာမှာ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားနေချိန် ကျောင်းနားထားရတုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ရေး ပိုးသတ်ခန်း တီထွင်ခဲ့ကြတာပါ။
ပိုးသတ်ခန်းအဝင်ကို ခြေထောက်နဲ့နင်းဖွင့်ဝင်လို့ရပြီး အထဲမှာ ပိုးသတ်ဆေးအလိုအလျောက်ဖြန်းပေးတဲ့စက်ဖြစ်ပါတယ်။
အဲဒီအချိန်က ရန်ကုန်တိုင်းအစိုးရက အားပေးခဲ့သလို အများပြည်သူကလည်း လိုအပ်တဲ့ ငွေကြေး ဝိုင်းဝန်းထောက်ပံ့ခဲ့တဲ့အတွက် မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်နိုင်ခဲ့ကြပါတယ်။
"မြောက်ဥက္ကလာဆေးရုံရယ် မန္တလေးကဆေးရုံတော်တော်များများနဲ့ ကိုဗစ် လူနာထားတဲ့ အ ဆောင်တွေမှာ လိုက်လှူဒါန်းခဲ့တယ်" လို့ ကိုပြည့်ထူးခန့်က ပြောပါတယ်။
အဲဒီတုန်းက အခြေအနေကို ပြန်ကြည့်ရင် အစိုးရ၊ တက္ကသိုလ်၊ သင်ကြားရေးဆရာ/ဆရာမတွေနဲ့ လူထုက ဝန်းရံတာကြောင့် လူငယ်တွေရဲ့ တီထွင်ဖန်တီးမှုတွေ အတိုင်းအတာတစ်ခုအထိ ခရီး ပေါက် ခဲ့တယ်လို့ ကိုပြည့်ထူးခန့်တို့သူငယ်ချင်းတစ်စုက ဆိုပါတယ်။
စက်ရုပ်နည်းပညာကို စိတ်ဝင်စားတဲ့ နည်းပညာကျောင်းသားတွေဖြစ်တာကြောင့်တစ်နှစ်ကို အနည်း ဆုံးစက်ရုပ်ပြိုင်ပွဲ ၂ ပွဲလောက် ဝင်ပြိုင်ဖြစ်ကြတယ်လို့ ပြောပါတယ်။
ကိုပြည့်ထူးခန့်က "စီနီယာအစ်ကိုတွေဆိုရင်လည်း စက်ရုပ်ငှက်လိုမျိုးတောင် တီထွင်နိုင်နေကြပြီ။ မြန်မာမှာ ၂၀၂၀ တုန်းက ထိုင်းနိုင်ငံလို စက်ရုပ်နဲ့ပတ်သက်တဲ့ တိုးတက်မှုရှိခဲ့တယ်။ အာဏာသာ မသိမ်းရင် အများကြီး ဒီထက် ပိုလုပ်နိုင်မယ်" လို့ ပြောပါတယ်။
၂၀၁၇ ခုနှစ်က အမေရိကန်၊ ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ First Global Robotics Challenge ပြိုင်ပွဲ မှာလည်း မြန်မာက ကမ္ဘာ့နိုင်ငံ ၁၅၇ နိုင်ငံမှာ အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အာရှမှာ အမှတ် အများဆုံးနိုင်ငံဖြစ်ခဲ့တာပါ။
အဲဒီကာလ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ အစိုးရက နည်းပညာကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ဖို့ AGTI ၃ နှစ် ဒီပလိုမာသင်တန်းတွေ ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပါတယ်။
G.T.I ပညာရေးမှာ ထင်ရှားကျော်ကြားတဲ့ အင်းစိန် G.T.I ကျောင်းကိုလည်း ၂၀၁၆ ခုနှစ်မှာ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
၂၀၂၀ ဒီဇင်ဘာမှာ GTI ပညာရေး ၁၂၅ နှစ်ပြည့်တဲ့အခမ်းအနားကို NLD အစိုးရက ကိုဗစ်ကြောင့် အွန်လိုင်းက တဆင့်ကျင်းပခဲ့ပါသေးတယ်။
ဒီနောက် လပိုင်းအကြာမှာပဲ စစ်တပ် အာဏာသိမ်းခဲ့တာကြောင့် ကိုပြည့်ထူးခန့်အပါအဝင် ထူးချွန် ကျောင်းသားတွေက ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် နိုင်ငံပြင်ပကို ထွက်ခွာခဲ့ကြ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, GTI Insein Students' Union
"မြန်မာမှာကျောင်းဆက်တက်ရင် 3D ပရင်တာတစ်လုံးရဖို့ လနဲ့ချီစောင့်ရမယ်ဆို လက်တွေ့လုပ်ဖို့ လိုအပ်တဲ့ Mechatronics ကျောင်းသားတွေအတွက်အဆင်မပြေတော့ဘူး။ အခုလို ပရောဂျက်( စက်ရုပ်ခြေထောက်ပရောဂျက်)အတွက်ဆို အများကြီးကြာမှာပေါ့" လို့ ကိုပြည့်ထူးခန့်က ပြောပါတယ်။
ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးမှုအတွက် ၂၀၂၀ မတိုင်ခင်ကရခဲ့တဲ့ အထောက်အပံ့တွေ အခုကာလမှာမတွေ့ရတော့ဘူးလို့ နိုင်ငံပြင်ပမှာ ဆက်လက်ပညာသင်ကြားနေတဲ့ ဒီကျောင်းသား ၃ ဦးက ဆိုပါတယ်။
ကိုဗစ်ကာကွယ်ရေး ပိုးသတ်ခန်းအတူတီထွင်ခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း နိုင်ငံပြင်ပကို ထွက်ခွာခဲ့ကြပြီဖြစ်တယ်လို့ ဆိုပါတယ်။
"ကျွန်တော်နဲ့နီးစပ်တဲ့သူငယ်ချင်းတွေလည်း နိုင်ငံခြားမှာပဲ။ ထူးချွန်တဲ့ကျောင်းသားတွေ၊ ပညာရှင်တွေ အပြင်ရောက်ကုန်တာက ကြီးမားတဲ့ Brain Drain ပါပဲ" လို့ ကိုပြည့်ထူးခန့်က ပြောပါတယ်။
မြန်မာမှာ "Brain Drain" လို့ခေါ်တဲ့ ပညာတတ်တွေတိုင်းပြည်ကစွန့်ခွာခြင်းရဲ့ အကျိုးဆက်ကို ခံစားရတော့မယ်လို့ ပညာရှင်တွေက သတိပေးနေကြပါတယ်။
ဒီကျောင်းသားတွေက ၂၀၂၁ မတိုင်ခင်အထိ နိုင်ငံပြင်ပကို ထွက်ခွာဖို့ အစီအစဥ်မရှိခဲ့ကြပါဘူး။
နိုင်ငံကထွက်ခွာပြီးနောက်ပိုင်းမှာလည်း ပညာရေးကို တစ်ကပြန်စရတာကြောင့် ဘွဲ့တစ်ခုရဖို့ အချိန်စုစုပေါင်း ၁၀ နှစ်ဝန်းကျင် အချိန်ကုန်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့်သူ ရှာဖွေဖို့ခက်ခဲတာကြောင့် ဘွဲ့ရစာတမ်းအဖြစ်တီထွင်ထားတဲ့ လူပုံစံတူ စက်ရုပ်ခြေထောက်ပရောဂျက်ကိုလည်း simulator ပြင်ပမှာ လမ်းလျှောက်တဲ့အထိ အကောင်အထည်မဖော်နိုင်ဘဲ ရပ်တန့်ထားရပါတယ်။
မကြာခင် ဘွဲ့ရပြီးရင်တော့ သူတို့ရဲ့ စက်ရုပ်အင်ဂျင်နီယာနဲ့ပတ်သက်တဲ့ အိမ်မက်တွေကို ပြင်ပမှာပဲ ဆက်အကောင်အထည်ဖော်ဖို့ စဥ်းစားထားကြပါတယ်။
၁၉၉၀ မပြည့်ခင် ရပ်တန့်သွားတဲ့ မြန်မာ့စက်ရုပ်ခေတ်ဦးပိုင်း တီထွင်မှုတွေ

ဓာတ်ပုံ ရင်းမြစ်, Tay Za Win
အင်းစိန် GTI ကျောင်းအုပ်ကြီးဖြစ်ခဲ့တဲ့ ဆရာကြီးဦးလှသန်းဝင်းဦးဆောင်ပြီး ၁၉၆၆ ခုနှစ်မှာ မြန်မာ့ပထမဆုံးလမ်းလျှောက်စက်ရုပ်တီထွင်နိုင်ခဲ့ပါတယ်။
အင်းစိန် GTI က ဆရာနဲ့ ကျောင်းသားတွေပူးပေါင်းပြီး တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို စက်ရုပ်တီထွင်မှုအပါအ၀င် စက်မှုလက်မှုသိပ္ပံ(အင်းစိန်) GTI ကျောင်းရဲ့ သမိုင်းတွေကို ၂၀၂၁ ဇန်နဝါရီမှာ အင်းစိန် GTI ကျောင်းသားများသမဂ္ဂက သမိုင်းမှတ်တမ်းပြုစုရေးကော်မတီ ဖွဲ့စည်းစုဆောင်းထားကြတာဖြစ်ပါတယ်။
ဆရာကြီးဦးလှသန်းဝင်းရဲ့ တီထွင်မှုတွေကို သားလတ်ဖြစ်သူ ကိုတေဇဝင်းရဲ့ ပေးပို့တဲ့ မှတ်တမ်းဓာတ်ပုံပါခုနှစ်တွေအရ သမဂ္ဂအဖွဲ့က စုစည်းထားတာပါ။
ပထမဆုံးတီထွင်မှုဖြစ်တဲ့ လမ်းလျှောက်စက်ရုပ်အပြီးမှာတော့ လပေါ် ရောက်လူသား ဆိုပြီး အာကာသယာဥ်မှူးဝတ်စုံနဲ့ စက်ရုပ်ကို တီထွင်ခဲ့ပါတယ်။
ဒီစက်ရုပ်ကို ၁၉၇၀ ပြည့်နှစ် ပြည်ထောင်စုနေ့ ပြခန်းမှာ ပြသခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းအရသိ ရပါတယ်။
ဘယ်ညာခြေလှမ်းသွားလာနိုင်ဖို့ ခြေထောက်တစ်ဖက်မှာ ဖီးယပ်ကား starter motorတပ်ပြီး နောက်တစ်ဖက်မှာ ဘတ်ထရီ ၂ လုံးတပ်ဆင် ဖန်တီးခဲ့တယ်လို့ အင်းစိန် GTI ကျောင်းသား များသမဂ္ဂက ဆိုပါတယ်။
လက်ရှိအချိန်အထိ မြန်မာ့ပထမဆုံး စက်ရုပ်တွေရဲ့ ထိန်းသိမ်းထားရှိမှုအခြေအနေကိုတော့ မသိရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Tay Za Win

ဓာတ်ပုံ ရင်းမြစ်, GTI Insein Students' Union
၁၉၈၆ ခုနှစ်မှာလည်း စက်ပစ္စည်း ထိန်းသိမ်းရေးပညာသင်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကြည်က တပည့်တွေနဲ့ ပေါင်းကာ ကားဆေးမှုတ်တဲ့စက်ရုပ် တီထွင်ခဲ့ပါသေးတယ်။
ဦးကြည်က အင်းစိန် စက်မှုလက်မှုသိပ္ပံကနေ ၁၉၅၄ ခုနှစ်မှာ A.G.T.I(Civil) ဒီပလိုမာဘွဲ့ရခဲ့တာပါ။
၁၉၆၀ ခုနှစ်မှာ အမေရိကန်ကို ပညာသင်စေလွှတ်ခံရတဲ့ ထူးချွန်သူတစ်ဦးလည်းဖြစ်ပါတယ်။
၁၉၈၈ အရေးအခင်းမတိုင်ခင် နှစ်နှစ်အလို ၁၉၈၆ ခုနှစ် အင်းစိန် GTI မှာ တာဝန်ထမ်းဆောင်ချိန်မှာ စက်ရုပ်တီထွင်ဖို့ စလုပ်ခဲ့ပါတယ်။
ပြည်တွင်းမှာရနိုင်တဲ့ စက်ရုပ်အတွက်အစိတ်အပိုင်းတွေကို တပည့်တွေအကူအညီနဲ့စုဆောင်းခဲ့ကြပြီး တီထွင်တပ်ဆင်နိုင်ခဲ့ကြပါတယ်။
ဆရာကြီးနဲ့ တပည့်တွေရဲ့ တီထွင်မှုရလဒ်ကတော့ ထိုင်နိုင်၊ ထနိုင်၊ လမ်းလျှောက်ပြီး ကားဆေး မှုတ်နိုင်တဲ့ စက်ရုပ်ဖြစ်လာပါတယ်။
ဒီစက်ရုပ်ကို ၁၉၈၆ ခုနှစ်၊ ပြည်ထောင်စုနေ့ပြခန်းမှာ ပြသခဲ့သလို ပြပွဲမှာလည်း ရေပန်းစားတဲ့ စက်ရုပ်တစ်ရုပ်ဖြစ်ခဲ့တယ်လို့ အင်းစိန် GTI ကျောင်းသားများသမဂ္ဂက ဆိုပါတယ်။
ဒါ့အပြင် ပိုက်ဆံပြန်အမ်းနိုင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်အလိုအလျောက်ရောင်းချပေးတဲ့စက်၊ သံလိုက်နဲ့ထိန်းချုပ်တဲ့ကားတို့ကိုလည်း တီထွင်ခဲ့တာပါ။
ဒီစက်ရုပ်ထက် နည်းပညာအဆင့်မြှင့်တင်ပြီး စကားပြန်ပြောနိုင်တဲ့စက်ရုပ်အထိ ဆက်လက်တီထွင်ဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီအစိုးရလက်ထက်မှာ ကုန်ကျစားရိတ်နဲ့ တီထွင်မှုကို အားပေးကူညီတာ မရှိတာကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။
ဆရာကြီး မဆုံးပါးခင် ၂၀၂၀ ခုနှစ်၊ဒီဇင်ဘာလထဲမှာ ကားဆေးမှုတ်တဲ့စက်ရုပ်နဲ့ နောက်ထပ် စက်ရုပ် တစ်ရုပ်ကို အင်းစိန် GTI ကျောင်းသားများသမဂ္ဂက ကျောင်းသားဟောင်းအသင်းကနေ အပြင်ပိုင်း ပြန်လည်ပြင်ဆင်ဖို့ လက်လွှဲယူခဲ့တာကို သမဂ္ဂစာမျက်နှာမှာတင်ထားပါတယ်။
GTI ပညာရေး (၁၂၅ )နှစ်ပြည့် ငွေရတုရာပြည့်သဘင်အထိမ်းအမှတ်အခမ်းအနားမှာ ပြသဖို့ ရည်ရွယ်ခဲ့ကြတာပါ။
ကိုဗစ်ကြောင့် ဒီအခမ်းအနားကို အွန်လိုင်းကနေသာ ပြုလုပ်နိုင်တာကြောင့် ရုပ်သံကနေသာ ပြသ ခွင့်ရခဲ့ပါတယ်။
အစိုးရဌာနတွေရဲ့ ထောက်ပံ့ကူညီမှုကလည်း တီထွင်ဖန်တီးမှုအတွက် အရေးကြီးတယ်လို့ မြန်မာ စက်ရုပ်ခေတ်ဦးပိုင်းက အကန့်အသတ်တွေကြားမှာပဲ တီထွင်နိုင်ခဲ့သူ ဆရာကြီးဦးကြည်က ပြောခဲ့ပါတယ်။
လက်ရှိမှာတော့ ဆရာကြီး ဦးလှသန်းဝင်းရော ဦးကြည်ရော ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။
"အခုကလေးတွေ တော်ပါတယ်။ ဒီအတိုင်းမလျှော့ဘဲ ဆက်ကြိုးစားဖို့လိုတယ်" လို့ ၂၀၂၀ ဒီဇင်ဘာမှာ ဆရာကြီး ဦးကြည်က ကျောင်းသားတွေနဲ့ တွေ့တုန်းမှာ ပြောခဲ့ပါတယ်။











