ချောက်ကမ်းပါးထက်က မျိုးဆက် သို့မဟုတ် မြန်မာလူငယ်ထု

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ လူငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ လူငယ်တွေ

ရည်ရွယ်ရာအိပ်မက်တွေကို အကောင်အထည်ဖော်ရမယ့် မြန်မာ လူငယ်သန်းချီဟာ ပြည်တွင်းက မရေရာမှုနဲ့ မလုံခြုံမှုတွေကြောင့် ''ချောက်ကမ်းပါးထက်က မျိုးဆက်'' တစ်ခုဖြစ်နေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာပြည်တွင်းက လူငယ် ၁၀ ဦးမှာ ၄ ဦးက မလုံခြုံမှုတွေ ခံစားနေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က သူတို့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီအချိုးဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်ကျော် ဝင်လာချိန်မှာ မလုံခြုံမှုနဲ့ ဖိစီးမှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာလူငယ် ငါးသန်းနီးပါးရဲ့စိတ်ကို ထင်ဟပ်နေတယ်ပါတယ်။

စစ်အာဏာသိမ်းခံထားရတဲ့ကာလအတွင်း မြန်မာလူငယ်တွေရဲ့အခြေအနေတွေကို လေ့လာပြီး အစီရင်ခံစာတွေကို UNDP ထုတ်ပြန်နေပါတယ်။

ပြည်တွင်းက လူငယ်တွေရဲ့စိတ်အခြေအနေနဲ့ ဖိစီးမှု၊ မလုံခြုံမှုတွေကို မီးမောင်းထိုးပြတဲ့ နောက်ဆုံးထွက် အစီရင်ခံစာကိုတော့ UNDP က ''ချောက်ကမ်းပါးထက်က မျိုးဆက်'' ဆိုပြီး နာမည်ပေးပါတယ်။

ဘီဘီစီမေးမြန်းခဲ့တဲ့လူငယ်တွေအချို့ကတော့ ''သူတို့ မျိုးဆက်တစ်ခု ချောက်ကမ်းပါးထက်မှာ ရောက်နေတယ်'' ဆိုတဲ့အဆိုကို လက်ခံကြပြီး "လမ်းပျောက်နေတယ်"ဆိုတဲ့ စကားလုံးကိုလည်း ထပ်ဖြည့်ပြောကြပါတယ်။

မလုံခြုံမှုတွေ ဖြစ်လာရတဲ့ နောက်ခံအကြောင်းအရင်းတွေ

အခုဆိုရင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅ အထိ ရောက်နေပါပြီ

ဓာတ်ပုံ ရင်းမြစ်, စစ်မှုထမ်းများ

ဓာတ်ပုံ ပုံစာ, အခုဆိုရင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅ အထိ ရောက်နေပါပြီ

စစ်တပ်အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ နိုင်ငံရေး မတည်ငြိမ်တာတွေ၊ ယိုယွင်းလာတဲ့ ဥပဒေတွေ၊ ရာဇဝတ်မှု မြင့်တက်လာတာတွေကြောင့် လူငယ်တွေဟာ မလုံခြုံမှုတွေကို ခံစားနေကြရတယ်လို့ UNDP က ပြောပါတယ်။

ဒါတင်မက ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှု အညွှန်းကိန်း (Global Organized Crime Index) အရ မြန်မာနိုင်ငံဟာ ရာဇဝတ်မှု အများဆုံးနိုင်ငံထဲမှာလည်း ပါဝင်နေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒ့ါအပြင် အွန်လိုင်းလိမ်လည်မှုတွေ၊ လူကုန်ကူးတာတွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရာဇဝတ်မှုတွေလည်း မြင့်တက်နေတယ်လို့ UNDP က ဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင်သစ်စုဆောင်းမှုတွေကို တိုင်းရင်းသားဒေသက လူငယ်တွေ ခံစားရသလို ၂၀၂၄ ခုနှစ်မှာ စစ်မှုထမ်းဥပဒေကို စစ်တပ်က အသက်သွင်းလိုက်တာကြောင့် ရန်ကုန်၊ မန္တလေးလိုမြို့ပြက လူငယ်တွေပါ ရင်ဆိုင်နေကြရပါတယ်။

"မလုံခြုံမှုတွေထဲမှာ စစ်မှုထမ်းဥပဒေကြောင့်က အများဆုံးပါပဲ။ အသက်အန္တရာယ်အထိ ဆိုးရွားတဲ့ခြိမ်းခြောက်မှုတွေ ရှိနေတာပါ" လို့ လူငယ်တစ်ယောက်ဖြစ်တဲ့ ရန်ကုန်မြို့ပြသပိတ်ခေါင်းဆောင် ကိုနန်းလင်းက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ နေထိုင်တဲ့ လူငယ်တစ်ယောက်ကလည်း လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ခွင့်ရတဲ့ဘဝတွေ မရတော့ဘူးလို့ ပြောပါတယ်။

"ကျောက်ဝိုင်းတွေကနေ စုဆောင်းရေးအတွက်ဆိုပြီး KIO (ကချင်လွတ်လပ်ရေးအဖွဲ့) ဘက်က ဆွဲတယ်။ စစ်တပ်ကလည်း မသင်္ကာဘူးဆိုပြီး ဖမ်းထားပြီး ပြန်မလွှတ်တော့ဘူး။ မိသားစုတွေအတွက်သာ မဖြစ်မနေ ရုန်းကန်နေရတာ" လို့ ဖားကန့်က လူငယ် တစ်ဦးက ပြောပါတယ်။

ဒီအခြေအနေတွေဟာ မြန်မာနိုင်ငံက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပြီး မလုံခြုံမှုတွေဟာ နေ့စဉ်ဘဝတွေထဲကို စိမ့်ဝင်လာနေပါတယ်။

လူငယ် ၇ ယောက်မှာ တစ်ယောက်က ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘေးကင်းဖို့အတွက် စိုးရိမ်နေရတဲ့ ခံစားချက်တွေ ရှိနေတာပါ။

ချင်းပြည်နယ်မှာ ၃၀ ရာခိုင်နှုန်း၊ ကယားပြည်နယ်မှာ ၂၅ ရာခိုင်နှုန်း၊ ရခိုင်မှာ ၂၂ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်မှာ ၂၁ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်နေတာကိုလည်း UNDP က ထောက်ပြထားပါတယ်။

"ဒါတွေ ဘာကြောင့်ဖြစ်တာလဲဆိုရင် အဖြေက တစ်ခုတည်းရှိတယ်။ စစ်အာဏာရှင်ကြောင့်ပဲ။ စစ်အာဏာရှင်တွေကြောင့် မျိုးဆက်တွေ တစ်ခုပြီးတစ်ခု စာသင်ခန်းထက်စာရင် အကျဉ်းထောင်နဲ့ မူးယစ်ဆေးဝါး သားကောင်တွေ ဖြစ်နေရတယ်။ လူငယ်တွေ တကယ်လမ်းပျောက်နေတယ်" လို့ မြို့ပြသပိတ်ခေါင်းဆောင် ကိုနန်းလင်းက ပြောပါတယ်။

လူငယ်တွေကို ခံစားရတဲ့ မလုံခြုံမှုတွေ

ရန်ကုန်မြို့ဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပေမဲ့ မြို့ခံတချို့ကတော့ လုံခြုံမှု မခံစားကြရဘူးလို့ ပြောပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပေမဲ့ မြို့ခံတချို့ကတော့ လုံခြုံမှု မခံစားကြရဘူးလို့ ပြောပါတယ်

မအေးစုကတော့ အသက် ၂၉ နှစ်အရွယ် လူငယ်တစ်ယောက်ဖြစ်ပြီး သူ့နေအိမ် မြောက်ဥက္ကလာကနေ ၄၅ မိနစ်အကြာ ကားစီးရတဲ့အလုပ်ကို သွားနေရသူပါ။

လုံခြုံရေးအတွက် စိတ်ချရတယ်ဆိုတဲ့ အငှားကား taxi ဝန်ဆောင်မှုတွေမှာလည်း အငှားယာဉ်မောင်းတချို့ရဲ့အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့ ကြိုးပမ်းလာကြတယ်ဆိုတဲ့ စွပ်စွဲချက်တွေ မကြာခဏကြားရလေ့ရှိတာကြောင့် မသိတဲ့အငှားယာဉ်ကို မငှားရဲတဲ့အထိ စိုးရိမ်နေသူပါ။

"အရင်က တက္ကစီပေါ်ရောက်ရင် ဖုန်းပဲ သုံးနေမိတာ။ အခုတော့ ကိုယ်မသိတဲ့ တက္ကစီကို မဖြစ်မနေ ငှားရရင် ယာဉ်မောင်းရှေ့မှာ ထောင်ထားတဲ့ ယာဉ်မောင်းနာမည်၊ ကားနံပတ်တွေပြထားတဲ့ ကတ်လေးကို မသိမသာ ဓာတ်ပုံရိုက်ပြီး အိမ်ကို Viber ကနေ ပို့ထားရတယ်။ ပုံမှန်သွားနေကျ လမ်းကပဲ သွားသလား တောက်လျှောက်ကြည့်နေရတယ်"လို့ သူ့ရဲ့ စိုးရိမ်ချက်တွေကို ပြောပြပါတယ်။

မြန်မာ့အလေ့မှာ ရှေးရိုးစွဲအယူအဆအရ မိသားစုတွေဟာ အပြင်ထွက်တဲ့အခါ သား ယောက်ျားလေးထက် သမီး မိန်းကလေးကို ပိုပြီး စိတ်ပူလေ့ ရှိတတ်ကြပါတယ်။ အခုတော့ နိုင်ငံထဲက အခြေအနေတွေကြောင့် သမီးမိန်းကလေးတွေအတွက်ပါ စိတ်ပူနေကြရပြီလို့ ဘီဘီစီက စကားပြောခဲ့တဲ့ မိဘအချို့က ရင်ဖွင့်ပါတယ်။

အလုပ်သွားဖို့၊ ခရီးသွားဖို့ အိမ်ကနေ ထွက်သွားပြီးတဲ့နောက် အဆက်အသွယ် မရတော့တာတွေ၊ အဆက်အသွယ်ပြန်ရချိန်မှာ စစ်မှုထမ်း စုဆောင်းခံရတဲ့အထဲ ပါသွားပြီလို့ သိလိုက်ရတယ်ဆိုတဲ့သတင်းတွေက သူတို့အတွက် စိုးရိမ်စရာဖြစ်နေပါတယ်။

"သားက အိမ်ထောင်ကျပြီး အိမ်ခွဲနေတာ။ တစ်ပတ်တခါ အမေကို လာတွေ့ပြီးတော့ အိမ်ပြန်မယ်ဆိုပြီး ပြန်သွားတာ။ သူပျောက်နေတာ မသိလိုက်ဘူး။ ၂ ပတ်လောက်ကြာမှ စစ်မှုထမ်းသင်တန်းထဲ ရောက်သွားပြီအမေ ဆိုပြီး ဖုန်းဆက်လာတယ်" လို့ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်က အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ မိခင်က ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် စစ်တပ်အုပ်ချုပ်မှုအောက်က ရန်ကုန်မြို့ဟာ အရင်လို ညဘက်မှာပါ စည်ကားတဲ့ အခြေအနေမဟုတ်တော့ပါဘူး။

ညနေစောင်းလေလေ ခြေလှမ်းခပ်သွက်သွက်လှမ်းပြီး အိမ်ပြန်ရောက်ဖို့ တာစူတဲ့သူ ပိုများလေလေလို့ မြို့ခံတွေက ပြောပါတယ်။

ည ၈ နာရီမထိုးခင်မှာ လူသူရှင်းလင်းသွားတဲ့မြို့ပေါ်က လမ်းတွေက ဒါတွေကို သက်သေခံပါတယ်။

အိမ်စောစောပြန်ရောက်ဖို့ လုံးပမ်းကြတဲ့အကြောင်းရင်းက စစ်မှုထမ်းဖို့ လူဆွဲခေါ် ခံရနိုင်တဲ့အန္တရာယ်အပြင် ညဘက်တွေသာမက နေ့ဘက်တွေမှာပါဖြစ်လာပြီး အသက်အန္တရာယ်ကိုပါ ရန်ရှာလာနိုင်တဲ့ လုယက်မှုတွေကို စိုးရိမ်နေကြရတာပါ။

ရန်ကုန်မြို့ ဆင်ခြေဖုံးအရပ်တစ်ခုဖြစ်တဲ့ ရွှေပြည်သာမြို့နယ်က လူငယ်တစ်ယောက်ကလည်း နေ့ဘက်မှာ ဒီစိုးရိမ်ချက်တွေကို ကျော်ဖြတ်ပြီးသွားပေမဲ့ ညအိပ်စက် အနားယူချိန်တွေမှာလည်း သောက မကင်းနိုင်သေးပါဘူး။

"ညဘက်လည်း ကောင်းကောင်း မအိပ်ရပါဘူးဗျာ။ ဆိုင်ကယ်လည်းခိုး၊ ဘေးတွဲလည်းခိုး၊ ဘတ်ထရီဘီးလည်း ခိုးဆိုတော့ ခွေးဟောင်တိုင်း ထကြည့်နေရတာ" လို့ ပြောပါတယ်။

ဗုံးခိုကျင်းတွေတူးထားရတဲ့ ကယားပြည်နယ်တနေရာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗုံးခိုကျင်းတွေတူးထားရတဲ့ ကယားပြည်နယ်တနေရာ

စစ်တပ်အုပ်ချုပ်မှုအောက်က မန္တလေးမြို့ကလည်း ဓားထောက်ပြီး ဆိုင်ကယ်လုတာတွေ ခပ်စိပ်စိပ်ဖြစ်နေတာတွေက မြို့ခံအချို့အတွက် ဆိုင်ကယ်စီးပြီး သွားလာဖို့ကိုတောင် စိုးထိတ်နေကြရပါတယ်။

"တနေ့တနေ့ တော်တော်မွန်းကြပ်တယ်ဗျာ။ ညနေ အိမ်ရောက်မှ ငါဒီနေ့ ကောင်းကောင်းမွန်မွန် ပြန်ရောက်ပါလားဆိုပြီး သက်ပြင်းချရတယ်"လို့ ပရဟိတအသင်းခေါင်းဆောင် အသက် ၂၆ နှစ်အရွယ် ကိုထက်က ဘီဘီစီကို ပြောပါတယ်။

UNDP ရဲ့ အစီရင်ခံစာမှာလည်း လူငယ် ၄၀ ရာခိုင်နှုန်းကျော်ဟာ ညဘက်တွေမှာ လမ်းလျှောက်ဖို့ "လုံးဝမလုံခြုံဘူး"လို့ ဖြေဆိုကြပြီး ဒါဟာ စစ်တပ် အာဏာမသိမ်းခင်ကထက် နှစ်ဆကျော် ပိုများနေတယ်လို့ ရေးထားပါတယ်။

ဒီလိုအခြေအနေတွေကြုံတွေ့နေကြရပေမဲ့လည်း ရဲတပ်ဖွဲ့နဲ့ တရားရုံးတွေအပေါ် လူငယ်တွေရဲ့ ယုံကြည်မှုကလည်း လုံးဝပျက်ပြားနေတာကြောင့် လူငယ်တွေဟာ ကိုယ့်ဘေးကင်းရေးကို ကိုယ့်အားကိုယ်ကိုး နေကြရတယ်လို့ စစ်တမ်းမှာ ပါဝင်တဲ့လူငယ် ထောင်ချီက ပြောပါတယ်။

ဒီလို စွန့်ပစ်ခံထားရသလို ဖြစ်နေတဲ့ မြန်မာလူငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိစီးတာတွေ ပိုမြင့်တက်လာတယ်လို့ UNDP က လူငယ် ၇ ထောင်ကို မေးမြန်းထားတဲ့သူတို့ စစ်တမ်းတွေ့ရှိချက်မှာ ထောက်ပြထားပါတယ်။

စစ်တပ်အုပ်ချုပ်မှု မသက်ရောက်ဘဲ တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ မြို့နယ်တွေမှာလည်း အသံအမြဲနားစွင့်နေရတဲ့အထိ ပူပန်နေကြရတာပါ။

အကြောင်းကတော့ စစ်လေယာဉ်၊ စက်တပ်လေထီး၊ ဒရုန်းနဲ့ လေကြောင်းဗုံးကြဲတာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေဟာ အချိန်အခါမရွေး ဖြစ်နေတာကြောင့်ပါပဲ။

ဒါ့ကြောင့် တော်လှန်ရေးရဲ့ ဖိစီးမှုတွေကလည်း တော်လှန်ရေးမှာ ပါဝင်နေတဲ့ လူငယ်တွေအပေါ်မှာ သက်ရောက်မှုကြီးတယ်လို့ ကိုနန်းလင်းက ပြောပါတယ်။

"လူငယ်တွေ သေနတ်ကိုင်စစ်တိုက် ရတယ် ။ ဟိုဘက်က ကျသည်ဖြစ်စေ၊ ဒီဘက်ကျသည်ဖြစ်စေ ဒီတိုင်းပြည်ရဲ့လူငယ်တွေပါပဲ။ ဘယ်လူငယ်မှ သူများအသက်ကို မသတ်ချင်ပါဘူး။ ဒီလိုပဲကိုယ်လဲ မသေချင်ဘူး။ ကိုယ့်ရဲဘော်တွေလည်း မကျစေချင်ဘူး။ အခုကတော့ တိုင်းပြည်နေ့စဉ်နေ့တိုင်း လူငယ်တွေရဲ့ အသက်တွေ၊ ပြည်သူတွေရဲ့အသက်တွေ ထိခိုက်သေဆုံးနေရတာတွေက တော်လှန်ရေးရဲ့ ဖိစီးမှုပါပဲ"လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာလူငယ်တွေဟာ အလုပ်အကိုင် ရှားပါးတာတွေကြောင့်လည်း မိသားစု စားဝတ်နေရေး၊ ကိုယ့်ပညာရေးတွေအတွက်ပါ ရတက်မအေးကြရပါဘူး။

ကိုယ်ရည်ရွယ်ထားတဲ့ ပညာရေးရည်မှန်းချက်တွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ မိသားစု ပန်းတိုင်တွေကလည်း မလုံခြုံတဲ့ ဘဝတွေကြားမှာ ပျက်သုဉ်းတာတွေ ရှိလာကြပါတယ်။

ရန်ကုန်၊ မန္တလေး၊ ကချင်စတဲ့တိုင်းနဲ့ပြည်နယ်က လူငယ် ၅ ယောက်ထက်မနည်း ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ သူတို့ရဲ့ လုံခြုံမှုတွေက "ကျီးလန့်စာစား" ဘဝတွေလို့ ရည်ညွှန်းပြောကြပါတယ်။

မလုံခြုံမှုတွေကြောင့် ဘာတွေဖြစ်နေလဲ

မြန်မာလူငယ်တွေဟာ တရားဝင်ရော၊ တရားမဝင် လမ်းကြောင်းတွေကပါ ပြည်ပကို ထွက်ခွာကြပါပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာလူငယ်တွေဟာ တရားဝင်ရော၊ တရားမဝင် လမ်းကြောင်းတွေကပါ ပြည်ပကို ထွက်ခွာကြပါပြီ

ပြည်တွင်းမလုံခြုံမှုတွေကြောင့် သိသာထင်ရှားပြီး မြင်သာတဲ့အရာကတော့ လူငယ်တွေ ပြင်ပကို ထွက်ခွာမှု များလာတာပါပဲ။

ပဋိပက္ခပြင်းထန်တဲ့ ဒေသတွေက လူငယ်တွေကလည်း မြို့ပြနဲ့ ပြည်ပကို နေရပ်စွန့်ခွာ ထွက်လာကြသလို မြို့ပြက လူငယ်တွေကလည်း ပြည်ပကို ထွက်တဲ့သူတွေ ရှိနေတာပါ။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံထဲက လူငယ် ခန့်မှန်းခြေအရေအတွက် ၃ သိန်းဟာ ပြည်ပကို ထွက်ခွာသွားကြတယ်လို့ UNDP ရဲ့ ဌာနေဝေး မျိုးဆက်သစ် အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒီလို အစုလိုက်အပြုံလိုက် ထွက်ခွာတာတွေဟာ မြန်မာနိုင်ငံရဲ့ လူဦးရေအချိုးအစား၊ လုပ်သားဈေးကွက် အခင်းအကျင်းကို ပုံစံပျက်ယွင်းစေပြီး နိုင်ငံရဲ့ လူ့စွမ်းအားရင်းမြစ် ကျောရိုးဖြစ်တဲ့ လူငယ်လုပ်သား ဦးရေ ကျဆင်းလာတယ်လို့လည်း ဆိုပါတယ်။

နောက်ထပ် ဆက်နွယ်လာတဲ့ အကြောင်းအရင်းက စိတ်ပင်ပန်းမှုတွေ၊ မလုံခြုံမှုတွေကနေ ထွက်ပေါက်ရှာတဲ့ လူငယ်တချို့ဟာ မူးယစ်ဆေးဝါးသုံးစွဲပြီး ထွက်ပေါက်ရှာတာတွေ များလာတယ်လို့ ကိုနန်းလင်းက ပြောပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေအရ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ ဓာတုမူးယစ်ဆေးဝါးတွေကို အကြီးမားဆုံး ထုတ်လုပ်နေတဲ့ နိုင်ငံဖြစ်လာတယ်လို့လည်း UNDP က သတိပေးထားပါတယ်။

လက်ရှိမြန်မာလူငယ်တွေဟာ ပျက်စီးသွားတဲ့ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းအတွက်သာ ရုန်းကန်နေရတာမဟုတ်ဘဲ လိုအင်ဆန္ဒ၊ ကြောက်ရွံ့မှု၊ ဂုဏ်သိက္ခာမဲ့မှုတွေကနေ လွတ်မြောက်ရမယ့် အခွင့်အရေးတွေပါ ဆုံးရှုံးနေကြရပါတယ်။

ဒီလိုအခြေအနေတွေ ရှိနေပေမဲ့ မြန်မာလူငယ် ၆၈ ရာခိုင်နုန်းကျော်ကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိနိုင်သေးတယ်လို့ ယုံကြည်ချက်၊ အကောင်းမြင်စိတ်နဲ့ ရှေ့ဆက်နေကြပါတယ်။

ဒါပေမဲ့ လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေ မရှိဘူးဆိုရင် ဒီအကောင်းမြင်စိတ်ကလည်း တည်တံ့ဖို့ ခဲယဉ်းတယ်လို့ UNDP က ဆိုပါတယ်။

ဒ့ါကြောင့် မြန်မာလူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့၊ စွမ်းရည်မြှင့်တင်ဖို့၊ သူတို့ရဲ့ ဘေးကင်းရေးနဲ့ဆိုင်တဲ့ စိုးရိမ်ပူပန်မှုတွေကို နာလည်ပေးဖို့ ၊ စိတ်ကျန်းမာရေး ဦးစားပေး လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့လည်း အသိပေးထားပါတယ်။

လူငယ်တွေရဲ့ ပျက်စီးသွားတဲ့ ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာ ပြန်တည်ဆောက်ပြီး မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် တက်ကြွတဲ့ အင်အားစုဖြစ်ဖို့ ပံ့ပိုးပေးရမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။