စစ်မှုထမ်းက ချန်ထားရစ်တဲ့ မြန်မာသက်ကြီးရွယ်အိုတွေရဲ့ သောက

ဓာတ်ပုံ ရင်းမြစ်, MOI/Getty Images
အသက် ၆၅ နှစ်အရွယ် ဒေါ်ခင်ဝင်း (အမည်လွှဲ) ဟာ မုံရွာမြို့ပေါ်က ရပ်ကွက်တစ်ခုမှာ သားနှစ်ဦးနဲ့အတူ နေထိုင်သူပါ။ သူ့မှာ သားတွေချည်း သုံးဦးရှိပြီး အကြီးဆုံးသားကတော့ စစ်တပ်ထဲက ဗိုလ်မှူးတစ်ဦးဖြစ်ပါတယ်။ ဒေါ်ခင်ဝင်းရဲ့ အမျိုးသားကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက မိသားစုကို စွန့်ခွာသွားခဲ့ပါပြီ။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မှာ စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းလိုက်တဲ့နောက် စစ်တပ်အရာရှိဖြစ်တဲ့ သားကြီးဖြစ်သူက တစ်ဖက်၊ အာဏာသိမ်းတာကို လက်မခံနိုင်တဲ့ သားငယ်နှစ်ဦးနဲ့ ဒေါ်ခင်ဝင်းတို့က တစ်ဖက်နဲ့ မိသားစုတွေ သဘောထားကွဲလွဲခဲ့ပါတယ်။ အဲဒီနောက် သားကြီးနဲ့ အဆက်အသွယ်ပြတ်ခဲ့ကြပါတယ်။
အာဏာသိမ်းပြီးသုံးနှစ်ဝန်းကျင်အကြာမှာတော့ သားကြီးဖြစ်သူက မိသားစုဆီကို ရုတ်တရက် ဖုန်းနဲ့ဆက်သွယ်လာပါတယ်။ သူ ရခိုင်ပြည်နယ်ထဲမှာ တာဝန်ကျနေကြောင်းနဲ့ သူ့ရဲ့ ညီငယ်နှစ်ဦးကိုလည်း ပြည်ပနိုင်ငံတွေကို ထွက်ခွာကြဖို့ ပြောဆိုလာပါတယ်။
စစ်တပ်က အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းမိန့်ကြောင့် သူ့ ညီတွေ ပြည်တွင်းစစ်ထဲ မပါရအောင် ကြိုတင်ရှောင်ခိုင်းတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ telegram
"စစ်ခေါင်းဆောင်တွေ မလုပ်သင့်မလုပ်အပ်တာ လုပ်တာ ကျွန်မ သားကြီးက သိပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဒါကို ပြောင်းလဲနိုင်တဲ့အရည်အချင်း၊ ရာထူး မရှိဘူးလေ။ အဲဒါကြောင့် သူ့ ညီတွေကို ဒီနိုင်ငံမှာ မနေဖို့နဲ့ နိုင်ငံခြားထွက်ဖို့ ပြောတာ"
ဒါကြောင့်ပဲ ဒေါ်ခင်ဝင်းက သားနှစ်ဦးကို ပြည်ပကို ထွက်စေခဲ့ပါတယ်။ သားကြီးကတော့ ၂၀၂၄ ခုနစ်အတွင်းက ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကော်မရှင်တပ်တွေ ထိတွေ့တိုက်ပွဲအတွင်း သေဆုံးခဲ့ပါတယ်။
စစ်အာဏာမသိမ်းခင်က မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းနေခဲ့ကြတဲ့ ဒေါ်ခင်ဝင်းမှာ သားကြီးက သေ၊ သားငယ်နှစ်ဦးက ပြည်ပထွက်ခွာသွားလို့ နေအိမ်မှာ တစ်ကိုယ်တည်း ဘဝကို အထီးကျန်စွာ ဖြတ်သန်း နေရပါတယ်။
အသက်အရွယ်ကြီးလာတာကြောင့် အိမ်မှုကိစ္စတွေမှာ သားနှစ်ယောက်ဆီက ကူဖော် လောင်ဖက် ရခဲ့ပေမဲ့ အခုတော့ တစ်ယောက်တည်း ဖြစ်သလို စားသောက်နေထိုင်လုပ်ကိုင်နေရပါတယ်။
အရင်က စည်ကားခဲ့တဲ့မိသားစုထမင်းဝိုင်းလည်းခြောက်ကပ်တိတ်ဆိတ်သွားခဲ့ပါပြီ။
ဒေါ်ခင်ဝင်းလိုပဲ နောက်ထပ် သက်ကြီးပိုင်းအမျိုးသမီးကြီးတစ်ဦးလည်း စစ်မှုထမ်းမိန့်ကြောင့် တတိယအရွယ်ကိုခက်ခက်ခဲခဲဖြတ်သန်းဖို့ဖြစ်လာပါတယ်။
မုံရွာမြို့ပေါ်ရပ်ကွက်တစ်ခုမှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ အသက် ၅၀ ခန့်ရှိတဲ့ ဒေါ်မြင့်မြင့်ဌေး(အမည်လွှဲ) ဟာ သူ့ဆိုင်အတွက် မြို့တွင်းက လက်ကားဆိုင်တွေကို စျေးအဝယ်ထွက်ရပါတယ်။
အဲဒီလို ထွက်တိုင်း လက်တိုလက်တောင်းအကူညီရဖို့ သူ့ရဲ့သားသမီးတစ်ယောက်ယောက်ဒါမှမဟုတ်ရင် တူ၊ တူမတွေကို အမြဲတမ်း ခေါ်သွားနေကျပါ။ အခုတော့ "ပေါ်တာအရမ်းဆွဲလို့ ဘယ်သူ့မှ မခေါ်သွားရဲတော့ဘူး" လို့ သူကပြောပါတယ်။
အရင်ကဆို သူ နှစ်ရက်ခြားသုံးရက်ခြားတစ်ခါ ဈေးဝယ်ထွက်တိုင်း သားသမီးတွေက ဆိုင်ကယ်တစ်စီးနဲ့ လိုက်လာသလို သူကလည်း တစ်စီးနဲ့မောင်းသွားပြီး ဝယ်ခြမ်းထားသမျှပစ္စည်းတွေကို ခွဲတင်ကာ သယ်ယူနေကျ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ခုတော့ မြို့တွင်းဈေးဝယ်သွားရင် သူတစ်ယောက်တည်း နေပူကြဲကြဲမှာ ဆိုင်ကယ်စီးသွားပြီး ဝယ်ထားတဲ့ပစ္စည်းတွေကို နိုင်သလောက်ယူကာ အခေါက်ခေါက်အခါခါ သယ်ရပါတော့တယ်။
"ပိုပင်ပန်းတာပေါ့။ ဒါပေမဲ့ ကလေးတွေလည်း မခေါ်သွားရဲတော့ဘူး။ လမ်းမှာ စစ်လားဆေးလားနဲ့ ဆွဲခေါ်သွားရင် ပိုဒုက္ခများကုန်မှာ" လို့ ဒေါ်မြင့်မြင့်ဌေးက ပြောပါတယ်။
စစ်မှုထမ်းဥပဒေအသက်သွင်းပြီးပြီးချင်း နှစ်လအတွင်း စစ်မှုထမ်းသင်တန်းအပတ်စဥ် ၁ ကို မြန်မြန်ဆန်ဆန်ပဲ ဖွင့်ခဲ့ပါတယ်။ နည်းဥပဒေကို တစ်နှစ်နီးပါးအကြာ ၂၀၂၅ ဇန်နဝါကျမှ ထုတ်ခဲ့တာပါ။
အဲဒီနည်းဥပဒေမထွက်ခင်မှာပဲ စစ်မှုထမ်းသင်တန်းအပတ်စဥ် ၉ အထိဖွင့်ခဲ့ပြီးပါပြီ။ အခုဆို စစ်မှုထမ်းအပတ်စဥ် ၁၆ ထိ ဖွင့်ထားပြီး စစ်တပ်က တစ်လ လူငါးထောင်ခေါ်မယ်လို့ပြောထားတာကြောင့် လူ ရှစ်သောင်းထိ စုဆောင်းသွားပြီလို့ တွက်ချက်ထားနိုင်ပါတယ်။
အဲဒီနည်းပညာထုတ်ပြီး နောက်ပိုင်းမှာ မုံရွာမြို့ပေါ်မှာ အသက်အကျုံးဝင်တဲ့လူငယ်တွေကို ညပိုင်းတွေမှာ ဧည့်စာရင်းစစ်ရင်းဖမ်းတာ၊ နေ့ခင်းကြောင်တောင် လမ်းသွားလမ်းလာတွေကို မထင်ရင်မထင်သလို စစ်ပြီး အဓမ္မစစ်သားသစ်စုဆောင်းမှုတွေကို ပိုလုပ်လာတာကြုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"လမ်းတွေပေါ်ဆို ခြောက်ကပ်လို့။ လူငယ်တွေကို ဘယ်သူမှ အပြင်မထွက်ခိုင်းကြတော့ဘူး။ ယောက်ျားလေးဆိုလည်း သိပ်မမြင်တော့ဘူး။ လူကြီးပိုင်းတွေပဲ သွားလာနေကြတော့တာ" လို့ ဒေါ်မြင့်မြင့်ဌေးက သူ့မြို့ရဲ့ အခြေအနေကို ပြောပြပါတယ်။
စစ်သင်တန်းတွေဆီပို့ပြီး မကြာခင် ရှေ့တန်းပို့ခံလိုက်ရပြီး ရှေ့တန်းမှာတင်သေဆုံးသွားတဲ့ စစ်မှုထမ်းတွေ ရှိတာကို ကာယကံရှင်မိသားစုတွေက ဘီဘီစီကို အတည်ပြုထားပါတယ်။
စစ်မှုထမ်းသက်အကျုံးဝင်တဲ့ သားသုံးဦးနဲ့ သမီးတစ်ဦးမွေးထားတဲ့ ရန်ကုန်မြို့စွန် ကျေးရွာ တစ်ခုက အသက် ၅၅ နှစ်အရွယ် ဦးမိုးကောင်း (အမည်လွှဲ) ကလည်း သူ့ကလေးတွေ စစ်မှုထမ်းဆင့်ခေါ်ခံရမှာစိုးလို့ ထိုင်းနိုင်ငံကို ပို့ထားသူဖြစ်ပါတယ်။
သူ့လိုပဲ သားသမီးတွေကို စိတ်ပူလို့ ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေကို တရားမဝင် လမ်းကြောင်းကနေရော တရားဝင်လမ်းကြောင်းကနေကော ပို့ထားကြသူတွေများလို့ ရန်ကုန်တိုင်း အနီးက ရွာတွေမှာ သက်ကြီးရွယ်အိုတွေနဲ့ အသက်မပြည့်သေးတဲ့လူငယ်တွေသာ ကျန်တော့တယ်လို့ ဦးမိုးကောင်းက ဆိုပါတယ်။
"အခုက ကျွန်တော်တို့ဘက်မှာ အရွယ်ရောက်တဲ့ကလေးမှန်သမျှ ၂၀ ကျော်တွေပေါ့၊ သိပ်ပြီး မရှိကြ တော့ဘူး။ မိန်းကလေးတောင် အသက်မပြည့်တဲ့ ၁၄ နှစ် ၁၅ နှစ်ပဲကျန်တာ။ အရွယ်ကောင်း ယောက်ျား လေးမှန်သမျှတော့ မရှိကြတော့ဘူး။ မိဘတွေကလည်း စိတ်မချတော့ မရှိရှိတာရှာပြီး (နိုင်ငံခြား)ပို့ကြ၊ လွတ်ရာပို့ကြတာပေါ့။ လူလွတ်ဖို့က အဓိကပဲလေ"
စစ်မှုထမ်းဥပဒေအတည်မပြုခင်က သူတို့ရွာတွေမှာ ညနေဆို လယ်လုပ်၊ စိုက်ပျိုးရေးလုပ်ပြီး အလုပ်သိမ်းအနားယူချိန်မှာ လူငယ်တွေရဲ့ ခြင်းခက်၊ ဇယ်တောက်ကစားသံတွေ ဆူညံနေခဲ့ပါတယ်။ အခုတော့ ရွာထဲမှာ တိတ်ဆိတ်နေပြီလို့ သူကဆက်ပြောပါတယ်။
"ခြောက်ကပ်တာတော့ ပြောမနေနဲ့၊ အိမ်ကြီးကို ဟောင်းလောင်းကြီးကိုဖြစ်လို့။ လူငယ်တွေလည်း မရှိသလောက်ဖြစ်သွားတာပေါ့"
တကယ်တော့ ဒီလိုဖြစ်စဥ်တွေ၊ မြင်ကွင်းတွေဟာ ဗမာတိုင်းရင်းသားတွေအနေများတဲ့ ရန်ကုန်အပါအဝင်နေရာအများစုမှာ ခုမှ စတင်ပေါ်ပေါက်လာတာပါ။
တိုင်းရင်းသားဒေသတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အရင်တည်းက ရှိခဲ့တဲ့နေရာတွေမှာတော့ ရွာလုံးကျွတ် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေပဲ ကျန်တော့တာ၊ တခြားနိုင်ငံမှာ အလုပ်သွားလုပ်ပြီး မွေးလာတဲ့ကလေးကို ရွာကိုပြန်ထား၊ အရွယ်ရောက်ရင် ဘက်အသီးသီးက စစ်သားစုဆောင်းမှာစိုးလို့ ပြည်ပကို ပြန်ခေါ်တာတွေ ရှိနေခဲ့ပြီးသားပါ။
အရင်က တိုင်းရင်းသားဒေသတွေမှာပဲ တွေ့ရတဲ့ မြင်ကွင်းတွေဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ဗမာလူမျိုးစုလက်နက်ကိုင်တော်လှန်မှုတွေကြောင့် ရန်ကုန်လိုမြို့ကြီးပြကြီးတွေရဲ့ မြို့စွန်ရပ်ကွက်နဲ့ ကျေးလက်ဒေသတွေမှာ လူငယ်တွေ အတွေ့ရနည်းလာတာကို စတင်ကြုံနေရပါပြီ။
နိုင်ငံ့လုပ်သားအင်အားစုတွေဆုံးရှုံး

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့စစ်မှုထမ်းများဆုံစည်းရာ telegram
ဘီဘီစီက လက်လှမ်းမီသလောက် စစ်မှုထမ်းသက် အကျုံးဝင်တဲ့ လူငယ်အများစုကို ဘာကြောင့် စစ်မှုထမ်းတိမ်းရှောင်ဖို့ ကြိုးစားကြလဲဆိုတာကို လိုက်လံမေးမြန်းကြည့်ခဲ့ပါတယ်။
အများစုက အာဏာသိမ်းထားတဲ့ စစ်တပ်ဆီမှာစစ်မှုမထမ်းချင်တာ၊ ပြည်တွင်းစစ်အတွင်း မပါချင်တာ၊ စစ်မှုထမ်း ခေါ်ခံရရင် စစ်တပ်က ရှေ့တန်းပို့လို့ အသက်သေဆုံးတာတွေကြောင့် လို့ ပြောကြပါတယ်။
စစ်မှုထမ်းသက်အကျုံးဝင်တဲ့ လူငယ်တွေရဲ့ မိဘတွေကလည်း အာဏာသိမ်းလိုက်လို့ ပိုကျယ် ပြန့်လာတဲ့ ပြည်တွင်းစစ်အတွင်း သားသမီးတွေကို မထည့်နိုင်ဘူးလို့ ဆိုကြပါတယ်။
"ကျွန်တော်တို့ တောင်ရွာ၊ မြောက်ရွာ တခြားရွာပေါက်တဲ့ကလေးတွေ မဲနှိုက်ပြီး တက်သွားတဲ့ ကလေးမှန်သမျှလည်း အသက်ရှင်တယ်ဆိုတာတော့ တစ်ယောက်မှ မရှိသေးပါဘူး။ သေတာများနေတယ်''
''အဲဒါကြောင့်မို့ ကျွန်တော်လည်း သားသမီးတွေကို မထည့်နိုင်ပါဘူး။ လွတ်ရာ ကျွတ်ရာပို့တာပေါ့။ ရွာမှာကျတော့လည်း လာခေါ်မှာစိုးလို့လေ" လို့ ရန်ကုန်မြို့အနီးက ကျေးရွာတစ်ခုက သားသမီးလေးဦးရဲ့ ဖခင် ဦးမိုးကောင်း က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းလိုက်လို့ ပြည်တွင်းစစ်ဘောင်ပိုမိုကျယ်ပြန့်လာချိန်မှာ ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြား တိုင်းပြည်ကို စွန့်ခွာကုန်ကြရတာဟာ ရေရှည်မှာ တိုင်းပြည်အတွက် ထိခိုက်နစ်နာနိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြဝေဖန်နေကြပါတယ်။
"၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်တဲ့အခါ ၂၀၁၄ ခုနှစ်ကထက် လူဦးရေ လျော့နည်းသွားတယ်။ အခြား အကြောင်းတွေရှိပေမယ့် လူငယ်တွေ တိုင်းပြည်ထဲက အများကြီး ထွက်ခွာနေတာဟာ မကောင်းဘူး။ နိုင်ငံရဲ့ လူသားရင်းမြစ်တွေ၊ ဦးနှောက်တွေ အနာဂတ်တွေ ဆုံးရှုံးနေတာ ဖြစ်တယ်"လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျုက ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက ပြောပါတယ်။
လူမှုစီးပွား လေ့လာသုံးသပ်သူ ဦးခိုင်ဝင်းကလည်း အလုပ်လုပ်နိုင်တဲ့ လူငယ်ရင်းမြစ်တွေ စစ်မှု ထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရလို့ ရေရှည်မှာတိုင်းပြည်ဟာ အဆိုးဆုံး အခြေ အနေထိရောက်သွားနိုင်တယ်လို့ သူကပြောပါတယ်။
"သူတို့က ဆရာဝန်လည်းလိုတယ်၊ အင်ဂျင်နီယာလည်းလိုတယ်ဆိုတော့ သူတို့က ရှိသမျှ လူသားရင်းမြစ်အကုန်ကို သူတို့ရဲ့ စစ်ရေးအတွက်ပဲ၊ သူတို့မကျရှုံးအောင်ပဲ လုပ်နေတဲ့အခါကျတော့ အဲဒီဟာက (တိုင်းပြည်အပေါ်) အရမ်းရိုက်ခတ်တာပေါ့။ အရမ်းကို ကြီးမားတဲ့ ဆုံးရှုံးမှုပေါ့"
ငလျင်ကပ်ဘေးထဲ ဘူးလေးရာ ဖရုံဆင့်တဲ့ စစ်မှုထမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၅ မတ်လ ၂၈ ရက်မှာ စစ်ကိုင်းနဲ့ မန္တလေးအနီးကို ဗဟိုပြုပြီး လူပေါင်း ၃၇၀၀ ကျော်သေဆုံးကာ သောင်းချီတဲ့လူတွေကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ်။
စစ်တပ်ဟာ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ထိခိုက်ပျက်စီးမှုတွေရှိနေတဲ့ကြားထဲမှာပဲ စစ်မှုထမ်းခေါ် ဆောင် တာတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ငလျင်ဒဏ်သင့်ဒေသတွေက လူငယ်တွေကိုပါ ဆက်တိုက် ခေါ် ဆောင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ငလျင်ဒဏ် အပြင်းအထန်ခံစားခဲ့ရတဲ့ စစ်ကိုင်းမြို့၊ စစ်ကိုင်း-မန္တလေးတံတားပေါ်က စစ်တပ်စစ်ဆေးရေးဂိတ်က တပ်သားတွေဟာ စစ်မှုထမ်းသက်အကျုံးဝင် လူငယ်တွေကို အဓမ္မဖမ်းဆီးကာ စစ်မှုထမ်းသင်တန်းတွေဆီ ပို့ဆောင်တာတွေ ဆက်တိုက်လုပ်လာတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကာယကံရှင်မိသားစုတွေနဲ့ မျက်မြင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။
"ငလျင်လှုပ်ပြီးမှ ဖမ်းတာ။ သူတို့တစ်ခါတစ်ခါ (စစ်ကိုင်းတံတား စစ်ဆေးရေးဂိတ်မှာ) ဖမ်းရင် (လူငယ်) ၂၀/၃၀ ပါပါသွားတာပဲ" လို့ စစ်ကိုင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
သူ့မိသားစုဝင်လူငယ်နှစ်ဦးလည်း ငလျင်လှုပ်ပြီး တစ်လကျော်အကြာ မေလထဲမှာ စစ်ကိုင်းကနေ မန္တလေးမြို့ကို အသွား စစ်ကိုင်းတံတားပေါ်က စစ်တပ်စစ်ဆေးရေးဂိတ်ရဲ့ ဖမ်းဆီးခံရပြီး ရှမ်းပြည်နယ်က စစ်သင်တန်းကျောင်းတစ်ခုကို ပို့ခံလိုက်ရကြောင်း သူက ဘီဘီစီကို ပြောပါတယ်။
ဖမ်းခံလိုက်ရသူနှစ်ဦးမှာ တစ်ဦးက အသက် ၂၀ အရွယ်လူငယ်တစ်ဦးဖြစ်ပြီး အသက် ၆၀ အရွယ် မိခင်နဲ့ ဖခင်ကို လုပ်ကိုင်ကျွေးမွေးနေသူတစ်ဦးဖြစ်ပါတယ်။
နောက်တစ်ဦးကတော့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး စစ်မှုထမ်းသင်တန်းပါသွားတာကြောင့် ကိုယ်ဝန်ရင့်နေတဲ့ အမျိုးသမီးတစ်ဦးသာ ကျန်ခဲ့ပါတယ်။
ဒါ့အပြင် တချို့လည်း ငလျင်ဘေးက လွတ်မြောက်ခဲ့ပေမယ့် မိဘတွေ ဆုံးရှုံးသွားတာ၊ မိခင်ဖြစ်သူ ဆုံးရှုံးခဲ့သလို ဖခင်ဖြစ်သူကလည်း စစ်မှုထမ်းခေါ်ဆောင်ခံရလို့ ပါသွားတဲ့မိသားစုတွေလည်း ဒုနဲ့ဒေးပါ။
ပျဉ်းမနားမြို့နယ် ကျောက်ချပ်ရွာက ဘူးခွံ၊ ပလုံးခွံကောက်ပြီး လူမမယ် ကလေးငယ်သုံးယောက်ကို ရှာဖွေကျွေးမွေးနေတဲ့ မိခင်ဖြစ်သူဟာ ငလျင်ကြောင့် အုတ်တံတိုင်းပြိုတာပိပြီး သေဆုံးခဲ့သလို ဖခင်ဖြစ်သူကလည်း ငလျင်မလှုပ်ခင် လပိုင်းအတွင်းက စစ်မှုထမ်းခေါ်ဆောင်ခံခဲ့ရလို့ စစ်ထဲရောက်နေပါတယ်။
သူတို့မိသားစုမှာ အသက်အကြီးဆုံးက ၆ နှစ်၊ အလတ်က ၂ နှစ်ခွဲနဲ့ နို့မပြတ်သေးတဲ့ ကိုးလအရွယ် ကလေးငယ်သုံးဦးသာ ကျန်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အဖွားဖြစ်သူ ဒေါ်ဝင်းကြည်က စောင့်ရှောက်နေရပါတယ်။
"မအေကလည်း ဆုံးပါးသွားတာလေ၊ ငလျင်ဒဏ်ကြောင့်။ ကလေးလေးတွေရဲ့ ဖအေကလည်း စစ်မှုထမ်းထဲကို ပါသွားတာ။ တန်ခူးလမှ သုံးလပြည့်မှာ။ အဲဒီတော့ ဒီကလေးလေးတွေကို အဖွားပဲ ထိန်းသိမ်းစောင့်ရှောက်နေရတာပေါ့"
ကျန်ခဲ့တဲ့ ကလေးငယ်တွေဟာ ဖခင်ဖြစ်သူလည်း စစ်ထဲပါ၊ မိခင်ဖြစ်သူလည်း ဆုံးပါးသွားတာကြောင့် စိတ်ဒဏ်ရာရနေပြီး မိဘတွေကိုသာ တမေးတည်း မေးနေတယ်လို့ ဒေါ်ဝင်းကြည်က ပြောရင်းငိုပါတယ်။
ခြောက်ကပ်သွားတဲ့ မိသားစု ထမင်းဝိုင်းတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘဝနောင်ရေး စိတ်အေးရအောင် စုဆောင်းထားတဲ့ ငွေကြေးနဲ့ ဥစ္စာပစ္စည်းတွေကို ကိုယ့်သားသမီးတွေ ပြည်တွင်းစစ်ဘေးက ဝေးရာရောက်အောင် ပို့ဖို့ သုံးစွဲရတာနဲ့တင် ကုန်သွားတဲ့ သက်ကြီးပိုင်းမိဘတွေရဲ့သောကတွေကိုလည်း တွေ့ရပါတယ်။
စိတ်ကျန်းမာရေးနှစ်သိမ့်ဆွေးနွေးပညာပေးလုပ်နေတဲ့ ဝန်ဆောင်မှု အနည်းဆုံး ၃ ခုထက်မနည်းကို ဘီဘီစီက မေးကြည့်တဲ့အခါမှာ စစ်မှုထမ်းသက်နဲ့အကျုံးဝင်တဲ့ သားသမီးရှိသူတွေ ၂၀၂၄ ခုနှစ်လယ်ပိုင်းကစလို့ ကုသဆွေးနွေးမှုတွေလာယူကြတယ်လို့ ပြောပါတယ်။
လာရောက်ဆွေးနွေးကြသူအများစုဟာ လူလတ်တန်းစားသက်ကြီးပိုင်းတွေဖြစ်ပါတယ်။ သူတို့စုဆောင်းထားသမျှ ထုခွဲရောင်းချပြီး သားသမီးတွေကို ပြည်ပကို ပို့ရတာ၊ ဒါမှမဟုတ် ပြည်ပကို ထွက်နိုင်အောင် ပညာသင်စရိတ်အဖြစ် သုံးလိုက်ရတာတွေရှိပါတယ်။
အိုစာမင်းစာတွေကိုသုံးလိုက်ရတဲ့နောက် အိမ်ပိုင်မြေပိုင်တွေ ဆုံးရှုံးသွားလို့ စိတ်ဓာတ်ကျတာရော၊ သားသမီးနဲ့ သိုက်သိုက်ဝန်းဝန်းနေနေရာကနေ ရုတ်တရက် ခွဲခွာလိုက်ရတဲ့အခြေအနေကိုပါ လက်ခံနိုင်ဖို့ ခက်ခဲကြတယ်လို့ ပြောကြပါတယ်။
ဒီလို သက်ကြီးပိုင်းတွေသာမက ဆယ်ကျော်သက် သားအရွယ်ရှိတဲ့ သက်လတ်ပိုင်း မိဘတချို့လည်း လာရောက်တိုင်ပင်ဆွေးနွေးကြတယ်လို့ စိတ်ကျန်းမာရေးနှစ်သိမ့်ပေးသူတစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းခေါ်ခံရသူတွေရဲ့ မိဘတွေဟာ စိတ်ဖိစီးမှုနဲ့ စိတ်ကျမှုတွေ အဓိက ကြုံတွေ့ရတယ်လို့ ရန်ကုန်မြို့က စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦးက ပြောပါတယ်။
"ပါသွားတဲ့သူတွေရဲ့ မိဘတွေက စိုးရိမ်စိတ်၊ စိတ်ကျတဲ့ပုံစံတွေရှိတယ်။ ဆေးပေးရတာတွေလည်း ရှိတယ်။ သူတို့ အဓိက ကြုံတာက စိတ်ဖိစီးမှုနဲ့ သက်ဆိုင်တဲ့ စိတ်ရောဂါ။ တချို့တွေဆိုရင် ကိုယ့်သားသမီး (စစ်မှုထမ်း) ပါတော့မလားဆိုပြီး စိုးရိမ်စိတ်တွေများပြီး အိပ်မပျော်ဘူးဖြစ်ကြတယ်"
တချို့ဆို အိုစာမင်းစာစုဆောင်းထားတာတွေကို သားသမီးတွေ စစ်မှုထမ်းဆင့်ခေါ်ခံရတာမျိုးမရှိအောင် ဘယ်လိုခွဲဝေ သုံးစွဲရမလဲ ဆိုတာမျိုးအထိ အကြံဉာဏ်တောင်းတာမျိုးတွေလုပ်တယ်လို့ နှစ်သိမ့်ဆွေးနွေးပေးသူတစ်ဦးက ပြောပါတယ်။
"အားကိုးရာမဲ့သလိုဖြစ်တာပေါ့။ ကောက်ရိုးတစ်မျှင်လိုအတင်းဆွဲပြီး ကိုယ်ရေးကိုယ်တာငွေကြေးစီမံခန့်ခွဲမှုတွေကိုပါ counselling (နှစ်သိမ့်ဆွေးနွေးမှု) မှာ ဖွင့်ပြောလာကြတာ။"
ရန်ကုန်မြို့စွန်ကျေးရွာတစ်ရွာက အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကလည်း သူတို့ ရွာတွေဘက်က လူငယ်တွေကို အဓမ္မစစ်မှုထမ်းခေါ်ဆောင်တာတွေ၊ မဲနှိုက်ခိုင်းတာတွေ လုပ်လို့ သားသမီးတွေကို ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင် ခိုင်းထားရတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် မိသားစုလုပ်ငန်းခွင်မှာပါ လုပ်အားလျော့သွားသလို မိသားစု ထမင်းဝိုင်းတွေလည်း ခြောက်ကပ်သွားရပြီလို့ သူက ပြောပါတယ်။
"အဓိက ထမင်းဝိုင်းကိုပဲကြည့်၊ အရင်တုန်းက မိသားစုတွေ ထမင်းလက်ဆုံစားရတယ်။ မရှိတောင် ကန်စွန်းရွက်ကြော်ပဲစားရစားရ၊ မိသားစုတွေက ထမင်းဝိုင်းမှာ အကုန်အစုံရှိတယ်။ အခုကျတော့ သားသမီးတွေက စစ်မှုထမ်းသက် အကျုံးဝင်နေတော့ ရွာမပြန်ရဲ၊ အိမ်ပြန်မလာရဲနဲ့ မိဘတွေနဲ့ ကလေးငယ်ငယ်တွေပဲ ကျန်ခဲ့တယ်"
စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူ နေအိမ်မှာ မရှိတာ၊ ပြည်ပရောက်နေတာဆိုရင် ကျန်ခဲ့တဲ့ မိသားစုဝင်က သက်ဆိုင်ရာ မြို့နယ်စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့ဆီမှာ ဆင့်ခေါ်ခံရသူရဲ့ ကိုယ်စား စာရင်းပေးသွင်းရမှာဖြစ်ပြီး မလိုက်နာရင် ကျန်ခဲ့တဲ့ မိသားစုကိုပါ အရေးယူမယ်လို့ ဆိုထားပါတယ်။
အဲဒီဥပဒေအရ ဆင့်ခေါ်ခံရသူရဲ့ အထောက်အထား မတင်ပြနိုင်တဲ့ မိသားစုဝင်ဟာ သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးကို ကျခံရမှာပါ။
စစ်မှုထမ်းဆင့်ခေါ်ခံရမှာစိုးလို့ သားနှစ်ယောက်နဲ့ သမီးကို ထိုင်းနိုင်ငံပို့ထားတဲ့ ရန်ကုန်မြို့က မိခင်တစ်ဦးကတော့ သားသမီးတွေကို ဘယ်လိုအကြောင်းနဲ့မှ စစ်ထဲမထည့်နိုင်ဘူးလို့ ဆိုပါတယ်။
"သားသမီးမရလို့ မိဘဖမ်းလည်း မတတ်နိုင်ဘူး။ ဖမ်းရင်တော့ ငါတို့က လိုက်သွားရုံပဲ။ သူတို့ဘယ်လောက် ဖမ်းနိုင်မှာလဲ။ ငါ့သားသမီးတွေတော့ မထည့်နိုင်ဘူး။ ထည့်ပေးလိုက်ရင် သေလမ်း ပို့သလိုပဲလေ"
မုံရွာက သားသုံးယောက်မိခင် ဒေါ်ခင်ဝင်းကတော့ "သားကြီးက တပ်က သေတာဆိုတော့ (ကျန်တဲ့သားနှစ်ဦး) ကင်းလွတ်ခွင့် ရှိမယ်ထင်တယ်။ ကင်းလွတ်ခွင့် မရရင်လည်း ကျွန်မ ထောင်ထဲဝင်ရုံပေါ့" လို့ပြောပါတယ်။
လူလေးသန်းကျော် လျော့ကျသွားပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူတစ်ဦးဟာ အရွယ်ကောင်းမှာ တက္ကသိုလ်မတက်ရဘဲ တခြားတစ်ခု (စစ်မှုထမ်း) တာမျိုး လုပ်နေရရင် ဘောဂ ဗေဒသဘောမှာ Opportunity cost လို့ ခေါ် တဲ့ တစ်ခုအတွက် တစ်ခုကို ပေးဆပ်စွန့်လွှတ်လိုက်ရတဲ့သဘော လို့ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။
"နိုင်ငံတခုအနေနဲ့လည်း ကုန်ထုတ်လုပ်ရမယ့် အင်အားစုတွေကို တခြားနေရာ စစ်ပွဲတွေမှာ သုံးနေတဲ့အခါ အလားတူပဲ ဆုံးရှုံးနစ်နာစရာတွေ ရှိပါတယ်။ ကုန်ထုတ်လုပ်မှု၊ GDP ကစလို့ နိုင်ငံဖွံ့ဖြိုးမှု အဆုံးပေါ့။ ပဋိပက္ခကို လောင်စာဖြည့်နေသလို၊ စစ်ပွဲတွေကို ကြီးအောင်လုပ်သလို ဖြစ်နေလိမ့်မယ်"
စစ်တပ်ဟာ စစ်မှုထမ်းသက်အကျုံးဝင်တဲ့ လူငယ်တွေကို နိုင်ငံတကာလေဆိပ်တွေ၊ နယ်စပ်ထွက်ပေါက်တွေကနေပါ ပြည်ပထွက်ခွာခွင့်မရအောင် တင်းကျပ်ထားသလို ပြည်ပနိုင်ငံတွေမှာ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ခွင့်ကိုပါ တင်းကျပ်ထားပါတယ်။
စစ်မှုထမ်း ဥပဒေကြောင့် တိုင်းပြည်အပြင်ထွက်ပြေးတဲ့လူငယ်တွေနဲ့ စစ်ထဲဝင်ရတဲ့လူငယ်တွေ၊ စစ်ထဲ သေကြေပျက်စီးရတဲ့ အင်အားစုတွေကြောင့် တိုင်းပြည်မှာ အလုပ်လုပ်နိုင်စွမ်း မရှိတော့တဲ့ သက်ကြီးရွယ်အိုတွေအများစုဖြစ်လာနိုင် တယ်လို့ လူမှုစီးပွားလေ့လာသုံးသပ်သူ စီးပွားရေးပညာရှရှင် ဦးခိုင်ဝင်းက ပြောပါတယ်။
"အခုက အရမ်းငယ်တဲ့ကလေးနဲ့ သက်ကြီးရွယ်အိုပဲ ကျန်ခဲ့မယ်။ လူလတ်ပိုင်းထိ မရှိတော့ဘူး။ (အသက်) ၄၀ လောက်တောင် မနေရဲတော့ဘူး။ (အဓမ္မ စစ်မှုထမ်း) ဆွဲခေါ်မှာတို့ကြောက်တယ်။ အဲဒီလိုပုံစံဖြစ်နေတာပေါ့။ အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်းတွေ။ နောက်အင်ဂျင်နီယာတို့ ဆရာဝန်တို့ပါ ထွက်သွားတယ်ဆိုတော့ အဲဒါက(တိုင်းပြည်အပေါ်) ကြီးမားတဲ့ ရိုက်ခတ်မှုပဲ"
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ပဲရှိတော့တယ်လို့ ၂၀၂၅ ဇန်နဝါရီ ၁၇ ရက်က ပြောခဲ့ပါတယ်။
အာဏာသိမ်းပြီး တစ်နှစ်ကျော် ၂၀၂၂ ခုနှစ်အထိ နိုင်ငံ့လူဦးရေဟာ ၅၅ ဒဿမ ၈ သန်းရှိတယ်လို့ လူဝင်မှု ကြီးကြပ်ရေးက ထုတ်ထားခဲ့ပါတယ်။ ဒါကြောင့် နှစ်နှစ်အတွင်း လူလေးသန်းဝန်းကျင် လျော့ကျသွားတာပါ။
မြန်မာမှာ မွေးဖွားနှုန်းကျပြီး သေဆုံးသူများသလို ပြည်ပနိုင်ငံတွေကို ထွက်ခွာ သူများလို့ လူဦးရေ ကျဆင်းသွားတာလို့ စစ်ခေါင်းဆောင်က ပြောထားပါတယ်။
အိမ်နီးချင်း တိုင်းပြည်တွေအပြိုင်အဆိုင် တိုးတက်နေချိန် မြန်မာမှာတော့ စစ်မှုထမ်းဥပဒေကြောင့် အလုပ်လုပ်နိုင်စွမ်းရှိတဲ့ လူငယ်တွေ၊ ပညာတက်တွေ အကုန်တိုင်းပြည်ကိုစွန့်ပြီး ထွက်ပြေး နေရတာကြောင့် စစ်တပ်ဟာ တိုင်းပြည်ကို ဖျက်ဆီးလိုက်တာလို့ ဦးခိုင်ဝင်းကပြောပါတယ်။
"ဒီတခါပိုဆိုးတာက (ပြည်ပနိုင်ငံတွေကို) ကိုယ့်ဟာကိုယ်သွားချင်လို့သွားကြတာမဟုတ်ဘူးလေ။ ထွက်ပြေးရတော့ မလွယ်ဘူး။ အလုပ်လုပ်ဖို့ကလည်းမလွယ်ဘူးလေ။ ပညာတတ်တဲ့ ကလေးဆို ပိုဆိုး သွားနိုင်တယ်။ သူတို့ရှိရမယ့် သူတို့စကေးတွေ၊ ပညာတွေပိုတတ်လာရမယ့်ဟာ အလကား ဆုံးရှုံး သွားနိုင်တယ်လေ။ စိတ်ဓာတ်ကျတာတွေ၊ စိတ်ပူပင်ရတာတွေများလာမယ်။ တကယ်တမ်း တွေးကြည့် ရင်တော့ တစ်ပြည်လုံးကို ဖျက်လိုက်တာ၊ ဆွဲချလိုက်တာပါပဲ"
မြန်မာမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးကျပ်တည်းမှုနဲ့ မလုံခြုံမှုတွေကြောင့် အခွင့်အရေးသာရရင် နိုင်ငံကနေ စွန့်ခွာလိုတဲ့ လူငယ်တွေ အများအပြားရှိနေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် UNDP က ဩဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
'ရွှေ့ပြောင်းနေသော မျိုးဆက်တစ်ခု-မြန်မာနိုင်ငံရှိ လူငယ်တွေရဲ့ ရွှေ့ပြောင်းမှုနဲ့ အမြင်များ' လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာကို UNDP က ၂၀၂၄ ခုနစ်အတွင်း လူငယ် ၇ ထောင်ကျော်ကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲက ၄၀ ရာခိုင်နှုန်းက နိုင်ငံထဲမှာ ဆက်မနေလိုကြဘူးလို့ဖော်ပြထားပြီး လူငယ် ၁၀ ဦးမှာ ၄ ဦးက နိုင်ငံထဲက ထွက်ခွာချင်နေတယ်လို့ ပါရှိပါတယ်။
လူငယ်တွေ နိုင်ငံထဲက ထွက်ခွာလိုတဲ့အကြောင်းရင်းတွေထဲမှာ အဓိကအားဖြင့် လူမှုစီးပွားဘဝ မသေချာတာ၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့်လို့ အစီရင်ခံစာက ဆိုထားပါတယ်။











