သရီးဒီပရင်တာထုတ်သေနတ်နဲ့ ပြောစမှတ်ဖြစ်တဲ့ မြန်မာ့ပြည်တွင်းစစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images/BBC
နိုင်ငံတကာလက်နက်ကျွမ်းကျင်သူတွေကြားမှာ FGC-9 သရီးဒီ ပရင်တာထုတ်သေနတ်အကြောင်းပြောကြရင် မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ချိတ်ဆက်ပြောကြပါတယ်။
အမေရိကန်နဲ့ ဥရောပမှာ ရာဇဝတ်မှုတွေနဲ့ဆက်စပ်ပြီး တစ်ဦးချင်းသုံးကြပေမဲ့ မြန်မာမှာတော့ စစ်တပ်တစ်ခုကို အံတုပြီး တပ်ဖွဲ့လိုက်ထုတ်လုပ်အသုံးပြုနေလို့ဖြစ်ပါတယ်။
တစ္ဆေသေနတ်၊ ကိုယ်ပျောက်သေနတ် "ghost guns" တွေ ဆိုပြီး တင်စားခေါ်ဝေါ်ကြတဲ့ သရီးဒီပရင်တာထုတ် သေနတ်တွေအကြောင်း ကမ္ဘာမှာကျယ်ကျယ်ပြန့်ပြန့် ပိုပြောလာကြပေမဲ့ မြန်မာ့ပြည်တွင်းစစ်မှာတော့ ဒီလက်နက်တွေရဲ့ အခန်းကဏ္ဍက တဆစ်ချိုးတောင်ပြောင်းနေပါပြီ။
၂၀၂၀ ကမှ ထုတ်တဲ့ FGC-9 ကို ၂၀၂၂ ခုနှစ်ကတည်းက မြန်မာ့ပြည်တွင်းစစ်မှာ သုံးနေလို့ဖြစ်ပါတယ်။
မြန်မာနဲ့ သရီးဒီပရင်တာထုတ် FGC-9

ဓာတ်ပုံ ရင်းမြစ်, CJ
ပထမဆုံး သရီးဒီပရင်တာ သေနတ်ကို၂၀၁၃ ခုနှစ်တုန်းက အမေရိကန် တက္ကဆက်ပြည်နယ်က အသက် ၂၅ နှစ် အရွယ် ကော့ဒီ ဝီလ်ဆင် ဆိုသူက စထုတ်ခဲ့ပြီး The Liberator လို့ သိကြပါတယ်။
ဒါပေမဲ့ ဂျာမန်-ကဒ် လူမျိုး သေနတ်ဒီဇိုင်နာ ယာကော့က FGC-9 ကို ထုတ်လိုက်တဲ့ အချိန်မှာတော့ သေနတ်တစ်လက်ကို စက်ရုံထုတ်အစိတ်အပိုင်းတွေ ဘာတစ်ခုမှ မလိုအပ်ဘဲ အိမ်ဆောက်ပစ္စည်းတွေနဲ့တင် ထုတ်လို့ရပါသွားပါတယ်။
FGC-9 ဆိုတာ F က ဆဲဆိုတဲ့ စကားလုံး F**K ရဲ့ အတိုကောက်၊ G ကတော့ သေနတ် Gun ဖြစ်ပြီး၊ C ကတော့ Control ဖြစ်ပါတယ်။ 9 ကတော့ အသုံးပြုတဲ့ 9mm ကျည်ကို ရည်ညွှန်းတာပါ။
သေနတ်ထိန်းချုပ်မှုကို ဆန့်ကျင်တဲ့ အတွေးအမြင်ကို အခြေခံတဲ့ ဒီနည်းပညာဟာ လက်နက်ဝယ်ယူဖို့ခက်ခဲခဲ့တဲ့ မြန်မာ့တော်လှန်ရေးတပ်တွေအတွက် အရေးပါခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"အဓိက ဒီလက်နက်ကို ကိုင်ကြတာက လက်နက်ရဖို့ခက်ခဲတဲ့ စစ်ကိုင်းလိုမျိုး အညာဒေသတွေမှာ ဖြစ်ပါတယ်" လို့ စစ်လက်နက်တွေအကြောင်း Tactical Raptor နာမည်နဲ့ လေ့လာရေးသားနေသူက ပြောပါတယ်။
စစ်ကိုင်းတိုင်းက တော်လှန်ရေးတပ်ဖွဲ့ဦးဆောင်သူတချို့နဲ့ ဘီဘီစီက စကားပြောကြည့်ရာမှာလည်း ၂၀၂၂ ခုနှစ် ဝန်းကျင်မှာ သရီးဒီပရင်တာထုတ်သေနတ်တွေကို အသုံးပြုခဲ့ကြတာလို့ ဆိုပါတယ်။
အထူးသဖြင့် FGC-9 အမျိုးအစားကို ထုတ်လုပ်အသုံးပြုခဲ့ကြတာပါ။
"သူ့ကိုကိုင်ခဲ့ချိန်တုန်းက သူက ဆရာတစ်ဆူပဲ။ ၂၀၂၂ နဲ့ ၂၀၂၃ ကာလမှာ ဒေသခံကာကွယ်ရေးတပ်တွေမှာက လက်လုပ်သေနတ်ပဲ ရှိခဲ့ကြတာကိုး" လို့ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ် ဦးဆောင်သူတစ်ဦးက ပြောပြပါတယ်။
သရီးဒီထုတ် FGC-9 သေနတ်ကိုသုံးပြီး စစ်ကောင်စီတပ်စခန်းတချို့ကို တိုက်ခိုက်ခဲ့ကြတာကြောင့် နိုင်ငံတကာလက်နက်ကျွမ်းကျင်သူတွေကြားမှာ ဆွေးနွေးစရာဖြစ်ခဲ့ပါတယ်။
စနစ်တကျလေ့ကျင့်သင်ကြားထားတဲ့ စစ်တပ်တစ်ခုကို သရီးဒီပရင့်တာထုတ်သေနတ်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာဟာ ကမ္ဘာမှာမရှိသလောက်ရှားပြီး အများစုက မြို့ပြရာဇဝတ်မှုတွေကျူးလွန်ရာမှာသာ တွေ့ရှိခဲ့ရတာကြောင့်ပါ။
မြန်မာပြီးရင် ယူကရိန်းက ရုရှားနဲ့ စစ်ပွဲမှာ သရီးဒီနည်းပညာသုံးပြီး စစ်လက်နက်တွေထုတ်လုပ်တာက ကျော်ကြားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီ
မြန်မာမှာအသုံးပြုမှုကို ပြန်ကြည့်မယ်ဆိုရင်တော့ နိုင်ငံတောင်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ မှာ လေ့ကျင့်သင်ယူခဲ့တဲ့ နွေဦးတော်လှန်ရေး တပ်တွေမှာ စတင်အသုံးပြုလာပြီးနောက်မှ အလယ်ပိုင်းဒေသ တွေဆီ နည်းပညာလက်ဆင့်ကမ်း အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံကိုသရီးဒီ ပရင့်တာနဲ့ သေနတ်အစိတ်အပိုင်းတွေထုတ်ပြီး တပ်ဆင်တဲ့နည်းပညာဘယ်လိုရောက်လာလဲဆိုတာကိုတော့ ခြေရာကောက်လို့မရနိုင်ခဲ့ပါဘူး။
"မြန်မာမှာ သရီးဒီသေနတ်တွေက ၂၀၂၁ ခုနှစ်မတိုင်ခင်ကတည်းက ရှမ်းပြည်ဘက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ ဆေးအဖွဲ့တစ်ခုမှာ သက်စောင့်လက်နက်အဖြစ် အသုံးပြုတာရှိခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နီးစပ်တဲ့သူတစ်ဦးက ပြောပြဖူးပါတယ်"
"သက်သေအထောက်အထား၊ မှတ်တမ်းဓာတ်ပုံမျိုးတော့ မရှိဘူး" လို့ စစ်လက်နက်တွေအကြောင်း ရေးသားနေတဲ့ Tactical Raptor က ပြောပါတယ်။
Free Burma Rangers (FBR) အဖွဲ့ခေါင်းဆောင် ဒေးဗစ်အွန်ဘက် ကလည်း PDF နဲ့ ကရင်နီတပ်တွေမှာ သရီးဒီသေနတ်တွေသုံးကြောင်း အတည်ပြုပါတယ်။
"အကုန်လုံးက သူတို့ဘာသာ သူတို့ထုတ်လုပ်အသုံးပြုခဲ့ကြတာပါ" လို့ သူက ပြောပါတယ်။
FBR အဖွဲ့ဟာ မြန်မာနိုင်ငံအပြင် အီရတ်၊ ကာဒစ်စတန်နဲ့ ဆူဒန်နိုင်ငံတွေမှာလည်း စစ်ပွဲတွေဖြစ်ပွားရာ ဒေသတွေက အရပ်သားတွေအပေါ် လူသားချင်း စာနာမှုအထောက်အပံ့တွေပေးတာ၊ မိမိကိုယ်ကို ကာကွယ်နိုင်မယ့် သင်တန်းတွေပေးတာတွေကို လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
ကရင်နီတပ်မတော် (KA) က တာဝန်ရှိသူတစ်ဦးကတော့ သရီးဒီပရင်တာထုတ်သေနတ်တွေကို အသုံးပြုမှုနည်းသွားပြီလို့ ပြောပါတယ်။
ဘာကြောင့် သရီးဒီပရင်တာထုတ်သေနတ်တွေ မြန်မာမှာ မှေးမှိန်လာတာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာမှာလည်း သရီးဒီနည်းပညာအကြောင်းလူပိုစိတ်ဝင်စားလာကြပြီး ၂၀၂၅ ခုနှစ်အတွင်း လူမှုကွန်ရက် စာမျက်နှာပေါ်မှာပါ သရီးဒီသေနတ်တွေအကြောင်း တွင်တွင်ကျယ်ကျယ်ပြောလာပါတယ်။
မြန်မာမှာတော့ သရီးဒီပရင်တာထုတ်သေနတ်တွေရဲ့ တည်ရှိမှုက ဆန့်ကျင်ဘက်အနေအထားဖြစ်လာပါတယ်။
စစ်အာဏာသိမ်းတာ လေးနှစ်ကျော်အကြာ ၂၀၂၅ ခုနှစ် မှာတော့ သရီးဒီပရင်တာထုတ်သေနတ်တွေကို အသုံးပြုမှုသိသိသာသာလျော့ကျသွားပြီလို့ ကရင်၊ ကရင်နီ နဲ့ စစ်ကိုင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်သာမက သရီးဒီနည်းပညာအသုံးပြုသူတချို့ကပါ ဘီဘီစီကို ပြောပါတယ်။
တိုက်ပွဲပုံစံပြောင်းလဲလာတာနဲ့ ထုတ်လုပ်ရေးကုန်ကြမ်းလိုအပ်ချက်များလာတာက သရီးဒီပရင်တာထုတ် သေနတ်အသုံးပြုမှုကို လျော့ကျစေခဲ့ပါတယ်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ မြန်မာပြည်တွင်းမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးလှိုင်း လိုတိုက်ပွဲကြီးတွေ များလာတာက အဓိကကျပါတယ်။
စစ်ကောင်စီတပ်အခိုင်အမာအခြေချထားတဲ့ တပ်ရင်းတွေသာမက မြို့သိမ်းတိုက်ပွဲအထိပါ ဆင်နွှဲလာရချိန်မှာ အိမ်သုံးပစ္စည်းတွေနဲ့အခြေခံထုတ်လုပ်တဲ့ FGC-9 ရဲ့ ကဏ္ဍက သဘာဝကျစွာပဲ မှေးမှိန်လာပါတယ်။
မြန်မာမှာအသုံးများခဲ့တဲ့ သရီးဒီပရင်တာထုတ် FGC-9 ဟာ မောင်းပြန်ရိုင်ဖယ်သေနတ်တွေနဲ့ နှိုင်းယှဉ်မယ် ဆိုရင် အကွာအဝေးထိရောက်မှု၊ တိကျမှု၊ ကြံ့ခိုင်မှုနဲ့ ယုံကြည်စိတ်ချရမှုတွေမှာ အားနည်းပါတယ်။
ပြောင်းအရှည် ၆ လက်မကနေ ၁၀ လက်မလောက်သာရှိတဲ့ FGC-9 ကို အသုံးပြုပစ်ခတ်ရင် မီတာ ၁၀၀ ကနေ ၁၅၀ ပတ်ချာလည် အကွာအဝေးအတွင်းသာ ထိရောက်မှုရှိတာကြောင့် အနီးကပ်တိုက်ခိုက်မှုတွေမှာသာ ပိုအသုံးဝင်ပါတယ်။
ဒါကြောင့် မြေပြင်တိုက်ပွဲကြီးတွေမှာ သရီးဒီသေနတ်တွေကိုအသုံးမပြုဘဲ ရပ်ရွာလုံခြုံရေးအတွက် ဆောင်ရွက်နေသူတွေမှာသာ ဒီသေနတ်တွေကို ဆက်အသုံးပြုနေတယ်လို့ သိရပါတယ်။
"တိုက်ပွဲမှာ အချက်ရေများများပစ်ပြီဆိုရင် jump ဖြစ်တာ၊ အရမ်းပူလာရင် ပြောင်းတွေပြုတ်ထွက်တာတို့ ဖြစ်တာက ပြဿနာဖြစ်တာပါပဲ" လို့ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ် ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
ဒါဟာ သီရီးဒီပရင်တာနည်းပညာအသုံးပြုထုတ်လုပ်ရာမှာလိုအပ်တဲ့ ကုန်ကြမ်းအရည်အသွေးကွာခြားတာကြောင့်လို့ ဘီဘီစီစကားပြောခွင့်ရသူတွေက ထောက်ပြကြပါတယ်။
"၂၀၂၄ ခုနှစ်မှာဆိုရင် မြန်မာရဲ့ သရီးဒီသေနတ်နဲ့ပတ်သက်လို့ ဘာသတင်းမှကိုမကြားခဲ့ရဘူး။ အသံတိတ်သွားတယ်" လို့ သရီးဒီနည်းပညာအကြောင်း လေ့လာနေတဲ့ မစ္စတာ မာနျူရယ် နီကိုလာ ပရီမစ်တဗီ (Manuel Nicola Primitivi) က ဘီဘီစီကို ပြောပါတယ်။
မစ္စတာ မာနျူရယ်ဟာ ပဋိပက္ခနဲ့ စစ်ပွဲဆိုင်ရာ စာတမ်းတွေကိုရေးသားဖော်ပြတဲ့ The Jametown Foundation မှာ မြန်မာနိုင်ငံရဲ့ သရီးဒီထုတ် သေနတ်တွေအကြောင်းရေးသားခဲ့သူပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
FGC-9 သေနတ်ထုတ်လုပ်မယ်ဆိုရင် သရီးဒီပရင်တာနဲ့ သူ့နဲ့တွဲဖက်သုံးမယ့် ကော်ချည်မျှင် (3D printing filament တွေ လိုပါတယ်။ သေနတ်ပြောင်းကိုတော့ electrochemical machining နည်းပညာနဲ့ ထုတ်လုပ်နိုင်ပါတယ်။
ဒီနေရာမှာ အရည်အသွေးကောင်းတဲ့ ကော်တွေမရနိုင်တာက ထုတ်လုပ်ရေးအတွက် အဓိက စိန်ခေါ်မှု ဖြစ်ပါတယ်။
သရီးဒီပရင်တာထုတ်သေနတ်အသုံးများခဲ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းကို ကုန်ကြမ်းပစ္စည်း ရောက်ရှိဖို့ အတွက်ဆိုရင် သယ်ယူရေးလမ်းကြောင်းတလျှောက်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုတွေကလည်း အခက်အခဲဖြစ်စေခဲ့ပါတယ်။
ဘီဘီစီမေးမြန်းကြည့်ချက်အရ ကော်အပြင် သတ္တုအမျိုးအစားတချို့သုံးကာ သရီးဒီနည်းပညာနဲ့ ထုတ်လုပ်မှု တချို့ရှိတယ်လို့သိရပေမဲ့ အသုံးပြုတဲ့ သတ္တုအကြောင်း အသေးစိတ်မသိရပါဘူး။
အခုလို ထုတ်လုပ်ရေးနဲ့ လက်တွေ့အသုံးပြုချိန် အခက်အခဲတွေကြောင့် မြန်မာနိုင်ငံက စစ်ရေးတင်းမာတဲ့ နေရာအများစုမှာ သရီးဒီသေနတ်တွေအသုံးပြုမှု နည်းလာတဲ့အခြေအနေပါ။
ဒါပေမဲ့ အလုံးစုံအသုံးမပြုတာမျိုးမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ နည်းပညာအဖွဲ့တွေကတော့ သရီးဒီသေနတ်တွေဆက်ထုတ်နေဆဲလို့ စုံစမ်းသိရှိရပါတယ်။
ဒါကြောင့် ဘီဘီစီက ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။
"ဒါပေမဲ့ ၂၀၂၅ ခုနှစ်ထဲမှာတော့ အမျိုးသမီးဖိုက်တာတစ်ဦးရဲ့ လက်ထဲမှာ ပြုပြင်မွမ်းမံထားတဲ့ FGC-9 သေနတ် ကိုင်ထားတဲ့ ဓာတ်ပုံတစ်ပုံကို ပြန်တွေ့ခဲ့ရတယ်"
"ပြောင်းအရှည်ပုံစံ ဒီဇိုင်းအသစ်ပါ။ ပြုပြင်ပြောင်းလဲမှုတချို့ လုပ်ထားပုံရတယ်" လို့ မြန်မာရဲ့ သရီးဒီထုတ် သေနတ်တွေအကြောင်းလေ့လာသူ မစ္စတာ မာနျူရယ် နီကိုလာ ပရီမစ်တဗီ က ပြောပါတယ်။
FGC-9 ကိုပဲ လိုအပ်ချက်တွေကို မွမ်းမံထားတဲ့ Mark 1, Mark 2 ဆိုတဲ့ အဆင့်မြှင့်အမျိုးအစားတွေရှိပြီး မြန်မာပြည်တွင်းမှာတော့ MK 2 ကို တွေ့ရလေ့ရှိတယ်လို့ Tactical Raptor ရဲ့ အချက်အလက်အရ သိရပါတယ်။
မြန်မာမှာ သရီးဒီသေနတ်တွေ ပြန်ခေါင်းထောင်လာနိုင်လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ရာနဲ့ချီတဲ့ ခုခံတော်လှန်ရေးအဖွဲ့တွေ ပေါ်ပေါက်လာတာနဲ့အတူ လက်နက်ဝယ်လိုအားများလာပြီး စျေးလည်း အဆမတန်မြင့်တက်နေပါတယ်။
ဈေးနှုန်းဟာ နယ်မြေအပေါ်မူတည်ကာအပြောင်းအလဲရှိပြီး နယ်စပ်မှာအရောင်းအဝယ်ဖြစ်လာတဲ့ လက်နက်စျေးက အလယ်ပိုင်း အညာရောက်ရင် ဆတိုးခုန်တက်ပါတယ်။
ရိုင်ဖယ်တစ်လက် မြန်မာငွေ သိန်း ၂၀၀ ပေါက်ဈေးရှိပါတယ်။
ပျမ်းမျှထုတ်လုပ်စရိတ် သိန်းဆယ်ဂဏန်းဝန်းကျင်သာကုန်ကြတဲ့ သရီးဒီသေနတ်တွေဟာ မှောင်ခိုဈေးကွက် က မောင်းပြန်သေနတ်တွေထက် ၁၀ ဆ နီးပါးဈေးနှုန်းချိုသာပါတယ်။
"ငွေကြေးအခက်အခဲရှိတဲ့ အဖွဲ့တွေအတွက် FGC-9 က မျက်စိကျချင်စရာပါ" လို့ စစ်လက်နက်တွေ အကြောင်း ရေးသားနေတဲ့ Tactical Raptor က ပြောပါတယ်။
ကုန်ကြမ်းပစ္စည်းတွေ ဝယ်လို့ရပြီး တိုက်ပွဲဝင်နိုင်လို့ရတဲ့အထိ အဆင့်မြှင့်နိုင်မယ်ဆိုရင် သရီးဒီပရင်တာထုတ် သေနတ်တွေကို ပြန်လည်အသုံးပြုလို့ရနိုင်တယ်လို့ ယူဆသူတချို့လည်း ရှိနေပါတယ်။


စစ်မြေပြင်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး သေနတ်အများအပြားသိမ်းဆည်းရမိလေ့ရှိတဲ့ တော်လှန်ရေးတပ်တွေမှာတော့ သေနတ်ထက် လက်နက်ခဲယမ်းလိုအပ်ချက် ပိုမြင့်နေပါတယ်။
"လက်နက်က ရန်သူဆီကအများကြီးရပြီး ရှိသင့်သလောက်လည်းရှိထားတော့ ထုတ်လုပ်ဖို့လိုအပ်တာက လက်နက်ခဲယမ်းပါပဲ" လို့ ကရင်နီတပ်မတော် (KA) က တာဝန်ရှိသူတစ်ဦးကတော့ ပြောပါတယ်။
နည်းပညာအသုံးပြုမှုအားကောင်းတဲ့ မြန်မာ့တော်လှန်ရေးတပ်တွေကတော့ သရီးဒီနည်းပညာကိုသုံးပြီး RPG၊ ဗုံးသီး နဲ့ ဒရုန်းဒလက်တွေကို ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။
တစ္ဆေသေနတ်၊ ကိုယ်ပျောက်သေနတ် "ghost guns" တွေ ဆိုပြီး တင်စားခေါ်ဝေါ်ကြတဲ့ သရီးဒီ ပရင်တာထုတ်သေနတ်တွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲသတိပြုစရာ အချက်လည်း ရှိနေပါတယ်။
ဆီရီရယ်နံပါတ်မပါဝင်လို့ ဘယ်လိုမှ နောက်ယောင်ခံ မလိုက်နိုင်တဲ့ သရီးဒီသေနတ်တွေဟာ မြန်မာမှာ ထုတ်လုပ်နိုင်နေပြီဖြစ်တာကြောင့် ရာဇဝတ်မှုတွေမှာ အသုံးမပြုစေဖို့အတွက် သတိထားဖို့ လိုအပ်တာပါ။
"တော်လှန်ရေး အဖွဲ့တွေအနေနဲ့ သူတို့ရဲ့ သရီးဒီပရင်တာထုတ်သေနတ်တွေကို သေချာ စာရင်းပြုစုပြီး ထိန်းသိမ်းဖို့လိုပါတယ်" လို့ Tactical Raptor က သတိပေးပါတယ်။
FGC-9 အခန်းကဏ္ဍက မြန်မာမှာမှေးမှိန်သွားပေမဲ့ လက်နက်စက်ရုံတွေပိုင်ထားတဲ့ မြန်မာစစ်တပ်ကို ပရင်တာထုတ်သေနတ်တွေနဲ့ တော်လှန်ခဲ့တာက နိုင်ငံတကာလက်နက်ကျွမ်းကျင်သူတွေကြားမှာ ပြောစမှတ်ဖြစ်နေဆဲပါ။












