ယူကရိန်းမှာ ဘယ်လက်နက်ပြတ်လပ်နေပြီး ဘယ်လိုအကူအညီရနေလဲ

Artillery in Ukraine ယူကရိန်းပိုင်ဆိုင်ထားတဲ့အမြောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ယူကရိန်းကို စစ်ဘက်ဆိုင်ရာအကူအညီ ဒေါ်လာ ၆၁ ဘီလျံပေးဖို့ သဘောတူညီချက်မရနိုင်တာ လပေါင်းများစွာ ကြန့်ကြာပြီးတဲ့နောက်မှာ အမေရိကန်အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်ကပါ ထောက်ခံမဲနဲ့အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

ဒီအကူအညီဟာ ရုရှားတပ်ဖွဲ့တွေ စစ်မြေပြင်မှာ အသာစီးရနေတာတွေ ရပ်တန့်အောင်လုပ်ဖို့ ယူကရိန်းလိုအပ်နေတဲ့ ဒုံးကျည်နဲ့ လက်နက်ကြီးကျည်တွေ ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။

ယူကရိန်းအတွက် ဘယ်လိုစစ်ရေးအကူအညီတွေပေးထားလဲ

အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာအကူအညီပေးမယ့်အစီအစဉ်ကို အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်ပြီဖြစ်တာကြောင့် အခုတော့ သမ္မတဂျိုးဘိုင်ဒန်လက်မှတ်ထိုးပြီး အတည်ပြုဖို့ပဲ လိုပါတော့တယ်။

အဲဒီအစီအစဉ်ထဲမှာ ယူကရိန်းကို ဒုံးကျည်နဲ့ လက်နက်ခဲယမ်း ပြန်လည်ထောက်ပံ့ပေးဖို့ အမေရိကန်‌ ဒေါ်လာ ၈ ဘီလျံ (ပေါင် ၆.၅ ဘီလျံ)ပါဝင်မှာပါ။

ယူကရိန်းက သူတို့ငွေကြေးအထောက်အပံ့လိုနေတာ “မနေ့ကတည်းကဖြစ်တယ်၊ မနက်ဖြန်မဟုတ်ဘူး၊ ဒီနေ့လည်းမဟုတ်ဘူး” လို့ ပြောထားသလို အမေရိကန်အကူအညီသာမရှိရင် ရှုံးသွားနိုင်တယ်လို့လည်း ပြောပါတယ်။

အမေရိကန်က ယူကရိန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ အမေရိကန်ဒေါ်လာ ၄၅.၆ ဘီလျံပေးခဲ့တယ်လို့ ဂျာမန်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ခီးလ်အဖွဲ့ ကဆိုပါတယ်။

ဂျာမန်က အမေရိကန်ဒေါ်လာ ၁၉.၁ ဘီလျံ၊ ယူကေက အမေရိကန်ဒေါ်လာ ၉.၈ ဘီ လျံ၊ ဒိန်းမတ်က အမေရိကန်ဒေါ်လာ ၉.၁ ဘီဘီလျံနဲ့ ဥရောပသမဂ္ဂက အမေရိကန်ဒေါ်လာ ၆.၁ ဘီလျံပေးခဲ့ပါတယ်။

ယူကရန်းကို စစ်ဘက်အကူအညီအများဆုံးပေးထားတဲ့နိုင်ငံတွေ

ယူကရိန်းမှာ ဘယ်လိုလက်နက်တွေပြတ်တောက်နေလဲ၊ ရိုက်ခတ်မှုက ဘာလဲ

ယူကရိန်းစစ်တပ်ဟာ လက်နက်ခဲယမ်းရော၊ စိတ်ဓာတ်ရေးရာပိုင်းမှာပါ ကျဆင်းနေတယ်လို့ သမ္မတဂျိုး ဘိုင်ဒန်အစိုးရက သတိပေးထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဓိကပြတ်လပ်နေတာက လေကြောင်းကာကွယ်ရေးဒုံးကျည်တွေဖြစ်ပါတယ်။

“ရုရှားက ခံစစ်တွေနဲ့အရပ်သားပစ်မှတ်တွေကို စိစိညက်ညက်ကြေအောင်ပစ်ရင်သုံးတဲ့ ဖျက်အားပြင်း Glide Bomb(လေယာဥ်ကပစ်ချပြီး ဆင်ဆာနဲ့ပစ်မှတ်ကို ထိမှန်အောင်ပစ်နိုင်သောဗုံး)တွေကို တန်ပြန်တိုက်နိုင်ဖို့ တာဝေးကြားဖြတ် တိုက်ခိုက်ရေးဒုံးတွေ လိုအပ်တယ်” လို့ လန်ဒန်ကင်းစ်ကောလိပ်က ‌ဒေါက်တာ မရီနာမီရွန်က ပြောပါတယ်။

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေဟာ တစ်နေ့ကို လက်နက်ကြီးကျည် နှစ်ထောင်သာပစ်ဖို့ ကန့်သတ်တဲ့အထိရှိလာတယ်လို့ ဗြိတိန်အခြေစိုက် စစ်ရေးနဲ့လုံခြုံရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ RUSI ကပြောပါတယ်။

တစ်ဖက်မှာတော့ ရုရှားက တစ်ရက်ကို လက်နက်ကြီးကျည် တစ်သောင်းလောက်အထိ ပစ်ခတ်ထားနိုင်တဲ့အခြေအနေလို့ RUSI အဖွဲ့က ဆိုပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ရုရှားက စစ်လက်နက်စက်ရုံတွေနဲ့ မြောက်ကိုရီးယားကနေ တစ်နှစ်ကို လက်နက်ကြီးကျည် ၃ သန်းနီးပါးကို ရနေတယ်လို့လည်း ပြောပါတယ်။

ယူကရိန်းဟာ စစ်လက်နက်ပစ္စည်းတွေမရှိတာကြောင့် ပြီးခဲ့တဲ့အောက်တိုဘာလကစလို့ နိုင်ငံရဲ့အရှေ့ပိုင်း နယ်နိမိတ် ၅၈၃ စတုရန်းကီလိုမီတာ (၂၂၅ စတုရန်းမိုင်)ကို ရုရှားတပ်ဖွဲ့တွေဆီ ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။

ဖေဖော်ဝါရီတုန်းက အာဗ်ဒိဗ်ကမြို့ကို လက်လွှတ်လိုက်ရတဲ့အကြောင်းရင်းထဲမှာ လေကြောင်းကာကွယ်ရေးနဲ့ လက်နက်ကြီးကျည်တွေမရှိတော့လို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ယူကရိန်းကို မတ်လအစပိုင်းမှာ ပို့ရမယ့် လက်နက်ကြီးကျည် တစ်သန်းကိုလည်း ဥရောပသမဂ္ဂ(EU) က ပို့ဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဒါပေမဲ့ မတ်လမှာတော့ ချက်သမ္မတနိုင်ငံက အီးယူပြင်ပကနေ ၁၅၅ မမ နဲ့ ၁၂၂ မမ ကျည်ပေါင်း ရှစ်သိန်း ဝယ်ယူဖို့ မြောက်အတ္တလန္တိတ်စာအချုပ်အဖွဲ့(နေတိုး)နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၈ နိုင်ငံ ကနေသဘောတူညီမှု ရခဲ့ပါတယ်။

အမေရိကန်က ယူကရိန်းကို စစ်လက်နက်ပြန်လည်ထောက်ပံ့လာရခြင်းက ယူကရိန်းအနေနဲ့ သူ့လက်ထဲမှာရှိနေတဲ့လက်နက်ကြီးတွေကို တဖန်ပိုသုံးလာနိုင်စေဖို့ အစဖြစ်စေတယ်လို့ ဆိုလိုရာရောက်တဲ့အကြောင်း ဖြစ်လာနိုင်ခြေရှိတဲ့အန္တရာယ်ချင့်တွက်မှုဆိုင်ရာထောက်လှမ်းရေးကုမ္ပဏီဖြစ်တဲ့ ဆစ်ဘလိုင်းက ဂျက်စတင်ခရန့်က ပြောပါတယ်။

“စစ်လက်နက်ပစ္စည်းအကူအညီတွေ ဘယ်တော့လာမယ်ဆိုတာ မသေချာသေးတော့ အခုထိ ယူကရိန်း တပ်ဖွဲ့တွေက လက်နက်ကြီးကျည်တွေကိုခြွေတာသုံးနေရဆဲပဲ” လို့ သူက ပြောပါတယ်။

အနောက်နိုင်ငံတွေက ယူကရိန်းကို ဘယ်လိုလက်နက်တွေထောက်ပံ့ထားပြီးပြီလဲ

သံချပ်ကာဖျက် စစ်လက်နက်တွေ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ရုရှားကျူးကျော်စစ်ကို တုံ့ပြန်တဲ့အနေနဲ့ အနောက်နိုင်ငံတွေဟာ ရုရှားသံချပ်ကာတပ်ဖွဲ့တွေကို ရင်ဆိုင်ဖို့ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေကို ကာကွယ်ရေးလက်နက်တွေ တပ်ဆင်ပေးခဲ့ပါတယ်။

အမေရိကန်နဲ့ ဗြိတိန်ကလည်း ဂျယ်ဗလင်းနဲ့ Nlaw တင့်ကာဖျက်ဒုံးကျည် ထောင်နဲ့ချီကို ပံ့ပိုးပေးခဲ့ပါတယ်။

ဒီဒုံးကျည်တွေဟာ ကိယက်ဗ်မြို့ကို ရုရှားတပ်တွေ ဆက်မတိုးနိုင်အောင်ကာကွယ်တဲ့နေရာမှာ အတော်လေးအရေးပါခဲ့တယ်လို့ မှတ်ယူခံခဲ့ရပါတယ်။

တင့်ကားဖျက် လက်နက် Nlaw ရဲ့စွမ်းဆောင်ရည်ပြဇယား

လေကြောင်းကာကွယ်ရေးစနစ်တွေ

ရုရှားရဲ့သာလွန်ကောင်းမွန်တဲ့ လေတပ်ကို ပြန်တိုက်နိုင်ဖို့နဲ့ ယူကရိန်းမြို့တွေ၊ အခြေခံအဆောက်အအုံ တွေတိုက်ခိုက်ခံရမှုကို ကာကွယ်နိုင်အောင် အနောက်နိုင်ငံတွေက ယူကရိန်းကို လေကြောင်းကာကွယ် ရေးစနစ် ပုံစံမျိုးစုံကို ပို့ပေးခဲ့ပါတယ်။

အဲဒီထဲမှာ ဗြိတိန်ရဲ့ တာတိုလေယာဉ်ပစ်ဒုံး စတားစထရိုက်လေယာဉ်ပစ်ဒုံးကနေ ပတ်ထရီရော့ ရော့ဒုံးပစ်ဒုံးစနစ်တွေအဆုံး လေကြောင်းကာကွယ်ရေးစနစ်တွေ ပေးခဲ့တာပါ။

Starstreak ဒုံးကျည်စွမ်းဆောင်ရည်ပြဇယား

ပတ်ထရီရော့ ဒုံးပစ်ဒုံးတွေကို အသုံးပြုနိုင်ဖို့ဆိုရင် ကုန်ကျစရိတ်များပါတယ်။ ဒုံးကျည်တစ်လုံးကို အမေရိကန်ဒေါ်လာ ၃ သန်းနီးပါးအထိ ကုန်ကျပါတယ်။

ပတ်ထရီရော့ဒုံးကျည်အလုပ်လုပ်ပုံပြဇယား

စစ်လက်နက်နဲ့ ဒုံးကျည်များ

လေကြောင်းကာကွယ်ရေးအတွက် အမေရိကန်နဲ့ နော်ဝေးနိုင်ငံတို့က NASAMS လို့ အတိုကောက်ခေါ်တဲ့ (နိုင်ငံအဆင့် နည်းပညာမြင့် မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်စနစ်)ကို ထောက်ပံ့ပေးခဲ့သလို ဂျာမနီကလည်း တိုက်လေယာဉ်အချင်းချင်းကြား ဖြတ်ပစ်ချနိုင်တဲ့ Iris-T လေကြောင်းကာစနစ်ကို ပေးခဲ့ပါတယ်။

ကိယက်ဗ်မြို့ကနေ ရုရှားဆုတ်ခွာပြီးတဲ့နောက် နိုင်ငံရဲ့အရှေ့ပိုင်းဟာ တိုက်ပွဲဗဟိုချက် ဖြစ်လာခဲ့ပါတယ်။ နှစ်ဖက်စလုံးကလည်း စစ်လက်နက်နဲ့ ဒုံးကျည်အမြောက်အများ အသုံးပြုခဲ့ကြပါတယ်။

M777 ဟောင်ဝစ်ဇာအမြောက်

သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေကလည်း ယူကရိန်းကို M 777အမြောက်တွေနဲ့ ကျည်တွေကို ပေးပို့ခဲ့ပါတယ်။

အမေရိကန်နဲ့ ဗြိတိန်ကလည်း ရွှေ့ပြောင်းရလွယ်တဲ့ HIMARS ဒုံးကျည်နဲ့ M270 MLRS အပါအဝင် တာဝေးပစ် ဒုံးစနစ်တွေကို ကူညီခဲ့ပါတယ်။

ဒါ့အပြင် ယူကရိန်းဟာ တာဝေးပစ်ဒုံးတွေဖြစ်တဲ့ ပြင်သစ်ရဲ့ SCALP၊ ယူကေရဲ့ Storm Shadow နဲ့အမေရိကန်ရဲ့ ATACMS တို့လည်း ရခဲ့တာပါ။

အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့လက်နက်တွေနဲ့ ရုရှားသုံးနေတဲ့လက်နက်တွေကြားက တာသွားမှုပြဇယား

ခံစစ်အနေအထားနဲ့ရုရှားကို တပ်ဖွဲ့စည်းပုံပျက်အောင် တိုက်ဖို့ ယူကရိန်းကို ကလက်စတာဗုံးတွေ ထောက်ပံ့ထားတယ်လို့ အမေရိကန်က ၂၀၂၃ ခုနှစ်၊ ဂျူလိုင်တုန်းက ပြောပါတယ်။

အမြောက်ဆံအနေနဲ့ သုံးတဲ့ဒီဗုံးတွေဟာ ဗုံးငယ်တွေအဖြစ် ပျံ့ကြဲ‌ပေါက်ကွဲအားအတော်ပြင်းပါတယ်။ အရပ်သားတွေကို ထိခိုက်နိုင်တဲ့အတွက် နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဒီဗုံးအသုံးပြုခွင့်ကို ပိတ်ပင်ထားပါတယ်။

သံချပ်ကာကားတွေ

၂၀၂၃ ခုနှစ်အစမှာ ယူကရိန်းကို သံချပ်ကာကားတွေပို့ဖို့ အနောက်နိုင်ငံတွေက သဘောတူညီခဲ့ကြပါတယ်။

ဒါတွေသုံးပြီး ယူကရိန်းက ရုရားခံစစ်တွေကို ချိုးဖြတ်ပြီး ဝင်တိုက်နိုင်ဖို့ မျှော်လင့်ခဲ့ကြတာပါ။

ဗြိတိန်က Challenger 2 သံချပ်ကာကား ပေးခဲ့ပါတယ်။

Challanger 2 တင့်ကားစွမ်းဆောင်ရည်ပြပုံ

အမေရိကန်က 31 Abrams တင့်ကားနဲ့ ဥရောပနိုင်ငံတွေကတော့ ဂျာမနီထုတ် Leopards 2 တင့်ကားတွေ ပို့ပေးခဲ့ပါတယ်။

လဲပတ်တူး တင့်ကား စွမ်းဆောင်ရည်ပြပုံ

အမေရိကန်ထုတ် M1 Abrams သံချပ်ကာကားဟာ ကမ္ဘာမှာအဆင့်အမြင့်ဆုံးလို့ သတ်မှတ်ခံထားရတာပါ။

M1 Abrams တင့်ကားစွမ်းဆောင်နိုင်မှုပြဇယား

ဒါပေမဲ့ ဒီနည်းပညာမြင့်သံချပ်ကာကားတွေကလည်း ယူကရိန်းတန်ပြန်ထိုးစစ်မှာ အနိုင်ရအောင် စွမ်းဆောင်မပေးနိုင်ခဲ့ပါဘူး။

ဒရုန်းတွေ

ရုရှား-ယူကရိန်းစစ်ပွဲကာလတစ်လျှောက်လုံးမှာ ဒရုန်းတွေကို ကင်းထောက်ဖို့၊ ပစ်မှတ်ရှာဖို့နဲ့ ဒုံးတွေပစ်ချဖို့နေရာမှာလည်းသုံးသလို ကာမီကာဇေ စစ်လက်နက်အဖြစ်လည်း ကျယ်ကျယ်ပြန့်ပြန့်ကို သုံးခဲ့ပါတယ်။

ကင်းလှည့်တာနဲ့ တိုက်ခိုက်ရေးမှာနာမည်ကြီးတဲ့ တူရကီရဲ့ Bayraktar TB2 ဒရုန်းတွေကို တိုက်ပွဲအစမှာ ထောက်ပံ့ပေးခဲ့ပါတယ်။ အမေရိကန်ကလည်း Switchblade ကာမီကာဇေဒရုန်းတွေ ထုတ်ပေးခဲ့သလို နိုင်ငံအတော်များများကလည်း တရုတ်နိုင်ငံထုတ် ကင်းလှည့်ဒရုန်းတွေဖြစ်တဲ့ DJI Mavic 3 လို ဒရုန်းတွေကို ပေးခဲ့ပါတယ်။

IDJ Mevic ဒရုန်းစွမ်းဆောင်ရည်ပြပုံ

စုံစမ်းထောက်လှမ်းတာနဲ့ ပစ်မှတ်ရှာရာမှာ သုံးဖို့ ယူကရိန်းကို မြင်ကွင်းထောက်လှမ်းဒရုန်း ထောင်နဲ့ချီကူပေးဖို့ နိုင်ငံတွေစုစည်းထားတဲ့မဟာမိတ်အဖွဲ့ကို ဝင်ရောက်ဖို့ အစီအစဉ်ရှိတယ်လို့ ဗြိတိန်အစိုးရက ဖေဖော်ဝါရီတုန်းက ပြောခဲ့ပါတယ်။

တိုက်လေယာဥ်တွေ

F16 တိုက်လေယာဥ်စွမ်းဆောင်ရည်ပြပုံ

လေတပ်စွမ်းဆောင်ရည်သာလွန်နေတဲ့ ရုရှားရဲ့လေတပ်ကို တိုက်နိုင်ဖို့ အမေရိကန်ကို ယူကရိန်းက တိုက်လေယာဉ်တွေ ကူညီပေးဖို့ မပြတ်တောင်းဆိုနေခဲ့တာပါ။

၂၀၂၃ ခုနှစ်၊ မေလမှာ သမ္မတဂျိုးဘိုင်ဒန်က တခြားနိုင်ငံတွေကို အမေရိကန်ထုတ် F-16တိုက်လေယာဉ်တွေ ထောက်ပံ့ခွင့်ပေးခဲ့ပါတယ်။

ယူကရိန်းလေယာဉ်မှူးတွေက အနောက်နိုင်ငံ ၁၁ နိုင်ငံမှာ ဒီလေယာဉ်ပျံသန်းနည်းကို လေ့လာခဲ့ကြပြီး ဒိန်းမတ်နဲ့ နယ်သာလန်နိုင်ငံတို့ကလည်း F-16 လေယာဉ်တွေ လှူဖို့ရှိနေပါတယ်။