ယူကရိန်း စစ်ပွဲ - 'ဒါအစပဲ ရှိသေးတယ်၊ နောက်ထပ်လာဦးမယ်'

လက်နက်ကြီးနဲ့ အပြင်းအထန် အပစ်ခံနေရတဲ့ ဘက်ဟု မြို့

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, လက်နက်ကြီးနဲ့ အပြင်းအထန် အပစ်ခံနေရတဲ့ ဘက်ဟု မြို့
    • ရေးသားသူ, ဂျယ်ရမီ ဘိုဝင်
    • ရာထူးတာဝန်, ဘီဘီစီသတင်း၊ ဒန်နီပရို

ယူကရိန်းစစ်တပ်ဟာ ရုရှားကျူးကျော်စစ် စခဲ့တဲ့ နောက်ပိုင်း မကြာသေးခင်က စလို့ ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ယူကရိန်းက ဒွန်ဘတ်စ် ဒေသရဲ့ မြောက်ဖျားပိုင်းမှာရှိတဲ့ လူဟန့်စ်ခ်မှာ အခြေမလှ ဖြစ်နေပါတယ်။

အဲဒီဒေသမှာ ရုရှားဟာ တပ်တွေစုပြီး နောက်တကျော့ စစ်ထိုးဖို့ ပြင်နေတယ်လို့ ယူကရိန်း စစ်ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ရုရှားဟာ ဒွန်ဘတ်စ် ရှေ့တန်း တနံတလျားမှာ ထိုးစစ်အရှိန်မြှင့်လာခဲ့ပါတယ်။ အဲဒီမှာ ရှိတဲ့ တချိန်က လူဦးရေ ၈၀,၀၀၀ ရှိတဲ့ ဆက်ဗရာဒိုနက်စ်မြို့ကို ပတ်လည် ဝိုင်းနိုင်ဖို့ တဖြည်းဖြည်းနဲ့ နီးစပ်လာနေပြီဖြစ်ပါတယ်။

ယူကရိန်းဘက်ကတော့ ထုံးစံအတိုင်း ကြံ့ကြံ့ခံခုခံနေကြဆဲ ဖြစ်ပါတယ်။ တပ်ကူတွေလည်း ထပ်ပြီး လွှတ်နေပါတယ်။

ပြီးခဲ့တဲ့ မိနစ်ပိုင်းတွေ အတွင်းမှာပဲ ရှေ့တန်းဆီကို ဦးတည်သွားနေတဲ့ တင့်ကားတွေ၊ ဒုံးကျည်ပစ် စင်တွေကို တင်လာတဲ့ သယ်ပို့ယာဥ်တွေ နဲ့ အတူ သံချပ်ကာ ကား ၂၀ လောက်ပေါ်မှာ စစ်သည်တွေအများအပြား လိုက်ပါသွားတာကို တွေ့ခဲ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒွန်ဘတ်စ်မှာ ယူကရိန်းတပ်ဖွဲ့တွေကြောင့် ရုရှား ထိုးစစ်အရှိန်ကျခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ဒွန်ဘတ်စ်မှာ ယူကရိန်းတပ်ဖွဲ့တွေကြောင့် ရုရှား ထိုးစစ်အရှိန်ကျခဲ့

ယူကရိန်း တပ်ဖွဲ့တွေက ရုရှားထိုးစစ်အရှိန်ကို ကျအောင်ခုခံနိုင်ကြပေမယ့် တစစနဲ့ ရှေ့တိုးလာနေတဲ့ ရုရှားတပ်တွေကို ရပ်တန့်သွားအောင်အထိတော့ မလုပ်နိုင်ကြသေးပါဘူး။

ရုရှားရဲ့ ထိုးစစ်ကြောင့် အကျအဆုံးလည်း များပါတယ်။ တပ်မ ၅၇ ဆီက စစ်ရေးသတင်းရင်းမြစ်ရဲ့ အဆိုရ လူ ၂၄၀ ပါတဲ့ တပ်ဖွဲ့ ဟာ ရှေ့တန်းက ပြန်လာတဲ့အခါမှာ ၁၄၀ လောက်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ ၁၀၀ လောက်က ကျဆုံး၊ ဒဏ်ရာရနဲ့ သုံ့ပန်းဖြစ်သွားခဲ့ရပါတယ်။

ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးကလည်း ဒွန်ဘတ်စ်မှာ ရုရှားကြောင့် ယူကရိန်းစစ်သည်ပေါင်း တနေ့ကို ၁၀၀ ဝန်းကျင်အထိ ကျဆုံးနေရတယ်လို့ ပြောပါတယ်။

ဆက်ဗရာဒိုနက်စ်နဲ့ သိပ်မဝေးတဲ့ ဘက်ဟုမြို့ဆိုရင်လည်း စစ်ရဲ့ တစစနဲ့ ဝါးမြိုခံခြင်းကို ခံနေရပြီ ဖြစ်ပါတယ်။ လောလောဆယ်မှာ ရုရှားတပ်တွေက မြို့နဲ့ ၃ မိုင်အကွာလောက်မှာ ရှိနေပြီဖြစ်ပေမယ့် နောက်တပတ်လောက်ဆို အခုထိ ပိုနီးလာနိုင်ပါတယ်။

ပြေးစရာမြေရှိတဲ့ အရပ်သူ အရပ်သားတွေကတော့ မြို့က ခွာသွားခဲ့ကြပါပြီ။ ပြီးခဲ့တဲ့ မတ်လက အောင်ပွဲခံခဲ့ကြတဲ့ ကိယဗ်မြို့မှာ နဲ့ အခု အပျက်အစီးတွေကြားက ဒွန်ဘတ်စ်ရဲ့ အခြေအနေတွေကတော့ တော်တော် ကွာခြားနေပါတယ်။

ဘက်ဟုဆိုရင် လက်နက်ကြီးဒဏ်ကို တော်တော် ခံနေရတာပါ။ ပျက်စီးနေတဲ့ သူ့အိမ်ရှေ့မှာ ရပ်နေတဲ့ အသက် ၄၀ ကျော် မစ်ထရီ မှာ အနိုင်မခံမှု၊ စိုးရိမ်မှုနဲ့ မချင့်မရဲ ဖြစ်မှုတွေကို မြင်နေရပါတယ်။ သူတို့မြို့ ဘာတွေ ဆက်ကြုံလာရမလဲ ဆိုတာ ခန့်မှန်းလို့ မရနိုင်ပါဘူး။

သူဟာ နော်စထြာဒါးမတ်စ် မဟုတ်ဘူး၊ ပူတင်ဘာလို့ တိုက်သလဲ၊ အားလုံးက နိုင်ငံရေးတွေပါလို့ မစ်ထရီက ပြောပါတယ်။

မစ်ထရီက သမ္မတ ဇလန်းစကီး ရှေ့က တာဝန်ထမ်းဆောင်ခဲ့တဲ့ ပက်ထရို ပိုရိုရှန်ကိုသာဆိုရင် ခုလောက်ဆို အပစ်ရပ်နေသဘောတူညီမှု ရပြီးလောက်ပြီလို့ ဆိုပါတယ်။

အရင်ကမှ ငြိမ်းချမ်းရေးဆိုတာ မြင်ရသေးတယ်၊ ညှိနှိုင်းမှု ဆိုတာ ရှိသေးတယ်။ အခုက သာမန်လူတွေရော၊ စစ်သည်တွေရော သေဆုံးနေကြရတယ်။ ရှက်စရာ ကောင်းလှတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဒါတွေဟာ သမ္မတ ဇလန်းစကီးရဲ့ အပြစ်တွေ၊ အခွင့်အရေးကို အသုံးမချတတ်ခဲ့ဘူးလို့ ပြောပါတယ်။

ယူကရိန်း စစ်သည် နောက်ဆုံး တယောက်ကျန်တဲ့အထိ ခုခံနေဆဲ ဆက်ဗရာဒိုနက်စ် ကို ရုရှားတပ်တွေက ဝိုင်းဖို့ ကြိုးစားနေပြီး အရပ်ပြည်သူ ထောင်ပေါင်းများစွာရှိနေဆဲ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ယူကရိန်း စစ်သည် နောက်ဆုံး တယောက်ကျန်တဲ့အထိ ခုခံနေဆဲ ဆက်ဗရာဒိုနက်စ် ကို ရုရှားတပ်တွေက ဝိုင်းဖို့ ကြိုးစားနေပြီး အရပ်ပြည်သူ ထောင်ပေါင်းများစွာရှိနေဆဲ

မစ်ထရီကို တကယ်လို့သာ အပစ်ရပ် သဘောတူညီမှု ရဖို့ စစ်မစခင်က ရုရှားက ၃ ပုံ ၁ ပုံပဲ ထိန်းချုပ်နိုင်တဲ့ ဒွန်ဘတ်စ်တခုလုံးကို ထိန်းချုပ်ခွင့် ပေးရမယ်ဆိုရင် လက်ခံမလားလို့ မေးတဲ့ အခါမှာတော့ ပုခုံးကို တွန့်ပြီး စီးကရက်ကို ခပ်ကြမ်းကြမ်း ရှိုက်ဖွာနေပြီး သူမဖြေတတ်ပါဘူး။

သူ့အတွက် ဘာများပြောင်းလဲလာမှာ မို့လို့လဲလို့ ပြောပါတယ်။ ဆက်လက်ပြီး အဓိကက မသေဖို့အရေးကြီးတယ်၊ အခုက အစပဲ ရှိသေးတယ်၊ နောက်ထပ် အများကြီး လာဦးမှာ၊ မသေခဲ့ရင်တော့ အခြေအနေကြည့် လုပ်ရမှာပဲလို့ ဆိုပါတယ်။

ဆက်ဗရာဒိုနက်စ်မြို့ထဲမှာတော့ အရပ်သူအရပ်သား ထောင်ပေါင်းများစွာ ကျန်နေဆဲဖြစ်ပါတယ်။ တဖက်မှာလည်း ရုရှားတပ်တွေက မြို့ကို ဝိုင်းဖို့ ကြိုးစားနေကြပါတယ်။

ဒွန်ဘတ်စ် ဒေသ မြောက်ပိုင်းက လူဟန့်စ် အုပ်ချုပ်ရေး ဒေသထဲမှာ ရုရှားက ယူကရိန်းစစ်သား တယောက်သာ ကျန်တဲ့အထိ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

ရှေ့တန်းနဲ့ ခပ်လှမ်းလှမ်း လုံခြုံတယ်လို့ ဆိုနိုင်တဲ့ ပေါ်ရော့က ရထားဘူတာရုံမှာတော့ ဘီးတပ်ကုလားထိုင်နဲ့ အဖွားအို Lida ရောက်နေပါတယ်။ သူ့ကို ဆက်ဗရာဒိုနက်စ် မြို့ကနေ မကြာသေးခင်ကမှာ ကယ်ထုတ်လာခဲ့တာ ဖြစ်ပါတယ်။

သူနဲ့အတူ တခြား ဒဏ်ရာရသူနဲ့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ အရပ်သား ပြည်သူတွေလည်း ရှိနေပါတယ်။ သူတို့ကို ယူကရိန်း အနောက်ပိုင်းက စစ်ဘေးလွတ်တဲ့ ဒေသကို အထူးရထားနဲ့ ပို့ပေးဖို့ စီစဥ်ထားကြပါတယ်။ အဲဒီ အထူးရထားဆိုတာက MSF ခေါ် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ရထားတစင်းကို လူနာတင်နဲ့ အထူးကုသမှုပေးနိုင်တဲ့ ဆေးရုံ ရထား အဖြစ် အသွင်းပြောင်းထားတဲ့ ရထား ဖြစ်ပါတယ်။

စီးကရက်ကို ရှိုက်ဖွာနေတဲ့ အဖွား လီဒါဆီမှာ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်တွေကို တွေ့မြင်နေရပါတယ်။ သူနဲ့ အတူ တခြားအရပ်သားတွေကို ရုရှားလက်နက်ကြီး ဒဏ် အလူးအလဲ ခံနေရတဲ့ တနေရာကနေ ယူကရိန်းစစ်သားတွေက ကယ်ဆယ်လာကြတာ ဖြစ်ပါတယ်။

သူတို့က အကုန်ဗုံးကြဲပစ်တာ၊ လွတ်တယ်ဆိုတာ တော်တော်နည်းတယ်၊ မှန်တွေလည်း ကွဲ နေရာတိုင်း အပျက်အစီးတွေချည်းပဲ၊ သူကိုယ်တိုင်ကလည်း လမ်းမလျှောက်နိုင်တဲ့ လူဖြစ်တယ်လို့ အဖွား လီဒါက ပြောပါတယ်။

၉ ထပ်တိုက်ရဲ့ အပေါ်ပိုင်း အထပ်တွေဆို အကုန်ပျက်စီးသွားပြီ။ ပူတင်ဟာ လူလိမ်လူညစ် လူယုတ်မာ၊ အရင်က အားလုံး အေးအေးချမ်းချမ်းနဲ့ နေခဲ့ရတာ။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီး ယူကရိန်းနဲ့ ရုရှားဆို ခွဲလိုက်ကတည်းက ပြဿနာတွေ စခဲ့တာလို့ ဆိုပါတယ်။

ဘက်မုမြို့ ကနေ ထွက်ပြေးနေကြတဲ့ ယူကရိန်း ပြည်သူများ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ဘက်မုမြို့ ကနေ ထွက်ပြေးနေကြတဲ့ ယူကရိန်း ပြည်သူများ

တကယ်လို့ သမ္မတ ပူတင်ရဲ့ တပ်ဖွဲ့တွေက Severodonetsk ကို ဝိုင်းနိုင်ခဲ့ရင် နောက်ပစ်မှတ်တွေက ဒွန်ဘတ်စ်ရဲ့ Donetsk Oblast ဒေသထဲက အရေးပါတဲ့ Kramatorsk နဲ့ Slovyansk မြို့တွေ ဖြစ်လာနိုင်ပါတယ်။

ပြီးရင် ဒွန်ဘတ်စ် စစ်ပွဲကို အနိုင်ရခဲ့ပြီ ဆိုပြီး ကြေညာမယ့် သဘောရှိပါတယ်။

အဲဒီ မြို့တွေအနီးမှာလည်း မကြာသေးခင်က တူးထားကြတဲ့ ကတုတ်ကျင်းတွေကို တွေ့ခဲ့ရပါတယ်။ ယူကရိန်းတွေက ပြန်ခုခံဖို့ အတွက် ပြင်ဆင်နေကြပါပြီ။ တကယ်လို့ ဒီမြို့တွေ ကျခဲ့ရင် သမ္မတ ပူတင်က ကြီးမားတဲ့ အောင်ပွဲ အဖြစ် ကြေညာနိုင်မှာ ဖြစ်သလို ဒွန်ဘတ်စ်ရဲ့ တောင်ပိုင်းအပါအဝင် ယူကရိန်း ကမ်းရိုးတန်း အကုန်လောက်နီးနီးကို ရုရှားက ထိန်းချုပ်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမြို့တွေက ခံစစ်အတွက် အကြီးအကျယ် ပြင်ဆင်ထားကြတော့ လွယ်လွယ်နဲ့တော့ရမယ့်ပုံ မပေါ်ပါဘူး။

သမ္မတ ဇလန်းစကီးက သံရေး တမန်ရေးနဲ့သာ စစ်ကို အဆုံးသတ်နိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရုရှားဟာ ကျူးကျော်စစ် မစခင်က နေရာတွေဆီ ပြန်လှည့်သွားဖို့ လိုတယ်လို့ ပြောနေပါတယ်။

သူ့မဟာမိတ်တွေ ဖြစ်ကြတဲ့ အမေရိကန်နဲ့ ယူကေတို့ကလည်း သမ္မတ ပူတင်ရဲ့ ရုရှားကို ရာသက်ပန် ချည့်နဲ့သွားတာအောင် လုပ်ချင်နေကြပါတယ်။ သူတို့တွေက ဒီစစ်မှာ ရုရှား မနိုင်စေရဘူးလို့ ပြောထားကြပါတယ်။

ဝေဖန်သူတွေကတော့ ဒါဟာ ယူကရိန်းမှာ နောက်ဆုံး တယောက်ပဲ ကျန်တဲ့ အထိ ဆက်တိုက်ချင်နေကြတာလို့ ဆိုကြပါတယ်။

စစ်ပွဲတိုင်းမှာ အသက်သွေးတွေ ပေးဆပ်ကြရပါတယ်။ မိသားစုဝင်တွေကို ဆုံးရှုံးခဲ့ရတဲ့ ဘက်မုမြို့က မစ်ထရီလို သာမန် ယူကရိန်း ပြည်သူ ပြည်သားတွေက ဒီလို အသက်သွေးတွေ ပေးဆပ်နေရတာ တန်ရဲ့လား၊ တကယ်လို့ အသက်သွေးတွေအစား နယ်မြေတစိတ်တဒေသကို ပေးလိုက်ရင်ကော ပိုမကောင်းနိုင်ဘူးလားဆိုတဲ့ မေးခွန်းမျိုးတွေကို မေးလာကြနိုင်ပါတယ်။