မကွေး၊စလင်းနဲ့ ဆင်ဖြူကျွန်းကို NUG က ဘာကြောင့်ထိုးစစ်ဆင်လာတာလဲ

NUG ရဲ့ မကွေးစစ်ဆင်ရေး - စလင်းနဲ့ ဆင်ဖြူကျွန်းမှာ စစ်ရေးအရှိန်မြင့်လာ

မြို့သိမ်းတိုက်ပွဲတစ်ခုမှာတွေ့ရတဲ့ PDF တပ်သားတစ်ဦး ( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြို့သိမ်းတိုက်ပွဲတစ်ခုမှာတွေ့ရတဲ့ PDF တပ်သားတစ်ဦး ( ပုံဟောင်း)

စစ်တပ်ရဲ့ ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလိုကစလို့ နိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းထဲက စလင်း၊ ပွင့်ဖြူအပါအဝင် မြို့နယ် ၆ ခုကို NUG/MOD လက်အောက်၊မကွေးတိုင်းစစ်ဌာနက တိုက်ပွဲအရှိန်မြှင့်ပြီး စစ်ဆင်ရေးဖော်ဆောင်လာပါတယ်။

"နိုင်ငံရေးစစ်ရေး အချိန်ကိုက်လုပ်ဆောင်လာတာ"လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေး ဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က စစ်ဘက်ရေးရာ တာဝန်ခံ ကိုနောင်ရိုးက သုံးသပ်ပြောကြားပါတယ်။

တပြိုင်နက်စတဲ့ ထိုးစစ်အတွင်း စစ်တပ်ရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးဆိုင်ရာ အခြေခံအဆောက်အဦတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန(MOD) က ဆိုပါတယ်။

မကွေးတိုင်းထဲက စစ်တပ်ရဲ့ လေကြောင်းသုံး ဗုံးတွေထုတ်နေတဲ့ ကပစ ၂၁၊ ၂၂ နဲ့ လက်နက်ကြီးကျည်ထုတ်နေတဲ့ ကပစ ၂၄ တို့ကို လျှပ်စစ်မီးပေးနေတဲ့ ဓာတ်တိုင် ၁၀၀ ကျော်ကို မိုင်းခွဲခဲ့တယ်လို့လည်း NUG ကဆိုပါတယ်။

စစ်ဆင်ရေးထဲပါတဲ့ အဓိကမြို့ ဖြစ်တဲ့ စလင်းမြို့နယ်ထဲက ဆင်ဖြူကျွန်းမြို့မှာတော့ မြို့ပေါ်အထိတိုက်ပွဲပြင်းထန်ခဲ့ပြီး စလင်းနဲ့ ဆင်ဖြူကျွန်းမြို့တွေကို ဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့ NUG ပြောပါတယ်။

စလင်းနဲ့ ဆင်ဖြူကျွန်းကို ဘာကြောင့် ဦးတည်ထိုးစစ်ဆင်တာလဲ
ဒီဇင်ဘာလ ၂၅ရက်တုန်းက စလင်းမြို့ကနေ ဆင်ဖြူကျွန်းမြို့ကို ဦးတည်ထွက်ခွာလာတဲ့ အင်အား (၁၇၀) ခန့်ပါ စစ်ကူစစ်ကြောင်းကို NUG PDF တပ်ဖွဲ့ဝင်တွေ ဖြတ်တိုက်ခဲ့တဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, NUG MOD

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာလ ၂၅ ရက်တုန်းက စလင်းမြို့ကနေ ဆင်ဖြူကျွန်းမြို့ကို ဦးတည်ထွက်ခွာလာတဲ့ အင်အား ၁၇၀ ခန့်ပါ စစ်ကူစစ်ကြောင်းကို PDF တပ်ဖွဲ့ဝင်တွေ ဖြတ်တိုက်ခဲ့ပြီးတဲ့နောက်ပိုင်း အခြေအနေလို့ဆို

ဒီဇင်ဘာ ၂၃ ရက်မှာ မကွေးတိုင်းထဲက စလင်း၊ ပွင့်ဖြူအပါအဝင် မြို့နယ် ၆ ခုကို မကွေးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ တပြိုင်နက် စတင်ထိုးစစ်ဆင်ခဲ့တယ်လို့ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက်က ထုတ်ပြန်ပါတယ်။

စလင်းမြို့နယ်ဟာ ဇန်နဝါရီ ၁၁ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၂ ပြုလုပ်မယ့် မကွေးတိုင်းထဲက မြို့နယ်ထဲမှာ ပါဝင်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှာ ဆိပ်ဖြူ၊ စလင်း၊ ဂန့်ဂေါနဲ့ စေတုတ္ထရာအပါအဝင်မြို့နယ် ၁၁ ခုမှာ စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက် NUG/PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ် မတိုင်ခင်အထိ ဒီမြို့ပေါ်တွေမှာ ရွေးကောက်ပွဲ လုပ်နိုင်လိမ့်မယ်လို့ စစ်ကော်မရှင်ဘက်က တွက်ဆထားပုံရှိပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စလင်းမြို့နယ်မှာ အစိုးရရုံးတွေ အခြေစိုက်တဲ့ စလင်းမြို့နဲ ဆင်ဖြူကျွန်းမြို့တို့ရှိပါတယ်။

ဒါကြောင့်ပဲ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နယ်မြေတွေ ကြေညာတဲ့အထဲ အဲဒီ ၂ မြို့က မြို့ပေါ်ရပ်ကွက်တွေ ပါဝင်တာ မတွေ့ရပါဘူး။

စလင်းမြို့နယ်ထဲမှာ ကျေးရွာအုပ်စု ၉၉ စုရှိရာမှာ ၈၅ စုမှာ ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ ဒီဇင်ဘာ ၅ ရက်မှာ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာထားပါတယ်။

အခုတော့ မြို့နယ်တစ်ခုလုံးမှာ နှစ်မြို့သာရှိတဲ့အထဲက ဆင်ဖြူကျွန်းက စစ်ရေးကြောင့် ဇန်နဝါရီ ၁၁ ရက် ရွေးကောက်ပွဲ အပိုင်း ၂ မှာ မပါနိုင်တော့ဘူးလို့ မြို့ခံတချို့က ခန့်မှန်းပါတယ်။

"အခုအခြေအနေအတိုင်းဆိုရင်တော့ ဆင်ဖြူကျွန်းမှာတော့ ရွေးကောက်ပွဲ မသေချာတော့ဘူး။ မဲရုံ ပြင်နိုင်တာလည်းမရှိဘူး" လို့ မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်က စတင်တဲ့ PDF တွေရဲ့ ထိုးစစ်မှာ စစ်တပ်ဘက်က လေကြောင်း၊ လက်နက် ကြီးတွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲကြောင့် မြို့ခံ ၅ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

မြို့လူဦးရေရဲ့ ၃ ပုံ ၂ ပုံလောက်က စစ်ရှောင်ထွက်ခွာသွားကြပြီလို့ ဒေသခံတစ်ဦးက ဆိုပြီး လက်ရှိမှာတော့ နှစ်ဖက်တပ်တွေက လမ်းတွေကို ပိတ်ဆို့ထားတယ်လို့ပြောပါတယ်။

"အခုမှ မြို့က ထွက်မယ်ဆို ရေလမ်းနဲ့ ရွာကြိုရွာကြားကနေ ဆိုင်ကယ်တစ်စီးစာလောက်လမ်းကပဲ ထွက်လို့ရတော့မယ်။ မြို့ပုံမှန်အထွက်လမ်းက ထွက်မရတော့ဘူး" လို့ ဆင်ဖြူကျွန်း‌ ဒေသခံက ပြောပါတယ်။

ဆင်ဖြူကျွန်းမြို့က စစ်ရှောင်အများစုဟာ ရှေ့ရက်တွေကတည်းက မြစ်ကို စုန်ပြီး မကွေးဘက်ကို ဆင်းကာ ထွက်ခွာသွားကြတာ ဖြစ်ပါတယ်။

လက်ရှိအနေအထားမှာ တော်လှန်ရေးဘက်က ဆင်ဖြူကျွန်းမြို့ရဲ့နောက်ဘက်မှာရှိတဲ့ စလင်းချောင်း တစ်ဖက်ကမ်းမှာ ခြေကုပ်ယူထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်ကတော့ မြို့ပေါ်ရဲစခန်းကို ကုန်းလမ်းကနေ တပ်အင်အားနဲ့ လေကြောင်းကနေ ရိက္ခာ၊လက်နက်ခဲယမ်း ချပေးတာတွေရှိတယ်လို့ မြိုခံတချို့ကဆိုပါတယ်။

ဆင်ဖြူကျွန်းမြို့နယ်ထဲမှာ စစ်လက်နက်ထုတ်လုပ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေ မရှိပေမဲ့ ဆက်သွယ်ရေးအရ အရေးပါတဲ့လမ်းကြောင်းဖြစ်လို့ စစ်တပ်က အင်အားအများအပြားနဲ့ မြို့ကို ခုခံနေတာလို့ စစ်ရေးလေ့လာသူတွေက ပြောကြပါတယ်။

"နွယ်တမယ်ကနေ တညောင်ကြားမှာ တိုက်ပွဲတွေ အမြဲတမ်းဖြစ်လေ့ရှိတယ်။ အဲဒီလမ်းကြောင်းက ဟိုဘက်ဆက်သွားမယ်ဆို ဆိပ်ဖြူတပ်နယ်ရှိတယ်။ အဲဒီဆိပ်ဖြူတပ်နယ်နဲ့ စလင်းတပ်နယ်နဲ့ ဆက်သွယ်တဲ့ကြားထဲမှာရှိတဲ့ အရေးပါတဲ့လမ်းပေါ့''

''တိုက်ပွဲဖြစ်နေတဲ့ တ‌ညောင်ရဲ့ ဟိုဘက်မှာ ပုသိမ်-မုံရွာလမ်းရှိတယ်။ ပုသိမ်-မုံရွာလမ်းကနေ ကံပြားရဲ့၁ ၆ မိုင်လောက်မှာရှိတဲ့နေရာရှိတယ်။ ကံပြားကနေ ဆက်သွားရင် ကပစ စက်ရုံတွေရှိတယ်။ ကပစ စက်ရုံတွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ထားနိုင်တဲ့နေရာဖြစ်တဲ့အတွက် စစ်တပ်ကလည်း သူတို့ဆက်သွယ်ရေးလမ်းကြောင်း ပျက်မှာစိုးလို့ ကာတဲ့အနေအထား" လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြီးခဲ့တဲ့ရက်ပိုင်းက ဘီဘီစီကိုပြောထားပါတယ်။

စလင်း ပကဖ အဖွဲ့ဝင်တွေ(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, စလင်း ပကဖ

ဓာတ်ပုံ ပုံစာ, စလင်း ပကဖ အဖွဲ့ဝင်တွေ(ပုံဟောင်း)

ဆင်ဖြူကျွန်းနဲ့ ဆက်နေတဲ့ စလင်းမြို့နယ်ထဲမှာ ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ ၂၅၃၊ ၂၅၄ နဲ့ ၂၅၅ တို့ အခြေချထားတာ ဖြစ်ပါတယ်။

"ဒီတပ်ရင်းတွေက တပ်မ ၁၀၁ နဲ့အတူ စစ်ဆင်ရေးဝင်ရောက်နေတာဖြစ်လို့ နောက်ချန် အင်အားတွေပဲ ကျန်မယ်လို့ ပြောလို့ရတယ်။ စစ်တပ်ရဲ့ စစ်ကြောင်းကနေ စစ်ကူဝင်ရောက်တာ၊ ကပစနယ်မြေတွေ လုံခြုံရေးတိုးမြှင့်ဖို့နဲ့ ရွေးကောက်ပွဲ အတွက်နယ်မြေစိုးမိုးရေးဝင်ရောက်တဲ့ စစ်ကြောင်းတွေရှိနိုင်တယ်" လို့ MDSI ရဲ့ စစ်ဘက်ရေးရာသုတေသန တာဝန်ခံက ပြောပါတယ်။

စလင်းနဲ့ ဆင်ဖြူကျွန်းမြို့အပါအဝင် ဧရာဝတီမြစ်အနောက်ခြမ်း မကွေးတိုင်းအထက်ပိုင်းကို NUG ထိုးစစ်ဆင်တာနဲ့ ပတ်သက်လို့ MDSI ရဲ့ စစ်ဘေးရေးရာတာဝန်ခံ ကိုနောင်ရိုးက " စလင်း၊ ဆင်ဖြူကျွန်းက စစ်ရေဗျူဟာအရ အရမ်းအားကောင်းအချက်အချာ ကျတယ်လို့ မဆိုလိုနိုင်ပေမဲ့ စစ်တပ်ရဲ့အင်အားအခြေပြုအားနည်းတဲ့ဒေသကို အချိန်ကိုက်စစ်ရေး ဖော်ဆောင်တယ်လို့ ပြောလို့ရတယ်"

"စလင်းနဲ့ ဆင်ဖြူကျွန်းကို ဖိအားပေးတာက နယ်မြေလုံခြုံရေးနဲ့ ရွေးကေောက်ပွဲဆိုင်ရာကို တန်ပြန် လုပ်ဆောင်နိုင်တယ်" လို့ သုံးသပ်ပါတယ်။

MDSI ဟာ CDM စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ဘက် နဲ့ လုံခြုံရေးဆိုင်ရာ သုတေသနအခြေပြု အဖွဲ့တစ်ခုဖြစ်ပါတယ်။ စလင်းမြို့ပေါ်မှာတော့ ရွေးကောက်ပွဲလုပ်နိုင်တဲ့ အခြေအနေတွေ့ရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

"မဲရုံအတွက်ပြင်နေတာတော့ရှိတယ်။ မဲဆွယ်တာတော့ မလုပ်ရဲကြလောက်ဘူးထင်တယ်။ မဲထည့်မယ့် သူကတော့ အရင်လို အားတက်သရောမရှိလှပါဘူး"လို့ သူကပြောပါတယ်။

စလင်းမြို့ကနေ မြောက်ဘက် ဆင်ဖြူကျွန်းမြို့ဘက်ကို ထွက်တဲ့လမ်းကတော့ ပိတ်ထားတယ်လို့ သူက ပြောပါတယ်။

"လမ်းကြောကို ပိတ်တာတော့ စစ်တပ် တစ်ထပ် PDF တစ်ထပ်ပဲ။ သူတို့ ပိုင်ရာဆိုင်ရာနေရာအလိုက် ပိတ်ထားကြတာပေါ့" လို့ စလင်းမြို့ခံက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲဖြစ်နိုင်ခြေရှိတဲ့ စလင်းမြို့မှာ အမျိုးသမီးနဲ့ ကလေးတွေကို ဦးစားပေးရွှေ့ပြောင်းထားပြီး အမျိုးသားတွေက အိမ်စောင့် ကျန်ရစ်နေကြတဲ့အခြေအနေပါ။

"သူခိုးရန်ရှိတော့ နေလို့လုံးဝမရတော့ဘူးဆိုမှ ယောက်ျားသားတွေက ရွှေ့ကြမယ်။ မြို့ရဲ့ ၃ ပုံ ၁ ပုံ လောက်တော့ ရွှေ့သွားကြပြီ" လို့ ရွေးကောက်ပွဲလုပ်မယ့် စလင်းမြို့ပေါ်အခြေအနေကို ပြောပြပါတယ်။ မြို့ပေါ်မှာတော့ မဲရုံတွေပြင်ဆင်တာ တွေ့ရတယ်'' လို့ သူကဆိုပါတယ်။

စလင်း(ပကဖ) ကတော့ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့က စစ်တပ်စခန်းအားလုံးကို အပြီးသတ် သိမ်းပိုက်သွားမယ်လို့ ဒီဇင်ဘာ ၂၅ ရက်က ထုတ်ပြန်ထားပါတယ်။

စလင်း၊ ဆင်ဖြူကျွန်းကနေ မကွေးတိုင်း မြို့သိမ်းစစ်ဆင်ရေးလား

မကွေးဆီသို့ ကမ်ပိန်းက ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ကဗျာစာသားနဲ့ ဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, Forward Myanmar

ဓာတ်ပုံ ပုံစာ, မကွေးဆီသို့ ကမ်ပိန်းက ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ကဗျာစာသားနဲ့ ဝန်ကြီး

မကွေးတိုင်းရဲ့ ဧရာဝတီမြစ်အနောက်ခြမ်းဒေသတွေမှာ မြို့ပေါ်က လွဲရင် ရွာတွေဘက်ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က နယ်မြေစိုးမိုးမှု အများစုရထားတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ဆိုပါတယ်။

"စလင်းနဲ့ ဆင်ဖြူကျွန်း ကျော်ရင် မြစ်အရှေ့ဘက်ကို စိတ်ချလက်ချသွားလို့ရတယ်။ ချောက်၊ ရေနံချောင်း၊ မကွေးဘက်ပေါ့"လို့ မြေပြင်အခြေအနေသိရှိသူ တစ်ဦးက ပြောပါတယ်။

မကွေးတိုင်းထဲက ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်းနဲ့ ပွင့်ဖြူမြို့တို့ကို တပြိုင်နက်ထိုးစစ် ဆင်နေပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မင်းဘူးခရိုင် စစ်ဌာနတာဝန်ရှိသူက ဒီဇင်ဘာ ၂၅နဲ့ ၂၆ ရက်မှာ မီဒီယာတချို့ကို ဖြေထားပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က ထုတ်ပြန်တဲ့ NUG ထုတ်ပြန်ချက်မှာတော့ စလင်းမြို့နယ်၊ ပွင့်ဖြူမြို့နယ်အပါအဝင် မြို့နယ် ၆ မြို့နယ်ကို စစ်ရေးဖော်ဆောင်မယ်လို့ ဖော်ပြထားပေမဲ့ အသေးစိတ်ပြောထားတာမရှိပါဘူး။

ချောက်မြို့နယ် ပကဖကတော့ NUG မကွေး ထိုးစစ်စတယ်ဆိုတဲ့ ဒီဇင်ဘာ ၂၃ ရက်မှာ အမှတ် ၃ ပြည်ထောင်စု လမ်းပိုင်း တစ်နေရာမှာ စစ်တပ်ယာဥ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၈ ရက်က ထုတ်ပြန်ပါတယ်။

ဆိပ်ဖြူနဲ့ ပေါက်ဘက်က ကာကွယ်ရေးပစ္စည်းဆက်ရုံဘက်ကို လျှပ်စစ်မီးမရအောင် ဓာတ်တိုင်တွေ မိုင်းခွဲခဲ့တာကြောင့် NUG ရဲ့ စစ်ဆင်ရေးဟာ စလင်း၊ပွင့်ဖြူ၊ ချောက်၊ဆိပ်ဖြူနဲ့ပေါက်ဘက်ကို ဦးတည်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်းရှိပါတယ်။

မကွေးတိုင်းတစ်ခုလုံးအနေနဲ့ ခြုံကြည့်ရင် စစ်တပ်အတွက် စစ်ရေးအပြင်တခြားကဏ္ဍတွေ အတွက်ပါ အရေးပါပါတယ်။

မကွေးတိုင်းထဲမှာ ကာကွယ်ရေးပစ္စည်းစက်ရုံပေါင်း ၁၅ ရုံအထိရှိနေပြီး ဒါဟာ တစ်နိုင်ငံလုံးအတိုင်းအတာရဲ့ ထက်ဝက်ကျော် တည်ရှိနေတာဖြစ်ပါတယ်။

ဒါအပြင် ငွေစက္ကူထုတ်လုပ်တဲ့ ဝါဇီစက်ရုံနဲ့ ရေနံတွင်းတွေလည်းရှိတာပါ။ မကွေးတိုင်းထဲမှာ စစ်ဆင်ရေးစတင်ဖို့ NUG ဘက်က ၂၀၂၅ မေလကတည်းက ပြင်ဆင်ခဲ့တယ်လို့ နားလည်ရပါတယ်။

''မကွေးဆီသို့'' ဆိုတဲ့ ကမ်ပိန်းဟာ မကွေးတိုင်းထဲက စစ်ဆင်ရေးမှာပါဝင်မယ့် ရဲဘော်တွေအတွက် ကျည်ကာလိုအပ်ချက် ဖြည့်တင်းဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဇွန်လမှာ ပြီးဆုံးတဲ့ ဒီကမ်ပိန်းကရရှိတဲ့ အလှူငွေနဲ့ ကျည်ကာတွေကို နိုဝင်ဘာလထဲမှာ မကွေးက တပ်ရင်း တွေဆီဖြန့်ဝေပြီးဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

NUG ထောက်ပို့အဖွဲ့ဖြစ်တဲ့ Forward Myanmar ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားချက်အရ ကာကွယ် ရေးဝန်ကြီး ဦးရည်မွန်ထုတ်ပြောနေတဲ့ အထွေထွေထိုးစစ်အတွက် ပံ့ပိုးကူညီဖို့ ဒီကမ်ပိန်းလုပ်ခဲ့တာလို့ ဇွန်လထဲမှာ ရေးထားတာတွေ့ရပါတယ်။

အထွေထွေထိုးစစ်နဲ့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာမလားဆိုတာတော့ NUG ကာကွယ်ရေး ဝန်ကြီးဌာနကို ဘီဘီစီက မေးမြန်းထားဆဲဖြစ်ပါတယ်။

စစ်တပ်အတွက် အရေးကြီးတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တွေကို NUG/PDF ပူးပေါင်းအဖွဲ့တွေရဲ့ ထိုးစစ်က ခြိမ်းခြောက်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်လို့ MDSI က ကိုနောင်ရိုးက ပြောပါတယ်။

"ကပစတွေကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားကတော့ ခက်ဦးမယ်လို့ မြင်ပါတယ်။ NUG ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးဖြန့်ကျက်နိုင်မှုနဲ့ အရင်းအမြစ်ကို စောင့်ကြည့်ရဦးမယ်လို့ မြင်ပါတယ်"