ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ကော့မှူး ကခြောက်ကပ်ကပ် ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၀ ရွေးကောက်ပွဲနောက်က ရွေးကောက်ပွဲ ကာလတိုင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြေဖြစ်ခဲ့တဲ့ ရန်ကုန်၊ ကော့မှူးမြို့နယ်ရဲ့ မဲဆွယ်နဲ့ မဲပေးကာလမြင်ကွင်းတွေက အရင်ရွေးကောက်ပွဲတွေနဲ့ သိသိသာသာ ခြားနားခဲ့ပါတယ်။
ကော့မှူးမဲဆန္ဒနယ်က စစ်ကော်မရှင်ဦးဆောင်တဲ့ ၂၀၂၅ ရွေးကောက်ပွဲရဲ့ အပိုင်း ၂ မှာပါဝင်ပါတယ်။ ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက အကျဉ်းချထားတာ ဇန်နဝါရီ ၁၁ ရက်မှာ ၁,၈၀၆ ရက်ရှိပြီဖြစ်ပါတယ်။
ဒါတင်မက သူ့ရဲ့ ပါတီကိုလည်း မှတ်ပုံပြန်မတင်ခဲ့တာကြောင့်ဆိုပြီး စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ဖျက်သိမ်းခဲ့ပါတယ်။
ဒါကြောင့်လည်း အရင်ရွေးကောက်ပွဲကာလတွေကလို ဒေါ်အောင်ဆန်းစုကြည် ပုံတွေသုံးပြီး ပုံစံမျိုးစုံအလှဆင်ထားတဲ့ မဲဆွယ်ယာဥ်တွေ၊ မိသားစုလိုက်၊ အဖွဲ့လိုက် NLD ပါတီအင်္ကျီဆင်တူတွေဝတ်ဆင်ထားသူတွေကို တင်လာတဲ့ NLD ပါတီအောင်နိုင်ရေးသီချင်းသံတွေညံနေတဲ့ ထော်လာဂျီယာဥ်တွေနဲ့ တမြို့လုံးနီးပါးမှာ အနီရောင် NLD ပါတီအလံတွေ လွှမ်းနေတဲ့မြင်ကွင်းတွေကိုလည်း မမြင်ခဲ့ရပါဘူး။
ဒါတင်မက ဇန်နဝါရီ ၁၁ ရက် မဲပေးတဲ့ရက်မှာလည်း မဲပေးသူ အနည်းအကျဥ်းနဲ့ ခြောက်ခြောက်ကပ်ကပ် ပြီးစီးခဲ့တယ်လို့ ကော့မှူးမြို့ခံတချို့က ဘီဘီစီကို သဘောထားတူစွာ ပြောကြပါတယ်။
"အရင်တုန်းကဆိုရင် မဲဆွယ်ရက်တွေရော မဲပေးတဲ့ရက်တွေရောမှာ မဲပေးကြဖို့ကို ဆူညံပွက်လော ရိုက်နေတာ။ အခုတကြိမ် မဲပေးတာက အဲဒီလိုမဟုတ်ဘူး။ သူ့ ရွာနဲ့ သူ တိတ်ဆိတ်နေတာ" လို့ ကော့မှူးမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ရွာတစ်ရွာက ဒေသခံက ပြောပါတယ်။
ကော့မှူးမှာ ဘယ်သူတွေ ယှဉ်ပြိုင်ကြလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကော့မှူးမြို့နယ်ဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဘဝ စတင်ခဲ့တဲ့ မဲဆန္ဒနယ်ဖြစ်ပါတယ်။ ၂၀၁၂(ကြားဖြတ်)၊ ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ အလွန် စစ်တပ်က အာဏာသိမ်းခဲ့ပြီး အခု ကျင်းပလာတဲ့ ရွေးကောက်ပွဲမှာတော့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၊ ဒေါ် သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ နဲ့ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ ပါတီတွေ က ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဥ်ပြိုင်အရွေးခံခဲ့ကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကိုယ်စားလှယ်လောင်းတွေကတော့
- ပြည်သူ့ပါတီ - ဦးကျော်ကျော်ထွေး
- ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - ဦးဇေယျာထွန်း
- ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ - ဦးမြင့်သိန်း
- ပြည်သူ့ရှေ့ဆောင်ပါတီ - ဦးမြင့်အေး
- မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ - ဦးရဲနိုင်
- ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံဖြိုးရေးပါတီ - ဦးအောင်မျိုးသန်း
မြို့ပေါ် ရပ်ကွက်ပေါင်း ၇ ရပ်ကွက်ရှိပြီး မြို့နယ်အတွင်းမှာ ကျေးရွာအုပ်စု ၅၂ စုရှိပြီး ရွာပေါင်း ၆၄ ရွာရှိတဲ့ ကော့မှူးမြို့နယ် မှာ မဲရုံ ၁၀၀ ကျော်ရှိခဲ့ပါတယ်။
စစ်ကော်မရှင် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း အများဆုံးနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကြံ့ခိုင်ရေးပါတီ (USDP) ကတော့ ဒေါ်အောင်ဆန်းစုကြည် မဲဆန္ဒနယ်မှာ သူတို့ ပြန်အနိုင်ရဖို့ ယုံကြည်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရလက်ထက် ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးပါတီက ကော့မှူးမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။
အခုတကြိမ် ၂၀၂၅ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော် နေရာအတွက် ဝင်ရောက်အရွေးခံတဲ့ ဦးအောင်မျိုးသန်းဟာ စစ်ဗိုလ်ချုပ်ဟောင်း ဖြစ်သလို ကယားပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးလည်း ဖြစ်ပါတယ်။
" သူ နိုင်ဖို့ အပြည့်အဝ ယုံကြည်မှုရှိပါတယ်။ ဒေါ်စုကြည်မှ မရှိတော့တာ။ သူ့ကိုလည်း လူတွေက မျှော်လင့် ချက်ထားမှာ မဟုတ်တော့ပါဘူး။ အခု သူ့ပါတီလည်း မပါဘူးဆိုတော့လေ တခြားပါတီတွေကို တော့ ထည့်ကြမှာပါ။ ကျွန်တော်တို့ တော့ အဲဒီမှာ လုံးဝ အနိုင်ရရှိမယ်လို့ ယုံကြည်မှုရှိပါတယ်ခင်ဗျာ" USDP ပါတီ ရဲ့ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ က ပြောပါတယ်။
'၈၈' ကျောင်းသားအဖွဲ့ထဲ ပါတဲ့ ဦးကျော်ကျော်ထွေး (ခေါ် ) ကိုမာကီးကတော့ သူ့ရဲ့ဇနီးမြေယာအရေးနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်စုစုနွေး ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ကော့မှူးမဲဆန္ဒနယ် မှာ ယှဉ်ပြိုင်ခဲ့ပါတယ်။
ပြည်သူ့ပါတီအတွင်းရေးမှူးလည်းဖြစ်၊ ကိုယ်စားလှယ်လောင်းလည်း ဖြစ်တဲ့ ကိုမာကီးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်ခဲ့လို့ ဒီမိုကရေစီကိုယုံကြည်သူ အရှိန်အဝါရှိတဲ့ ကော့မှူးမှာ သူအောင်နိုင်ဖို့ ယုံကြည်နေပါတယ်။
"ပြည်သူတွေအကုန်လုံး မဲထွက်ပေးမယ်ဆိုရင်တော့ အောင်နိုင်မယ့်မြို့နယ်လို့ ယုံကြည်တယ်" လို့ ရွေးကောက်ပွဲ အပိုင်း ၂ မစမီ အစောပိုင်းက ပြောထားပါတယ်။
ကြိုတင်မဲရေတွက်မှုတွေအရ တပ်တွင်းမဲရုံတွေ၊ ပြည်ပရောက်နိုင်ငံသားတွေ၊ သက်ကြီးရွယ်အိုတွေ ပေးတဲ့ ကြိုတင်မဲ စုစုပေါင်းထဲက ၇၅ မဲကို USDP ပါတီက ရရှိခဲ့ပြီး၊ ပြည်သူ့ပါတီက ကြိုတင်မဲ ၃၃ မဲ ရရှိခဲ့တယ်လို့ ကြိုတင်မဲရေတွက်မှုကို သွားရောက်ကြည့်ရှုခဲ့တဲ့ ပြည်သူ့ပါတီရဲ့ အချက်အလက်အရ သိရှိရပါတယ်။
တပ်တွင်း မဲရုံတွေက ပေးတဲ့ ကြိုတင်မဲ ၁၀ မဲ ကိုလည်း ရရှိခဲ့တယ်လို့ ကိုမာကီး က ပြောပါတယ်။
ကော့မှူးမြို့နယ်မှာ မဲရုံအရေအတွက် လည်း များတာကြောင့် မဲရလဒ် က တခြားမြို့နယ်တွေ ထက် အနည်းငယ်နောက်ကျနိုင်တယ်လို့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၁ ရက် ညနေ ၆ နာရီအထိ ကနဦးရလဒ်တွေ အရ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ကိုမာကီးက ကော့မှူးမြို့နယ်ထဲက ရွာလေးရွာ မှာ နှစ်ရွာ အနိုင်ရရှိထားပြီလို့ ဆိုပါတယ်။
"ထန်းမနိုင်ရွာမှာ ဆိုရင် မဲရုံ နှစ်ရုံရှိတယ်။ နှစ်ရုံလုံးမှာ အနိုင်ရထားတယ်။ တစ်ရုံမှာ ၂၃၂ မဲရထားတယ်။ နောက်တစ်ရုံတော့ မသိရသေးဘူး" လို့ ကိုမာကီးက ပြောပါတယ်။
ပြည်ထောင်စုအဆင့် ဝင်ပြိုင်နေတဲ့ ကျားဖြူပါတီလို့ သိကြတဲ့ ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကလည်း ကော့မှူးမြို့နယ် မဲဆန္ဒနယ် မှာ အခြေအနေကောင်းတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
" ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြောတာတော့ အခြေအနေကောင်းတယ်လို့ ပြောတာပဲ။ ဒါပေမယ့် အဖြေပေါ်လာမှ သိရမှာပေါ့။ နိုင်ဖို့တော့ ယုံကြည်တာပေါ့။ အတတ်နိုင်ဆုံးကြိုးစားခဲ့တာပဲလေ" လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာ ပြည်တွင်းစစ်ထဲမှာ အပိုင်းလိုက်ကျင်းပသလို လူထုထောက်ခံမှုများတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီ မပါတဲ့ ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားနိုင်မှာမဟုတ်ဘူးလို့ နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေက ပြောထားပါတယ်။
ဒီရွေးကောက်ပွဲဟာ စစ်တပ်က သူ့ရဲ့တရားဝင်မှုရအောင် လုပ်တဲ့နည်းလမ်းတစ်ခုပဲဖြစ်တယ်လို့ ဆိုထားကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာကုလလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်ကတော့ မြန်မာရွေးကောက်ပွဲကို 'အတုအယောင်' ရွေးကောက်ပွဲလို့ သုံးနှုန်းပါတယ်။
"အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးအကျဥ်းချထားပြီးညှဥ်းပန်းနှိပ်စက်နေတဲ့အချိန်၊ ရွေးကောက်ပွဲနှစ်ဆက်လုံး အနိုင်ရခဲ့တဲ့ NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းထားတဲ့အချိန်မှာ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဆိုတာ ရှိနိုင်မှာမဟုတ်ပါဘူး" လို့ တွမ်အင်ဒရူးစ်က ပြောနေပါတယ်။
လူထုဆန္ဒပါတဲ့ မဲပေးမှုဖြစ်ခဲ့လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကော့မှူးမြို့နယ် မဲပေးခွင့်ရှိသူ အရေအတွက် ၁ သိန်း ၅ သောင်းကျော် ရှိပြီး မဲရုံပေါင်း ၁၀၀ ကျော် မှာ ဆန္ဒမဲပေးသူ ၄၀ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ကိုယ်စားလှယ်လောင်းတွေက ခန့်မှန်းပါတယ်။
ဒီမဲဆန္ဒနယ်မှာ ရွေးကောက်ပွဲအပိုင်း ၂ မကျင်းပခင် မဲဆွယ်စည်းရုံးရေးကာလတွေကတည်း က ရွေးကောက်ပွဲကို စိတ်မဝင်စားသူက လူအများစုဖြစ်နေတယ်လို့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
အမည်မသုံးစေလိုတဲ့ ကော့မှူးမြို့နယ်က ဝင်ရောက်ယှဥ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရချိန်မှာ လူထုက ရွေးကောက်ပွဲအပေါ် ယုံကြည်မှုမရှိတော့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ မဲမပေးရင် ရှေ့မှာဘယ်လိုအကြောင်းအချက်တွေနဲ့ ဘယ်လိုအခြေအနေမှန်းမသိတဲ့ စိုးရိမ်ချက်တွေလည်း လူထုမှာရှိနေကြပါတယ်။ ဒါကြောင့် နောက်ပိုင်းမဲထည့်ထားလားဆိုတဲ့ အထောက်အထားပြဖို့ လိုအပ်လာမှာမျိုးကို စိုးရိမ်လို့ မဲပေးကြသူတွေရှိပါတယ်။
"အရင်တုန်းက NLD ကို မဲပေးနေကျပါ။ ကိုယ်ပေးနေကျပါတီ၊ ကိုယ်ကြိုက်တဲ့ပါတီက မရှိတော့ ကိုယ်က ဘာပေးလို့ ပေးရမှန်းမသိတော့ဘူး။ စိတ်ထဲမှာ မရှိတော့ဘူးပေါ့။ ဘာလဲဆိုတော့ ကြုံရာ နှိပ်လိုက်တယ်" ကော့မှူးမြို့ပေါ် မှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက သူ မဲထည့်ခဲ့တဲ့ အတွေ့အကြုံကို ပြောပါတယ်။
"အရင်တုန်းကဆိုရင် သွေးကိုဆူနေတာ ပဲ မဲပေးချင်တာ။ စိတ်ထဲမှာကို မဲပေးချင်တဲ့ ဆန္ဒရှိတာ။ အခုက မဖြစ်မနေ ပေးရတဲ့ ပုံစံမျိုးလေ။ တခြားစီပဲ" လို့ သူက ဆက်ပြောပါတယ်။
ကော့မှူးမြို့နယ် အနောက်ခြမ်းက ရွာတစ်ရွာမှာ နေထိုင်သူတစ်ဦးက လည်း ကော့မှူးမြို့ပေါ်က အမျိုးသမီးရဲ့ ပြောဆိုချက်နဲ့ ခပ်ဆင်ဆင်ရှိပါတယ်။
" လူထုက အခုချိန် မှာ ဘယ်သူမှ မပြေလည်ကြဘူး။ မပေးချင်ဘဲနဲ့ ပေးရတာတွေရှိတယ်။ အေးတိအေးစက်ဖြစ်သွားတယ်။ အရင်နဲ့ တော့ တော်တော်ကွဲကွဲပြားပြားရှိတယ်"
ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း ကိုမာကီး နဲ့ ဇနီးဖြစ်သူ ဒေါ်စုစုနွေးကတော့ ကော့မှူးမြို့နယ်အတွင်း က မဲရုံတွေမှာ မဲပေးမှုအခြေအနေတွေကို လိုက်လံကြည့်ရှုခဲ့မှုအရ မဲပေးသူနှုန်းနည်းတယ်လို့ ဆိုပါတယ်။
"တချို့မဲရုံတွေက ၇ ယောက်ပဲကျန်တယ်။ တချို့က ထက်ဝက်လောက်ကျန်တယ်။ တချို့မဲရုံဆို နေ့လယ် ၂ နာရီခွဲလောက်အထိ မဲပေးသူက ၅၀၀ ကျော်လောက်ပဲရှိသေးတယ်" လို့ ဒေါ်စုစုနွေးက ပြောပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အောင်မြေ ကော့မှူးမြို့နယ်မှာ မဲရလဒ် မထွက်လာသေးတာကြောင့် ဇန်နဝါရီ ၁၁ ရက် ညပိုင်းအထိ အနိုင်/အရှုံး အဖြေမပေါ်သေးပါဘူး။
ဘီဘီစီက ကော့မှူးမြို့ ပေါ် အပါအဝင် မတူညီတဲ့ ရွာတွေက ဒေသခံ အနည်းဆုံး ၅ ဦးခန့်နဲ့ ဆက်သွယ်စကားပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရပေမယ့် ကော့မှူးမြို့နယ်က လူထုကတော့ သူ့ကို အားပေးထောက်ခံ ယုံကြည်နေကြဆဲဖြစ်သလို သူပြန်လွတ်မြောက်လာဖို့လည်း ဆုတောင်းနေတယ်လို့ ပြောကြပါတယ်။
"အရင်တုန်းက တစ်ရွာလုံးနီးပါးက NLD ပဲ။ ကော့မှူးအနောက်ခြမ်းက NLD မှ NLD ပဲ။ မဖြစ်မနေ သာ မဲ ပေးလိုက်ရတာပါ။ ကိုယ်အားကိုးတဲ့ ပါတီလောက် ဘယ်ပါတီမှ ကောင်းမယ်မထင်ဘူး" လို့ ကော့မှူးမြို့နယ်အနောက်ခြမ်းက ရွာခံတစ်ဦးက ဖွင့်ဟပါတယ်။











