စစ်ကော်မရှင်ရွေးကောက်ပွဲ - ပါတီဥက္ကဋ္ဌတွေပြိုင်မယ့်မဲဆန္ဒနယ်တွေဘယ်လိုထူးခြားလဲ

ပါတီ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးကိုကိုကြီး၊ ဦးဟန်ရွှေ၊ ဦးစိုင်းအိုက်ပေါင်း၊ ဦးခင်ရီ၊ ဦးကျော်စွာစိုး၊ ဒေါ်သက်သက်ခိုင်
ဓာတ်ပုံ ပုံစာ, ပါတီ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးကိုကိုကြီး၊ ဦးဟန်ရွှေ၊ ဦးစိုင်းအိုက်ပေါင်း၊ ဦးခင်ရီ၊ ဦးကျော်စွာစိုး၊ ဒေါ်သက်သက်ခိုင်

စစ်ကော်မရှင်ရဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းအတည်ပြုစာရင်းတွေထွက်လာတဲ့ နောက်မှာတော့ ပါတီ ဥက္ကဋ္ဌတွေကိုယ်တိုင်ဝင်ပြိုင်မယ့် မဲဆန္ဒနယ်တွေကိုလည်း သိလာရပါပြီ။

ရွေးကောက်ပွဲစနစ် ၂ မျိုးကို ရောနှောကျင်းပမှာဖြစ်တယ်လို့ စစ်ကော်မရှင်က ကြေညာထားပြီး ရွေးကောက်ပွဲမှာ မဲအများဆုံးမရလည်း လွှတ်တော်ထဲရောက်လာနိုင်တဲ့ပုံစံ ဖြစ်ပါတယ်။

ဒါပေမယ့် ပြည်ထောင်စုအဆင့် ဝင်ပြိုင်မယ့်ပါတီအရေအတွက်ဟာ အရင် ၂၀၂၀ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ရင် ၁၀ ပုံ တစ်ပုံခန့်သာ ရှိပါတယ်။

ဒီရွေးကောက်ပွဲမှာ နိုင်ငံတဝန်းဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၆ ပါတီက ဘယ်လိုပွဲထွက်လာသလဲ။ ပါတီခေါင်းဆောင်တွေ ဘယ်မဲဆန္ဒနယ်တွေ မှာ ယှဉ်ပြိုင်ကြမလဲ။ ထူးခြားချက်တွေကဘာတွေလဲ။

ပါတီခေါင်း‌ဆောင်တွေရဲ့ မဲဆန္ဒနယ်တွေ

လာမယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ငါး ထောင်နီးပါး အမည်စာရင်းတင်သွင်းထားတယ်လို့ စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်နဲ့ အများဆုံး စာရင်းတင်ခဲ့ပြီး ဒုတိယကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ တတိယကတော့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့ ဖြစ်ပါတယ်။

အငြိမ်းစားဗိုလ်ချုပ်ကြီးတွေ အားဖြည့်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူးချုပ်ဦးခင်ရီကတော့ နေပြည်တော် စစ်ရုံးရှိရာ ဇေယျာသီရိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (FPTP ) နိုင်သူအကုန်ယူစနစ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။

ဇေယျာသီရိမဲဆန္ဒနယ်ဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ အောင်မြေဖြစ်ခဲ့ပါတယ်။၂၀၂၀ ရွေးကောက်ပွဲမှာ အဲဒီတုန်းက ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဇေယျာသီရိမြို့နယ်က ဝင်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သူရဦးရွှေမန်းက လည်း ၂၀၁၀ ရွေးကောက်ပွဲမှာ ဇေယျာသီရိ မဲဆန္ဒနယ်ကနေဝင်ပြိုင်ပြီး လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ။

ဒဓီနှစ် ၂၀၂၅ ရွေးကောက်ပွဲမှာ USDP က ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေက ပုဗ္ဗသိရီမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (FPTP) စနစ်ကနေ ဝင်ပြိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်တွေမှာ ပုဗ္ဗသိရီမြို့နယ်မဲဆန္ဒနယ်က ကာကွယ်ရေးဝန်ကြီးဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီးဝေလွင် ပြိုင်ခဲ့ပါတယ်။

လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေ ပုဗ္ဗသီရိမြို့နယ်မဲဆန္ဒနယ်တွေမှာပြိုင်ခဲ့ပြီး ဦးရည်မွန် က ၂ ကြိမ်လုံးအနိုင်ရရှိခဲ့ပါတယ်။

ဦးလှဆွေဟာ သူ့ရဲ့ဇာတိ မကွေးတိုင်း၊ ဂန့်ဂေါကနေ မပြိုင်ဘဲ နေပြည်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။

နောက်ထပ် တပ်ကိုယ်စားလှယ်တွေ စေလွှတ်ထားတယ်ဆိုပြီး သတင်းထွက်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) ကလည်း ပြည်ထောင်စုအဆင့်ဝင်ပြိုင်မယ့်ပါတီ ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၇၀၀ ကျော်ရှိတယ်လို့ UEC စာရင်းတွေမှာ ဖော်ပြပါတယ်။

ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးဟန်‌ရွှေကတော့ ကျန်းမာရေးအခြေအနေကြောင့် ရွေးကောက်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင်မှာမဟုတ်ဘဲ ကိုယ်စားလှယ်လောင်းတွေကို အနောက်ကနေသာ ပံ့ပိုးကူညီပေးတော့မယ်လို့ ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်မှာတော့ အချက်အချာကျတဲ့ မဲဆန္ဒနယ်တွေမှာ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး နဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းကတော့ ပါတီဝင်အင်အားမပြည့်မီလို့ဆိုပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ပါတီဖျက်သိမ်းခံခဲ့ရပြီးတဲ့နောက်မှာ လသာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

'၈၈' ကျောင်းသားခေါင်း‌ဆောင်ဟောင်းဖြစ်တဲ့ ဦးကိုကိုကြီးကတော့ ရန်ကုန်မြို့ လမ်းမတော် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဦးကိုကိုကြီးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ဒီတခေါက်မှာတော့ လမ်းမတော်မြို့နယ်ကို ပြောင်းလိုက်တာပါ။

"အဓိကကတော့ ကျွန်တော်တို့ ရူးသွပ်မှု ဖြစ်တာပေါ့ဗျာ။ အားကျ အတုယူရတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ တုန်းက လမ်းမတော် မဲဆန္ဒနယ်ကနေပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်ဖူးတာကိုလည်း မှတ်မှတ်ရရဖြစ်အောင် လမ်းမတော်ကို ရွေးဖြစ်တာ" လို့ ဦးကိုကိုကြီးက ဘီဘီစီကို ပြောပါတယ်။

"ရွေးကောက်ပွဲအောင်နိုင်ရေးကတော့ လမ်းမတော်မြို့နယ်က မြို့လယ်ခေါင်ဖြစ်တယ်။ ဘာပဲပြောပြော လူလတ်တန်းစား အဓိကများတယ်။ မြို့ဧရိယာက လက်နိုင်ခြေနိုင်ဖြစ်တယ်၊ ကျဉ်းတဲ့မြို့နယ်လည်း ဖြစ်တယ်။ ဒါကြောင့် ရွေးချယ်လိုက်တာပါ " လို့ သူက ဆက်ပြောပါတယ်။

ဦးကိုကိုကြီး ယှဉ်ပြိုင်မယ့် လမ်းမတော် မဲဆန္ဒနယ်ဟာ ဒီဇင်ဘာ ၂၈ ရက် ရွေး‌ကောက်ပွဲ ပထမပိုင်းမှာတော့ မပါဝင်သေးပါဘူး။

ပြည်သူ့ပါတီဟာ ကိုယ်စားလောင်း ၅၁၀ ကျော် စာရင်းသွင်းထားပြီး ကိုကိုးကျွန်းမြို့နယ်အပါအဝင် ပြည်သူ့လွှတ်တော်အတွက် ၁၃ နေရာ၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်အတွက် ၁၃ နေရာနဲ့ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်အတွက် ၂ နေရာ စုစုပေါင်း ၂၈ နေရာက လွဲပြီး မဲဆန္ဒနယ် အားလုံးမှာ ဝင်ပြိုင်သွားမှာပါ။

မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မယ့်ပါတီဖြစ်ပြီး ဥက္ကဋ္ဌက ဦးကျော်စွာစိုးဖြစ်ပါတယ်။ ဥက္ကဋ္ဌ ဦးကျော်စွာစိုးကတော့ ဘယ်မြို့နယ်ကနေ ဝင်ပြိုင်မယ်ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။

အခုရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် ၆ ပါတီ နဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ၅၁ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ကြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်မဲဆန္ဒနယ် - ကော့မှူး

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ကော့မှူးမြို့နယ်မှာ လူထုနဲ့ တွေ့ဆုံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ကော့မှူးမြို့နယ်မှာ လူထုနဲ့ တွေ့ဆုံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း)

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်ခဲ့တဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဒီတစ်ခေါက် ယှဉ်ပြိုင်မယ့်သူဟာ '၈၈' မျိုးဆက်ကျောင်းသားအဖွဲ့ထဲပါခဲ့တဲ့ ကိုမာကီး ခေါ် ဦးကျော်ကျော်ထွေး ဖြစ်ပါတယ်။

သူ့ဟာ ပြည်သူ့ပါတီကိုယ်စားလှယ်အနေနဲ့ ဝင်ရောက် အရွေးခံဖို့ရှိနေတာပါ။ ဒီမဲဆန္ဒနယ်ဟာ အရင်က ကိုမာကီးရဲ့ ဇနီး ဒေါ်စုစုနွေး ယှဉ်ပြိုင်ခဲ့တဲ့နေရာပါ။

ဒေါ်စုစုနွေးဟာ ကော့မှူးမြို့နယ် တကြောမှာဆိုရင် ဒေသတောင်သူလယ်သမားအရေးတွေ၊ နောက်ပြီး စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့ ဒေသခံတွေကို ကူညီ‌ပေးနေသူဖြစ်ပြီး ဒေသခံတွေရဲ့ အားပေးထောက်ခံမှုကိုလည်း ရရှိထားသူပါ။

"မစုနွေးကတော့ ဒီနယ်မှာ သူ့ကို မသိသူမရှိဘူး။ သူမကူညီဖူးသူ မရှိပါဘူး။ သူ့အားနဲ့ ဝင်ပြိုင်တာဖြစ်ပါတယ်" လို့ ကိုမာကီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ တသီးပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

ခင်ပွန်းဖြစ်သူ ကိုမာကီးဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ကျောက်တန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

"အစ်ကိုကြီးကတော့ အရင် ကျောက်တန်းမှာပြိုင်နေတာ။ ကျွန်မကတော့ အန်တီဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာ ပြည်သူ့လွှတ်တော်မှာ ပြိုင်ပေးပါလို့ သူ့ကို ကျွန်မက တောင်းဆိုလိုက်တာ" လို့ ဒေါ်စုစုနွေးက ပြောပါတယ်။

ကိုမာကီးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်ခဲ့ဖူးတဲ့ ကော့မှူးမှာ ယုံကြည်မှုရှိရှိ နဲ့ ဝင်ပြိုင်တာဖြစ်တယ်လို့ ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဩဇာအာဏာက ဒီမြို့ပေါ်မှာ သက်ရောက်မှု ကြီးကြီးမားမားရှိပါတယ်။ ကိုယ်တွေကတော့ လက်တွေ့နိုင်ငံရေးကို ပို ယုံကြည်တယ်။ လက်တွေ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိတော့ဘူး

"အဲဒီ အခြေအနေမှာ အစားထိုးတဲ့အနေနဲ့ ကျွန်တော်တို့ ဒီမိုကရက်တစ်အင်အားစုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သင့်တယ်ထင်လို့ ကိုယ်က ‌ရွေးချယ်လိုက်တာပါ။ အောင်မြင်မယ်လို့လည်း ယုံကြည်တယ်" လို့ ကိုမာကီးက ပြောပါတယ်။

ကိုမာကီး က ကိုယ်စားလှယ်လောင်းမှတ်ပုံတင်ကဒ်ပြားလည်း ရရှိပြီ ဖြစ်ကြောင်း သူကပြောပါတယ်။

အခု ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ပြည်သူ့ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

၂၀၂၄ ခုနှစ် ပဲခူးတိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ မိန့်ခွန်းပြောနေတဲ့ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ် ပဲခူးတိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ မိန့်ခွန်းပြောနေတဲ့ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း

ကျားဖြူပါတီ လို့ခေါ်တဲ့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုက်အိုက်ပေါင်း ကတော့ ပဲခူးတိုင်း မဲဆန္ဒနယ်ကနေ ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ သူယှဥ်ပြိုင်မယ့် ပဲခူးတိုင်းမဲဆန္ဒနယ်ကနေ လက်ရှိ စစ်ကော်မရှင်ရဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်က ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ပြိုင်ဖို့ရှိပါတယ်။

ဦးစိုက်အိုက်ပေါင်းဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရှမ်းမြောက်မဲဆန္ဒနယ်တွေကနေ ဝင်ပြိုင်ခဲ့ပေမယ့် အခုရွေးကောက်ပွဲမှာတော့ ပဲခူးတိုင်း၊ ပဲခူးခရိုင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၄) နိုင်သူအကုန်ယူစနစ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဘီဘီစီကို ပြောပါတယ်။

"ပဲခူးတိုင်းမှာ ကျွန်တော့်ပါတီက အားကောင်းတယ်လေ။ ပဲခူးတစ်မြို့နယ်တည်းမှာ ကျွန်တော်တို့ပါတီဝင် တစ်သိန်းကျော်တယ်" လို့ ဦးစိုင်းအိုက်ပေါင်း က ပြောပါတယ်။

ဦးမျိုးဆွေဝင်းကတော့ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း နတ္တလင်းခရိုင်၊ နတ္တလင်းမြို့နယ်ဇာတိသား ဖြစ်ပါတယ်။ နဝတအစိုးရလက်ထက်မှာ စစ်ဘက်ကနေ ရဲတပ်ဖွဲ့သို့ အသွင်ပြောင်းလာသူဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီလ မှာ ဒုတိယရဲချုပ် ၁ ဖြစ်လာခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ပဲခူးတိုင်းဝန်ကြီးချုပ်ဖြစ်လာပါတယ်။

သူ့ကို ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မန္တလေးတိုင်းအတွင်း ပစ်ခတ်ခံရမှုမှာ ကျောင်းတိုက်ကို သွားရောက်တောင်းပန်ခဲ့သူအဖြစ် လူသိများပါတယ်။

နောက်ထပ် ပဲခူးတိုင်း၊ ပြည်မြို့မှာ ရုံးစိုက်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး နှင့် ညီညွတ်ရေးပါတီ (UPUP) ဟာလည်း ဒေသတွင်း အင်အားတောင့်တင်းတဲ့ ပါတီတစ်ခု ဖြစ်တယ်လို့ နိုင်ငံရေးပါတီတချို့က ရှုမြင်ပါတယ်။

ပါတီဥက္ကဋ္ဌ ဒေါ်စောယုမာက ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိတယ်လို့ UPUP ပါတီဆီက သိရပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပဲခူးတိုင်းမဲဆန္ဒနယ်အတွင်းမှာ လွတ်လပ်မျှတရင် အနိုင်ရမယ်လို့ ယုံကြည်နေတဲ့ ကိုယ်စားလှယ်လောင်းတွေ ရှိနေပါတယ်။

ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက "ကျွန်တော်ပြောတဲ့စကား မှတ်ထားလိုက်။ တကယ်လို့ Free and Fair ဖြစ်မယ်ဆိုရင် သေချာပေါက် နိုင်မှာ" လို့ ဘီဘီစီကို ပြောပါတယ်။

အောက်တိုဘာ ၂၈ ရက်မှာ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေးကာလ စပါပြီ။ ဒါပေမယ့် စစ်ကော်မရှင်က လုံခြုံရေးအကြောင်းပြချက်နဲ့ စီတန်းလှည့်လည်မဲဆွယ်ခွင့်ကို ပိတ်ထားပါတယ်။

"စီတန်းလှည့်လည်လို့မရတော့ နေရာတစ်ခုကို လူထုထွက်လာအောင် လုပ်ရမှာပေါ့။ အောက်တိုဘာ ၂၈ နံနက် ၉ နာရီဆိုတာနဲ့ ကျွန်တော်တို့ အင်အားထောင်ချီ နဲ့ လူထုတွေ့ဆုံပွဲလုပ်ပြီး အင်အားပြပါမယ်" လို့ UPUP ပါတီ ဒုဥက္ကဋ္ဌ ဦးညီညီလွင်က ပြောပါတယ်။

တွံတေး မြို့နယ်မှာ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း စာရင်းကပ်ထားပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တွံတေး မြို့နယ်မှာ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း စာရင်းကပ်ထားပုံ

ရွေးကောက်ပွဲကော်မရှင်ကတော့ ပါတီကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို စကပ်နေပြီလို့ ကြေညာထားပြီး အပြီးသတ်စာရင်းလည်း ကြေညာထားပါပြီ။

အမည်စာရင်း တင်သွင်းခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၅,၀၃၂ ယောက် ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ‌တွေနဲ့ ညီညွတ်ခြင်းမရှိတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း ၈၆ ဦးကို အမည်စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲကော်မရှင်ကြေညာထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အမည်စာရင်း တင်သွင်းနိုင်တဲ့ရက်၊ ရုပ်သိမ်းနိုင်တဲ့ရက် ကလည်း ကျော်လွန်သွားပြီ ဖြစ်လို့ ပယ်ဖျက်ခံရရင် အစားထိုးလို့ ရမှာမဟုတ်ဘူးလို့ ‌ရွေးကောက်ပွဲကော်မရှင်ဆီက သိရပါတယ်။

ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း တဲ့အခါ ပူးတွဲတင်ပြရတဲ့ ပညာအရည်အချင်းအထောက်အထားတွေ နဲ့ ပတ်သက်ပြီး အငြင်းပွား၊ ကန့်ကွက်တာ၊ အတည်ပြုစစ်ဆေး စေလိုတဲ့အခါ သက်ဆိုင်တဲ့ ဝန်ကြီးဌာနကို ပေးပို့ နိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ပါတီတွေ အချင်းချင်း ကန့်ကွက်မှုတချို့ ရှိနေတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မှာ ယှဉ်ပြိုင်မယ့် တိုင်းရင်းသားပါတီတစ်ခုက ကိုယ်စားလှယ်လောင်း တစ်ဦးကို ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်လွှာတင်ထားလို့ သက်ဆိုင်ရာ ရဲစခန်းနဲ့ ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ ရှင်းလင်းနေရတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ ပြိုင်ဖက်ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်မှုမရှိတာ၊ ကိုယ်စားလှယ်လောင်းတွေ ပယ်ဖျက်ခံရလို့ ရွေးကောက်ပွဲဥပဒေအရ လတ်တလော အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်တွေလည်း ရှိနေပြီလို့ ကျားဖြူပါတီ နဲ့ ပြည်ခိုင်ဖြိုးပါတီထံက သိရပါတယ်။

"အခုလက်ရှိအထိတော့ နှစ်နေရာရှိပြီ။ စောင့်ကြည့်ရမယ်။ နောက်တစ်ပတ်လောက် ဆိုရင် အဖြေသိရပြီ" လို့ ကျားဖြူပါတီဥက္ကဋ္ဌက ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ် မှာ ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းသာ တွေ့ရပုံ

ဓာတ်ပုံ ရင်းမြစ်, Supplied

ဓာတ်ပုံ ပုံစာ, ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ် မှာ ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းသာ တွေ့ရပုံ

ဥပမာ စစ်ကိုင်းတိုင်းထဲက ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်ထဲမှာဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်သူ့လွှတ်တော် အမတ်နေရာတွေအတွက် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ၂ ဦးပဲ ဝင်ပြိုင်မှာ တွေ့ရပါတယ်။

USDP ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေကတော့ "ပြိုင်ဖက် ပါတီတွေက မလာကြဘူး။ ကျွန်တော်တို့ ရဲ့ နယ်မြေခံ ပါတီကိုယ်စားလှယ်လောင်းတွေက ဝင်အရွေးခံကြတာပေါ့။ အလိုအလျောက်နိုင်ပြီးသားနေရာတွေ ၁၀ ခုထက်မကဘူး" လို့ ပြောပါတယ်။

နောက်ဆုံးထွက်ရှိထားတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းအရဆိုရင် ရွေးကောက်ပွဲ မကျင်းပခင် အနိုင်ရသွားတဲ့ ကိုယ်စားလှယ်လောင်း ၃၁ ဦးရှိပါတယ်။

ပြည်သူ့လွှတ်တော်အတွက် ၁၃ နေရာ၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်အတွက် ၁၃ နေရာနဲ့ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်အတွက် ၂ နေရာ စုစုပေါင်း ၂၈ နေရာဖြစ်ပြီး ကိုယ်စားလှယ်လောင်းအနေနဲ့ ၃၁ ဦးဖြစ်ပါတယ်။

အဲဒီနေရာတွေက ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းနဲ့ ရွှေကူအပါအဝင် မဲဆန္ဒနယ် ၄ နေရာ၊ မင်းကင်း၊ ကောလင်းနဲ့ မော်လိုက်အပါအဝင် စစ်ကိုင်းတိုင်းထဲက မဲဆန္ဒနယ် ၁၄ နေရာ၊ ရှမ်းမြောက်နဲ့ရှမ်းတောင်က မဲဆန္ဒနယ် ၅ နေရာ၊ မကွေးတိုင်း ဂန့်ဂေါက ၁ နေရာနဲ့ တနင်္သာရီတိုင်းက မဲဆန္ဒနယ် ၄ နေရာပါ။

ဒါ့အပြင် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက နမ့်စန်က ပြည်သူ့လွှတ်တော်၊ "ဝ" အမျိုးသားပါတီက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အမျိုးသားလွှတ်တော် အမှတ် ၁ နဲ့ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ရှမ်းပြည်နယ် အာခါလူမျိုးမဲဆန္ဒနယ်တို့ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အဲဒီဒေသတွေရဲ့ မဲဆန္ဒနယ်တချို့မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့စီစဉ်ခဲ့တဲ့ ပါတီတချို့ ရှိခဲ့ပါတယ်။ အဲဒီအထဲမှာပါဝင်တဲ့ ပြည့်သူ့ပါတီကတော့ ကိုယ်စားလောင်းတွေကို ခြိမ်းခြောက်မှုရှိခဲ့တာကြောင့် ကိုယ်စားလှယ်လောင်းစာရင်းသွင်းပြီးမှ ရုပ်သိမ်းခဲ့ရတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲကို ပထမပိုင်းမှာ မြို့နယ်ပေါင်း ၁၀၂ နဲ့ ဒုတိယပိုင်းမှာတော့ မြို့နယ်ပေါင်း ၁၀၀ မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ တတိယပိုင်းကိုတော့ ကျန်တဲ့ မြို့နယ်တွေ မှာ ကျင်းပသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောထားပေမဲ့ တိတိကျကျထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

မြို့နယ်အားလုံးမှာတော့ ရွေးကောက်ပွဲလုပ်နိုင်မှာ မဟုတ်ကြောင်းကိုလည်း စစ်ခေါင်းဆောင်က ဝန်ခံထားပါတယ်။

စစ်ကော်မရှင်ကကျင်းပမယ့်ရွေးကောက်ပွဲဟာ ယုံကြည်ရလောက်တဲ့ ရလဒ်ထွက်လာမှာ မဟုတ်ဘူးလို့ ဥရောပသမဂ္ဂ လူအခွင့်အရေးအထူးကိုယ်စားလှယ် Kajsa Ollongren က ပြောထားသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုကလည်း နိုင်ငံတကာအနေနဲ့ ရွေးကောက်ပွဲကို မထောက်ခံကြဖို့ တိုက်တွန်းထားပါတယ်။

အာဆီယံကတော့ မြန်မာစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ မပြောပါဘူး။ ဒါအပြင်စောင့်ကြည့်ရေး အဖွဲ့တွေ စေလွှတ်ဖို့ မြန်မာစစ်ခေါင်းဆောင်ရဲ့ ဖိတ်ကြားမှုအပေါ် လက်ခံ၊ လက်မခံကိုလည်း တိတိကျကျ မပြောထားပဲ မှတ်သားထားတယ်လို့သာ ထုတ်ပြန်ထားပါတယ်။

မြန်မာမှာ စစ်တပ်က ကျင်းပမယ်လို့ ပြောနေတဲ့ရွေးကောက်ပွဲကို ပွင့်လင်း မျှတမယ်လို့ ယုံကြည်သူ မရှိလောက်ဘူးလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တော်နီယို ဂူတာရက်စ်က ပြောပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ အောက်တိုဘာလ ၂၇ ရက်တုန်းက ပြုလုပ်တဲ့ အာဆီယံ - ကုလသမဂ္ဂ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် သူက အခုလိုပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေအတွက် ဖြေရှင်းနိုင်မယ့်အဖြေကို ဦးတည်မယ်လို့လည်း မယူဆတဲ့အကြောင်း သူက ပြောပါတယ်။

အရပ်သားတွေကို ကာကွယ်ရမယ့် စစ်တပ်ဟာ အရပ်သားတွေကို တိုက်ခိုက်နေပြီး ပဋိပက္ခတွေ ဖြစ်နေချိန်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ခြေလှမ်းနေတာကိုလည်း သူက ထောက်ပြထားပါတယ်။