ဖေဖော်ဝါရီ ၂၂ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - စုံစမ်းခံရတဲ့ NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် နုတ်ထွက်စာတင်

NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ

ဓာတ်ပုံ ရင်းမြစ်, Kyi Pyar/ Facebook

ဓာတ်ပုံ ပုံစာ, NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ
ဖတ်ရန်အချိန်: မိနစ် ၁၂

လူ့အခွင့်အ‌ရေးချိုးဖောက်မှု၊ အလွဲသုံးစားပြုလုပ်မှု၊ မလျော်သြဇာသုံးစွဲမှုတွေနဲ့စွပ်စွဲခံရပြီး တိုင်ကြား စုံစမ်းခံရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာဟာ ရာထူးကနေ နုတ်ထွက်စာတင်လိုက်ပြီလို့ NUG ဝန်ကြီးချုပ်ရုံးထံကနေ သိရပါတယ်။

ဒေါ်ကြည်ပြာအပေါ် တိုင်ကြားထားတာတွေနဲ့ပတ်သက်ပြီး NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက လူမှုကွန်ရက်ကနေတဆင့် သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့ ဖေဖော်ဝါရီလ ၂၁ ရက် ညနေပိုင်းမှာပဲ ဒေါ်ကြည်ပြာက နုတ်ထွက်စာ တင်ခဲ့တာလို့ ဝန်ကြီးချုပ်ရုံးဘက်က ဘီဘီစီကို အတည်ပြုပါတယ်။

"နုတ်ထွက်စာကို ဝန်ကြီးချုပ်ရုံးကနေ လက်ခံရရှိထားပါတယ်။ စာ လက်ခံထားဆဲပါ" လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဘီဘီစီကို ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ လိုအပ်နေတာကြောင့် ရာထူးကနုတ်ထွက်စာတင်ကြောင်း ပြည်တွင်းသတင်းဌာနတွေမှာ ဖော်ပြနေကြပါတယ်။ ဦးနေဘုန်းလတ်ကတော့ နုတ်ထွက်ရတဲ့ အကြောင်းအရင်းက ပြောကြားခွင့်မရှိသေးဘူးလို့ တုံ့ပြန်ဖြေပါတယ်။

ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ကို အရေးယူပေးဖို့ CDM ဝန်ထမ်း ၅ ဦးပါဝင်တဲ့ ၁၂ ဦးအဖွဲ့က မနှစ် နိုဝင်ဘာ ၁၉ ရက်မှာ တိုင်ကြားစာပေးပို့ခဲ့ပါတယ်။ အဲဒီနောက် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးဦးဆောင်ပြီး ဝန်ကြီးနဲ့ ဒုဝန်ကြီး ၅ ဦးပါဝင်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ကို နိုဝင်ဘာ ၂၅ ရက်မှာပဲ ဖွဲ့စည်းပေးခဲ့ပါတယ်။

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ လက်မှတ်ရေးထိုးထားတဲ့ "ပြင်းထန်စွာသတိပေးခြင်း" ဆိုတဲ့ထုတ်ပြန်စာတစ်စောင် ဖေဖော်ဝါရီ ၁၈ ရက် ရက်စွဲနဲ့ ထွက်လာခဲ့ပြီး အဲဒီစာအရ စုံစမ်းစစ်ဆေးမှုတွေမှာဒေါ်ကြည်ပြာဟာ အဂတိလိုက်စားမှု မတွေ့ရလို့ ရာထူးကနေ ထုတ်ပယ် ရလောက်တဲ့အချက် မတွေ့လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဝန်ထမ်းတွေအပေါ် ချိုချိုသာသာပြောဆိုဆက်ဆံဖို့ ပြင်းထန်စွာသတိပေးတယ်ဆိုပြီး ဖော်ပြထားပါတယ်။

ဒီလိုထုတ်ပြန်ချက်အပေါ် ဝေဖန်မှုတွေမြင့်တက်ခဲ့ပြီး NUG ယန္တရားမှာပါဝင်နေတဲ့ ကျန်းမာရေးနဲ့ ပညာရေး CDM ဝန်ထမ်းတွေက တိုင်တန်းချက်ကို ပြန်စိစစ်ဖို့ကို အဖွဲ့အသီးသီးကတဆင့် ထုတ်ပြန်လာခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တိုင်တန်းချက်တွေကြောင့် မနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာတော့ NUG ကသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီး "ဝန်ကြီးချုပ်ရုံးအနေနဲ့ တဆင့်ပြီးတဆင့် စာတစ်စောင်ပြီး တစ်စောင် ဆက်ထွက်သွားဖို့ ရှိတယ်၊ အခုလည်းဆက်ထွက်နေပါတယ်" လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲအပြီးနာရီပိုင်းအတွင်းမှာပဲ စုံစမ်းစစ်‌ဆေးရေးအဖွဲ့ရဲ့တွေ့ရှိချက် အစီရင်ခံစာ အကျဉ်းချုပ်ကို အများပြည်သူသိရှိနိုင်အောင်ဆိုပြီး NUG က ထုတ်ပြန်လာခဲ့ပါတယ်။ အမှု စစ်ဆေးချိန်ကစလို့ ဒေါ်ကြည်ပြာကို ရာထူးကနေရပ်နားထားသလို ခင်ပွန်းဖြစ်သူ ဦးညီညီမင်းနဲ့ တူတော်စပ်သူ နှစ်ဦးကိုလည်း တာဝန်ကနေ ရပ်ဆိုင်းမယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါအပြင် NUG အစိုးရတစုံလုံးမှာ ဆွေမျိုးသားချင်း၊ မိသားစုဝင်တွေကို တစ်ရုံးတည်းမှာ ရာထူးကြီးကြီးရယူထားတာမျိုး မဖြစ်စေဖို့ ဆွေမျိုးသားချင်းကောင်းစားရေးကို ဆန့်ကျင်တဲ့ (anti- nepotism)မူဝါဒ ချမှတ် ကျင့်သုံး သွားမယ်ဆိုပြီးတော့ပါ ရှေ့လုပ်ငန်းစဉ်အဖြစ် ထည့်သွင်းဖော်ပြထားပါတယ်။

တိုင်တန်းချက်အပါအဝင် နုတ်ထွက်မှုနဲ့ပတ်သက်လို့ ဒေါ်ကြည်ပြာကို မေးမြန်းနိုင်ဖို့အတွက် ဘီဘီစီကကြိုးစားနေပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

ရန်ကုန်မှာ တမနက်အတွင်း မီး‌လောင်မှုသုံးခုဖြစ်ပွား၊ သင်္ဃန်းကျွန်းမီးလောင်မှုမှာ အမျိုးသားတစ်ဦးသေဆုံး

မီးငြိမ်းသတ်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Service Department

ဓာတ်ပုံ ပုံစာ, မီးငြိမ်းသတ်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ရန်ကုန်မြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက် မနက်အစောပိုင်းမှာတင် မြောက်ဒဂုံ၊ လှည်းကူး နဲ့ သင်္ဃန်းကျွန်းစတဲ့ ၃ မြို့နယ်မှာ လျှပ်စစ်မီးအပူလွန်ကဲပြီး မီးလောင်တဲ့ဖြစ်စဉ်တွေဖြစ်ခဲ့တယ်လို့ ရန်ကုန်တိုင်းမီးသတ်ဦးစီးမှူးရုံးကနေ သိရပါတယ်။

ဒီနေ့ မနက် ၅ နာရီခွဲအချိန် သင်္ဃန်းကျွန်းမြို့နယ်၊ အပိုင်း ၂ ၊ ငမိုးရိပ် ၁၀ လမ်းက မီးလောင်မှု ဖြစ်စဉ်မှာတော့ နေအိမ်မှာနေထိုင်တဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး မီးခိုးမွှန် သေဆုံးခဲ့ပြီး နောက်ထပ်နေထိုင်သူ အသက် ၅၀ နှစ်အရွယ် အမျိုးသားကိုတော့ မစိုးရိမ်ရ အခြေအနေနဲ့ ဆေးရုံပို့ဆောင်ထားပါတယ်။

"အဲကွန်းဆားကစ်က အပူလွန်ကဲပြီး ထလောင်တာမှာ မီးပွားတွေက ခန်းစီးလိုက်ကာပေါ်ကျပြီး မီး‌လောင်ကျွမ်းခဲ့တာပါ" လို့ ရန်ကုန်တိုင်းမီးသတ်ဦးစီးမှူးရုံးက မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီမနက် ၁ နာရီခွဲမှာဖြစ်ခဲ့တဲ့ လှည်းကူမြို့နယ်၊ မြို့မရပ်ကွက်၊ နှင်းဆီလမ်းက နေအိမ်မီးလောင်တဲ့ ဖြစ်စဉ်ကတော့ ကိုယ်တိုင်သွယ်တန်းထားတဲ့ လျှပ်စစ်ဝါယာကြိုးကနေ အပူလွန်ကဲပြီး မီးလောင်ခဲ့ ပါတယ်။

ဒါအပြင် မြောက်ဒဂုံမြို့နယ်၊ သီလရှင်ကျောင်းမှာလည်း ဒီမနက် ၁ နာရီဝန်းကျင်တုန်းက ပန်ကာအားသွင်းထားရာကနေ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ခဲ့တယ်လို့ ရန်ကုန်တိုင်းမီးသတ်ဦးစီးမှူးရုံးရဲ့ အချက်အလက်အရ သိရပါတယ်။

အခုသီတင်းပတ်အတွင်း ရန်ကုန်မြို့မှာ ခဏတစ်ဖြုတ်မီးပျက်တာမျိုးတွေ ဆက်ရှိနေသေးပေမဲ့ အချိန်အများစုတော့ လျှပ်စစ်မီးမှန်နေတယ်လို့ မြို့ခံတချို့ကပြောပါတယ်။ ဒါပေမဲ့ လာမယ့် နွေရာသီကာလ နေ့အပူချိန်မြင့်လာချိန်မှာ လျှပ်စစ်မီးပြတ်တောက်မှာကို ရန်ကုန်မြို့ခံတွေ စိုးရိမ် နေကြပြီး ရေအခက်အခဲအပါအဝင် နောက်ဆက်တွဲပြဿနာတွေကိုလည်း စိုးရိမ်နေကြပါတယ်။

မြန်မာအလုပ်သမားတွေရဲ့ အလုပ်ပါမစ် သက်တမ်းတိုး ကာလကို မတ်လကုန်အထိ ထိုင်းတိုးမြှင့်

ဘန်ကောက်မြို့၊ Klong Toei ဈေးမှာတွေ့ရတဲ့မြန်မာအလုပ်သမားတွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘန်ကောက်မြို့၊ Klong Toei ဈေးမှာတွေ့ရတဲ့မြန်မာအလုပ်သမားတွေ (ပုံဟောင်း)

မြန်မာအပါအဝင် လာအိုနဲ့ ဗီယက်နမ်တို့က အလုပ်သမားတွေ ရဲ့ အလုပ်ပါမစ်သက်တမ်းတိုးခွင့်ကာလကို မတ် ၃၁ ရက်အထိ ထိုင်းအလုပ်သမားဝန်ကြီးဌာနကနေ အချိန်တိုးမြှင့်ပေးလိုက်ကြောင်း ထိုင်းကလာတဲ့သတင်းတွေအရသိရပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီး Treenuch Thienthong ဦးဆောင်တဲ့ နိုင်ငံခြားသားအလုပ်သမားတွေ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးမှာ အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက် ပါမစ် သက်တမ်းတိုးကာလ ထပ်တိုးဖို့ ဆွေးနွေးခဲ့ကြတာပါ။

မနှစ် နိုဝင်ဘာ ၁၁ ရက်တုန်းက အစိုးရဝန်ကြီးတွေအဖွဲ့ကနေ ခွင့်ပြုလိုက်တဲ့ အလုပ်ပါမစ် သက်တမ်းတိုးတဲ့လုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေရှိနေတာကြောင့် အခုလို အချိန်တိုးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ကျန်းမာရေးအာမခံစာရွက်စာတမ်း၊ ကျန်းမာရေးစစ်ဆေးမှု ရလဒ်နဲ့ အလုပ်ပါမစ်ခ ဘတ် ၉၀၀ ကို ပေးသွင်းတဲ့ လုပ်ငန်းစဉ်တွေနဲ့ဆက်စပ်ပြီး အခက်အခဲတွေ ရှိနေတာကလည်း သက်တမ်းကာလ နောက် တစ်လ ထပ်တိုးပေးရတဲ့ အကြောင်းရငး်လို့ ဆိုပါတယ်။

"လူဟောင်းသမားတွေ သက်တမ်းတိုးနေကြတာကို အချိန်မလောက်ဖြစ်နေတာလေ။ သက်တမ်း တိုးဖို့ကိုလည်း အခုလမှ စဖွင့်ပေးတာ work permit သက်တမ်းက ၂ လပိုင်း ၁၃ ရက်နေ့ အားလုံး ကုန်ကြတာ။ အသုတ်လိုက် တွေများတော့ နည်းနည်းရှုပ်နေတယ်" လို့ မြန်မာအလုပ်သမားတွေရဲ့ သက်တမ်းတိုးအခြေအနေကို သိရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်အလုပ်သမားတွေအတွက် ကနဦးတုန်းက သက်တမ်းတိုးဖို့ နောက်ဆုံးရက်ကို ဖေဖော်ဝါရီ ၂၄ ရက်မှာ သတ်မှတ်ခဲ့ပေမဲ့ အခုက မတ် ၃၁ ရက်ကို တိုးပေးလိုက်တာပါ။ ဒါဟာ အလုပ်သမားတွေ စနစ်အတွင်းအကျုံးမဝင်ဘဲ အထောက်အထားမဲ့ ဖြစ်မယ့်အခြေအနေကို ကြိုတင်ကာကွယ်ဖို့လို့ဆိုပါတယ်။

"နိုင်ငံသုံးနိုင်ငံက နိုင်ငံခြားသားအလုပ်သမားတွေရဲ့ အလုပ်ပါမစ်လျှောက်တာမှာကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အစည်းအဝေးလုပ်တာဖြစ်တယ်။ သက်တမ်းတိုးရမယ့် ၈၉၀,၇၈၆ ယောက်ထဲက ၃၇၅,၀၃၈ ယောက်က အခုထိလုပ်ငန်းစဉ်တွေကို ပြီးအောင်မလုပ်နိုင်ကြသေးဘူး" လို့ ထိုင်းအလုပ်သမားဝန်ကြီး Treenuch က ပြောပါတယ်။

အခုလက်ရှိထိုင်းအလုပ်သမားဝန်ကြီးဟာ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်က အလုပ်သမားတွေကို ထိုင်းမှာအလုပ်လုပ်ခွင့်ရဖို့ အထူးခွင့်ပြုချက်ပေးဖို့အတွက် ညွှန်ကြားခဲ့သူတစ်ဦးဖြစ်ပါတယ်။

ရွှေ့ပြောင်း အလုပ်သမားအရေးဆောင်ရွက်သူတွေကတော့ ထိုင်းက ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ ရေထွက်ကုန်ကဏ္ဍမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်ငန်း ၅ သန်းကျော်အထိရှိပြီး အများစုဟာ မြန်မာလုပ်သားတွေလို့ ဆိုပါတယ်။

ရွှေ့ပြောင်းအရေး ဆောင်ရွက်သူတွေကတော့ ပြီးခဲ့တဲ့ ၂ နှစ်နီးပါးအတွင်း အစိုးရ ၃ ဆက်အပြောင်းအလဲနဲ့အတူ အလုပ်သမားဝန်ကြီး အပြောင်းအလဲ ၃ ကြိမ်အထိ ဖြစ်ထားတာကြောင့် ရွှေ့ပြောင်းလုပ်သားတွေဟာ ဒီအပြောင်းအလဲနဲ့အတူ ပါလာတဲ့ မူဝါဒတွေကြောင့် အခက်ကြုံနေကြရတဲ့အကြောင်း ထောက်ပြထားကြပါတယ်။

မြစ်ကြီးနားမြို့ပေါ်မှာ လက်နက်ကြီးကျည်ကျသံတွေ ညလုံးပေါက်နီးပါးကြားရ

ဖေဖော်ဝါရီ ၂၀ ရက်၊ မြစ်ကြီးနား စီတာပူရပ်ကွက်ပေါ် လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီးနောက်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Telegram/ CJ

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၂၀ ရက်၊ မြစ်ကြီးနား စီတာပူရပ်ကွက်ပေါ် လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီးနောက်မြင်ကွင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ်ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် မြို့ပေါ်မှာ နေ့စဉ်လိုလို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာတွေဖြစ်နေတယ်လို့ မြို့ခံတချို့ဆီက သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ ည ၁၁ နာရီကျော်ခန့်မှာလည်း မြို့ပေါ်မှာလက်နက်ကြီးကျည်ပေါက်ကွဲ သံတွေကြားခဲ့ရပြီး ကျရာက်တဲ့နေရာတိတိကျကျကိုမသိရဘူးလို့ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"အဲဒီထဲကမှ နှစ်လုံးက တော်တော်ကျယ်တယ်။ အေးစေတီရပ်ကွက်ဘက်ဆို တိုက်ပါ တုန်တယ်" လို့ သူက ဆက်ပြောပါတယ်။

လေယာဉ်ဖြစ်စဉ်တဲ့နေ့ ဖေဖော်ဝါရီ ၂၀ ရက်မနက်အစောပိုင်းတုန်းကလည်း စီတာပူနဲ့ ရွှေညောင်ပင် ရပ်ကွက်တွေပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာမှာ လူထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

စီတာပူရပ်ကွက် အပိုင်း ၄ က နေအိမ်တစ်အိမ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး သားအမိနှစ်ဦးထိရောက်ရခဲ့တယ်လို့ ဒေသတွင်းအခြေစိုက်မီဒီယာတွေကလည်း ဖော်ပြပါတယ်။

ဒါအပြင် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတဝိုက်ကိုလည်း မနေ့ညပိုင်းမှာ စစ်တပ်လေယာဉ်တွေ တောက်လျှောက်ပျံဝဲနေတယ်လို့ ဒေသခံတွေရဲ့လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားဖော်ပြချက် အရရော လေယာဉ်သတင်းဖော်ပြတဲ့ ကင်းထောက်ချန်နယ်တွေအရပါ သိရပါတယ်။

တစ်ညလုံး လေကြောင်းအန္တရာယ် သတိပေးချက်တွေ ဆက်တိုက်ကြေညာနေတယ်လို့ လိုင်ဇာမှာနေထိုင်သူတချို့ က လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားကြတာပါ။

စစ်တပ်ထောက်ခံသူတချို့ကလည်း လိုင်ဇာ အပါအဝင် KIAဌာနချုပ်ရှိရာရဲ့ တပ်မဟာ ၃၊ တပ်မဟာ ၅ လိုင်စင်၊ တပ်မဟာ ၈ နဲ့ တပ်မဟာ ၉ မိုးညှင်း၊ မိုးကောင်းတို့ဘက်ကို စစ်တပ်က လေယာဉ်၊ အသေခံဒရုန်းတွေအပြင် အမြောက်နဲ့ပါ တောက်လျှောက်တိုက်ခိုက်နေတယ်လို့ မနေ့ညပိုင်းမှာ ရေးသားဖော်ပြပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့မေးမြန်းနိုင်ဖို့အတွက် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းတုန်းက မြစ်ကြီးနားလေဆိပ်မှာစိုက်ထားတဲ့ MNA လေယာဉ်ကို FPV အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက လုပ်ဆောင်တာလို့ စစ်တပ်က စွပ်စွဲပြီးနောက် ထိရောက်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်မယ်လို့ဆိုထားပါတယ်။

KIA ဘက်ကတော့ ပြည်သူလုထုစီးနင်းနေတဲ့ လေကြောင်းတွေကို တိုက်ခိုက်ဖို့ မူဝါဒမရှိကြောင်း တုံ့ပြန်ထားပြီး ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်တပ်ထုတ်ပြန်ချက်ကို ငြင်းဆိုထားပါတယ်။

ကမ္ဘောဒီးယားက မဲခေါင်မြစ်ထဲ ဧရာဝတီလင်းပိုင်ငယ် ၁ ကောင် ထပ်မံ မွေးဖွား

လင်းပိုင်ငယ်ကို ဖေဖော်ဝါရီလ ၁၉ ရက်တုန်းက မြင်တွေ့ရတာလို့ဆိုပြီး ကမ္ဘောဒီးယား အာဏာပိုင်တွေ သတင်းထုတ်

ဓာတ်ပုံ ရင်းမြစ်, AKP

ဓာတ်ပုံ ပုံစာ, လင်းပိုင်ငယ်ကို ဖေဖော်ဝါရီလ ၁၉ ရက်တုန်းက မြင်တွေ့ရတာလို့ဆိုပြီး ကမ္ဘောဒီးယား အာဏာပိုင်တွေ သတင်းထုတ်

ကမ္ဘောဒီးယားနိုင်ငံ၊ ခရာတီမြို့ကနေ ၁၅ ကီလိုမီတာခန့်အကွာက မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းတဲ့ ကမ်ပီရွာ ရေပိုင်နက်ထဲမှာ ဧရာဝတီလင်းပိုင်ငယ် ၁ ကောင်ကို ထပ်မံတွေ့ရှိထားတယ်လို့ဆိုပြီး ကမ္ဘောဒီးယားသစ်တော၊ စိုက်ပျိုးရေးနဲ့ ငါးလုပ်ငန်းဌာန(MAFF)က ပြောပါတယ်။

အသစ်တွေ့ရတဲ့ ဧရာဝတီ လင်းပိုင်ငယ်ဟာ ဖေဖော်ဝါရီလ ၁၄ ရက်မှာ မွေးဖွားခဲ့တာလို့လည်း MAFF က ပြောပါတယ်။

သဘာဝ ထိန်သိမ်းရေးနယ်မြေထဲမှာ MAFF နဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့(WWF) အဖွဲ့တို့ ပုံမှန် လေ့လာစောင့်ကြည့်ရေး ပြုလုပ်ချိန် လင်းပိုင်ငယ်ကို ပြီးခဲ့တဲ့သီတင်းပတ်မှာ မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

အခုလို လင်းပိုင်ငယ် တစ်ကောင်ကို ထပ်တွေ့တာကြောင့် ကမ္ဘောဒီးယားမှာ မဲခေါင်မြစ်ထဲ ကျက်စားတဲ့ ဧရာဝတီ လင်းပိုင်အရေအတွက် ၁၁၃ ကောင်အထိ မြင့်တက်လာတယ်လို့ ဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။

အစိုးရ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကမ္ဘောဒီးယားနိုင်ငံတလွှားမှာ ဧရာဝတီ လင်းပိုင် အကောင်ရေ နှစ်စဥ် ၆ ကောင်ကနေ ၈ ကောင်အထိ အကောင်ရေ တိုးပွားလာနေတယ်လို့ ဆိုပါတယ်။

WWF ကမ္ဘောဒီးယားကတော့ မဲခေါင်မြစ်ထဲမှာ ဧရာဝတီ လင်းပိုင်တွေ တွေ့ရှိရတာဟာ မြစ်ကြောရဲ့ ဇီဝမျိုးကွဲ ကျင်လည်ကျက်စားနိုင်တဲ့အခြေအနေ ကောင်းမွန်နေတယ်ဆိုတာကို ပြသနေတာလို့ ပြောထားပါတယ်။

၁၈၆၆ ခုနှစ်မှာ အင်္ဂလိပ်လူမျိုး သဘာဝဗေဒပညာရှင် Sir Richard Owen က ဧရာဝတီမြစ်ထဲမှာ လင်းပိုင်တွေ စတွေ့ခဲ့တယ်လို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးမှတ်တမ်းတွေအရ သိရပါတယ်။

လင်းပိုင်တွေရဲ့ နမူနာတွေကို စမ်းသပ်စစ်ဆေးပြီးနောက်ပိုင်း သိပ္ပံနာမည် (Orcaella brevirostris ) လို့ အမျိုးအစားသတ်မှတ်ပြီး ကမ္ဘာပေါ်က ရေချိုလင်းပိုင်အားလုံးကို ဧရာဝတီလင်းပိုင်လို့ အမည်တွင်ခဲ့တာပါ။

နို့တိုက်သတ္တဝါဖြစ်တဲ့ ဧရာဝတီလင်းပိုင် မျိုးစိတ်တွေကတော့ အာရှတိုက်တောင်ပိုင်းနဲ့ အရှေ့တောင်အာရှက ရေချို၊ ရေချိုနဲ့ ရေငန်စပ် ဒေသတွေမှာ ကျက်စားပါတယ်။

ဒါကြောင့် မဲခေါင်မြစ်ဝှမ်းတလျှောက်က လာအိုနဲ့ ကမ္ဘောဒီးယား၊ ဧရာဝတီမြစ်ရှိတဲ့ မြန်မာ၊ မဟာခန်မြစ်ရှိတဲ့ အင်ဒိုနီးရှားလို ရေချိုမြစ်တွေမှာ ရှိသလို ထိုင်းနိုင်ငံက ‌ရေချို-ရေငန်စပ်နေရာတွေမှာလည်း ရှိနေပါတယ်။

မြန်မာနဲ့ အိမ်နီးချင်း ထိုင်းက လင်းပိုင် ထိန်းသိမ်းရေးအကြောင်းကို မျိုးစိတ်တူပေမဲ့ ကံကြမ္မာမတူတဲ့ မြန်မာ့ ဧရာဝတီလင်းပိုင်တွေ ဆောင်းပါးမှာ ပြန်လည်ဖတ်ရှု နိုင်ပါတယ်။