တူမီးပေါ်က အက်ကြောင်းများ - ချင်းပြည်သူ့ သဘောထား မျက်ကွယ်ပြုခံနေရသလား

ဓာတ်ပုံ ရင်းမြစ်, CDF Mindat
၂၀၂၁ နွေဦးတော်လှန်ရေးကနေ စစ်တပ်ကို ဆန့်ကျင်ခုခံတဲ့လက်နက်ကိုင်အစုအဖွဲ့တွေ ပေါ်ပေါက်လာတဲ့ ချင်းပြည်နယ်မှာ ချင်းလက်နက်ကိုင်တပ်တွေကြား မညီညွတ်မှုအသံတွေက ၂၀၂၄ ခုနှစ်မှာ ပိုပြီး ညံလာပါတယ်။
ချင်းပြည်နယ်မှာ အားကောင်းစပြုလာတဲ့ လူထုအခြေပြုနိုင်ငံရေးအာဏာဟာ မြေပြင်မှာ အမှန်တကယ်လှုပ်ရှားနေတဲ့ နိုင်ငံရေးအစုအဖွဲ့ အများစုရဲ့ သဘောဆန္ဒကို ထင်ဟပ်ဖို့ လိုတယ်လို့ အခုနှစ်ထဲ ထုတ်ခဲ့တဲ့ Institute of Chinland Studies ရဲ့ ချင်းနိုင်ငံရေးအပြောင်းအလဲသုတေသနစာတမ်းကဖော်ပြပါတယ်။
မြေပြင်အဖွဲ့တွေရဲ့ သဘောဆန္ဒမပါတဲ့ လုပ်ဆောင်ချက်တွေက ချင်းတစ်ပြည်နယ်လုံးရဲ့ အကွဲအပြဲကိုသာ ဦးတည်သွားစေမယ်လို့ အဲဒီစာတမ်းက သတိပေးထားပါတယ်။
နိုင်ငံရေး၊ စစ်ရေး စုဖွဲ့မှုတွေမှာ မကျေလည်ကြရာကနေ ချင်းအဖွဲ့အချင်းချင်းပစ်ခတ်မှုတွေ ဦးတည်လာနေချိန်မှာပဲ အခုသတိပေးချက်ထွက်လာတာဖြစ်ပါတယ်။
၂၀၂၄ ဇွန် ၁၈ ရက်က မတူပီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်လှည့်ထားတဲ့ ချင်းလက်နက်ကိုင်တပ် နှစ်ဖွဲ့ ရဲ့ သေနတ်ပြောင်းတွေဟာ အချင်းချင်းကြား ပြန်လှည့်ပြီး အပြန်အလှန်ပစ်ခတ်တာတွေဖြစ်ခဲ့ပါတယ်။
ဒီလိုဖြစ်စဥ်ကြောင့်ပဲ ၁၉၈၈ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့ ချင်းလက်နက်ကိုင်အဖွဲ့ ချင်းအမျိုးသားတပ်ဦး(CNF/CNA) နဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်တော်လှန်ဖို့ ပေါ်ပေါက်လာတဲ့ ချင်းကာကွယ်ရေးတပ်(CDF) မင်းတပ်ပါဝင်တဲ့ ချင်းညီနောင်(Chin Brotherhood)အဖွဲ့တို့ကြား ပဋိပက္ခတွေ ရှိလာပါတယ်။
ဒီနှစ်ဖွဲ့ကြားက အပြန်အလှန် စွပ်စွဲချက်တွေနဲ့ တင်းမာမှုတွေဟာ တွေ့ဆုံဆွေးနွေးဖို့တောင် ညှိနှိုင်းမရတဲ့အခြေအနေမှာရှိခဲ့ပါတယ်။
ဒါကြောင့် မညီညွတ်ခြင်း အကျိုးဆက်ရဲ့ နောက်ဆက်တွဲမှာ ချင်းပြည်သူတွေရဲ့ ဘဝကိုသက်ရောက်မှုတွေ ရှိလာတယ်လို့ ဘီဘီစီက မေးခွင့်ရတဲ့ အရပ်သားတွေနဲ့ ချင်းအကဲခတ်တွေက ပြောပါတယ်။
ဒေသတွင်း နယ်ကျော်ဖြတ်ဖို့တောင် ခက်ခဲနေရတဲ့ချင်းလူထု
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ချင်းတပ် ၂ ခုအကြား ပဋိပက္ခဖြစ်လာချိန်မှာ သက်ဆိုင်ရာထိန်းချုပ်နယ်မြေတွေထဲ ဂိတ်တွေတိုးချလာပြီး မှတ်ပုံတင်နဲ့ ဖုန်းတွေအထိပါ တင်းတင်းကျပ်ကျပ် စစ်ဆေးလာပါတယ်။
“ကျွန်တော်တို့ အရင်က CDF မင်းတပ်ဝတ်စုံနဲ့ဆို ချင်းပြည်ထဲဘယ်နေရာသွားသွား အစစ်အဆေးမရှိဘူး။ အခုတော့ ဝတ်စုံမပြောနဲ့ မင်းတပ်ကဆို CNA နယ်ထဲ သွားလို့အဆင်မပြေတော့ဘူး”လို့ မင်းတပ် CDF တပ်ဖွဲ့ ဝင် ဖြစ်ခဲ့ဖူးတဲ့ ကိုဇလပ်က ပြောပါတယ်။
ချင်းပြည်နယ်ဟာ မြို့နယ် ၉ မြို့နယ် နဲ့ဖွဲ့စည်းထားတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး CNF/CNA က ၈ မြို့နယ်မှာ တပ်ချထားပြီး ချင်းညီနောင်က ၆ မြို့နယ်ကို သူတို့ ထိန်းချုပ်နယ်မြေအဖြစ် ကြေညာထားတာပါ။
ကိုဇလပ်က ချင်းကာကွယ်ရေးတပ်(CDF) မင်းတပ် စတင်ဖွဲ့စည်းတည်းက ပါဝင်ခဲ့ဖူးသူဖြစ်သလို ချင်းနိုင်ငံရေးကို စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။
“အရင်က မကွေးအစပ်နဲ့ ပလက်ဝနယ်စပ်လို စစ်ကောင်စီတွေသွားလာတတ်တဲ့နေရာပဲ ဂိတ်ချတာ။ အခုက မင်းတပ်ထဲမှာတင် ဂိတ်က သုံးလေးခုတိုးလာပြီး တချို့ရဲဘော်တွေက ပြည်သူတွေကို ဆက်ဆံရေး မချေငံတာရှိတယ်။ မလိုအပ်ဘဲ ဂိတ်ချတော့ ရဲဘော်တွေ အင်အားဖြုန်းရာရောက်သလို ပြည်သူတွေလည်း အနှောင့်အယှက်ဖြစ်တယ်”လို့ ကိုဇလပ်ကပြောပါတယ်။
ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ ထန်တလန်၊ ဟားခါး၊ တွန်းဇံတို့ဟာ CNA အားကောင်းတဲ့နယ်မြေဖြစ်ပြီး ပလက်ဝက လွဲရင် ကျန်တဲ့မြို့နယ်တွေမှာလည်း တပ်ချထားတာဖြစ်ပါတယ်။
ချင်းညီနောင်အဖွဲ့ ကတော့ မဟာမိတ်ဖွဲ့ထားတဲ့ အာရက္ခတပ်တော်(အေအေ) သိမ်းထားတဲ့ ပလက်ဝအပါအဝင် မင်းတပ်၊ မတူပီ၊ တီးတိန်၊ ဖလန်း နဲ့ ကန်ပက်လက်တွေကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
မတူပီတိုက်ပွဲကာလအတွင်း ချင်းညီနောင်လွှမ်းမိုးတဲ့မင်းတပ်နဲ့ ယောကနေ CNA နယ်မြေဖြစ်တဲ့ ထန်တလန်ကို အထက်တန်းကျောင်းသားတွေ ကျောင်းပို့ဖို့ သွားခဲ့တဲ့ မင်းတပ်နယ်သား ၅ ဦးနဲ့ ယောနယ်သား ၂ ဦး ဇွန် ၂၂ ရက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်-မင်းတပ်(CDF Mindat) တပ်ဖွဲ့ဝင်ဆိုတဲ့သံသယနဲ့ CNA စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတာပါ။
ဖမ်းဆီးခံခဲ့ရသူတချို့ကတော့ ချင်း ၂ ဖွဲ့ကြားပြဿနာမှာ အာရက္ခတပ်တော် ( အေအေ) လည်းပါဝင်ပတ်သက်နေတယ်လို့ ပြောပါတယ်။
“CNA က ဗိုလ်ကြီးဆိုတဲ့သူ ပြောတာတော့ မတူပီ စစ်တပ်စခန်းကို CNA နဲ့ CB(ချင်းညီနောင်) တူတူတိုက်ကြတယ်တဲ့။ အဲဒီမှာ AA က ရောက်လာတယ်။ စခန်းသိမ်းအပြီး လက်နက်မျှတော့ AA နဲ့ CNA ဗိုလ်ကြီးစကားများပြီး AA ဗိုလ်ကြီးက CNA ကို ပစ်တယ်။ ဒါကိုမခံနိုင်လို့ နှစ်ဖက်ပစ်ကြတော့ CB က AA ဘက်ကပါတယ် ဒါမျိုးပြောတယ်”လို့ ဖမ်းဆီးခံရသူ ကိုဆလိုင်း(အမည်လွှဲ)က ဖမ်းဆီးခံထားရချိန် သူကြားသိခဲ့ရတာကို ပြောပြပါတယ်။
ချင်းပြည်နယ်မှာ အာရက္ခတပ်တော်(အေအေ) ကနေ ဝင်ရောက်တိုက်ခိုက်ပြီး ပလက်ဝကို သိမ်းထားတဲ့အပေါ် CNF/CNA လို ချင်းနိုင်ငံရေးအစုအဖွဲ့တချို့အပြင် ချင်းလူထုဘက်က လက်မခံနိုင်သူတွေရှိနေတာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော်(အေအေ) က ချင်းပြည်နယ်ထဲပါနေတဲ့ ပလက်ဝကို ဝင်တိုက်ပြီး သိမ်းပိုက်ထားတာကို ချင်းအမျိုးသားတပ်ဦး CNF/CNA အပြင် ချင်းလူထုတွေထဲ လက်မခံကြတာလည်းရှိနေပါတယ်။
ချင်းညီနောင် CB ဘက်ကတော့ အာရက္ခတပ်တော်(အေအေ)နဲ့မဟာမိတ် ဖွဲ့စည်းတာဟာ အာဏာရှင် ပြုတ်ကျရေးအတွက် အေအေက ကူညီပေးတာဖြစ်တယ်လို့ သြဂုတ် ၁၅ ရက် သတင်းစာရှင်းလင်းပွဲမှာ CB ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောထားပါတယ်။
"CB နဲ့ AA ကြားမှာ ပြောဆိုထားတာရှိပါတယ်။ ချင်းဒေသကို ချင်းပြည်သူတွေကပဲ ရွေးချယ်အုပ်ချုပ်ရမယ်ဆိုတဲ့ နားလည်မှုရှိပါတယ်။ ပလက်ဝကိုရောင်းစားတဲ့ သဘောတူညီချက်မရှိပါဘူး"လို့ ပြောခဲ့တာပါ။
CNA နဲ့ CB မတူပီတိုက်ပွဲမှာ ထိပ်တိုက်တွေ့နေချိန် ထန်တလန်နယ်ထဲ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဆလိုင်းက တော့ ချင်းလူမျိုးအချင်းချင်း သစ္စာဖောက်လို့ ပြောဆိုခံရတော့ စိတ်ထိခိုက်ခဲ့ရပါတယ်။
“ကျွန်တော်တို့ကို လေးရက်လောက် ၆ ပေါက်(ထိပ်တုံး)ထဲထည့်ထားတာ။ နောက်တော့ ဌာနချုပ်ခေါ်သွားတဲ့ လမ်းမှာရွာတွေဖြတ်တော့ တိုက်ပွဲကျတဲ့သူတွေရဲ့အသုဘရှိတဲ့အိမ်ရှေ့တွေရပ်ပြီး AA နဲ့ CDF မင်းတပ်တွေ ဖမ်းလာတယ်ဆိုပြီး ပြောတယ်။ တချို့ က ကျွန်တော်တို့ကို မင်းတပ်သစ္စာဖောက်တွေ အသားထဲက လောက်ထွက်တဲ့ ကောင်တွေလို့ ပြောကြတယ်”လို့ သူက ပြန်ပြောပြပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသား ၅ ဦးဟာ ချင်းလက်နက်ကိုင်တပ်ဖွဲ့ထဲက မဟုတ်ကြဘဲ အရပ်သားတွေဖြစ်ကြတယ်လို့ ကိုဆလိုင်းက အတည်ပြုပါတယ်။
“ကျွန်တော်က မင်းတပ်မှာ ကလေးတွေကို စာသင်တယ်။ မင်းတပ်မှာက ဒီနှစ်အတန်းကြီးတွေမဖွင့်နိုင်တော့ လမ်းကြောင်းနားလည်တဲ့ ကျွန်တော့်ကို မိဘတွေအကူအညီတောင်းတာနဲ့ လိုက်ပို့ပေးတာ။ အခုကလေးတွေ သွားပြန်ခေါ်ဖို့ဆို မသွားရဲတော့ဘူးလေ”လို့ ကိုဆလိုင်းက ပြောပါတယ်။
ဖမ်းဆီးထားသူတွေပြန်လွှတ်ပေးဖို့ ချင်းအဖွဲ့အစည်းတချို့က CNA ဘက်ကို တောင်းဆိုချက်တွေရှိလာတဲ့အတွက် ကိုဆလိုင်းတို့ ၇ ယောက် အချိန်တစ်ပတ်ဝန်းကျင် ကြာပြီးတဲ့နောက်မှာ ပြန်လွတ်လာခဲ့ပါတယ်။
တပ် ၂ ခုကြား ပြဿနာကြောင့် အရပ်သားတွေဖမ်းဆီးခံရသလို တပ်အင်အားဖြည့်တင်းဖို့အတွက် ဖိအားပေးခေါ်ဆောင်ခံရတာတွေရှိလာပါတယ်။
ချင်းညီနောင်နယ်တစ်ခုဖြစ်တဲ့ မင်းတပ်ထဲမှာ ၂၀၂၄ နှစ်စပိုင်းကစလို့ CDF မင်းတပ်အင်အားဖြည့်တင်းဖို့အတွက် တိုက်နယ်နဲ့ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေဆီကို အိမ်ထောင်စုအရေအတွက်ပေါ်မူတည်ပြီး အချိုးကျ လူငယ်တွေ စေလွှတ်ဖို့ ဖိအားပေးတာတွေရှိတယ်လို့ အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်နေသူတချို့က ဘီဘီစီကို ပြောပါတယ်။
“ဒါက ၂၀၂၃ ကတည်းက ပြည်သူ့ဆက်ဆံရေးအဖွဲ့ကနေ ရွာတွေကို လာရှင်းပြတာရှိတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးတွေဘက်က ခေါ်ပေးဖို့အခက်အခဲရှိတော့ သူတို့(CDF မင်းတပ်)ဘာသာ စစ်ဆေးရေးဂိတ်မှာ ခေါ်သွားတာရှိတယ်” လို့ သူ့ရဲ့တူဖြစ်သူကိုယ်တိုင် စစ်ဆေးရေးဂိတ်မှာ စစ်မှုထမ်းဖို့ခေါ်ခံလိုက်ရတဲ့ မင်းတပ်ဒေသခံအမျိုးသားတစ်ဦးက ရှင်းပြပါတယ်။
သြဂုတ် ၃၁ ရက်တုန်းကလည်း မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၂၊ ဝကောက်ကျေးရွာအုပ်စု၊ ခြုံကျေးရွာမှာ ခြင်းခတ်နေတဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးအပါအဝင် ၅ ဦးကို မင်းတပ် CDFတပ်ရင်း ၂ က ဖိအားပေးပြီး တပ်သားစုဆောင်းဖို့ ခေါ်ဆောင်သွားတယ်လို့ နယ်ခံတစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးအဖွဲ့တွေဘက်က ဒီလိုခေါ်ဆောင်တာမလုပ်ဖို့ တပ်ရင်းဘက်ကို ညှိနှိုင်းခဲ့ပေမယ့် ပြန်လွှတ်ပေးတာမရှိဘူးလို့ ဆိုပါတယ်။
“အသက်မပြည့်သေးတာ ၃ ယောက်လောက်ဖြစ်မယ်။ သူတို့မိသားစုတွေလည်း ခေါ်သွားတာ မသိလိုက်ဘူး” လို့ ပြောပါတယ်။
မင်းတပ်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကတော့ အသက်မပြည့်သေးတဲ့ကျောင်းသားလူငယ်တွေကို ဖိအားပေးတဲ့ပုံစံနဲ့ တပ်သားသစ်စုဆောင်းတာကို လက်မခံဘူးလို့ပြောပါတယ်။
“နိုင်ငံရေးမှာ တဖက်နဲ့တဖက်အမြင်မတူလို့ လမ်းကြောင်းကွဲတာ ဖြစ်နိုင်တယ်။ ဘယ်လိုဖြစ်နေပါစေ စာသင်ရမယ့်အရွယ်ကို လက်နက်မကိုင်ခိုင်းဖို့ ဘယ်အဖွဲ့အစည်းကိုမဆို တောင်းဆိုချင်တယ်။ ကလေးက ပညာမစုံဘဲ လက်နက်ကိုင်ရင် လက်တဲ့စမ်းချင်လာမယ်။ ရမ်းကားချင်လာမယ်။ ရမ်းကားပြီဆို တော်လှန်ရေးလုပ်တာ အလကားပဲလေ’’ လို့ မင်းတပ်မြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကပြောပါတယ်။
ချင်းနွေဦးလမ်း အကွေ့အကောက်တွေနဲ့ မတူပီလမ်းခွဲ

ဓာတ်ပုံ ရင်းမြစ်, Chin Brotherhood
ချင်းညီနောင်နဲ့မဟာမိတ်အဖွဲ့တွေဟာ မတူပီမှာရှိတဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အကြီးဆုံး မတူပီအခြေစိုက် စစ်ဗျူဟာနဲ့ အမှတ် ၁၄၀ ခြေမြန်တပ်ရင်း(ခလရ)ကို သိမ်းဖို့ ဇွန်လအတွင်း တိုက်ပွဲဖော်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ မဟာမိတ်တွေဘက်က အာရက္ခတပ်တော်(အေအေ)နဲ့ ယောအာမီ(Yaw Army) တို့လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဒီလိုကြိုးစားနေချိန်မှာ ချင်းအမျိုးသားတပ်ဦးရဲ့ စစ်ရေးလက်တံ CNA နဲ့လည်း တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ခလရ ၁၄၀ ကို တိုက်ခိုက်နေချိန် ဇွန်လ ၁၇ ရက်မှာ အဲဒီတပ်ရင်းဆီကို ကားနဲ့ဦးတည်လာနေတဲ့ CNA တပ်သားတစ်ဦးကို ချင်းညီနောင်က ထိန်းသိမ်းလိုက်ပါတယ်။
နောက်တစ်ရက် သြဂုတ် ၁၈ရက် မနက်အစောပိုင်းမှာ CNA ဘက်က CB တပ်ချထားတဲ့နေရာကို အလစ်ငိုက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ ခလရ ၁၄၀ သိမ်းယူမယ့်စစ်ဆင်ရေးနှောင့်နှေးခဲ့ရတယ်လို့ ချင်းညီနောင်က ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့CNA ဘက်က ချင်းညီနောင်တပ်ဘက်ကို ဝင်တိုက်ခဲ့သလားဆိုတာကို CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို မေးခွန်းထုတ်ခဲ့ပါတယ်။
CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကတော့ CNA အနေနဲ့ ချင်းညီနောင်ကို တိုက်တာမဟုတ်ဘဲ မဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော်(အေအေ)ကို တိုက်တာဖြစ်တယ်လို့ ဘီဘီစီရဲ့မေးမြန်းချက်ကို ပြန်လည်ဖြေဆိုထားပါတယ်။
“CB နဲ့ ပြဿနာဖြစ်ရတဲ့အကြောင်းအရင်းကတော့ ချင်းပြည်မှာ စကစ ကင်းစင်ရေးနဲ့ ချင်းပြည်အုပ်ချုပ်ရေးတည်ဆောက်မှုမှာ မတူညီတဲ့သဘောထားကြောင့်ပါ” လို့ ဆလိုင်းထက်နီက ဖြေပါတယ်။
ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဟာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီမှာ ခွဲထွက်သွားခဲ့ပါတယ်။ နှစ်မကုန်ခင် အချိန်တိုအတွင်း ချင်းပြည်ကောင်စီ(Chinland Council) နဲ့ ချင်းပြည်အစိုး ရ ( Chinland Government) ဖွဲ့စည်းခဲ့လို့ ICNCC၊ ချင်းညီနောင်နဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ က အသီးသီး ကန့်ကွက်ထားကြတာပါ။
ချင်းညီညွတ်ရေးတည်ဆောက်နေဆဲကာလမှာ ချင်းပြည်အစိုးရ အလျင်စလိုဖွဲ့စည်းတာမလုပ်ဖို့တားခဲ့ကြပါတယ်။
ဒါကြောင့် ချင်းပြည်အစိုးရ ဖွဲ့စည်းပြီးနောက်ပိုင်း ချင်းပြည်သူနဲ့တော်လှန်ရေးအဖွဲ့တွေကြားနဲ့ လက်နက်ကိုင်အဖွဲ့အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲမညီညွတ်တာတွေရှိလာတယ်ဆိုတဲ့ အချက်တွေနဲ့ ICNCC အပါအဝင် ချင်းနိုင်ငံရေး၊ စစ်ရေးအစုအဖွဲ့တွေက ကန့်ကွက်ခဲ့တာပါ။
CNF ဦးဆောင်တဲ့ ချင်းပြည်ကောင်စီရဲ့ဖွဲ့စည်းပုံမှာ လွှတ်တော်ကိုယ်စားလှယ်အချိုးကျပါဝင်မှုနဲ့ မြို့နယ်၊ ဒေသကိုယ်စားလှယ်ပါဝင်တဲ့အချိုးမှာ ၂၀၂၃ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေပါအရေအတွက်ထက် လျော့နည်းနေတာကို ထောက်ပြကြတာလည်းရှိနေဖြစ်ပါတယ်။
“CNF က ချင်းပြည်နယ်မှာ စစ်ရေးလက်တံ တစ်ခုတည်းရှိစေချင်တာဖြစ်ပြီးတော့ ချင်းညီနောင် ဘက်ကတော့ ဗဟိုထိန်းချုပ်တာမခံဘဲ ကိုယ့်ကြမ္မာကို ဖန်တီးမယ်၊ ရပ်တည်မယ်ဆိုတဲ့သဘောဆောင်တယ် ” လို့ ချင်းနိုင်ငံရေး အကဲခတ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ချင်းတပ် ၂ ဖွဲ့ တိုက်ခိုက်ကြတာဟာ ၂၀၂၄ ဇွန်လလယ်လောက်ကနေ ဇူလိုင်လ အစပိုင်းအထိ ပြင်းထန်ခဲ့တာကို ချင်းညီနောင်ရဲ့ထုတ်ပြန်ချက်တွေမှာတွေ့ရပြီး ဒရုန်းနဲ့တိုက်ခိုက်တာတွေလည်း ပါခဲ့တာပါ။
CNA ဘက်က တိုက်ပွဲအတွင်းအကျအဆုံးကို အတိအကျထုတ်ပြန်တာမရှိပေမဲ့ CB ဘက်ကတော့ CDF မင်းတပ် ရဲဘော် ၂ ဦး ကျဆုံးပြီး အများအပြားဒဏ်ရာရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မတူပီကို ခွင့်ယူပြီး ပြန်သွားကြတဲ့ ချင်းညီနောင်အဖွဲ့ဝင် ၅ ဦးကိုလည်း CNA က ဖမ်းဆီးခဲ့တယ်လို့ CB ဘက်က ထုတ်ပြန်တာရှိပါတယ်။
နောက်ထပ် စွပ်စွဲချက်တစ်ခုက CB ရဲ့ သြဂုတ်လအတွင်းလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းမှာ CNA ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းတယ်လို့ မတူပီအခြေစိုက် စစ်ကောင်စီတပ်စခန်းက တပ်ဖွဲ့ဝင်တစ်ဦးရဲ့ပြောဆိုချက်နဲ့ကြေညာခဲ့တာပါ။
ဒီအချက်ကို CNA ဘက်က ငြင်းဆိုပါတယ်။
“တစ်ဖက်သတ်စွပ်စွဲချက်ပါ။ စစ်ကောင်စီနဲ့ပူးပေါင်းသလားဆို နွေဦးတော်လှန်ရေးမှာ CNA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ အနေနဲ့ စကစ စခန်း ၁၅ ခုထက်မနည်းကို သိမ်းယူခဲ့ပြီးပြီ”လို့ ဆလိုင်းထက်နီက ဘီဘီစီကို ဖြေပါတယ်။
ကူကီး၊ ဇိုမီး၊ ချင်းတွေဟာ တအူတုံဆင်း သွေးရင်းတွေလို့ဆိုတဲ့ မီဇိုရမ်က ဖြန်ဖြေရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
တွေ့ဆုံဆွေးနွေးရေးက အဖြေတစ်ခုဖြစ်တယ်လို့ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့အစည်းနှစ်ခုစလုံးက လက်ခံကြပေမယ့် စားပွဲဝိုင်းဆီရောက်ဖို့ ညှိနှိုင်းမရသေးတဲ့အခြေအနေတွေဖြစ်ခဲ့တာပါ။
CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကတော့ ချင်းညီနောင်ဘက်ကို ဆွေးနွေးဖို့ ၃ ကြိမ်ထက်မနည်း ကမ်းလှမ်းခဲ့တယ်လို့ အစောပိုင်းမှာ ဘီဘီစီကိုဖြေပါတယ်။
“ကမ်းလှမ်းတိုင်းမှာ သူတို့တပ်ချတဲ့ နယ်မြေကနေ တပ်တွေရုတ်သိမ်းဖို့စတဲ့အခြေအနေတွေနဲ့အကြောင်းပြန်တာတွေရှိနေတော့ စဉ်းစားရခက်ပါတယ်”လို့ ဆလိုင်းထက်နီက ပြောပါတယ်။
အဖွဲ့နှစ်ခုကြား ကြားဝင်စေ့စပ်ဖို့အတွက် မီဇိုရမ်အစိုးရနဲ့ ဖင်လန်အခြေစိုက် CMI အဖွဲ့တို့က ကြိုးပမ်းခဲ့တာရှိခဲ့ပေမဲ့ အထမမြောက်ခဲ့ပါဘူး။
ဒါပေမဲ့ စက်တင်ဘာလ ၂၁ ရက်မှာတော့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုက်ဇောမြို့မှာ ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း Zoro က ဦးဆောင်ပြီး တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်နိုင်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲကို ချင်းပြည်အစိုးရအဖွဲ့ ၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကြားကာလချင်း အမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)၊ ချင်းညီနောင်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
''ချင်းလက်နက်ကိုင် အဖွဲ့အချင်းချင်း သဘောထားမတိုက်ဆိုင်ရင် အင်အားသုံးဖြေရှင်းတာမလုပ်ဖို့'' အပါအဝင် အချက် ၅ ချက်ကို ကနဦး သဘောတူညီမှုရခဲ့ပါတယ်။
သဘောတူညီချက်အရ နှစ်ဖက်ပြေလည်ဖို့ ဆက်လက်တွေ့ဆုံညှိနှိုင်းတာတွေနဲ့ သင့်မြတ်ရေးကော်မတီတစ်ခုဖွဲ့စည်းတာတွေလည်း ရှိလာမှာဖြစ်ပါတယ်။
''မတွေ့တာထက် တွေ့ဆုံတာကကောင်းပါတယ်'' လို့ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့တဲ့ရလဒ်နဲ့ ပတ်သက်လို့ CNF ပြောခွင့်ရက ဘီဘီစီကို ဖြေပါတယ်။
ချင်းညီနောင်ဘက်ကတော့ ဘီဘီစီကို မှတ်ချက်တစုံတရာပေးတာ မရှိသေးပါဘူး။
ချင်းညီနောင်အတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းဝီလီယံချင်းကတော့ ချင်းညီညွတ်ရေးကို တကယ်လိုလားပြီး လက်တွေ့ကျကျ တန်းတူရေးအပေါ်မှာ အခြေခံပြီးတော့ ညှိနှိုင်းဆောင်ရွက်ဖို့ဆို အဆင်သင့်ပဲလို့ သြဂုတ် ၁၅ ရက်၊ ချင်းညီနောင်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အားလုံးလိုအပ်တဲ့ ဆုံချက်ဘယ်လိုရှာဖွေမလဲဆိုတဲ့အချက်အပေါ် အခြေခံပြီးဆွေးနွေးချင်တယ်လို့ ပြောထားတာပါ။
ချင်းပြည်သူတစ်ဦးဖြစ်တဲ့ ကိုဇလပ်ကတော့ သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြောထားပါတယ်။
“စစ်ကောင်စီကိုတိုက်တဲ့ဘယ်အဖွဲ့ကိုမဆို ထောက်ခံတယ်။ အချင်းချင်းပြန်တိုက်တဲ့ဘယ်အဖွဲ့ကိုမှ မထောက်ခံဘူး။ ချင်းပြည်သူတွေကိုလည်း ဒီပြဿနာအပေါ်မှာ တစ်ဖွဲ့ကိုမုန်းပြီး တစ်ဖွဲ့ကိုယုံကြည်အားကိုးတာမျိုး မလုပ်ကြဘဲ စဉ်းစားစေချင်တယ်” လို့ပြောပါတယ်။
“စစ်တပ်နဲ့တိုက်တာမဟုတ်ဘဲ အချင်းချင်းတိုက်တာဆိုရင်တော့ ကိုယ့်သားကို ပြန်ခေါ်ချင်တယ်”

ဓာတ်ပုံ ရင်းမြစ်, Getty Images
အသက် ၄၈ နှစ်အရွယ် ဒေါ်လေးငြိမ်းကတော့ CDF မင်းတပ် တပ်ဖွဲ့ဝင်တစ်ဦးရဲ့မိခင်ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်တည်းက စစ်ကောင်စီကို လက်နက်ကိုင်တိုက်မယ့်လမ်းကို ရွေးခဲ့တဲ့သားနဲ့ ကွဲကွာခဲ့တာ ၃ နှစ်ကျော် ၄ နှစ်ထဲ ဝင်လာပြီဖြစ်ပြီး တစ်လကို တစ်ကြိမ်ပဲ သူတို့သားအမိ ဖုန်းပြောခွင့်ရတာပါ။
အခုဆို ပုံမှန်ဖုန်းခေါ်နေကျ အချိန်ကိုကျော်ပြီး ဖုန်းအဆက်အသွယ်မရတာတောင် ၃ လ လောက်ရှိလာပြီလို့ သူကပြောပါတယ်။
ဒေါ်လေးငြိမ်းတစ်ယောက် သူ့သားရဲ့ဖုန်းကို စောင့်နေခဲ့တာပါ။
“ကိုယ့်သားနဲ့ ဖုန်းပြောဖြစ်ရင်တော့ ဘယ်လိုတွေဖြစ်နေကြလဲ။ နင်တို့အချင်းချင်း အဲဒီလိုတွေ မဖြစ်နေကြနဲ့လို့ ပြောချင်တယ်” လို့ ပြောပါတယ်။
စစ်ရှောင်နေရလို့ မင်းတပ်မြို့ပေါ်က အိမ်ရှိပစ္စည်းတွေ ခိုးယူခံလိုက်ရပြီး အလုပ်အကိုင်လည်းပုံမှန်မရှိလို့ ကြပ်တည်းနေပေမဲ့ ဝဥစိုက်ခင်းက ရသမျှပိုက်ဆံထဲကနေ သူ့သား တော်လှန်ရေးသမားအတွက် လစဉ် ငွေကြေးထောက်ပံ့ ပေးနေတာပါ။
“အနည်းဆုံးက ငါးသောင်းတစ်သိန်းပဲ။ နောက် သူဝတ်စရာမရှိတော့ဘူး ပြောလာတာတို့၊ ဖုန်းလိုတယ်တို့ ပြောလာရင်လည်း ရှိတဲ့ထဲက ကျွန်မ က ပေးနေတာပဲ”
ဆုံးရှုံးသွားတဲ့ ပိုင်ဆိုင်မှုတွေနဲ့ စစ်ရှောင်ရတဲ့ အခက်အခဲတွေကို စာဖွဲ့မပြောချင်တော့သလို ပေါ့ပေါ့ ပါး ပါးပြောပြနိုင်တဲ့ ဒေါ်လေးငြိမ်းဟာ အခု ချင်းတပ် အချင်းချင်းပြဿနာကိစ္စ အကြောင်းပြောရင်တော့ စိတ်တို ဒေါသထွက်နေပုံပေါ်ပါတယ်။
“မြို့သိမ်းတိုက်ပွဲလည်း အခုအချင်းချင်းချနေတာနဲ့ ကြာနေတယ် ပြောတယ်။ မြို့တွေ မြန်မြန်သိမ်းပြီး ကိုယ့်အိမ်ကို ပြန်ကြ၊ကိုယ့်မိဘ ကိုယ့်ကလေးပြန်ဆုံချင်တာအမှန်ပဲ။ အခုက အာဏာရူးတဲ့စစ်တပ်ကိုတိုက်ရင်း သူတို့ပါ အာဏာရူးကုန်ကြတာလား”လို့ သူ့သဘောထားကို ခပ်ပြတ်ပြတ်ပဲ ပြောပြလာပါတယ်။
ချင်းပြည်နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းကိုထိန်းချုပ်ထားနိုင်တယ်လို့ ပြောထားပေမယ့် စစ်ဖြစ်နေတဲ့ကာလဖြစ်တာကြောင့် လူထုရဲ့ နေထိုင်စားသောက်ရေးလိုအပ်ချက် တွေအတွက် စီမံဆောက်ရွက်နိုင်ခြင်း မရှိသေးပါဘူး။
ပြည်နယ်ရဲ့ ၅၀ ရာခိုင်နှုန်းကျော်က လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိဖို့လိုအပ်ချက်ကပြင်းထန်အဆင့်မှာရှိတယ်လို့ UNOCHA ရဲ့ မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်နဲ့တုံ့ပြန်ရေးစီမံချက် အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဘီဘီစီနဲ့ စကားပြောဖြစ်ခဲ့တဲ့ စစ်ရှောင်နေထိုင်နေရသူတွေကတော့ မြို့သိမ်းတိုက်ပွဲတွေအောင်မြင်ပြီး သူတို့ အိမ်ကို ပြန်ချင်ကြပြီလို့ ပြောကြပါတယ်။
ဒေါ်လေးငြိမ်းကတော့ သူ့သားဖုန်းခေါ်လာတာကို စောင့်နေပြီး ချင်းတပ်ဖွဲ့ချင်းတိုက်တာကို တားမြစ်ဖို့ ကြိုးစားနေပါတယ်။
“ဒီတော်လှန်ရေးကြီးပြီးသွားရင်တောင် အခုလို ချင်းအချင်းချင်းဖြစ်တဲ့ပြဿနာက အမျိုး အချင်းချင်းကြားမှာ တစ်သက်လုံးပြောစရာတွေဖြစ်တော့မှာ”
“ကျွန်မသားကို သူများလုပ်လည်း သူတို့မိဘကို ကျွန်မက ပြောချင်မှာပဲ။ သူတို့လည်း အဲဒီလိုပဲ ပြောချင်ကြမှာ။ စစ်တပ်နဲ့တိုက်တာမဟုတ်ဘဲ အချင်းချင်းတိုက်တာဆိုရင်တော့ ကိုယ့်သားကို ပြန်ခေါ်ချင်တယ်။ ပြောမရရင် ဒီမိဘက ဒီသားကို အမွေဖြတ်တယ်လို့ပဲ ပြောချင်တယ်”














