ဇွန်လ ၁၂ ရက်အတွက် ဘီဘီစီမြန်မာပိုင်း တိုက်ရိုက်တင်ဆက်မှုပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ချင်းပြည်နယ်ထဲမှာ အေအေ က လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ ဘာကြောင့်ပြောတာလဲ
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အေအေ က စစ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့အတူ ကချင်တိုက်ပွဲသတင်းအပါအဝင် ဇွန် ၁၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- ချင်းပြည်နယ်ထဲမှာ အေအေ က လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ ချင်းပြည်ကောင်စီပြော
- အေအေ ဘက်ကဘယ်လိုတုံ့ပြန်ထားလဲ
တိုက်ရိုက် ထုတ်လွှင့်ချက်
စစ်တပ်ဖမ်းထားတဲ့ ဗျိုင်းဖြူရွာသွား ၈၀ ကျော် စစ်တွေထောင်အပို့ခံရ

ဓာတ်ပုံ ရင်းမြစ်, MYINT LWIN/BBC
ဓာတ်ပုံ ပုံစာ, ၂၀၂၀ ခုနှစ် ကိုဗစ်ကာလ စစ်တွေမြို့မှာတွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရခိုင်ပြည်နယ် မြို့တော် စစ်တွေအနီးက ဗျိုင်းဖြူကျေးရွာကနေ စစ်တပ်က ဖမ်းဆီးသွားတဲ့ လူပေါင်း ၈၀ ကျော်ကို မနေ့ ဇွန်လ ၁၁ ရက်မှာ စစ်တပ်က စစ်တွေမြို့ အမှတ် ၂ နယ်မြေရဲစခန်းကို စစ်ကားတွေနဲ့လာပို့သွားပြီးတဲ့နောက် စစ်တွေ ထောင်ကို အပို့ခံလိုက်ရတယ်လို့ ဘီဘီစီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဗျိုင်းဖြူရွာသားတွေကို နှစ်သုတ်ခွဲပြီး စစ်တွေအမှတ် ၂ ရဲစခန်းကို ပို့ခဲ့တာလို့ သိရပါတယ်။
‘’မနေ့ကမနက်ပိုင်းမှာ ပို့တယ်။ နောက်ပြီးတော့ လေးနာရီလောက်မှာ တစ်ဖြတ်ပို့တယ်။ အကုန်လုံး ၈၅ယောက်။ မနေ့တုန်းက လေးယောက် ဆေးရုံကို ရောက်တယ်။ ဒေါ်ဆိတ်မဖြူသားဆိုတဲ့ တစ်ယောက်ဆုံးတယ်။ ဒီနေ့မနက် ၁၀ နာရီပတ်ဝန်းကျင်လောက်က ၈ ယောက်ဆေးရုံကို ရောက်တယ်။ ဆေးရုံမှာတွေ့ရတဲ့လူတွေက နဂိုခန္ဓာ မဟုတ်တော့ဘူးဗျ။ တပိန်ပိန် တချုပ်ချုပ်။ ပြီးတော့ ရိုက်နှက်ဒဏ်ရာတွေလည်းပါတယ်။ လက်တွေမှာလည်း ကြိုးချည်ထားတဲ့ဒဏ်ရာတွေပေါ့ဗျာ။ စကားတောင်မပြောနိုင်ဘူး။ မူးလဲနေကြတယ်’’ လို့ မြေပြင်အခြေအနေသိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီ ရွာသား ၈၅ ဦးကို စစ်တွေအကျဉ်းထောင်မှာ ချုပ်နှောင်ထားပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇၊ ရာဇသတ်ကြီးပုဒ်မတချို့တို့နဲ့ အမှုဖွင့်ထားတယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ ရေးသားနေကြပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဒီအကြောင်းသိရှိနိုင်ဖို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်း ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
အကျဉ်းထောင်ကိုပို့ဆောင် ခံရသူတွေထဲက လူ ၁၂ ဦးဟာ စစ်တွေဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံယူနေကြစဉ် မနေ့က တစ်ဦးသေဆုံးသွားခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။
အခုလို ဖမ်းဆီးခံနေရသူတချို့ အကျဉ်းထောင်ထဲရောက်ရှိလာပြီဖြစ်ပေမယ့် မိသားစုတွေနဲ့တွေ့ခွင့်မရသေးတဲ့အတွက် ဘယ်သူတွေပါဝင်တယ်ဆိုတာ မသိရသလို ဘာကြောင့်အခုလို အမှုဖွင့်အရေးထားတယ်ဆိုတာကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။
ဗျိုင်းဖြူကျေးရွာက ဖမ်းဆီးခံနေရသူတွေဘယ်လောက်ရှိနေတယ်ဆိုတာ တိတိကျကျမသိရပေမယ့် လက်ရှိမှာတော့ ပြန်လွတ်လာသူ ၈၅ ဦး၊ အမှုဖွင့်ခံထားရသူ ၈၅ ဦး ပေါင်း ၁၇၀ ခန့််ရှိနေပြီဖြစ်ကာ နောက်ထပ်လည်း စစ်တပ်လက်ထဲ ရာနဲ့ချီပြီး ကျန်နေသေးတယ်လို့ ခန့်မှန်းကြပါတယ်။
ဒီလူတွေဟာ မေလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်တွေ ဗျိုင်းဖြူကျေးရွာကိုဝင်ရောက်စီးနင်းတဲ့ဖြစ်စဉ်အတွင်း ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်ပါတယ်။
မြဝတီမှာ ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၁ သိန်းနီးပါး ဈေးတက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP
ဓာတ်ပုံ ပုံစာ, မြဝတီမြို့ ဈေးထဲက ဆန်ဆိုင် (ပုံဟောင်း) ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်ထဲက မြဝတီမြို့မှာ မနေ့ ဇွန် ၁၁ ရက်မှာ ဆန်တစ်အိတ်ကို တစ်သိန်းဝန်းကျင် လောက် ဈေးတက်သွားပြီး ဆန်ချောက ဝယ်မရတဲ့ထိဖြစ်ခဲ့တယ်လို့ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ပုံမှန် မြဝတီလက်လီဈေးကွက်မှာ ဆန်ကြမ်းတစ်အိတ်ကို ၁၀၃,၀၀၀ကျပ်ရှိပြီး မနေ့ကတော့ ၂၀၀,၀၀၀ ထိ ဖြစ်သွားတာပါ။
“မနေ့က ဆန်ဆိုင်တွေက ဆန်ပြတ်တာနဲ့ ရန်ကုန်ဘက်က ဆန်ကားအတက်မရှိတာနဲ့ တိုက်ဆိုင်သွားတာပေါ့။ ဒီနေ့တော့ ပုံမှန် ဈေးလောက်နဲ့ပြန်ရပေမဲ့ လမ်းမကောင်းသရွှေ့ ဒီလိုဆက်ဖြစ်နေမှာပဲ” လို့ အဲဒီဒေသခံက ပြောပါတယ်။
မြဝတီကို ရန်ကုန်ဘက်ကုန်ကားတွေတက်လာတဲ့ တောင်တက်လမ်းတွေပျက်နေတာကြောင့် ပုံမှန်အတိုင်းမလာနိုင်တာနဲ့ ကရင်ပြည်နယ်ကို ဆန်ကားအတက်ကို စစ်ကောင်စီဘက်က ကန့်သတ်တာရှိတာကြောင့် အခုလိုဖြစ်နေရတာလို့ ကုန်သွယ် ရေးလုပ်နေသူတစ်ဦး ပြောပါတယ်။
ဆန်လက်ကားဈေးကွက်မှာတော့ ဆန်ကြမ်းတစ်အိတ်ကို ငွေကျပ် ၉၀,၀၀၀ကနေ ၁၀,၈၀၀၀ ဝန်းကျင်ရှိနေတာပြီး ဆန်ချော အမျိုးအစားတချို့ပစ္စည်းရှားနေတာရှိတာပါ။
မြဝတီကို ဆန်၊ ငရုတ်၊ ကြက်သွန်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို ရန်ကုန်ကတဆင့် ပြန်လည်တင်ပို့နေရတာဖြစ်ပါတယ်။
မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းလျော့ကျလာတယ်လို့ ကမ္ဘာ့ဘဏ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ရန်ကုန်မှာ တန်ဖိုးနည်းနေ့လည်စာဝယ်ဖို့ တန်းစီနေသူတွေစီနေသူတွေ(ပုံဟောင်း) လျှပ်စစ်မီးပြတ်တောက်တာ၊အလုပ်သမားစျေးကွက်မှာ လုပ်သားရှားပါးပြတ်လပ် လာတာ၊ ကုန်ထုတ်လုပ်မှုကျဆင်းလာတာတွေကြောင့် မြန်မာ့စီးပွားရေးတိုးတက်နှုန်းအလားအလာနည်းလာမယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့ ဇွန် ၁၂ ရက်ထုတ်ပြန်တဲ့ ကြေညာချက်ကဖော်ပြပါတယ်။
ဒါအပြင် ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်းက မြင့်မားနေဆဲဖြစ်တယ်လို့ဆိုပြီး လူဦးရေ ၇ သန်းလောက် က ဆင်းရဲတွင်းနက်နေတယ်လို့ ဖော်ပြပါတယ်။
မြန်မာရဲ့ GDP ၂ ရာခိုင်နှုန်းတိုးတက်ဖို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာမှာ ကမ္ဘာ့ဘဏ်ကခန့်မှန်းခဲ့ပေမယ့် လက်ရှိအခြေအနေအရ ၂၀၂၅ ခုနှစ်၊ မတ်လအထိ ၁ ရာခိုင်နှုန်းသာတိုးနိုင်ခြေရှိတယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်းထားပါတယ်။
၂၀၂၄ အစောပိုင်းကစလို့ ဆင်းရဲနွမ်းပါးမှုနှုန်းက ၃၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အခုအခြေအနေဟာ ၂၀၁၅ ခုနှစ်မှာ နောက်ဆုံးတွေ့ခဲ့ရတဲ့ အဆင့်ကို ပြန်သွားနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
“ရွှေ့ပြောင်းနေထိုင်တာ၊အလုပ်အကိုင်နဲ့ဝင်ငွေလျော့နည်းဆုံးရှုံးတာတွေကြောင့် အရင်တိုးတက်လက်စ ဆင်းရဲမွဲတေမှုလျှော့ချရေးကလည်းပျောက်ဆုံးသွားပြီလို့” မြန်မာ၊ကမ္ဘော့ဒီးယားနဲ့လာအိုနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ် မာရီယန်ရှာမန်ကပြောပါတယ်။
နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့်လည်း နယ်စပ်ကုန်သွယ်ရေးနဲ့ကုန်စည်စီးဆင်းမှုကိုထိခိုက်တာရှိတယ်လို့ အစီရင်ခံစာမှာဆိုထားပါတယ်။
အရင်ဘဏ္ဍာရေးနှစ် ကာလတူအပိုင်းအခြားနဲ့ယှဉ်ရင် ၂၀၂၄ မတ်လအထိ ၆ လ အတွင်း ပို့ကုန် ၁၃ ရာခိုင်နှုန်းကျဆင်းပြီး သွင်းကုန် ၂၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့လည်း ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အရသိရပါတယ်။
မဏိပူရ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ ၃၈ဦးပြန်ပို့ခံရ

ဓာတ်ပုံ ရင်းမြစ်, N.Biren Singh
ဓာတ်ပုံ ပုံစာ, ဇွန်လ ၁၁ရက်မှာ ဒုတိယတစ်ကြိမ် ပြန်ပို့ခံရတဲ့ထဲက မြန်မာနိုင်ငံသားတွေ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်( မြန်မာ - အိန္ဒိယနယ်စပ်) ထဲမှာ တရားမဝင်နေထိုင်တယ်ဆိုပြီး နိုင်ငံခြားသားထိန်းသိမ်းရေးစင်တာမှာဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို မြန်မာဘက်ခြမ်းကို ပြန်ပို့လိုက်ပါတယ်။
ဇွန် ၁၁ရက် က မိုရေး စစ်ဆေးရေးဂိတ်ကတဆင့် မြန်မာဘက်ခြမ်းကို ပြန်ပို့လိုက်တာလို့ မဏိပူရ်ဝန်ကြီးချုပ် အန်ဘီရမ်ဆင်းက သူ့ရဲ့X(ယခင် twitter)လူမှုကွန်ရက်မှာ ပြော ထားပါတယ်။ ဒါဟာ အခုနှစ်ထဲ ဒုတိယတစ်ကြိမ်ပြန်လွှတ်တာဖြစ်ပြီးတော့ ပြီးခဲ့တဲ့မေလ ၂ရက် တုန်းကလည်း ၃၈ဦး ပြန်ပို့ခဲ့သေးတာမို့ ပြန်လွှတ်ခံရတဲ့သူ ၇၆ ဦးရှိလာတာပါ။
ပြည်နယ်အစိုးရအနေနဲ့ တရားမဝင်ရွှေ့ပြောင်းတွေရဲ့အချက်အလက်ကောက်ယူနေပြီး ပြည်နှင်ဒဏ်ပေးဖို့ဆက် လုပ်သွားမယ်လို့ မဏိပူဝန်ကြီးချုပ်အန် ဘီရမ်ဆင်းကပြောထားပါတယ်။
မဏိပူမှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၅ထောင်ကျော်ရဲ့ အချက်အလက်တွေကို ပြည်နယ်အစိုးရကကောက် ယူထားတာဖြစ်လို့ ဒီလိုကောက်ယူမှုအပေါ်မှာ လူ့အခွင့်အရေးအဖွဲ့တွေဘက်က စိုးရိမ်ချက်တွေရှိနေသလို ဖိအားပေးပြန်ပို့တာမလုပ်ဖို့ တောင်းဆိုနေကြပါတယ်။
တရုတ်က စစ်ကောင်စီကို ကင်းလှည့်ရေယာဉ် ၆ စီးပေးအပ်

ဓာတ်ပုံ ရင်းမြစ်, Chinese Embassy in Myanmar
ဓာတ်ပုံ ပုံစာ, ဇွန်၁၁ရက်နေ့မှာ တရုတ်ကပေးအပ်တဲ့ ရေယာဉ် စစ်ကောင်စီအတွက် ကင်းလှည့်ရေယာဉ် ၆ စီးကို ဇွန် ၁၁ ရက်က ရန်ကုန်မြို့မှာ လွှဲပြောင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
ဒီရေယာဉ်တွေထောက်ပံ့ပေးဖို့အဆိုပြုတာကို ၂၀၁၈ ခုနှစ်တုန်းက NLDအရပ်သားအစိုးရဘက်က စတင်ခဲ့တာဖြစ်ပြီး ၂၀၂၀ခုနှစ်မှာ တရုတ်သမ္မတရှီကျင့်ဖျင်ခရီးစဉ်မှာ သဘောတူလက်မှတ်ရေးထိုးပေးခဲ့တာလို့ တရုတ်သံရုံးကထုတ်ပြန်ချက်က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ရေကြောင်းပို့ဆောင်မှုဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေးနဲ့ရေအရင်းအမြစ်ကာကွယ် အသုံးချမှုလုပ်ငန်းတွေကို အခုပို့လိုက်တဲ့ရေယာဉ်တွေကူညီနိုင်မှာဖြစ်တယ်လို့ပြောထားပါတယ်။
စစ်ကောင်စီဘက်ကလည်း အခုတရုတ်ကကူညီတဲ့ ၂၈ မီတာ ကင်းလှည့်ရေယာဉ် ၂ စီးနဲ့ ၄၈ မီတာ ကင်းလှည့်ရေယာဉ် ၄ စီးတို့ကို ရဲကြောင်းရဲတပ်ဖွဲ့ကအသုံးပြုသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
KIA က ဝိုင်းမော် - ဆဒုံး- ကန်ပိုက်တီလမ်းကြောက စစ်ဗျူဟာကုန်းအပါ စစ်စခန်းဆယ်နဲ့ချီကိုသိမ်းပိုက်, KIA က ဝိုင်းမော် - ဆဒုံး- ကန်ပိုက်တီလမ်းကြောက စစ်ဗျူဟာကုန်းအပါ စစ်စခန်းဆယ်နဲ့ချီကိုသိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, Kachin News Group
ဓာတ်ပုံ ပုံစာ, KIAက သိမ်းထားတဲ့ ဝိုင်းမော် ဆဒုံးကားလမ်းပေါ်က စစ်ကောင်စီစခန်းတစ်ခု ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲ ဝိုင်းမော် - ဆဒုံး - ကန်ပိုက်တီ လမ်းတကြောက စစ်ကောင်စီဗျူဟာကုန်းတချို့အပါအဝင် စစ်စခန်းငယ်တွေနဲ့ ပြည်သူ့စစ်စခန်း ဆယ်ချီကို ကချင်လွတ်လပ်ရေးတပ် - KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဇွန် ၁၁ ရက် တစ်ရက်တည်းမှာပဲ သိမ်းပိုက်လိုက်တယ်လို့ KIAပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။
ဆဒုံး - ကန်ပိုက်တီကားလမ်းကြောက ၁၃မိုင် စုပေါင်းဂိတ်၊ ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်၊ဒိန်ဂါစစ်တပ်စခန်းနဲ့ ဆဒုံးဗျူဟာကုန်းနေရာတွေကို KIAက သိမ်းထားတာလို့ဆိုပါတယ်။
ဝိုင်းမော်-ဆဒုံး - ကန်ပိုက်တီ လမ်းတကြောက ကေအိုင်အေသိမ်းပိုက်ထားတဲ့စခန်းတွေရဲ့ လမ်းပိုင်းတွေကို ပိတ်ထားတာကြောင့် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တီကိုသွားတဲ့ကုန်တင်ကားတွေလည်း တိုက်ပွဲအခြေအနေကြောင့် သွားလာခွင့်ပိတ်ထားတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
“ကန်ပိုက်တီနဲ့အနီးဆုံးမှာ သူတို့စခန်းတွေတော့ကျန်သေးတယ်။လဖိုင်နဲ့ကန်ပိုက်တီကြားပေ့ါ။ ဒီနေ့တော့ ကျွန်တော်တို့ဘက်က ဘယ်ထိရောက်ပြီဆိုတာတော့ သတင်းမရသေးဘူး”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဆဒုံးဒေသခံအချို့ကတော့ အခု ကေအိုင်အေ သိမ်းပိုက်လိုက်တဲ့စခန်းနေရာတွေနဲ့ ကန်ပိုက်တီကုန်သွယ်ရေးဇုန်ဟာ အနည်းဆုံး မိုင် ၂၀ကျော်သာ ဝေးတော့တယ်လို့ ပြောဆိုကြပါတယ်။
မတ်လမှာ စတင်ခဲ့တဲ့ KIAရဲ့ထိုးစစ်အတွင်း စစ်ကောင်စီဘက်က နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ် ကို ဧပြီလအတွင်းဆုံးရှုံးထားရသလို အခုတစ်ခါ ကန်ပိုက်တီဘက်ကို စစ်ရေးဦးတည်လာနေတာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ်ဂိတ်တွေပိတ်ထားချိန်မှာ မြန်မာ-တရုတ်ကုန်သွယ်ရေးအတွက် ကန်ပိုက်တီဂိတ်ကို နယ်စပ်ကုန်သွယ်ရေးအတွက်သုံးနေတာဖြစ်ပါတယ်။
ချင်းပြည်နယ်ထဲမှာ အေအေ က လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ ချင်းပြည်ကောင်စီပြော, အေအေ ဘက်ကဘယ်လိုတုံ့ပြန်ထားလဲ

ဓာတ်ပုံ ရင်းမြစ်, Kyaw Aung
ဓာတ်ပုံ ပုံစာ, ပလက်ဝစစ်ဘေးရှောင်မြင်ကွင်း (ပုံဟောင်း) အာရက္ခတပ်တော် (အေအေ) ဟာ ချင်းပြည်နယ်အတွင်းမှာ စစ်သားစုဆောင်းတာအပါအဝင် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေသလို ပညာသင်ကြားခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်တွေကို ပိတ်ပင်ပြီး အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်နေတယ်လို့ ချင်းပြည်ကောင်စီ က ထုတ်ပြန်ပြောဆိုပါတယ်။
ဒါအပြင် ချင်း မှာ အေအေ က စစ်ရေးဖော်ဆောင်တာတွေကို ရှောင်ရှားပေးဖို့၊ ပြည်သူ့ဆန္ဒမပါတဲ့ အုပ်ချုပ်ရေးဖော်ဆောင်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေက တိုင်းရင်းသား လူမျိုးနွယ်စုတွေကြား ပဋိပက္ခပိုတိုးလာနိုင်တယ်လို့ ဇွန်လ ၁၀ ရက် ထုတ်ပြန်စာမှာဖော်ပြပါတယ်။
အေအေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ကုလားချောင်းကျေးရွာအုပ်စုမှာ တစ်ရွာကို လူဦးရေအချိုးကျ စစ်မှုထမ်းရမယ့်အကြောင်း အေအေနယ်မြေမှူးက အစည်းအဝေးပြုလုပ်ကာ ပြောဆိုခဲ့တယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။
ပထမအကြိမ်အစည်းအဝေးမှာတော့ အသက် ၁၈ ကနေ ၄၅ နှစ်အတွင်း အမျိုးသားတွေ စစ်မှုထမ်းရမယ်လို့ အေအေက သတ်မှတ်ထားပြီး နောက်တစ်ကြိမ်အစည်းအဝေးမှာတော့ စစ်မှုထမ်းရမယ့်အသက်အရွယ်ကို အသက် ၅၀ နှစ်ကို ပြောင်းလဲသတ်မှတ်ထားတဲ့အကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြည်သူတွေရွေးချယ်တာမဟုတ်တာကို အတင်းအကျပ်လုပ်ခိုင်းတော့ ကျေးရွာတွေမှာမနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်တဲ့သူတွေ အင်မတန်များလာတယ်” လို့ ချင်းပြည်ကောင်စီအတွင်းရေးမှူး လည်းဖြစ်၊ ပလက်ဝကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူး လည်းဖြစ်တဲ့ ဆလိုင်းပေါလ် က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA info desk
ဓာတ်ပုံ ပုံစာ, ရခိုင်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝ ကို အေအေ ထိန်းချုပ် ဒါပေမဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)အပါအဝင် အဖွဲ့ (၆) ဖွဲ့ရဲ့ ဇွန်လ ၈ ရက်သဘောထားထုတ်ချက်ပြန်မှာတော့ အေအေ နဲ့ လက်တွဲပြီး ဆက်တိုက်ပွဲဝင်မယ်လို့ ဆိုပါတယ်။
အေအေ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ အေအေဟာ အတင်းအဓမ္မ စစ်သားစုဆောင်းစရာမလိုတဲ့အဖွဲအစည်းဖြစ်ပြီး အဲဒီလို စစ်သားစုဆောင်းတာလည်း မရှိဘူးလို ဇွန် ၈ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ထားပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အေအေ က စစ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့အတူ ကချင်တိုက်ပွဲသတင်းအပါအဝင် ဇွန် ၁၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဗီဒီယို ပုံစာ, တရုတ်သံအမတ်နဲ့အဖွဲ့ ရခိုင်ပြည်နယ်က တရုတ်စီမံကိန်းတွေဆီ သွားရောက်

