ချင်းတောင်တန်းပေါ်က တိုက်ပွဲများ

ဓာတ်ပုံ ရင်းမြစ်, CJ
အောက်တိုဘာလ ၁၀ ရက်နေ့လောက်ကတည်းက စစ်ကောင်စီတပ်တွေ စစ်အင်အားတွေတိုးချဲ့ပြီး ကားအစီးအရေအများအပြားနဲ့ စစ်ကြောင်းချီနေတဲ့ ချင်းတောင်တန်းမှာ အောက်တိုဘာလ ၁၄ ရက်နေ့မှာလည်း ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်လောက် ကတည်းကစလို့ စစ်ကိုင်းတိုင်း ကလေးမြို့ ကနေ ဖလမ်း၊ ဟားခါးပြေးဆွဲတဲ့ ကားလိုင်းတွေ ပိတ်နေတယ်လို့ ကလေးမြို့ခံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ မိုင် ၃၀ ကျော်ဝေးတဲ့ ချင်းပြည်နယ် တီးတိန်မြို့အပါအ၀င် ဖလမ်းမြို့တွေဘက်ကို ခရီးသွားလာတာတွေ မလုပ်ကြဖို့ ဒေသခံ ချင်းPDF Zoland က အောက်တိုဘာလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
အဲ့ဒီမြို့တွေကနေပြီးတော့လည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို လာရောက်တာတွေ မလုပ်ကြဖို့ကိုလည်း သတိပေးထုတ်ပြန်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အောက်တိုဘာ ၉ ရက် မနက်ပိုင်းက ကလေးမြို့ကနေ သံချပ်ကာ ၂ စီးနဲ့ စစ်ကား အကြီး ၁၄ စီးဟာ ချင်းပြည်နယ်ကို တက်သွားပြီး ည ၇ နာရီလောက်မှာ တီးတိန်မြို့ထဲ ဝင်လာကြတယ်လို့ ဒေသ သတင်းတွေအရ သိရပါတယ်။
စစ်ကောင်စီကားတွေ အောက်တိုဘာ ၉ ရက်က တီးတိန်ဘက်ကို တက်သွားတဲ့ချိန်မှာ ကလေး၊ တီးတိန် ကားလမ်းဘေးက ဟိန်ဇိန်ရွာနဲ့ သိုင်းငင်းရွာတွေက အိမ်တချိုကို ဖောက်ပြီး ပစ္စည်းတွေခိုးယူကြတယ်ဆိုတဲ့ စွပ်စွဲမှုတွေရှိပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဆက်သွယ် အတည်ပြုနိုင်တာမျိုးလည်း မရှိသေးပါဘူး။
အောက်တိုဘာ ၈ ရက် က စစ်ကောင်စီတပ် ယာဉ်တန်းတွေဟာ ဂန့်ဂေါ-ကလေးလမ်းကနေ ကလေးမြို့ကို ရောက်လာပြီး ချင်းတောင်တန်းတွေဘက်ကို တက်ဖို့ရောက်လာခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေ ချင်းပြည်နယ်ထဲ အခုလို အင်အားတိုးချဲ့ခဲ့တဲ့နောက် ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်လာနေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီကနေ့ အောက်တိုဘာ ၁၄ မနက်မှာတော့ ဖလမ်း-ဟားခါးလမ်းပေါ်မှာ နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့ပြီး နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်ဟာ အခုအချိန်ဟာ စပါးရိတ်သိမ်းတဲ့ အချိန်ဖြစ်လို့ အခုလိုတပ်တွေ အင်အားတိုးချလာလို့ အချို့ဒေသခံတွေ ကြောက်ရွံ့ပြီး ပုန်းရှောင်နေရကာ စပါးရိတ်ဖို့ကို ပစ်ထားရတယ်လို့ ချင်းဒေသခံနိုင်ငံရေး သမားတစ်ဦးကပြောပါတယ်။
ချင်းတောင်မှာရှိတဲ့ ဒေသလက်နက်ကိုင်တွေကို စစ်ကောင်စီက တစ်ပတ်၊နှစ်ပတ်အတွင်း ရှင်းမယ်ဆိုတဲ့ စကားကလည်း ချင်းတောင်မှာပျံ့နှံ့နေပြီး ချင်းတောင်က လက်နက်ကိုင် အဖွဲ့တွေက ပြန်တိုက်မှာဖြစ်လို့ အဲ့ဒီလို တစ်ပတ်၊ နှစ်ပတ်အတွင်း ရှင်းလို့ရနိုင်မယ် မထင်ကြောင်းလည်း သူက ပြောပါတယ်။
ချင်းလူမျိုးတွေ နိုင်ငံရေးသမိုင်းမှာ အမျိုးသားရေးစိတ်ဓာတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်က ရေချိန်အမြင့်မားဆုံးဖြစ်နေတော့ ဖိလေလေ အင်အားတိုးလေလေ ဖြစ်မှာပဲလို့သူက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အောက်တိုဘာ ၁၃ ရက်နေ့ ညပိုင်းကစလို့ ဖလမ်း၊ ဟားခါးလမ်းမပေါ်မှာရှိတဲ့ ရီရယ်သီးကျေးရွာထဲက ဘုရားကျောင်းနဲ့ လူနေအိမ်တချို့ကို စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးခဲ့သလို ဒီကနေ့ အောက်တိုဘာ ၁၄ မနက်ပိုင်းမှာလည်း ထလန်ရော်ကျေးရွာအနီးမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။
ရွာထဲကနေအိမ် ၄ လုံးလောက်ကို တိုက်ပွဲ မဖြစ်ခင်မီးရှို့တယ်၊ တိုက်ပွဲနာရီဝက်လောက်ဖြစ်ပြီး မီးထပ်ရှို့တယ်၊ စုစုပေါင်း ၁၂ အိမ် မီးလောင်သွားပြီးလို့ ရွာမီးရှိုခံခဲ့တဲ့ အခြေအနေတွေကို ရွာသားတစ်ဦးက ပြောပြပါတယ်။
ဖလမ်းမြို့နဲ့ ၁၀ မိုင်လောက်အကွာမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အနီးတစ်ဝိုက်က ကျေးရွာပေါင်း ၉ ရွာလောက် စစ်ဘေးတိမ်းရှောင်ကြသလို ဖလမ်းမြိုပေါ်မှာလည်း လူနေအိမ်တွေအပြင်ဘက်ကို မထွက်ရဲတဲ့အခြေအနေတွေ ဖြစ်နေပြီး မြို့ဟာ ခြောက်ကပ် တိတ်ဆိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အခုရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ စစ်အင်အား တိုးချဲ့တဲ့အခြေအနေတွေနဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် ဟားခါးမြို့ပေါ်ကဒေသခံတချို့လည်း နီးစပ်ရာ ကျေးရွာတွေကို တိမ်းရှောင်တာ စစ်ဘေးရှောင်စခန်းတွေလည်း စတင်ပြင်တာတွေ ရှိလာတယ်လို ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်မှုတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်ထဲကို အောက်တိုဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီက ပစ်မှတ်ထား ချေမှုန်းဖို့လုပ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
ဒါကြောင့် အခုရက်ပိုင်းအတွင်း ချင်းပြည်နယ်ထဲက စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ချင်းကာကွယ်ရေးတပ်တွေကို စစ်ကောင်စီက ချေမှုန်းဖို့ပြင်နေကြောင်းနဲ့ ချင်းကာကွယ်ရေးတပ်တွေက တော့ ပြန်လည်တုံ့ပြန်ဖို့ရှိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။
ချင်းပြည်နယ်ထဲ ဖလမ်းနဲ့ဟားခါးအပြင် မင်းတပ်မြို့ဒေသခံတွေဟာလည်း စစ်ဘေးတိမ်းရှောင်နေရသလို ထန်တလန်မြို့မှာဆိုရင်လည်း စက်တင်ဘာလအတွင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း မြို့လုံးကျွတ် စွန့်ခွာထွက်ပြေးရမှုတွေ ရှိခဲ့ပါတယ်။








