တိုက်ရိုက်ထုတ်လွှင့်မှု, ပါကစ္စတန်-အာဖဂန်နစ္စတန်စစ်ရေး၊ ကဘူးနဲ့ ကန်ဒါဟာမြို့တွေ လေကြောင်းတိုက်ခိုက်ခံရ

အာဖဂန်နစ္စတန်၊ ကဘူးနဲ့ ကန်ဒါဟာမြို့တွေကို ပါကစ္စတန်ကလေကြောင်းက တိုက်ခိုက်နေပြီး ဘယ်လိုရန်လိုကျူးကျော်မှုကိုမဆိုရှင်းလင်းနိုင်စွမ်းရှိနေတယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ပြောတဲ့သတင်းအပါအဝင် ဖေဖော်ဝါရီ ၂၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံအကြား အာကာသနည်းပညာ ပူးပေါင်းတာတွေ တိုးမြှင့်ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံပိုင် "Roscosmos" ကော်ပရေးရှင်း အထွေထွေညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံ ဆွေးနွေး
  • ပါကစ္စတန်က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးနဲ့ ကန်ဒါဟာမြို့တွေကို လေကြောင်းက တိုက်ခိုက်နေပြီး အာဖဂန်တာလီဘန်တွေကလည်း နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေကိုတိုးမြှင့်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လားရှိုးနဲ့ နမ္မတူကြား အီနိုင်းတံတားပေါ် ကုန်စည်ဖြတ်သန်းခွင့် ကိုးကန့်တပ်ပိတ်

    TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီက စီမံခန့်ခွဲမှုသင်တန်း ကွင်းဆင်းလေ့လာကြတဲ့ MNDAA တပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, The Kokang

    ဓာတ်ပုံ ပုံစာ, TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီက စီမံခန့်ခွဲမှုသင်တန်း ကွင်းဆင်းလေ့လာကြတဲ့ MNDAA တပ်ဖွဲ့ဝင်တွေ

    လားရှိုးမြို့နယ်နဲ့ နမ္မတူမြို့နယ်အကြား ကုန်စည်စီးဆင်းရေးအတွက် အရေးပါတဲ့ အီနိုင်းတံတားကို ကိုးကန့်တပ်-MNDAA က ဖေဖော်ဝါရီ ၂၆ ရက်ကစပြီး ကုန်စည်သယ်ယူခွင့် ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    လူမှုကွန်ရက်မှာ တွေ့ရတဲ့ ရုပ်သံမှတ်တမ်းအရ အီနိုင်းတံတားနားကို ဖြတ်သန်းခွင့်မရလို့ ရပ်စောင့်နေရတဲ့ ကားတွေ စီတန်းနေတာကိုလည်း တွေ့ရပါတယ်။

    “ဘာပစ္စည်းမှ မပါဘဲ လူချည်းပဲပါရင် ပေးဖြတ်တယ်၊ ဆိုင်ကယ်သွားလို့ရတယ်၊ ကုန်တွေပါရင်မရဘူး၊ ရေသန့်ကားတောင် ပေးမဖြတ်တော့ဘူး။ ကုန်ကားတချို့ကတော့ ပြန်လှည့်တာပေါ့၊ တချို့ကတော့ ရပ်စောင့်နေကြတုန်းပဲ”လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    အာဏာသိမ်းစစ်တပ်ကို တော်လှန်ဖို့အတွက် ဖွဲ့စည်းခဲ့တဲ့ မဟာမိတ်ညီနောင် ၃ ဖွဲ့ထဲက ကိုးကန့်တပ်-MNDAA နဲ့ တအာင်းတပ်-TNLA တို့ဟာ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ တင်းမာမှု၊ မကျေလည်မှုတွေ ဖြစ်နေတာ ၂ ပတ်လောက်ကြာပါပြီ။

    ကိုးကန့်ထိန်းချုပ်တဲ့ လားရှိုးမြို့နယ်ထဲကနေ တအာင်းတပ် ထိန်းချုပ်တဲ့ နမ္မတူမြို့နယ်ထဲ စက်သုံးဆီ စီးဆင်းမှုတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကစလို့ MNDAA က ပိတ်ဆို့ထားတာကနေ ဖေဖော်ဝါရီ ၂၆ မှာတော့ ကုန်စည်တွေကိုပါ ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။

    ကုန်စည်စီးဆင်းမှုနဲ့ စက်သုံးဆီတွေ သွားလာခွင့် ပိတ်ထားတာနဲ့ ပတ်သက်ပြီး MNDAA-ကိုးကန့်တပ်ကို ဆက်သွယ်မေးမြန်းထားပေမဲ့ မဖြေသေးပါဘူး။

    ကိုးကန့်တပ်နဲ့ တအောင်းတပ်တွေကြား တင်းမာမှုတွေဖြစ်ပြီး တဖက်နဲ့တဖက် ဖမ်းဆီးထိန်းသိမ်းတာ၊ ရန်လိုမှု အပြုအမူတွေ ဖြစ်ပွားနေတာအပြင် လူထုတွေကို ဖြတ်သန်းသွားလာခွင့် ကန့်သတ်တာ၊ ကုန်စည်စီးဆင်းမှု ပိတ်ဆို့တာတွေဖြစ်နေတယ်လို့လည်း တအာင်းအရပ်ဖက် အဖွဲ့တွေက ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

  2. ဖောင်းပြင်- ဟော်ဇောင်းရွာကို နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ, ခရီးသွား ၃၀ ဝန်းကျင်ဒဏ်ရာရ

    လေကြောင်းဗုံးကြဲခံရတဲ့နေရာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လေကြောင်းဗုံးကြဲခံရတဲ့နေရာ

    ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ထဲက ဟော်ဇောင်းရွာကို ဖေဖော်ဝါရီ ၂၆ နဲ့ ၂၇ ရက်မှာ နှစ်ရက်ဆက်တိုက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတယ်လို့ မော်လိုက်ခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

    စစ်တပ်ရဲ့ ဂျက်ဖိုက်တာနဲ့ ၁၈ ကြိမ် ၊ Y-12 နဲ့ ၂ ကြိမ် ၊ ဂျိုင်ရိုကော်ပတာနဲ့ ၃ ကြိမ် ဗုံးကြဲတာကြောင့် ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ဝန်းကျင် ရှိတယ်လို့လည်း သိရပါတယ်။

    ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းနဲ့ ဖေဖော်ဝါရီ ၂၇ ရက် မနက် ၃ နာရီဝန်းကျင်တွေမှာ လေကြောင်းဗုံးကြဲတာလို့ မော်လိုက်ခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူကပြောပါတယ်။

    ဟော်ဇောင်းရွာဟာ ပင်လည်ဘူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကားလမ်းဘေးမှာရှိသလို ထမင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေရှိတာကြောင့် မန္တလေးဘက်ကနေလာတဲ့ ခရီးသွားတွေ ခရီးတထောက်နားတဲ့ နေရာလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အဲဒီနေရာမှာ အရင်ကတော့ တော်လှန်ရေးအဖွဲ့တွေ သင်တန်းပေးခဲ့ဖူးတာရှိတယ်လို့လည်း သိရပါတယ်။

    “ဒေသခံတွေကိုတော့ ကြိုရှောင်ခိုင်းထားလို့ ရှောင်နေကြပြီ။ အခု အထိအခိုက်ထဲမှာက ကားလမ်းပေါ် သွားလာနေတဲ့ ကားသမားတွေနဲ့ ခရီးသွားပြည်သူတွေ များလိမ့်မယ်”လို့ မော်လိုက်ခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

    ဖောင်းပြင်မြို့နယ်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အားကောင်းတဲ့နေရာဖြစ်သလို စီးပွားရေး ကောင်းမွန်တဲ့နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။

  3. အသက်မပြည့်သူတွေ စစ်မှုထမ်းဆင့်ခေါ် တဲ့အထဲပါနေတယ်လို့ ကာကွယ်ရေးဝန်ကြီးပြော

    စစ်မှုထမ်းသင်တန်းမှာရှိနေတဲ့ လူငယ်တွေ

    ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရမ်

    ဓာတ်ပုံ ပုံစာ, စစ်မှုထမ်းသင်တန်းမှာရှိနေတဲ့ လူငယ်တွေ

    စစ်မှုထမ်းဖို့ခေါ်ထားသူတွေကို လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို မပို့မီစုရပ်တွေမှာ စိစစ်တဲ့အခါ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေတွေ့ရတယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး မောင်မောင်အေးက မနေ့က နေပြည်တော်မှာ ပြောလိုက်ပါတယ်။

    စစ်မှုထမ်းအသက်ထဲ အကျုံးဝင်သူတွေကို ဆင့်ခေါ်တဲ့အခါမှာ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေအနေနဲ့ ငွေကြေးဆိုင်ရာ မသမာတာတွေ မဖြစ်အောင် စိစစ်ကြပ်မတ်ဖို့ လိုအပ်တယ်လို့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောပါတယ်။

    စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့လည်းဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၂၆ ရက်မျာ ကျင်းပတဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ ပြောတာပါ။

    မြို့နယ်၊ ရပ်ကွက်/ကျေးရွာ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအနေနဲ့ လူမှုဆက်ဆံရေးကောင်းမွန်ဖို့ လိုအပ်သလို စစ်မှုထမ်းဆင့်ခေါ်ဖို့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ဖို့အတွက် အဆင့်ဆင့် ကြပ်မတ်ပေးဖို့လည်း ပြောပါတယ်။

    ဒါ့အပြင် ဥပဒေကို လက်တလုံးခြား အသုံးချပြီး မတရားလုပ်တဲ့ ကြားခံလူတွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

    စစ်မှုထမ်းသင်တန်းကျောင်းကို မပို့ခင် စုရပ်တွေမှာ စိစစ်တဲ့အခါမှာလည်း စစ်မှုထမ်းသက် ကျော်လွန်သူတွေ၊ အသက်မပြည့်သေးသူတွေ ပါဝင်လာတာကြောင့် ပြန်လွှတ်လိုက်ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

    လုပ်ထုံးလုပ်နည်းအတိုင်း အမှန်တကယ် ဆောင်ရွက်နေတဲ့ ရပ်ကျေးအဖွဲ့ဝင်တွေကို မမှန်သတင်းတွေနဲ့ တိုင်ကြားသူတွေကိုလည်း ဖော်ထုတ်အရေးယူဖို့ကိုလည်း ပြောပါတယ်။

    ဘီဘီစီက ဆက်သွယ်မေးမြန်းဖြစ်တဲ့ စစ်မှုထမ်းမှာ အသက်အကျုံးဝင်သူ မိသားစုဝင်တွေကတော့ ရပ်ကျေးအဖွဲ့ဝင်တွေကို အပတ်စဉ်အလိုက် သတ်မှတ်ထားတဲ့ ငွေကြေးတွေ ပေးဆောင်ရတယ်လို့လည်း သိရပါတယ်။

    စစ်မှုထမ်းမှာ ပါသွားတဲ့ တချို့ လူငယ်တွေရဲ့ မိဘတွေရဲ့ ပြောပြချက်အရ သူတို့သားတွေဟာ အလုပ်အပြန်၊ အပြင်သွားလာနေချိန်တွေမှာ လူတချို့က လိမ်လည်ခေါ်ဆောင်သွားကြပြီးနောက် စစ်မှုထမ်းထဲ ရောက်သွားကြတာလို့လည်း သိရပါတယ်။

    စစ်မှုထမ်း အမှတ်စဉ် ၁ ကို ၂၀၂၄ ခုနှစ် ဧပြီမှာ စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၁ ရှိနေပြီဖြစ်ပါတယ်။

  4. ပါကစ္စတန်-အာဖဂန်နစ္စတန်စစ်ရေး, ကဘူးနဲ့ ကန်ဒါဟာမြို့တွေ လေကြောင်းတိုက်ခိုက်ခံရ

    အာဖဂန်နစ္စတန် - ပါကစ္စတန်နယ်စပ်က တိုခမ်း နယ်စပ်ဂိတ်အနီးမှာ ကင်းလှည့်နေတဲ့ တာလီဘန်တွေကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ရစဥ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အာဖဂန်နစ္စတန် - ပါကစ္စတန်နယ်စပ်က တိုခမ်း နယ်စပ်ဂိတ်အနီးမှာ ကင်းလှည့်နေတဲ့ တာလီဘန်တွေကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ရစဥ်။

    ပါကစ္စတန်ကအာဖဂန်နစ္စတန် ကဘူးနဲ့ ကန်ဒါဟာမြို့တွေကို လေကြောင်းက တိုက်ခိုက်နေပြီး အာဖဂန်တာလီဘန်တွေကလည်း နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေကိုတိုးမြှင့်ပြုလုပ်နေပါတယ်။ဘယ်လိုရန်လိုကျူးကျော်မှုကိုမဆိုရှင်းလင်းနိုင်စွမ်းရှိနေတယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘက် ရှာရစ်က ပြောပါတယ်။

    အမိမြေကာကွယ်ရေးအတွက်အလျှော့အတင်းလုပ်မှာမဟုတ်ဘဲရန်လိုမှုတိုင်းကို တူညီတဲ့တုံ့ပြန်မှုနဲ့ ရင်ဆိုင်မယ် လို့ သူက ပါကစ္စတန်အစိုးရရဲ့ အိပ်စ်လူမှုမီဒီယာအကောင့်မှာရေးသားခဲ့ပါတယ်။

    ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ဟာ ကီလိုမီတာ ၂၆၀၀ (၁၆၁၅ မိုင်) ခန့် နယ်စပ်ချင်းထိစပ်နေပါတယ်။

    ပါကစ္စတန်ဟာကဘူး၊ ကန်ဒါဟာနဲ့ ပတ်တီကာမြို့တွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

    ပါကစ္စတန်ဟာလက်ရှိမှာတော့ အာဖဂန်တာလီဘန်စစ်ရေးဆိုင်ရာစခန်း၂၇ ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး နောက်ထပ်နေရာကိုးခုကို သိမ်းပိုက်ထားနိုင်တယ်လို့ ဝန်ကြီးချုပ်ပြောခွင့်ရှိသူမိုရှာရက် ဇိုင်ဒီက ပြောပါတယ်။

    ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်အပျက်အစီးအနီးမှာ တာလီဘန်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဖေဖော်၀ါရီ ၂၂ ရက်က တွေ့ရစဥ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်အပျက်အစီးအနီးမှာ တာလီဘန်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဖေဖော်၀ါရီ ၂၂ ရက်က တွေ့ရစဥ်။

    ဒါ့အပြင်ပါကစ္စတန်ဟာ အာဖဂန်တာလီဘန်တွေရဲ့ သံချပ်ကာယာဉ်၊ လက်နက်ကြီးနဲ့ လက်နက်တပ်ဆင်လူတင်ယာဉ်အစီး ၈၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်တယ်လို့သူကပြောပါတယ်။ ကြာသပတေးနေ့ညမှာ ပါကစ္စတန်စစ်ကင်းစခန်း ၁၉ ခု၊ အခြေစိုက်စခန်းနှစ်ခုတို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးပါကစ္စတန်စစ်သည် ၅၅ ဦးသေဆုံးခဲ့ပြီးဖြစ်တယ်လို့ တာလီဘန်ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ပါကစ္စတန်တပ်တွေလက်ချက်ကြောင့်တာလီဘန် ၁၃၃ ဦးသေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ပြောခွင့်ရှိသူမိုရှာရက် ဇိုင်ဒီကပြောဆိုခဲ့ပါတယ်။

    ပါကစ္စတန်ရဲ့နောက်ဆုံးလေကြောင်းတိုက်ခိုက်မှုတွေကြောင့်တာလီဘန်ဘက်က သေဆုံးသူမရှိခဲ့ဘူးလို့ အာဖဂန်တာလီဘန်တွေရဲ့ပြောခွင့်ရှိသူဇာဘီဟူလာ မူဂျာဟစ်ကပြောပါတယ်။

    ဒီလိုရန်လိုမှုတွေအတွင်းမှာနှစ်ဖက်စလုံးက အခြားတစ်ဖက်မှာထိခိုက်သေဆုံးမှုတွေရှိတယ်လို့ပြောတတ်ပေမဲ့ ထိခိုက်သေဆုံးမှုစာရင်းကို အတည်ပြုဖို့ ခက်ခဲပါတယ်။

    ပါကစ္စတန်နဲ့အာဖဂန်တပ်တွေကြား အရင်က ထိပ်တိုက်ဆုံမှုတွေမှာလိုပဲနှစ်ဖက်စလုံးက အခြားတစ်ဖက်ကို ဦးဆုံးစတင်တိုက်ခိုက်တာလို့စွပ်စွဲနေကျဖြစ်ပါတယ်။

    အာဖဂန်ဘက်ကဦးဆုံးစတင်တိုက်ခိုက်ခဲ့လို့တန်ပြန်တိုက်ခိုက်မှုအဖြစ်ကဘူးနဲ့ ကန်ဒါဟာမြို့တွေကို တိုက်ခိုက်ခဲ့တယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက သောကြာနေ့မှာ ပြောပါတယ်။

    အခုအပတ်အစောပိုင်းမှာပါကစ္စတန်ဘက်က တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အင်အားကြီးမားတဲ့ စစ်ဆင်ရေးကို ပြုလုပ်ခဲ့ရတာဖြစ်တယ်လို့ အာဖဂန်တာလီဘန်တွေက ပြောခဲ့ပါတယ်။

  5. ရုရှားနဲ့ မြန်မာကြား အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်

    ၂၀၂၂ ခုနှစ်က စစ်ခေါင်းဆောင်နဲ့အဖွဲ့ Vostochny Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်းသို့ သွားရောက်လေ့လာခဲ့

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ်က စစ်ခေါင်းဆောင်နဲ့အဖွဲ့ Vostochny Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်းသို့ သွားရောက်လေ့လာခဲ့

    မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံအကြား အာကာသနည်းပညာ ပူးပေါင်းတာတွေ တိုးမြှင့်ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံပိုင် “Roscosmos” ကော်ပရေးရှင်း အထွေထွေညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံဆွေးနွေးတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၆ ရက် တုန်းက ရုရှားနိုင်ငံကို အလုပ်သဘော ခရီးရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနဲ့ရုရှားအကြား ပြင်ပအာကာသ စူးစမ်းလေ့လာရေး ပူးပေါင်းဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တာပါ။

    သဘောတူ လက်မှတ်ရေးထိုးပြီး တစ်နှစ်ပြည့်တဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

    အာကာသနည်းပညာအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် “Roscosmos” ကော်ပိုရေးရှင်းနဲ့ မြန်မာအာကာသ အေဂျင်စီတွေအကြား ပူးပေါင်းဆောင်ရွက်တာတွေကို တိုးမြှင့်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

    နှစ်နိုင်ငံအကြား ပြင်ပအာကာသ စူးစမ်းလေ့လာရေးနယ်ပယ်တွေမှာပါ ပူးပေါင်းဆောင်ရွက်သွားမှာလို့လည်း ဆွေးနွေးချက်တွေမှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံမှာ လိုအပ်တဲ့ အာကာသ နည်းပညာအသုံးပြုတာတွေ ဖွံ့ဖြိုးတိုးတက်စေဖို့၊ ဂြိုဟ်တုလွှတ်တင်ဖို့၊ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့တွေနဲ့ အာကာသ နည်းပညာနဲ့ဆိုင်တဲ့ ပညာတော်သင်စေလွှတ်ရေးတွေလည်း ပါဝင်ပါတယ်။

    မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနဲ့ ဆက်ဆံရေးဟာ ပိုနီးကပ်လာပြီး ၂၀၂၂ ခုနှစ်ကစပြီး အာကာသနည်းပညာ ပူးပေါင်းမှုတွေအတွက် အစီအစဉ်တွေ ချခဲ့တာ ဖြစ်ပါတယ်။

  6. မင်္ဂလာပါ။ ဖေဖော်ဝါရီ ၂၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။