ရုရှားရဲ့နျူကလီးယားနည်းပညာ မြန်မာဘာကြောင့်အားကိုးလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စွမ်းအင်ကဏ္ဍကို အဓိကတာဝန်ယူထားတဲ့ ရုရှား ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်ခ် ဟာ မကြာခင်မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိပါတယ်။
မြန်မာနိုင်ငံ အတွက်လိုအပ်တဲ့ စက်သုံးဆီကို ရုရှားကနေတင်သွင်းဖို့၊ ကုန်းတွင်းနဲ့ ကမ်းလွန်ရေနံလုပ်ကွက်တွေ တူးဖော်ဖို့၊ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတာတွေကို ဆွေးနွေးဖို့ သူ့ ခရီးစဉ် ဖြစ်ပေါ်လာတာဖြစ်ပြီး နှစ်နိုင်ငံကြား အပြန်အလှန် ခရီးစဉ်တွေ ဆက်ရှိနေမယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ဘယ်ကဏ္ဍတွေ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကြမလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာ ဘက်က ရုရှားရဲ့ အကူအညီလိုချင်သလို ရုရှားဘက်ကလည်း မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ ကဏ္ဍတွေ ရှိပါတယ်။
ရုရှားဘက်က ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားတာ ၃ ခု ရှိတယ် လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ အဲဒီကဏ္ဍတွေက နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုပြီး လျှပ်စစ် ဓာတ်အားပေးရေးဆောင်ရွက်ဖို့၊ ရေအားလျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှပ်နှံဖို့နဲ့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ၊ မြေသြဇာစက်ရုံတွေ တည်ဆောက်ဖို့ စတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာ စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးတွေလည်း ရုရှားမှာ ရောက်နေကြပါတယ်။
စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်နဲ့ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးတို့ က ရုရှားရဲ့ စွမ်းအင် ဖိုရမ် သီတင်းပတ်ကို တက်ရောက်နေကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးမယ့် Rosatom ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့လည်း စစ်ကောင်စီဝန်ကြီး နှစ်ယောက်က တွေ့ဆုံခဲ့ပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာ ပထမဆုံးရလဒ် ထွက်ပေါ်လာနိုင်မယ်လို့ ရုရှားဘက်က မျှော်မှန်းထားပြီး စစ်ကောင်စီဘက်ကတော့ စက်ရုံတည်ဆောက်မယ့်နေရာကို အခုထိ လျှို့ဝှက်ထားပါတယ်။
ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း ဖြစ်တဲ့ Rosatom ကုမ္ပဏီဟာ ပြည်ပမှာ အဏုမြူ ဓာတ်အားပေးစက်ရုံတွေ အများဆုံး တည်ဆောက်တဲ့ ကုမ္ပဏီတခု ဖြစ်တယ်လို့ နိုင်ငံတကာအရေး စောင့်ကြည့်လေ့လာသူ ကိုကြည်စင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၁ ကနေ ၂၀၂၂ ခုနှစ်အတွင်းမှာ Rosatom ကုမ္ပဏီက အဏုမြူစက်ရုံ ၁၃ ခုတည်ဆောက်ခဲ့ပြီး ရုရှားနိုင်ငံတွင်းမှာ ၃ ရုံနဲ့ ပြည်ပမှာ စက်ရုံ ၁၀ ရုံ တည်ဆောက်ခဲ့တယ်လို့ လေ့လာသိရှိရကြောင်း သူကပြောပါတယ်။
ဒါကိုကြည့်ရင် ရုရှားရဲ့ အဏုမြူ နည်းပညာက နိုင်ငံတကာကို တင်ပို့နိုင်ပြီး နိုင်ငံတကာနှစ်သက်တဲ့ အနေအထား ရောက်နေပြီလို့ ပြောနိုင်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ကလည်း ဒီနေရာမှာ တရုတ်ထက် ရုရှားကို ပိုအားကိုးတယ် ပြောရမယ်လို့ ကိုကြည်စင်က ဆိုပါတယ်။
အဏုမြူဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ ကြိုးစားတဲ့ နိုင်ငံ အများစုက ဒီနေရာမှာ အတွေ့အကြုံလည်း ပိုများတဲ့ ရုရှားကနေ ပိုဦးစားပေး ရယူကြတာများတယ်လို့ သူကပြောပါတယ်။
တဖက်မှာ ပထဝီနိုင်ငံရေးအရ တရုတ်ကို အားကိုးနေရတာ များလွန်းလာနေတဲ့ အခြေအနေကို စစ်ကောင်စီ ကိုယ်တိုင်က သဘောကျဟန်မတူဘဲ တရုတ်နိုင်ငံကိုပဲ အားကိုးနေရတဲ့ ချိန်ခွင်လျှာကို ပြန်မျှဖို့ စွမ်းအင်နဲ့ နည်းပညာကဏ္ဍမှာ အထူးသဖြင့် နျူကလီးယားစွမ်းအင်ကဏ္ဍမှာ ရုရှားကို ပြန်အားကိုးပြီး တရုတ်လွှမ်းမိုးမှု လျှော့ချချင်ပုံ ရတယ်လို့ ကိုကြည်စင်က သုံးသပ်ပါတယ်။
စစ်ကောင်စီဝန်ကြီးတွေရဲ့ ခရီးစဉ်မှာဘာတွေလုပ်ဆောင်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားနိုင်ငံမှာရောက်နေတဲ့ စစ်ကောင်စီဝန်ကြီးနှစ်ဦးက စိန့်ပီတာစဘတ်မြို့က Generation 3 Plus နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံကို သွားလေ့လာဖို့ သဘောတူညီမှုရခဲ့ပါတယ်။
မြန်မာနိုင်ငံက ရေအားလျှပ်စစ်စက်ရုံတွေအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ တင်ပို့နေတဲ့ JSC Power Machines ကုမ္ပဏီနဲ့ လည်း ဆွေးနွေးခဲ့တဲ့ အပြင် ရုရှားနိုင်ငံက ရေအားလျှပ်စစ်စက်ရုံတွေကို လေ့လာဖို့ ပါဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ရုရှား ရေနံနဲ့သဘာဝဓာတ်ငွေ့ ကုမ္ပဏီ GAZPROM NEFT ကို မြန်မာနိုင်ငံမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ လာရောက်ရှာဖွေတူးဖော်ဖို့နဲ့ ရေနံချက်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံ တွေကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ လည်းဖိတ်ခေါ်ခဲ့ကြပါတယ်။








