နှစ် ၁၆၀ ကျော်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ တက်ကြွလှုပ်ရှားသူ NLD ပါတီ၀င် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်ထဲမှာ နိုင်ငံရေးပြစ်မှုတွေနဲ့ ထောင်ဒဏ် ၁၆၄ နှစ် အကျဉ်းကျခံထားရတဲ့ တက်ကြွလှုပ်ရှားသူ ကိုလှိုင်ဘွားဟာ အသည်းရောဂါနဲ့ ဇူလိုင် ၂၀ ရက် ညပိုင်းတုန်းက မန္တလေးဆေးရုံကြီးမှာ သေဆုံးသွားတယ်လို့ သူနဲ့နီးစပ်တဲ့သူတစ်ဦးက ဘီဘီစီကို အတည်ပြုပြောပါတယ်။
“မဆုံးခင် တစ်ရက် (ဇူလိုင် ၁၉ ရက်)က သွေးအန် နေမကောင်းဖြစ်လို့ အိုးဘိုကနေ ဆေးရုံကြီးကို ပို့တယ်။ နောက်ရက် (ဇူလိုင် ၂၀ရက် ) ည ၁၀ နာရီကျော်မှာ ဆုံးတယ်” လို့ သူက ဆိုပါတယ်။
ကိုလှိုင်ဘွား သေဆုံးပြီးနောက် ရုပ်အလောင်းကို အိုးဘိုထောင်ကို အာဏာပိုင်တွေက ပြန်သယ်သွားပြီး ဇူလိုင် ၂၂ ရက် မန္တလေး၊ အေးရိပ်ငြိမ် သုဿာန်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
ကိုလှိုင်ဘွားရဲ့မိသားစုဝင်တွေအပါအဝင် ဆွေးမျိုးမိတ်ဆွေ ၂၅ ဦးကို သူ့ရဲ့အသုဘကို လိုက်ပါပို့ဆောင်ခွင့်ပြုခဲ့တယ်လို့ သူနဲ့ရင်းနှီးသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ကိုလှိုင်ဘွားဟာ အိုးဘိုထောင်ထဲမှာ ရှိနေစဉ်ကာလအတွင်း ထောင်တွင်းမှာ လိုလောက်တဲ့ ဆေးကုသခွင့်နဲ့ ဆေးဝါးတွေ မရရှိခဲ့ဘူးလို့လည်း သူက ပြောပါတယ်။
သူဟာ ထောင်ထဲမှာ မေလကစပြီး ကျန်းမာရေးအခြေအနေဆိုးရွားလာတာကြောင့် အဲဒီအချိန်ကတည်းက ထောင်တွင်း ဆေးရုံကို ပြောင်းရွှေ့ထားခဲ့ရတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်လည်းဖြစ်တဲ့ ကိုလှိုင်ဘွားဟာ သေဆုံးချိန်မှာ အသက် ၄၂ နှစ်ရှိပြီဖြစ်ပြီး မိခင်ဖြစ်သူကလည်း NLD ရဲ့တိုင်းအမျိုးသမီးလုပ်ငန်းအဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။
မွေးချင်း ၃ ယောက်မှာ ကိုလှိုင်ဘွားက အငယ်ဆုံးဖြစ်ပါတယ်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုလှိုင်ဘွားကို အာဏာပိုင်တွေက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်မှာ ဖမ်းဆီးခဲ့ပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေ ဖြစ်တဲ့ ၅၁(က)၊ ၅၂(ဂ) အပြင် ၅၄(က)တို့နဲ့ တရားစွဲပြီး စုစုပေါင်း ထောင်ဒဏ် ၁၆၄ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

