
ဓာတ်ပုံ ရင်းမြစ်, Thai MFA
ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၂၄ ရက်ကတုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၆၁ ကြိမ်မြောက် အစည်းအဝေးမှာ တွေ့ရတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကောင်းမြန်မာမှာဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို ရွေးကောက်ပွဲကျင်းပရုံနဲ့ ဖြေရှင်းနိုင်မှာမဟုတ်ဘဲ အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေးနဲ့ စစ်မှန်တဲ့ငြိမ်းချမ်ရေးဖြစ်စဥ်တွေ ဖြစ်ပေါ်လာဖို့ လိုအပ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကောင်းက မှတ်ချက်ပေး ပြောလာပါတယ်။
မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ ပြင်သစ်နိုင်ငံရဲ့ ဥရောပနဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံချိန် ပြောဖြစ်ခဲ့တဲ့ အကြောင်းအရာကို ဖေဖော်ဝါရီ ၂၅ ရက်တုန်းက ဂျီနီဗာမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ပြန်လည်ထုတ်နုတ်ပြီး သူက ပြောခဲ့တာပါ။
ပြင်သစ်နဲ့ ထိုင်းနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံချိန်မှာ မြန်မာ့အရေးကလည်း အဓိက အကြောင်းအရာတစ်ခုအနေနဲ့ ဆွေးနွေးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဂျီနီဗာကို မသွားခင်ရက်ပိုင်းမှာပဲ မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနဲ့ ဖူးခက်မြို့မှာ တွေ့ဆုံခဲ့ပါသေးတယ်။
ဒီတွေ့ဆုံမှုအပြီး ထိုင်းနိုင်ငံရဲ့အမြင်ကို ပြင်သစ်ဘက်က မေးမြန်းခဲ့တဲ့အပေါ် အထက်မှာပြောခဲ့သလို ရွေးကောက်ပွဲ ကျင်းပရုံနဲ့ မလုံလောက်သေးဘူးဆိုတဲ့ အခြေအနေကို ပြောခဲ့တာပါ။
ထိုင်းနဲ့မြန်မာဟာ နယ်နိမိတ်ချင်းထိစပ်နေတာကြောင့် ထိုင်းပိုင်နက်အတွင်း မတည်ငြိမ်မှုတွေ တိုက်ရိုက်သက်ရောက်နိုင်တဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ မြန်မာစစ်တပ်၊ တိုင်းရင်းသားအစုအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုကို ရှောင်ရှားလို့မရနိုင်ဘူးလို့လည်း ထိုင်းနိုင်ငံခြား ရေးဝန်ကြီးက ဆိုပါတယ်။
နယ်စပ်တကြောမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်ဖောက်ကားတာတွေ၊ နယ်စပ်ဖြတ်ကျော် မြစ်ချောင်းညစ်ညမ်းမှုတွေ ကြုံနေရတယ်လို့ ထောက်ပြပါတယ်။
ထိုင်းနိုင်ငံက မြန်မာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုလိုလားတယ်လို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံက မြန်မာစစ်တပ်နဲ့ ပူးပေါင်းတယ်ဆိုတာနဲ့ အာဆီယံဘုံသဘောတူညီချက်ကို လျစ်လျူရှုတယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းဆိုထားပါတယ်။
ဒီဘုံသဘောတူညီချက်တွေအတွက် ထိုင်းဘက်က မြန်မာကို ဆက်လက်ချဥ်းကပ်ဆောင်ရွက်သွားမှာဖြစ်ပေမဲ့ တိုးတက်မှုမြင်ရဖို့ကတော့ နှစ်ဦးနှစ်ဖက်အပေါ် မူတည်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
မနေ့တုန်းက မြန်မာစစ်ခေါင်းဆောင်နဲ့ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်တို့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲကို ကြီးမားတဲ့ကန့်ကွက်မှုမရှိတာကြောင့် အောင်မြင်တဲ့ရွေးကောက်ပွဲလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။