ဖေဖော်ဝါရီ ၁၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ် မြန်မာရေပိုင်နက်ထဲ ဝင်ရောက်ငါးဖမ်းတယ်ဆိုပြီး ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသား ၇၀ ကျော်ကို အာရက္ခတပ်တော်(AA)က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB)ထံ ပြန်လွှဲပေးလိုက်တဲ့သတင်းအပါအဝင် ဖေဖော်ဝါရီ ၁၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦး ဓားဒဏ်ရာ၊ ရိုက်နှက် ဒဏ်ရာတွေနဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး မြန်မာအမျိုးသား ၄ ဦးက ထိုင်းရဲတပ်ဖွဲ့ထံမှာ လာရောက်အဖမ်းခံတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြလာပါတယ်။
သေဆုံးခဲ့သူ အမျိုးသားဟာ အသက် ၅၅ နှစ်အရွယ် ကိုးလ် ဟိသ်ဆိုသူ ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့မြန်မာရည်းစားဟောင်း အမျိုးသမီးနဲ့ ပြန်တွဲနိုင်ဖို့ ကြိုးစားရင်း အမျိုးသမီးရဲ့အကိုဖြစ်သူအပါအဝင် မြန်မာအမျိုးသား ၄ ဦးနဲ့ ထိပ်တိုက်တွေ့ခဲ့ကြတာလို့ သတင်းက ဆိုပါတယ်။
အခင်းဖြစ်ခဲ့တဲ့နေရာဟာ ဘန်ကောက်မြို့၊ ဘန်မော့နယ်မြေမှာဖြစ်ပါတယ်။
နယ်မြေခံ ရဲအရာရှိကတော့ မြန်မာအမျိုးသား ၄ ဦးက သူတို့ ညီမဖြစ်သူဟာ ဟိသ်နဲ့ လမ်းခွဲပြီးနောက်မှာ သူ့တို့အခန်းမှာ လာပြောင်းရွှေ့နေပြီး ဒီကာလအတွင်း ဟိသ်က သူတို့ညီမဖြစ်သူနဲ့ ရည်းစားပြန်ဖြစ်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေကို ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဒီအခြေအနေကို အဆင်မပြေတဲ့ ဟိသ်ဟာ ရည်းစားဟောင်းရဲ့အကိုဖြစ်သူအပါအဝင် အမျိုးသား ၄ ဦးနဲ့ စကားများခဲ့ပြီး တနင်္လာနေ့မှာတော့ အဲဒီအမျိုးသားတွေ အလုပ်လုပ်နေတဲ့အလုပ်ရုံကို ဓားကိုင်ပြီး ရောက်လာခဲ့တာလို့ သတင်းက ဆိုပါတယ်။
ဒါကြောင့် မြန်မာအမျိုးသား ၄ ဦးက ကိုယ့်ကိုယ်ကို ကာကွယ်ရင်း ဟိသ်နဲ့ ထိပ်တိုက်တွေ့ရာကနေ အခင်းဖြစ်တဲ့ ဖုသာ ဘူချာ ၃၉ လမ်းကို ရဲက မနေ့ညနေ ၅ နာရီမှာ ရောက်ချိန် ဓားဒဏ်ရာ၊ ခြေထောက်ကျိုး ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဟိသ်ကို တွေ့ခဲ့ရတာလို့ ရဲကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းက ရေးပါတယ်။
ဒီထိပ်တိုက်တွေ့မှုမှာ မြန်မာအမျိုးသား ၄ ဦးထဲက ၁ ဦးလည်း ဒဏ်ရာရလို့ ဆေးရုံတင်ထားရတယ်လို့ သတင်းက ဆိုပါတယ်။
အခုတော့ ထိုင်းရဲတပ်ဖွဲ့က ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှု ဆက်လုပ်နေပြီလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Arakan Princess Media
တရားမဝင်ငါးဖမ်းမှုနဲ့ ဖမ်းဆီး အရေးယူထားတဲ့ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၇၃ ဦးကို အာရက္ခတပ်တော် (အေအ)က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)ကို ဖေဖော်ဝါရီ ၁၆ ရက်က လွှဲပြောင်းပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။
ဒီအမျိုးသား ၇၃ ဦးကို မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ တရားမဝင် ငါးဖမ်းမှုနဲ့ အေအေက ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်း ဖမ်းဆီးခဲ့သူတွေလို့ အေအေသတင်းတွေကို ဖော်ပြနေတဲ့ အာရက္ခမင်းသမီး မီဒီယာက သတင်းဖော်ပြပါတယ်။
လွှဲပြောင်းတာကို မောင်တောမြို့၊ ကညင်ချောင်းစီးပွားရေးဇုန် အရှေ့ဘက်ခြမ်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ဖ် မြို့ မျက်နှာချင်းဆိုင်က နှစ်နိုင်ငံရေပိုင်နက်ထဲမှာ ပြုလုပ်ခဲ့တာပါ။
ငါးဖမ်းသမားတွေကို အေအေ အလံတင်ထားတဲ့ စက်လှေ ၅ စင်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ကို လွှဲပြောင်းခဲ့တာပါ။
အာရက္ခတပ်တော်(အေအေ)က ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို ထိန်းချုပ်ပြီးတဲ့နောက် ရခိုင်ရေပိုင်နက်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နမိတ်ထိစပ်တဲ့နတ်မြစ်ကို ထိန်းချုပ်ထားပါတယ်။
အေအေဟာ မောင်တောမြို့နယ်ထဲက စစ်တပ်ရဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဒါအပြင် နတ်မြစ်ကို ထိန်းချုပ်ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာရေပိုင်နက်ထဲ တရားမဝင် ငါးဖမ်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားတွေကို ဖမ်းဆီးတာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဆီ လွှဲပြောင်းတာတွေပြုလုပ်ထားပြီး အခုတစ်ကြိမ် လွှဲပြောင်းမှုဟာ ရေလုပ်သားတွေ အများဆုံးလွှဲပြောင်းမှုဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BNRA
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်တွေနဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တို့ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့နေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးလာကြဲခဲ့တယ်လို့ BNRA ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။
စစ်တပ်ဗုံးလာကြဲတဲ့နေရာဟာ NUG ရဲ့ ယင်းမာပင်ခရိုင် PDF တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ BNRA ရဲ့ ပုပ္ပါဂိတ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ ဗိုလ်နဂါးက ပြောပါတယ်။
“ခရိုင်ရင်းတွေ လာတိုက်သွားတဲ့ဂိတ်ကိုပဲ လေကြောင်းကနေ ဗုံးကြဲသွားတာ” လို့ သူက ပြောပါတယ်။
အဲဒီစခန်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်ခရိုင်တပ်ရင်းတွေ ဒီနေ့နံနက်ပိုင်းမှာ လာရောက်တိုက်ခိုက်ခဲ့တာလို့ ဗိုလ်နဂါးက အစောပိုင်းမှာ ပြောထားပါတယ်။
နှစ်ဖက်ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ စစ်တပ်ဗုံးကြဲလို့ ထိခိုက်၊ သေဆုံးမှုတွေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဗိုလ်နဂါးက ပြောပါတယ်။
ပုလဲမြို့နယ်ဟာ NUG ရဲ့ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ထားတဲ့မြို့နယ်ဖြစ်သလို ဗိုလ်နဂါးရဲ့ BNRA လည်း ဖြန့်ကြက် လှုပ်ရှား အခြေချပါတယ်။
ဒီနေ့မနက် BNRA နဲ့ဖြစ်ပွားတဲ့တိုက်ပွဲအခြေအနေကို NUG ကာကွယ်ရေးဘက်က တစုံတရာ မပြောသေးပါဘူး။
NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ NUG ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ BNRA က ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ရာဇဝတ်မှုတွေနဲ့ မှုခင်းတွေအတွက် ဖမ်းဆီးထိန်းသိမ်းစစ်ဆေးဖို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ ဒီနေ့မနက်ပိုင်း ပုလဲနယ်မှာဖြစ်တဲ့တိုက်ပွဲဟာ ဒါတွေနဲ့ ဆက်စပ်မှုရှိ မရှိဆိုတာကို သူက မပြောသလို တိုက်ပွဲ အခြေအနေ ‘’မြေပြင် report မတက်သေးဘူး’’လို့ သူက ပြောပါတယ်။
တဖက်မှာလည်း ပုလဲမြို့နယ်ထဲမှာ NUG လက်အောက်ခံတပ်တွေနဲ့ ဗိုလ်နဂါးတပ်တွေအကြား ဒီနှစ်ဆန်းပိုင်းကစလို့ နှစ်ဖက်ထိတွေ့မှုတွေ ဆက်တိုက်ရှိခဲ့ပြီး ဒီနေ့ ထိတွေ့ တိုက်ပွဲဟာ နောက်ဆုံးဖြစ်ထားတဲ့အခြေအနေဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်လူမျိုးဆိုတဲ့ စကားလုံးတွေကို မြန်မာအများစု နားမှာ ယဉ်ပါးနေကြပေမယ့် ဒီတရုတ်ဆိုတဲ့စကားလုံး ဘယ်က လာတယ်ဆိုတာ သိသူနည်းပါတယ်။
မြန်မာပြည်ရဲ့ ပတ်ပတ်လည် ၅ နိုင်ငံထဲက ၄ နိုင်ငံကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနဲ့ လာအိုဆိုပြီး နဂိုအမည်နဲ့ ခေါ်ဝေါ်သုံးစွဲပေမယ့် တရုတ်ပြည်ကိုတော့ ချိုင်းနားလို့ မသုံးဘဲ တရုတ်ဆိုတဲ့ နာမည်နဲ့ပဲ မြန်မာက ခေါ်ပါတယ်။
မြန်မာမှာ တရုတ်ခေါ်တဲ့ လူမျိုးကို မွန်စကားမှာ ကြုက် (ကရုက်)လို့ ခေါ်ပြီး ထိုင်းမှာ ကျင်လို့ ခေါ်တာပါ။
ဒါကြောင့် မွန်စကားလုံး ကြုက်က မြန်မာ တရုတ်က လာပုံရပြီး ထိုင်းရဲ့ ကျင်ကတော့ ချင်၊ ချိနက လာပါတယ်။
တရုက်၊ တြုက်၊ တရုတ်နဲ့ တရုပ် ...၊ တရုတ်ဆိုတဲ့စကားလုံး ဘယ်ကနေ ထွက်ပေါ်လာတာပါလဲ။
ဘီဘီစီ အထူးဆောင်းပါးကို ဒီလင့်ခ် ကနေ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူး နှစ်ဆန်း တစ်ရက်နေ့မှာ ရန်ကုန်မြို့၊ လသာလမ်းက ကွမ်ရင်ဗုဒ္ဓဘာသာဘုရားကျောင်းနဲ့ စဉ့်အိုးတန်းလမ်းက ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းတွေမှာ နှစ်သစ် ဝတ်ပြုဆုတောင်းကြတဲ့ မြင်ကွင်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ပြုလုပ်ခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကိုတော့ ဒုတိယ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအပြင် မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Phyo Ra Tha

ဓာတ်ပုံ ရင်းမြစ်, Phyo Ra Tha

ဓာတ်ပုံ ရင်းမြစ်, Phyo Ra Tha

ဓာတ်ပုံ ရင်းမြစ်, Phyo Ra Tha

ဓာတ်ပုံ ရင်းမြစ်, Phyo Ra Tha

ဓာတ်ပုံ ရင်းမြစ်, Khu Reedu
ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းကနေ ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်မြို့ မယ်စဲ့ကို ဆက်ထားတဲ့ သံလွင်မြစ်ကူးတံတားဟာ ဒီနေ့ မနက်ပိုင်းမှာ မိုင်းခွဲရပြီး ပြိုကျခဲ့တယ်လို့ သိရပါတယ်။
ဒီတံတားဟာ ထိုင်း-ကရင်နီဒေသ ကူးသန်းသွားလာရေးအတွက် အရေးပါတဲ့တံတား တစ်စင်းလည်းဖြစ်ပါတယ်။
ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးဘုန်းနိုင်ကတော့ ဖားဆောင်းမြို့နယ်ထဲ စစ်တပ်နဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်နေချိန် စစ်တပ်ရဲ့ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တဲ့ အနေနဲ့ တံတားကို ဖျက်ခဲ့တာလို့ အတည်ပြုပါတယ်။
“တံတားက အရေးပါတယ်။ လိုအပ်တယ်။ ဒါပေမဲ့ အခြေအနေတစ်ခုကြောင့် မခွဲလို့မဖြစ်တဲ့အတွက်ပါ” လို့ ဗိုလ်မှူးဘုန်းနိုင်က ပြောပါတယ်။
ဒီနေ့အထိ ဖားဆောင်းမြို့နယ်မှာ တိုက်ပွဲ ငြိမ်သက်သွားပေမယ့် စာသင်ကျောင်း၊ ဘုရားကျောင်းအပါအဝင် လူစုလူဝေးများတဲ့ နေရာတွေကို စစ်တပ်က ဗုံးဆက်ကြဲနေတယ်လို့ သူက ပြောပါတယ်။
ကရင်နီတော်လှန်ရေးတပ်တွေ နှစ်နဲ့ ချီထိန်းချုပ်ခဲ့တဲ့ ဖားဆောင်းမြို့ကို စစ်တပ်က ပြန်သိမ်းနိုင်ပြီလို့ ဖေဖော်ဝါရီ ၁၆ ရက်ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်က ကယား(ကရင်နီ) ပြည်နယ်ထဲ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မြို့တွေကို “ရန်နိုင်မင်း” စစ်ဆင်ရေးအနေနဲ့ ထိုးစစ်ဆင်နေပြီး ဖားဆောင်းမြို့သိမ်းခဲ့တာဟာလည်း ဒီစစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းလို့ ပြောပါတယ်။
၂၀၂၅ ခုနှစ်ကစလို့ ကရင်နီတော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဖားဆောင်း မြို့တွေကို စစ်တပ်က ဆက်တိုက်ပြန်လည်သိမ်းပိုက်ခဲ့တာပါ။
အခုတော့ ထိုင်း-မြန်မာနယ်စပ်က မော်ချီး၊ ရှားတောနဲ့ မယ်စဲ့ မြို့တွေကိုသာ တော်လှန်ရေးတပ်တွေ ဆက်စိုးမိုးထားနိုင်ပါတော့တယ်။

ဓာတ်ပုံ ရင်းမြစ်, Planet Lab
နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့ အီရန်နိုင်ငံက လေယာဉ်လောင်စာဆီတင်သင်္ဘောတွေ ရေဒါဖျောက်ပြီး ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ရောက်လာတာကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က စုံစမ်းတွေ့ရှိခဲ့ပါတယ်။
နိုင်ငံတကာရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စစ်ကော်မရှင်ဟာ သူ့အတွက် လေယာဉ်ဆီရလမ်းတွေ အကျပ်ရိုက်လာချိန်မှာပဲ အီရန်က လာတဲ့လေယာဉ်ဆီတင်သင်္ဘောတွေက စစ်ကော်မရှင်အတွက် အသက်ရှူပေါက်ဖြစ်နေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)ရဲ့ဒေသတွင်း ဒါရိုက်တာ မွန်စီ ဖာရာက ဘီဘီစီကို ပြောပါတယ်။
ဒါဟာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်တပ်ရဲ့တိုက်လေယာဉ်တွေကို ပံ့ပိုးပေးရာရောက်တယ်လို့ သူက ပြောပါတယ်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ရဲ့စာရင်းအရ ၂၀၂၅ ခုနှစ်အတွင်း လေယာဉ်ဆီတင်သွင်းမှုဟာ ၁၀၉,၆၀၄ မက်ထရစ်တန် ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
အပြည့်အစုံကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BNRA
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) တပ်စခန်းငယ်အချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်တွေက တိုက်ခိုက်နေတယ်လို့ BNRA ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။
ပုလဲမြို့နယ်ထဲက BNRA စခန်းတွေဟာ ဒီနေ့ ဖေဖော်ဝါရီလ ၁၇ မှာ လက်နက်ကြီးတွေ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်ခံရတာလို့လည်း သူက ပြောပါတယ်။
ဗိုလ်နဂါးကတော့ NUG လက်အောက်ခံ ယင်းမာပင်ခရိုင်တပ်ရင်းတွေ BNRA စခန်းအနီးကို မနေ့က ရောက်လာပြီး ဒီနေ့ နံနက် ၇ နာရီခွဲမှာ စပြီး တိုက်ခိုက်လာတာလို့ ပြောပါတယ်။
“လောလောဆယ်တော့ သူတို့ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းဗုံးတွေ၊ စက်လက်နက်တွေ သုံးပြီးတော့ စစ်တပ် ရန်သူ့ စခန်းတွေကို တိုက်သလို ဒီစခန်းငယ်တွေ တိုက်စစ်ဆင်နေတာလို့ သိရတယ်။ ကျွန်တော်တို့ ရဲဘော် ၁၀ ယောက် လောက် ထိခိုက်သေဆုံးထားတယ်လို့ သိရတယ်” လို့ ဗိုလ်နဂါးက ပြောပါတယ်။
ဘယ်စခန်းငယ်တွေ တိုက်ခိုက်ခံနေရလဲဆိုတဲ့ ဘီဘီစီအမေးကိုတော့ သူက အတိအကျ မပြောပါဘူး။
ပုလဲမြို့နယ်ထဲမှာ NUG ကလည်း အုပ်ချုပ်ရေးယန္တယား ဖော်ဆောင်ထားပြီး ဗိုလ်နဂါးရဲ့ BNRA တပ်လည်း ဖြန့်ကြက် လှုပ်ရှား အခြေချပါတယ်။
BNRA စခန်းငယ်တွေ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘီဘီစီက ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဦးဇော်ထက်ကို ဆက်သွယ်မေးမြန်းပေမဲ့ ဒီဖြစ်စဉ်ကို သေချာမသိရှိထားသေးကြောင်း ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “မြေပြင် Report မရသေးပါဘူး” လို့ ပြောပါတယ်။
ဒါပေမယ့် “BNRA က သူတွေ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေ၊ အမှုအခင်းတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်လို့တော့ သိထားပါတယ်” လို့ သူက ပြောပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်တွေနဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်တွေအကြား နှစ်ဖက်ထိတွေ့မှုတွေ ဒီနှစ်ဆန်းပိုင်းမှာ ဆက်တိုက်ရှိခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်ခရိုင် ကွပ်ကဲရေးတပ်တွေက ပုလဲမြို့နယ်ထဲက BNRA ရဲ့တပ်စခန်းနှစ်ခုကို တရားမဝင်ဂိတ်တွေ ဖွင့်လှစ်ထားတယ်ဆိုပြီး ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဦးဇော်ထက်က ဘီဘီစီကို ဖြေထားပါတယ်။
အဲဒီဖြစ်စဉ်အပြီး ဇန်နဝါရီ ၁၇ ရက်မှာတော့ ပုလဲမြို့နယ်ထဲက NUG လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ အခွန်ဂိတ်မဟုတ်ဘဲ အခွန်ကောက်နေတယ်ဆိုပြီး BNRA ရဲ့ တပ်ဖွဲ့ဝင် ၄ ဦးက သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။
ပဲခူးတိုင်း ထဲက စစ်ကော်မရှင်ရဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံတွေကို အာရက္ခတပ်တော် အေအေ ဘက်က ဦးတည် တိုက်ခိုက်နေပြီး ကပစ ၁၆ မှာ လုပ်ငန်းတွေ ရပ်နားပြီး ခံစစ်ပြင်ထားရတယ်လို့ စစ်ရေး အခြေအနေ သိရှိသူတွေက ပြောပါတယ်။
အေအေနဲ့ တပ်ပေါင်းစုတွေဘက်က ကပစ စက်ရုံတွေကို ဘာကြောင့် ဦးတည် တိုက်ခိုက်နေတာပါလဲ။ သတင်း အပြည့်အစုံကို ရုပ်သံမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hkun Naung
ဖားကန့်မြို့နယ်ထဲ၊ ကုဋေမှော်မှာ ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာသူတွေ ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေဆီက သိရပါတယ်။
မြေစာပုံပြိုကျမှုဟာ မနေ့ည ည ၉ နာရီခွဲမှာဖြစ်ခဲ့တာပါ။
“လူ ၂၀ လောက်ပါသွားတယ်။ ၂၀ လောက်မှာ ၁၀ ယောက်လောက်က ရေကူးပြီး ပြန်တက်လာတာ။ ကျန်တဲ့ ၁၀ ယောက်လောက်က မတွေ့ရဘူး” လို့ ရေမဆေးကျောက်ရှာသူတစ်ဦးက ပြောပါတယ်။
မြေစာပြိုတဲ့အထဲ ပါသွားပြီး ပျောက်ဆုံးနေတယ်လို့ ယူဆရသူတွေကို ဒီနေ့မနက်ပိုင်းအထိ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။
မြေစာပုံမှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကတော့ မြေစာပုံ ပြိုကျမှုဟာ မနေ့ညပိုင်းကတည်းက ဖြစ်ခဲ့တာကြောင့် ပျောက်ဆုံးနေသူ ၂၀ ခန့်ကို သေဆုံးပြီလို့ ရှာဖွေကယ်ဆယ်ရေးသမားတွေက ယူဆထားတဲ့အကြောင်း လူမှုကွန်ရက်မှာ ရေးတင်ပါတယ်။
အခုချိန်အထိ ကူညီကယ်ဆယ်ရေးအတွက် ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့ သူက ပြောပါတယ်။
“ကယ်ဆယ်ရေးက မလုပ်ဖြစ်ဘူး။ နိုင်ငံရေးအခြေအနေအရ မနေ့ညက ဘယ်လိုမှ အပြင်ထွက်လို့မရဘူး။ တခြားလူမှုကူညီရေးအသင်းတွေလည်း ရှာဖွေကယ်ဆယ်တာမလုပ်ဘူး”လို့ ဖားကန့်မြို့နယ် လူမှုကူညီရေးအသင်းတစ်ခုက ပြောပါတယ်။
မြေစာပုံအောက် ပိပြီးတဲ့နောက် သေဆုံးခဲ့တဲ့ ရေမဆေးကျောက်ရှာဖွေသူအချို့ရဲ့ရုပ်အလောင်း ပြန်တူးဖော်ဖို့ ခက်ခဲနေတယ်လို့ သူကဆိုပါတယ်။
ကမ္ဘာပေါ်က အရည်အသွေးမြင့် ကျောက်စိမ်း တွေရဲ့ ၇၀ ရာခိုင်နှုန်းက ကချင်ပြည်နယ်၊ ဖားကန့်က လာတာပါ။
ကမ္ဘာကျော် ကျောက်စိမ်းတွေထွက်တဲ့ ဒီ ဖားကန့်မြို့နယ်မှာ စွန့်ပစ်မြေစာပုံတွေ စနစ်တကျမပစ်တာ၊ ကျောက်စိမ်းတူးဖော်မှုတွေကြောင့် နှစ်စဉ်လူသေဆုံးမှုတွေလည်းရှိနေတာပါ။
ကနဦးသတင်းတွေအရ အခုမြေစာပုံ ပြိုကျမှုမှုဟာ ဒီနှစ်အတွင်း ဖြစ်ပွားတဲ့ မြေစာပုံ ပြိုမှုတွေထဲ လူ ဆယ်ချီသေဆုံးနိုင်ခြေရှိတဲ့ ဖြစ်ရပ်ဆိုးတစ်ခုလို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးက လူမှုကွန်ရက်မှာ ရေးတင်ပါတယ်။
မင်္ဂလာပါ။ ဖေဖော်ဝါရီ ၁၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။