စက်ရုံတွေမီးလောင်မှု - အလုပ်သမားတွေရဲ့ အသက်၊ အလုပ်နဲ့ ဘဝတွေ

ဓာတ်ပုံ ရင်းမြစ်, ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်ထဲက ဝါးတရာစက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံတစ်ရုံရဲ့ မီးလောင်မှုကို ၂၄ နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရတာက မီးသတ်သမားတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေအတွက် ထူးခြားဖြစ်စဥ်ဖြစ်ခဲ့ပါတယ်။
ထမင်းစားနားချိန်မှာ စက်ရုံအတွင်းက ထွက်လာတဲ့ မီးခိုးလုံးတွေကြောင့် အထည်ချုပ်အလုပ်သမားအမျိုးသမီးငယ်တွေ ထိတ်လန့်တကြားရှိခဲ့ကြသလို ပြေးပြေးလွှားလွှားဖြစ်ခဲ့ကြတဲ့ ပုံရိပ်တွေက လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။
စက်ရုံမီးလောင်မှုဟာ မိနစ်အနည်းငယ်အတွင်းပျံ့နှံ့သွားပြီး အလုပ်သမားအချို့ ပိတ်မိတာရှိသလို၊ အချို့ကတော့ အသက်ဘေးလွတ်အောင် ထွက်ပြေးခဲ့ကြရတယ်လို့ဆိုပါတယ်။
မီးလောင်မှုက မီးခိုးတွေကြောင့် အသက်ရှုကျပ်၊ အမောဖောက်သူတွေလည်းရှိခဲ့ကြတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မီးလောင်မှုဖြစ်စဥ်ကို သိရှိထားသူတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။
"မီးလောင်အား ကောင်းတော့ အလုပ်သမားတွေ ကြောက်လန့်တကြားနဲ့ ဘာမှ မယူနိုင်ခဲ့ကြဘူး။ အသက်လွတ်ရုံပဲ ထွက်ပြေးကြရတယ်" လို့ သူက ပြောပါတယ်။
တချိန်တည်းမှာပဲ မီးဘေးကြောင့် အလုပ်ခွင်ယာယီပိတ်သိမ်းထားတာ၊ လစာတွေပြန်ရဖို့မသေချာမရောမှုတွေရှိနေသလို အလုပ်အကိုင်ပြန်ရဖို့ မသေချာတာကိုလည်း ရင်ဆိုင်နေကြရပါတယ်။
မီးလောင်မှုကြောင့် လုပ်ငန်းရှင်ရဲ့ဆုံးရှုံးမှုနဲ့အတူ အလုပ်သမားတွေဘက်မှာလည်း လစာ၊ အလုပ်နဲ့ ရှေ့ရေးအတွက် ရတက်မအေးဖြစ်နေကြရတယ်လို့ ဝါးတရာအထည်ချုပ်စက်ရုံမီးလောင်မှုဖြစ်စဥ်ကို သိရှိသူက ပြောပါတယ်။
''မီးလောင်သွားတာက တစ်ရက်ပဲ။ ဒါပေမဲ့ အလုပ်သမားတွေရဲ့ ဘဝတွေကိုတော့ လနဲ့ချီ သက်ရောက်နိုင်တယ်'' လို့ အထည်ချုပ်စက်ရုံအလုပ်သမားတစ်ဦးက ရင်ဖွင့်ပါတယ်။
နေ့အပူပြင်းတဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လအတွင်းမှာ နိုင်ငံတဝန်းမှာ မီးလောင်မှုအကြိမ် ၂၀၀ နီးပါးဖြစ်ထားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ အချက်အလက်က ဖော်ပြပါတယ်။
မီးလောင်မှုကြောင့် လူ ၁၂ ဦးအထိ သေဆုံးသလို ၁၆ ဦးက ထိခိုက်ဒဏ်ရာရခဲ့ပြီး ရန်ကုန်တိုင်းက မီးလောင်မှု အများဆုံးဖြစ်နေပါတယ်။ မီးလောင်မှုတွေထဲ စက်မှုဇုန်တွေပါဝင်တာကြောင့် စက်ရုံတွေမှာလည်း မီးလောင်မှု တိုးလာပါတယ်။
လူဦးရေဆယ်နဲ့ချီ ဒါမှမဟုတ် ရာနဲ့ချီရှိနေတဲ့စက်ရုံတွေမှာ မီးလောင်မှုက လုပ်ငန်းရှင်ရဲ့ ဆုံးရှုံးမှုနဲ့အတူ လူ့အသက်ဘေးတွေအတွက် ဘယ်လောက်အန္တရာယ်ရှိလဲ။ အခြေခံလုပ်သားအများစုလုပ်ကိုင်တဲ့ စက်မှုဇုန်တွေထဲက စက်ရုံတွေမှာ မီးလောင်မှုလို အရေးပေါ် အခြေအနေအတွက် အသိပညာပေးမှုတွေလုံလောက်ရဲ့လားဆိုတဲ့ မေးခွန်းတွေလည်း ထွက်လာပါတယ်။
၂၄ နာရီ ငြှိမ်းသတ်ခဲ့ရတဲ့ မီးထဲမှာ လူသေမှုရှိခဲ့လား

ဓာတ်ပုံ ရင်းမြစ်, ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဖေဖော်ဝါရီ ၁၈ ရက်က ဝါးတရာစက်မှုဇုန်က Straightex အထည်ချုပ်စက်ရုံမီးလောင်မှုဟာ ထမင်းစားဆင်းချိန် နေ့လယ် ၁၁ နာရီ မိနစ် ၄၀ မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး စက်ရုံထဲက မီးပူကို ပိတ်ခဲ့ဖို့ မေ့လျော့တာကြောင့်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Straightex အထည်ချုပ်စက်ရုံ မီးစလောင်ချိန်ကနေ မီးငြိမ်းတဲ့အထိ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအသင်းတွေအဖွဲ့ဝင်တွေကနေ ကွပ်ကဲမှုယာဉ် ၄ စီး၊ မီးသတ်ယာဉ် ၃၇ စီး၊ ရေယာဉ် ၃၄ စီး၊ မီးသတ်ယာဉ် ၁၂ စီးအသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။
ပေ ၃၅၀x၁၄၀ ရှိတဲ့ စက်ရုံအဆောက်အဦရဲ့ ပေ ၁၅၀x၆၀ရှိ အမိုးဆလက်ပြားအထိ မီးလောင်ခဲ့သလို အထည်လိပ်၊ အထည်ဖြတ်စနဲ့ အထည်ပေါင်း ၃၀၀ ဝန်းကျင်၊ အထည်ချုပ်စက် အလုံး ၃၀ မီးလောင်ပျက်စီးတယ်လို့ သိရှိရပါတယ်။
ဒီမီးလောင်မှုအတွက် စက်ရုံမန်နေဂျာဖြစ်သူ အသက် ၃၃ နှစ်အရွယ် ဒေါ် မိမိဇော်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မီး သို့မဟုတ် မီးလောင်လွယ်သော အရာဝတ္တု တစ်စုံတစ်ခုနဲ့ စပ်လျဥ်းပြီး ပေါ့လျော့စွာ ပြုလုပ်မှုဆိုတဲ့ဒီပုဒ်မအရ ထောင်ဒဏ် ၃ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေချမှတ်နိုင်တာပါ။
အလုပ်သမား ၁၀၀၀ ဝန်းကျင်ရှိတဲ့ Straightex အထည်ချုပ်စက်ရုံဟာ ဥရောပနိုင်ငံတွေကို အထည်တင်ပို့တဲ့ အထည်ချုပ်စက်ရုံဖြစ်ပြီး အသက် ၅၅ နှစ်အရွယ် Mr. Zhang Junjian ဆိုတဲ့ တရုတ်နိုင်ငံသားနဲ့ အသက် ၄၄ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်သူ ဦးအောင်နိုင်စိုးတို့ ပူးတွဲလုပ်ကိုင်တယ်လို့ အလုပ်သမားသမဂ္ဂဆီက သိရှိရပါတယ်။
မီးလောင်မှုဖြစ်တဲ့နေ့နဲ့ နောက်တစ်နေ့မှာ စက်ရုံအလုပ်သမားတွေက မီးလောင်တဲ့မြင်ကွင်းဗီဒီယိုဖိုင်တွေနဲ့ သူတို့ကြုံရတဲ့ အခြေအနေတွေကို သူတို့ရဲ့ TikTok လူမှုကွန်ရက်မှာ ပို့စ်တင်ကြတာလည်း တွေ့ရပါတယ်။ တချို့အလုပ်သမားတွေက သူတို့တင်ထားတဲ့ဗီဒီယိုဖိုင်တွေမှာ သူတို့ကြုံတွေ့ရတဲ့ အခြေအနေကို ကွန့်မန့် (မှတ်ချက်)တွေနဲ့ အခုလိုရေးထားကြပါတယ်။
'' ထမင်းလေးနှစ်ဇွန်း သုံးဇွန်းပဲစားရသေးတယ်၊ မီးလောင်တယ်ဆိုတာနဲ့ ပြေးကြတာ''
'' သူဌေးက အရင်တောင်ကြေဦးမှာ မဟုတ်ဘူး။ သနားပါတယ်''
''ထမင်းစားနေရင်း ထွက်ပြေးရတာ''
''အရာအားလုံး ပျက်စီးကုန်ပါပြီ။ အမှတ်တရတွေ အများကြီးရှိခဲ့တယ်''
''ပြာဖြစ်သွားပြီ။ ကျွန်တော်တို့ စက်ရုံကြီး ကုန်ပါပြီ''
Straightex အထည်ချုပ်စက်ရုံ မီးလောင်ခဲ့မှုအခြေအနေကို သိရှိထားသူကတော့ "တံခါးဖွင့်ချလိုက်တဲ့ ခဏလေးတောင် မီးခိုးတွေ ရှုမိလို့ အမောဖောက်တဲ့သူတွေရှိတယ်'' လို့ အဲဒီနေ့က အခြေအနေကို ပြောပါတယ်။
စက်ရုံနဲ့နီးစပ်သူက "မီးခိုးတွေအပြင်ထွက်လာမှ အထဲမှာ လောင်နေမှန်းသိတာ။ အဲဒီအချိန်တံခါးသော့က ရုံးခန်းထဲမှာဆိုတော့ သွားယူရသေးတယ်။ အထဲမှာက လောင်နေပြီ" လို့ ဆိုပါတယ်။
အပြင်က ထမင်းစားသူတွေ သတိထားမိချိန်မှာ စက်ရုံအတွင်းပိုင်းမှာ မီးက အတော်လေးလောင်နေခဲ့ပြီလို့ မီးလောင်ချိန်မှာရှိနေသူတချို့က ပြောပါတယ်။
"မီးစလောင်တာက အောက်ထပ်မှာ အလုပ်သမားတွေက အပေါ်မှာ ရှိနေတာ။ ဘယ်လိုဆင်းမလဲ။ ဘယ်သူမှလည်း မဝင်ရဲဘူး။ တံခါးအပေါက်နားမှာ ချိတ်ထားတဲ့ဖုန်းတွေတောင် ဝင်မယူရဲကြတာ" လို့ ဆိုပါတယ်။
အလုပ်သမားတွေရဲ့ ဖုန်းအလုံး ၃၀၀ လောက် မီးထဲပါသွားတယ်လို့ ပြောပါတယ်။
ရွှေပြည်သာမြို့နယ်အထည်ချုပ်သမဂ္ဂကတော့ အလုပ်သမား ၂ ဦး သေဆုံးတယ်လို့ မီးစလောင်ပြီး တစ်နာရီခွဲဝန်းကျင်မှာ ထုတ်ပြန်ခဲ့ပါတယ်။
"စက်ရုံထဲက အထုပ်တစ်ထုပ်နဲ့ ထွက်လာပြီး ဘေးတွဲငှားထွက်သွားတဲ့အမျိုးသားက ပြောသွားတာ။ အဲဒီနောက်တော့ ကျွန်မတို့ကို(သမဂ္ဂအဖွဲ့)စက်ရုံနားကို အကပ်မခံတော့ဘူး" ရွှေပြည်သာမြို့နယ်အထည်ချုပ်သမဂ္ဂရဲ့တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက "ဒီမီးငြှိမ်းသတ်မှုမှာ မီးငြှိမ်းသတ်တာရော လုံခြုံရေးရော စက်ရုံအလုပ်သမားရော မထိခိုက်ပါဘူး။ သေဆုံးလည်း မရှိပါဘူး"လို့ ပြောပါတယ်။
မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့တဲ့အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း လူသေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။ ရွှေပြည်သာစက်မှုဇုန်ရဲ့ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်ရာမှာလည်း" ကျွန်တော်တို့ ဥက္ကဋ္ဌ တိုက်ရိုက်လွှင့်တာ ကြည့်သလောက်လည်း သေတာ မရှိပါဘူး။ကျွန်တော်ခရီးလွန်နေလို့ အသေးစိတ်တော့မသိဘူး" လို့ဆိုပါတယ်။
စက်ရုံမီးလောင်မှုဖြစ်စဥ်ကို သိရှိသူကတော့ လူနာတင်ယာဥ်တွေ ရောက်လာတဲ့အပေါ် မှာ စိုးရိမ်ချက်ရှိပါတယ်။ သူ့အပြောအရ လူနာတင်ယာဥ် ၆ စီးခန့် စက်ရုံမီးလောင်တဲ့နေရာကို ရောက်လာခဲ့တယ်လို့ဆိုပါတယ်။
စက်ရုံရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ မြန်မာမှာ ခြေအိတ်၊ တီရှပ်နဲ့ အဝတ်အထည်ချုပ်စက်ရုံ ၄ ရုံရှိပြီး တစ်ရုံစီတိုင်းမှာ အလုပ်သမား အနည်းဆုံး ၅၀၀ ကနေ အများဆုံး ၁,၆၀၀ အထိရှိတယ်လို့ ဆိုပါတယ်။ ဘီဘီစီက စက်ရုံဝက်ဘ်ဆိုက်မှာ ပေးထားတဲ့ အီးမေးလ်ကို ဆက်သွယ်ပေမဲ့ ဒိုမိန်း မှားယွင်းနေတယ်လို့ ဖော်ပြပါတယ်။
ကုမ္ပဏီဝက်ဘ်ဆိုက်ဖော်ပြချက်အရ CK နဲ့ နာမည်ကြီး တံဆိပ်တချို့အပါအဝင် အမှတ်တံဆိပ်ပေါင်း ၂၆ ခုကို ထုတ်လုပ်နေတာပါ။ မြန်မာက စက်ရုံမှာ ဘယ်တံဆိပ်တွေ ချုပ်လုပ်နေတယ်ဆိုတာတော့ ဖော်ပြမထားပါဘူး။

ဓာတ်ပုံ ရင်းမြစ်, MFSD
တချိန်တည်းမှာပဲ အလုပ်သမားတွေမှာ လုပ်ငန်းပိုင်ရှင်ကို စာနာမှုနဲ့အတူ သူတို့ရဲ့အလုပ်အကိုင်တွေ ပျောက်ဆုံးသွားတဲ့အပေါ် ရေရှည်ရပ်တည်ရေးအတွက် စိုးရိမ်စိတ်တွေရှိနေတာကို သူတို့ဗီဒီယိုတွေက မှတ်ချက်တွေမှာ တွေ့ရပါတယ်။
စက်ရုံရဲ့အစိတ်အပိုင်းအများစု မီးလောင်ပျက်စီးသွားတာကြောင့် အလုပ်သမားတွေအနေနဲ့ အလုပ်အကိုင်ပြန်လည် ရရှိမလားဆိုတာနဲ့ လစာအပြည့်အဝရရှိမလားဆိုတာကိုတော့ အလုပ်သမားတွေ ကိုယ်တိုင်မသိရသေးလို့ ရတက်မအေးဖြစ်နေကြပါတယ်။
"စက်ရုံအလုပ်သမားတချို့က အလုပ်သမားတွေကို ကိုယ်စားပြုပြီး သမဂ္ဂကို အကြောင်းကြားတဲ့အချိန်မှာ စက်ရုံက သိပြီး သူတို့ကို ဆက်သွယ်လာတယ်။ စက်ရုံဘက်က အပြောအရတော့ လစာနဲ့ တခြားကိစ္စတွေကို လကုန်မှ ပြောမယ်လို့ သိရပါတယ်" လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ် သမဂ္ဂတာဝန်ရှိသူက ပြောပါတယ်။
စက်ရုံတွေ စနစ်တကျလည်ပတ်ရေး စိစစ်မှုတွေ ပိုရှိစေလို

ဓာတ်ပုံ ရင်းမြစ်, STUM
နွေရာသီမီးဘေးမှာ Straightex အထည်ချုပ်စက်ရုံလို နာရီပေါင်းများစွာ မီးငြှိမ်းသတ်ရတဲ့ မီးလောင်မှုကနေ စက်ရုံအလုပ်ရုံတွေမှာ မီးဘေးကြိုတင်ကာကွယ်ရေးစနစ်တွေ အားကောင်းဖို့ ထောက်ပြမှုတွေ ရှိလာပါတယ်။
ထုတ်လုပ်ရေးစက်ရုံတစ်ခုရဲ့ ဦးစားပေးစနစ်က မီးလောင်မှုကနေ ကာကွယ်ရေးနဲ့ မီးဘေးကာကွယ်ရေးစနစ်ဖြစ်တယ်လို့ အငြိမ်းစား မီးသတ်ဦးစီးမှူး တစ်ဦးက ပြောပါတယ်။
''ကုန်ထုတ်လုပ်တဲ့စက်ရုံနဲ့ အဆောက်အဦတွေမှာ မီးဘေးကာကွယ်ဖို့ စနစ်ရှိရမယ်။ မီးလောင်မှုကို ကြိုတင်ကာကွယ်ရမယ်။ ပြီးတော့ မီးလောင်ကျွမ်းမှုဖြစ်တဲ့အခါ စက်ရုံဝန်ထမ်းတွေကို ဘေးအန္တရာယ်ကင်းစွာဘယ်လို တုံ့ပြန်ရမယ်ဆိုတာကို အသိပညာပေးဖို့ အထူးအရေးကြီးပါတယ်'' လို့ သူက ပြောပါတယ်။
သူ့အကြံပြုချက်အရ မီးလောင်မှုဖြစ်တဲ့အခါ အလုပ်သမားဝန်ထမ်းတွေ ဘေးကင်းစွာ ထွက်ခွာရမယ့် နည်းလမ်းကို သိရှိနိုင်စေဖို့ စက်ရုံတစ်ခွင်လုံး နံရံတွေမှာ ရွှေ့ပြောင်းရေး အစီအစဉ်မြေပုံတွေကို ဖော်ပြထားရမယ်လို့ ဆိုပါတယ်။
ရွှေပြည်သာနဲ့ လှိုင်သာယာ စက်မှုဇုန်တွေက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တချို့ကတော့ စက်မှုဇုန်တွေက စက်ရုံအများစုမှာ မီးဘေးကြိုတင်ကာကွယ်ရေးစနစ်နဲ့ မီးလောင်တဲ့အခါ တုံ့ပြန်ရမယ့် အသိပညာပေးဖြန့်ဝေမှုတွေ အားနည်းတယ်လို့ ထောက်ပြပါတယ်။
တချိန်တည်းမှာပဲ သမဂ္ဂတွေအနေနဲ့ လုပ်ခလစာ၊ လုပ်အားခေါင်းပုံဖြတ်မှု၊ လုပ်ငန်းခွင်ထိခိုက်မှုစတဲ့ပြဿနာတွေနဲ့အတူ မီးဘေးလို သဘာဝဘေးတွေဖြစ်လာတဲ့အခါ တုံ့ပြန်နိုင်တဲ့ အသိပညာပေးမှုတွေလုံလောက်မှု ရှိ မရှိကိုလည်း ဆော်သြတောင်းဆိုဖို့ လိုလာပြီလို့ ရှုမြင်ကြပါတယ်။
ဒီလို မီးဘေးအန္တရာယ်အသိပညာပေးရေးလို ကိစ္စကနေ လုပ်ခလစာနဲ့ လုပ်အားခေါင်းပုံဖြတ်ခံရမှုလို ကိစ္စတွေအထိ အလုပ်သမားသမဂ္ဂတွေဟာ အလုပ်သမားအခွင့်အရေးနဲ့ အသက်အန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေမှာ လွတ်လွတ်လပ်လပ် ပြောဆိုလုပ်ဆောင်ဖို့ ခက်ခဲတဲ့အခြေအနေဖြစ်တယ်လို့ အလုပ်သမားအရေးလုပ်ဆောင်နေသူတချို့က ဆိုပါတယ်။
သမဂ္ဂအဖွဲ့ဝင်တချို့ ဖမ်းဆီးခံရမှုတွေကြောင့် စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေပါဝင်တဲ့ သမဂ္ဂကဏ္ဍပျောက်ကွယ်လုနီးပါး ဖြစ်လာတယ်လို့ အလုပ်သမားအခွင့်အရေး လုပ်ရှားသူတွေက ဆိုပါတယ်။
"အလုပ်သမားတွေက ရှင်သန်ရေး အဓိကစဥ်းစားရတဲ့အခါမှာ သမဂ္ဂဖွဲ့ရေးပါ စုစည်းဖို့ ခက်လာတယ်" လို့ အလုပ်သမားသမဂ္ဂဦးဆောင်အဖွဲ့ဝင်အဖြစ် နှစ်ဆယ်ချီ လုပ်ခဲ့သူတစ်ဦးက ပြောပါတယ်။
အလုပ်သမားသမဂ္ဂဦးဆောင်အဖွဲ့ဝင်အဖြစ် နှစ်ဆယ်ချီလုပ်ခဲ့သူကလည်း သမဂ္ဂ အလုပ်ကနေ နားလိုက်တာ ၃ နှစ်ဝန်းကျင်ရှိလာပါပြီ။
သမဂ္ဂဖွဲ့မယ်ဆိုရင် အလုပ်သမားဦးစီးဌာနကို တင်ပြပြီး ပုံစံ ၆ အရင်ကျလာကာ စက်ရုံမှာ သမဂ္ဂဖွဲ့မယ့်သူတွေကို စစ်ဆေးပြီး ပုံစံ ၇ ထပ်ချပေးကာဖွဲ့စည်းခွင့်ပေးတာဖြစ်ပါတယ်။
လှိုင်သာယာမြို့နယ်က အလုပ်သမားတစ်ဦးကလည်း"သမဂ္ဂလူဟောင်းတွေလည်း ထွက်ကုန်တော့ လူ ၃ ပုံ ၁ ပုံလောက်ပဲကျန်တယ်။ လူမရှိသလောက်ပါပဲ"လို့ဆိုပါတယ်။
သူလုပ်ကိုင်နေတဲ့ စက်ရုံမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို ညှိနှိုင်းရာမှာလည်း မရကြတာ များတယ်လို့ ဆိုပါတယ်။
"လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးကတော့ နိုင်ငံခြားသား စက်ရုံပိုင်ရှင်ပြောင်းပြီးမှ ၂ ခါလောက် ပေးဖူးတယ်။ လက်တွေ့ဖြစ်လာရင်တော့ ဘယ်လိုဖြစ်နိုင်တယ် မသိသေးဘူး" လို့ဆိုပါတယ်။
မီးဘေးအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ စက်ရုံတွေရဲ့ဘေးကပ်လျက်တွေမှာ အရေးပေါ်ထွက်ပေါက်တွေ ထားပေးရမှာဖြစ်သလို မီးသတ်ဆေးဘူးတွေ အဆင်သင့်ရှိရမှာဖြစ်တယ်လို့ အလုပ်သမားသမဂ္ဂ အသိုင်းအဝိုင်းက ဆိုပါတယ်။
စက်ရုံတွေမှာ လုပ်ငန်းခွင်လုံခြုံရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းထားဖို့ လိုအပ်ကာ စနစ်ကျ မကျကို မြို့နယ်အလုပ်သမားဦးစီးဌာနတွေက စစ်ဆေးဖို့လိုအပ်တယ်လို့ အလုပ်သမားသမဂ္ဂဦးဆောင်အဖွဲ့ဝင်ဟောင်းက ထောက်ပြပါတယ်။
"လာစစ်ဆေးမယ်ဆိုမှ စက်ရုံတွေက အချိန်ကပ်ပြီး ပြင်ဆင်ကြတာ များတယ်" လို့ လှိုင်သာယာစက်မှုဇုန်ထဲရှိ အထည်ချုပ်စက်ရုံတစ်ခုက အလုပ်သမားတစ်ဦးက သူ့တွေ့ရှိချက်ကို ပြောပြပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ပြောဆိုချက်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီ ၂၀ ရက်အထိ တစ်နိုင်ငံလုံးမှာ မီးလောင်မှု စုစုပေါင်း ၁၉၁ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးက ငွေကျပ် ၁,၄၂၂ သန်းခန့် ရှိခဲ့တယ်လို့ဆိုပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်ကြည့်ရင် ရန်ကုန်တိုင်းက မီးလောင်မှုအများဆုံး ဖြစ်ပွားခဲ့ပြီး၊ ဒုတိယအများဆုံးဖြစ်ပွားခဲ့တာက မန္တလေးတိုင်းဖြစ်ပါတယ်။
မီးလောင်မှုအကြောင်းရင်းတွေထဲမှာ လျှပ်စစ်ကြောင့်ဖြစ်ပွားတဲ့ မီးလောင်မှုက ၇၄ ကြိမ်နဲ့အများဆုံးဖြစ်ပြီး ပေါ့ဆမီးက ၆၃ ကြိမ် ရှိခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၆ ပထမ နှစ်လအတွင်း မီးဘေးကြောင့် သေဆုံးသူ စုစုပေါင်း ၁၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၆ ဦး ရှိတယ်လို့ စစ်တပ်ထိန်းချုပ် မြန်မာ့ရုပ်သံရဲ့သတင်းမှာ ဖော်ပြပါတယ်။











