"စစ်ကြောရေးအများကြီးဖြတ်သန်းခဲ့ရတော့ ဖြစ်လာတဲ့ထရော်မာတွေကို ကုစားနေပါတယ်"

ဓာတ်ပုံ ရင်းမြစ်, MICS
မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ ကိုသက်နှင်းအောင်ကို ဖမ်းဆီးထိန်းသိမ်းတာ ၄ နှစ်ကျော်ကြာချိန်မှာ စစ်တပ်က ပြန်လွှတ်ပေးခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်မှာ ရန်ကုန်မြို့၊ အင်းစိန်ထောင်ကနေ ပြန်လွတ်မြောက်ခဲ့တာပါ။
ဒါဟာ မြန်မာစစ်တပ်ကို ILO ရဲ့ ပြဋ္ဌာန်းချက်ပုဒ်မ ၃၃ နဲ့ အရေးယူနိုင်မယ့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ပြီး လပိုင်းအကြာမှာပဲ ကိုသက်နှင်းအောင်အပါအဝင် ထင်ရှားတဲ့အလုပ်သမားအရေးလှုပ်ရှားသူတွေကို စစ်ကော်မရှင်က ပြန်လွှတ်ခဲ့တာလည်းဖြစ်ပါတယ်။
ILO ရဲ့ ပုဒ်မ ၃၃ ချမှတ်မှုက လွတ်မြောက်ရေးအတွက် ဘယ်လောက်သက်ရောက်မှုရှိခဲ့လဲ၊ ၄ နှစ်ကျော် ကာလအတွင်း အကျဉ်းထောင်အတွင်းကြုံခဲ့ရတဲ့အခြေအနေနဲ့ပတ်သက်လို့ ကိုသက်နှင်းအောင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်ကြောရေးအကြိမ်ကြိမ်ကြုံခဲ့ရသူ

ဓာတ်ပုံ ရင်းမြစ်, MICS
ဘီဘီစီ - မင်္ဂလာပါ ကိုသက်နှင်းအောင်။ အကျဉ်းထောင်ထဲမှာ ၄ နှစ်ကျော်နေထိုင်ခဲ့ရတာ ဆိုတော့ နေကောင်းကျန်းမာလား သိပါရစေ။
ကိုသက်နှင်းအောင် - ကျန်းမာရေးက လတ်တလောကောင်းပါတယ်။ ပိုပြီးစိတ်ချရအောင်တော့ medical check (ကျန်းမာရေးစစ်ဆေးမှု) လုပ်ဖို့တော့ ဆောင်ရွက်နေပါတယ်။
ဘီဘီစီ - ဒီတော့ ကိုသက်နှင်းအောင်ဖမ်းဆီးခံရတဲ့အခြေအနေကနေ စမေးပါရစေ။ တချို့က တောင်ဒဂုံ မြို့နယ်မှာ အဖမ်းခံရတယ်လို့ပြောသလို တချို့ကတော့ တိမ်းရှောင်နေတဲ့ မြဝတီမြို့မှာ အဖမ်းခံရတယ်လို့ အမျိုးမျိုးပြောကြပါတယ်။ ဘယ်လိုဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလဲ။
ကိုသက်နှင်းအောင် - ၂၀၂၁ ခုနှစ် ၆ လပိုင်း ၁၃ ရက်နေ့မှာ ကျွန်တော့်ရဲ့နေအိမ်အပါအဝင် အဖွဲ့ချုပ်က ရုံးခန်းဖွင့်လှစ်ထားတဲ့ တောင်ဒဂုံနဲ့ မန္တလေးမြို့မှာရှိတဲ့ ရုံးခန်းတွေကို ရှာဖွေဖမ်းဆီးမှုတွေလုပ်တယ်။ အဲဒီတော့ ကျွန်တော်တိမ်းရှောင်ဖို့ကြိုးစားပါတယ်။ ကြိုးစားတဲ့အခါမှာ ၆ လပိုင်း ၁၈ ရက်၊ ၂၀၂၁ ခုနှစ်မှာပဲ မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘီဘီစီ - ကိုသက်နှင်းအောင်ကို ဘာကြောင့် ဖမ်းဆီးတာလဲ။ ဘယ်လိုပုဒ်မတွေနဲ့ တရားစွဲဆိုခံခဲ့ရတာလဲ။
ကိုသက်နှင်းအောင် - ဖမ်းဆီးရတဲ့အကြောင်းအရင်းကတော့ အဓိကတော့ အဲဒီကာလဆန္ဒပြပွဲ တွေမှာပါဝင်နေတာကြောင့် ဖမ်းဆီးတယ်လို့တော့ယူဆရတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော့်ကို တရားစွဲဆိုတာကတော့ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဘီဘီစီ - ကိုသက်နှင်းအောင်ရဲ့အမှုရင်ဆိုင်ရတဲ့အခြေအနေလည်းဆက်မေးချင်ပါတယ်။ ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုခံရတယ်လို့ကြားပါတယ်။ တရားရင်ဆိုင်ရာမှာ ဥပဒေကြောင်းအရ တရားရင်ဆိုင်ခွင့်ရခဲ့လား။ စွဲဆိုခံရတဲ့အမှုတွေအကြောင်းလည်း ပြောပြပေးပါဦး။
ကိုသက်နှင်းအောင် - နဂိုမူလတရားစွဲတာကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ပါတယ်၊ ပုဒ်မ ၁၇ (၁) မတရားအသင်းဆက်သွယ်မှုပါတယ်။ ပြီးတော့ နိုင်ငံတော်ပုန်ကန်မှုဆိုတဲ့ ပုဒ်မ ၁၂၄၊ ၁၂၂ ဆိုတဲ့ပုဒ်မ ၄ ခုနဲ့စွဲတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တရားရုံးမှာအမှုရင်ဆိုင်တဲ့အခါမှာတော့ ကျန်တဲ့ပုဒ်မတွေ ပါမလာတော့ပဲနဲ့ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) နဲ့ပဲ အမှုရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အမှုရင်ဆိုင်တဲ့အခါမှာ မွန်ပြည်နယ် ပေါင်မြို့နယ်ရဲ့ အထူးတရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ဘီဘီစီ - တရားရင်ဆိုင်ရချိန်မှာရော ကိုသက်နှင်းအောင် တာဝန်ထမ်းဆောင်တဲ့ MICS ဘက်ကဖြစ်စေ၊ ILO ဘက်ကရော လိုက်ပါကူညီပေးခွင့်ရလား။ မိသားစုနဲ့လည်း အဆက်အသွယ်မရခဲ့ဘူးလို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒီအခြေအနေတွေလည်း ပြည့်ပြည့်စုံစုံသိပါရစေ။
ကိုသက်နှင်းအောင် - ကျွန်တော်တို့ကို ဖမ်းဆီးထိန်းသိမ်းပြီးတဲ့အခါ မော်လမြိုင် စစ်ကြောရေးမှာ ၆ ရက်ထားပါတယ်။ ပြီးတဲ့အခါ ရန်ကုန်ကိုခေါ်လာပြီးတော့မှ ရေကြည်အိုင် စစ်ကြောရေးမှာ ၈ ရက် စစ်ကြောပါတယ်။ ရေကြည်အိုင်စစ်ကြောရေးပြီးတော့ ရွှေပြည်သာစစ်ကြောရေး နဲ့ စစ်ထောင်မှာ နှစ်လ တိတိထားပါတယ်။ အဲဒီကာလမှာတော့ ကျွန်တော့်အိမ်နဲ့ လုံးဝအဆက်အသွယ်မရခဲ့ဘူး။ အဲဒါပြီးတော့မှ ၁၀ လပိုင်းဝန်းကျင်မှာ အင်းစိန်ဗဟိုအကျဉ်းထောင်ကိုပို့ပါတယ်။ အဲဒီအင်းစိန်ဗဟိုအကျဉ်း ထောင်ကိုရောက်ချိန်မှပဲ ကျွန်တော့်အနေနဲ့ မိသားစုနဲ့ ပြန်ပြီးတော့မှအဆက်အသွယ်ရတာပေါ့နော်။ သို့သော် ၂၀၂၁ ခုနှစ်မှာ ကိုဗစ် ၁၉ ဖြစ်နေတာကြောင့်မလို့ဆိုပြီး ကျွန်တော်တို့ ဧည့်တွေ့ခွင့်မရခဲ့ဘူး။ ၂၀၂၁ ခုနှစ် ၁၂ လပိုင်းအကုန်မှာတော့ သက်ဆိုင်ရာဖမ်းမိတဲ့ မြို့နယ်တွေကိုပြန်လွှဲပါဆိုပြီးမှ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို အမိန့်ကြေညာစာ ထွက်လာပါတယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အမိန့်အရ တောင်ဒဂုံရဲစခန်းကနေ တာဝန်ခံ ခေါ်သွားပြီး သက်ဆိုင်ရာမြို့နယ်တွေကိုပြန်လွှဲတဲ့အတွက် ကျွန်တော်က မွန်ပြည်နယ် ပေါင်မြို့နယ်မှာ အမှုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ မွန်ပြည်နယ် ပေါင်မြို့နယ်မှာ အမှုရင်ဆိုင်ချိန်မှာတော့ MICS ကိုယ်စားလှယ်တွေက ရှေ့နေရှေ့ရပ်တွေနဲ့ကူညီဆောင်ရွက်ပေးတာတွေရှိပါတယ်။
အလုပ်သမားခေါင်းဆောင်ရဲ့ စစ်ကြောရေးနဲ့အကျဉ်းထောင်ရက်စွဲ

ဓာတ်ပုံ ရင်းမြစ်, MICS
ဘီဘီစီ - ကိုသက်နှင်းအောင်ရင်ဆိုင်ခဲ့ရတဲ့ စစ်ကြောရေးနဲ့ အကျဉ်းထောင် အခြေအနေကို ခွဲပြီး မေးပါရစေ။ စစ်ကြောရေးကလည်း နှစ်နေရာကြုံခဲ့ရတော့ ဘာတွေစစ်ဆေးမေးခဲ့လဲ။ ကိုသက်နှင်းအောင်မှာ စစ်ကြောရေးက ကြုံတွေ့ခဲ့ရတဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရတဲ့ အခြေအနေတွေရောရှိပါလား။
ကိုသက်နှင်းအောင် - စစ်ကြောရေးကတော့ အများနဲ့တူပါပဲ။ ဘာလို့လဲဆိုတော့ လိုချင်တဲ့ အချက်အလက်တွေရအောင်တော့ စစ်ဆေးမေးမြန်းခဲ့တာတွေ ကျွန်တော်တို့အများကြီးကြုံတွေ့ခဲ့ရတာ ပေါ့နော်။ နောက်တခုက ကျွန်တော်တို့က စစ်ကြောရေးနှစ်ခုဖြစ်တဲ့ မော်လမြိုင်စစ်ကြောချိန် ထွက်ဆိုချက် နဲ့ ရန်ကုန်မှာထွက်ဆိုခဲ့တဲ့ထွက်ဆိုချက်တွေအပေါ်မှာ ကွာဟမှုရှိ မရှိဆိုတာမျိုးကို သူတို့အဓိကစစ်ကြောတာ ဖြစ်ပါတယ်။
ဘီဘီစီ - ကိုသက်နှင်းအောင်ရဲ့ အကျဉ်းထောင်ရက်စွဲတွေအကြောင်းလည်း ဆက်မေးချင်ပါ တယ်။ စဖမ်းဆီးခံရချိန်က လူအသေအပျောက်များတဲ့ ကိုဗစ်လှိုင်းကို အလူးအလဲခံရချိန်လည်းဖြစ်သလို အကျဉ်းထောင်ထဲမှာ ဆန္ဒပြပွဲတွေလည်းဖြစ်ခဲ့ပါတယ်။ ကိုသက်နှင်းအောင်ထောင်ဘယ် နှထောင်လောက် ပြောင်းရွေ့နေခဲ့ရလဲ။ နေခဲ့ရတဲ့ကာလအပိုင်းအခြားနဲ့သိပါရစေ။
ကိုသက်နှင်းအောင် - အင်းစိန်ဗဟိုအကျဉ်းထောင်ကတော့ စံပြအကျဉ်းထောင်ဆိုတဲ့အတိုင်းပဲ စည်းမျဉ်းစည်းကမ်းတွေက အတော်တင်းကျပ်တဲ့ထောင်လို့ပဲ သုံးသပ်ရမှာပေါ့။ ၂၀၂၁ ခုနှစ် ၁၂ လပိုင်းမှာတော့ ကျွန်တော်တို့က သထုံမြို့က ဈေးမသွယ်ထောင်ကို လွှဲအပ်လိုက်ပါတယ်။ ဈေးမသွယ်ထောင်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေချည်းပဲထားပြီး criminal (ရာဇဝတ်မှုကျူးလွန်သူ) တွေနဲ့ရောမထားတဲ့အတွက် ကျွန်တော်တို့အတွက် နည်းနည်းလေး အသက်ရှုချောင်တယ်ပဲပြောရမှာဖြစ်ပါတယ်။ သို့သော် အင်းစိန် အကျဉ်းထောင်မှာတော့အခုချိန်ထိလည်း နိုင်ငံရေးအကျဉ်းသားတွေနဲ့ criminal တွေကို ရောပြီးထားတဲ့အခါမှာ ပွတ်တိုက်မှုတွေအများကြီးကြုံတွေ့ရတယ်။ အထူးသဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာအခါမှာ criminal လူသတ်မှုတွေကျူးလွန်သူတွေဘာတွေကို မပေးတဲ့အခါမှာ ဒီလိုတွေမပေးတာဟာ နိုင်ငံရေးအမှုတွေကြောင့်ဆိုပြီး အကျဉ်းသားအချင်းချင်းတွေကြားမှာ အချင်းချင်းအထင်အမြင်လွဲမှားမှုတွေ၊ ပွတ်တိုက်မှုတွေအများကြီး ကြုံတွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ - ဒီရက်စွဲတွေအကြောင်းက ကောင်းမွန်တဲ့အမှတ်တရတွေတော့ မဟုတ်ပေမဲ့ ၄ နှစ်ကျော်ကာလအတွင်းမှာ တကယ်ကို အမှတ်ရနေတဲ့ အကျဉ်းထောင်ဖြစ်ရပ်၊ အကျဉ်းထောင်ထဲမှာဆုံတွေ့ ခဲ့ရသူဆို ဘာတွေဖြစ်မလဲ။
ကိုသက်နှင်းအောင် - ပထမ ကျွန်တော်တို့က အင်းစိန်အကျဉ်းထောင်ရဲ့ သပြေဆောင်မှာ ထားပါတယ်။ သပြေဆောင်မှာ ထားရင်းနဲ့ပဲ နိုင်ကျဉ်းတွေနဲ့အကျဉ်းထောင်အာဏာပိုင်တို့ ပြဿနာတွေ ဖြစ်လာတဲ့အခါ ကျွန်တော်ကနည်းနည်းဝင်ပြီးတော့ ဖြေရှင်းပါတယ်။ဖြေရှင်းပြီးတဲ့အခါ ၃ ရက်ပဲကြာတယ်၊ ကျွန်တော်တို့ကို ပြစ်ဒဏ်ဆိုပြီးတော့မှ အပေါ်ဆောင်လို့ပြောတဲ့အမှတ် ၂ အိပ်ဆောင်ကိုပို့ပါတယ်။ အမှတ် ၂ အိပ်ဆောင်မှာ အဲဒီတုန်းက နိုင်ငံရေးအကျဉ်းသား ၂ ဦးပဲ ရှိတယ်။ ကျွန်တော်တို့ ရောက်သွားတယ်ပေါ့နော်။ အပေါ်ဆောင်လို့သုံးတဲ့ ၁ ဆောင် ၂ ဆောင် ၃ ဆောင် ၄ ဆောင် နဲ့ ၅ဆောင်တို့ကတော့ ၂၀၂၁ ကာလမှာ criminal (ရာဇဝတ်ကျူးလွန်သူ) တွေချည်းထားတဲ့အဆောင်ဖြစ်ပါတယ်။ ကျွန်တော်တို့က criminal ချည်း ရှိတဲ့အဆောင်ကိုရောက်သွားတဲ့အခါမှာ လိုက်လျောညီထွေဖြစ်အောင် တနည်းအားဖြင့်တော့ အကျဉ်းထောင်ဖြတ်သန်းရတာ တော်တော်လေးခက်ခက်ခဲခဲကို ဖြစ်ပါတယ်။ အဲဒီအကျဉ်းထောင်ကနေ နယ်ထောင်ကိုရောက်တယ်။ အမှတ်တရဖြစ်ရပ်ဆို အကျဉ်းထောင်နဲ့ ဝန်ထမ်းတွေကြားက ဒီထက်ပိုပြီးမှ ကောင်းမွန်လာဖို့၊ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေမလုပ်ဖို့ ကျွန်တော်အနေနဲ့ မေတ္တာရပ် ခံလိုပါတယ်။
ဘီဘီစီ - ကိုသက်နှင်းအောင်ဆုံခွင့်တွေ့ခွင့်ရတဲ့ထင်ရှားတဲ့နိုင်ငံရေးသမားတွေဆိုရင် ဘယ်သူတွေများရှိခဲ့လဲ။ အခုနဲ့ပြောပြတဲ့ အကျဉ်းထောင်အခြေအနေမှာ အတူတူဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး အကျဉ်းသမားတွေဆို ဘယ်သူတွေများဖြစ်မလဲ ပြောပြပေးလို့ရနိုင်မလား။
ကိုသက်နှင်းအောင် - အများအားဖြင့်တော့ ဗကသများ(ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်)အဖွဲ့ချုပ်က လူငယ်တွေဖြစ်ပါတယ်။ ကျောင်းသား လူငယ်တွေပေါ့။ ၂၀၂၁ ဖြစ်ပြီးတဲ့နောက် ဝင်လာခဲ့တဲ့လူငယ်တွေဖြစ်ပါတယ်။ သတင်းမီဒီယာပိုင်းကဆိုရင်တော့ မြန်မာနောင်းက သတင်းထောက် ကိုစိုင်းဇော်သိုက်နဲ့ အတူတူနေခဲ့ရတာရှိတယ်။ ပြီးတော့ ဧရာဝတီသတင်းဌာနက ဦးသောင်းဝင်းလည်း အတူတူနေခဲ့ရတာရှိပါတယ်ခင်ဗျ။
ဘီဘီစီ - အကျဉ်းထောင်ထဲမှာအတူနေကြသူတွေရော ကျန်းမာရေးကောင်းကြရဲ့လား။
ကိုသက်နှင်းအောင် - လတ်တလောအားဖြင့် တချို့နိုင်ကျဉ်းတွေထဲမှာ ကျန်းမာရေးအားနည်းသွားတဲ့ သူတွေလည်းရှိတာပေါ့နော်။ တချို့တွေလည်း အသက်အရွယ်အရ၊ ချမှတ်ခြင်းခံထားရတဲ့အသက်အရွယ်အရ နည်းနည်းလေးကျန်းမာရေးအရစိုးရိမ်စရာရှိတဲ့ အနေအထားလေးတွေ တွေ့ရတဲ့သူတွေရှိပါတယ်။ နောက်တခုကတော့ အင်းစိန်အကျဉ်းထောင်ထဲမှာက ဆေးရုံတော့ရှိတယ်။ ဒီဆေးရုံရဲ့ကုသမှုတွေက မလုံလောက်လို့ refer (လွှဲပြောင်းမှု) တွေလုပ်ပြီးလုပ်ရတဲ့အခါ အချိန်ယူရတယ်၊ အချိန်နဲ့တပြေးညီ မဖြစ်နေဘူး။ ဒါလေးတွေကိုတော့ အကျဉ်းထောင်နဲ့ပတ်သက်ပြီး အကြံပြုလိုတာဖြစ်ပါတယ်။ ဆေးရုံနဲ့ မလုံလောက်လို့ refer လုပ်ရတဲ့အခါ မြန်မြန်ဆန်ဆန်ဖြစ်ဖို့ မျှော်လင့်မိပါတယ်။
ILO ဖိအားနဲ့ လွတ်ငြိမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ - လွတ်ငြိမ်းပေးတာတွေနဲ့ ဆက်စပ်မေးချင်ပါတယ်။ လွတ်ငြိမ်းပေးတဲ့ကာလတွေမှာ မျှော်လင့်မိလား။
ကိုသက်နှင်းအောင် - ၂၀၂၁ နဲ့ ၂၀၂၂ နှစ်နှစ်တာကာလအတွင်းမှာတော့ လွတ်ငြိမ်းချမ်းသာမှုတွေက ခဏခဏပေးခဲ့တာပေါ့။ ဒီအစပိုင်းမှာဆိုရင် ကျွန်တော်ကို စွဲထားတဲ့ပုဒ်မတွေ ကလည်း ပုဒ်မ ၁၇ (၁) မတရားအသင်းဆိုတဲ့အခါမှာ အားလုံးကလွတ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိတယ်။ အဲအချိန်မှာပဲ မိသားစုနဲ့ ပြန်တွေ့နေပြီဖြစ်တာကြောင့် ဥရောပသမဂ္ဂ (အီးယူ) အပါအဝင် နိုင်ငံတကာမှာရှိတဲ့ မဟာမိတ်အဖွဲ့အစည်းတွေ ပြည်တွင်းမှာရှိတဲ့အဖွဲ့အစည်းတွေကလည်းလွတ်မြောက်ဖို့ တောင်းဆိုနေတဲ့အခါမှာတော့ လွတ်ငြိမ်းချမ်းသာပေးတိုင်းမှာ လွတ်မြောက်နိုင်တယ်ဆိုတဲ့မျှော်လင့်ချက်က အမြဲတမ်းရှိခဲ့တယ်။ စစ်ကောင်စီကလွတ်ငြိမ်းချမ်းသာပေးတဲ့အခါမှာ ပုဒ်မတွေကို ကန့်သတ်လိုက်ပါတယ်။ ဥပမာ အကြမ်းဖက်မှု၊ လူသတ်မှု၊ အဂတိမှု၊ မုဒိန်းမှုနဲ့ နိုင်ငံရေးဆက်စပ်တဲ့အမှုတွေနဲ့ ကန့်သတ်လိုက်တဲ့အခါ မှာတော့ ၁၇ (၁) ကလည်းပါသွားတာပေါ့။ အကျဉ်းထောင်စကားပြောတယ်ဆိုရင် အပ မိတယ်ပဲ သုံးကြတာပေါ့လေ။ ကျွန်တော်တို့ အပတွေ မိလာတဲ့အခါ သိပ်ပြီးတော့မျှော်လင့်တာမျိုးမရှိတော့ပါဘူး။ ကျွန်တော်ဒီနေရာမှာ အကြံပေးချင်တာက ဒီလိုမျိုးအကျဉ်းချခံနေရသူတွေအချင်းချင်းကြားမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါမှာ အမှုတွေကို ခွဲခြားဆက်ဆံတာမျိုးမလုပ်စေချင်ဘူး။ အားလုံးကိုတပြေးညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ကိုတော့ တောင်းဆိုလိုပါတယ်။
ဘီဘီစီ - လွတ်ငြိမ်းပေးတဲ့အချိန်တွေမှာမပါခဲ့ဘဲ ဘာလို့ အခုအောက်တိုဘာမှာမှ ပြန်လွှတ်ပေးခဲ့တာလဲ။ ပြန်လွတ်တဲ့နေ့အတွေ့အကြုံကို ပြောပြပေးပါဦး။
ကိုသက်နှင်းအောင် - ပြန်လွတ်ပေးတဲ့အတွေ့အကြုံကိုပြောမယ်ဆိုရင် ပြန်အဖမ်းခံရတာကို ပြောရမယ်ထင်တယ် ဒါမှ အချိတ်အဆက်မိသွားအောင်လေ။ ကျွန်တော်က ၂၀၂၃ ခုနှစ် ၆ လပိုင်း ၂၆ ရက်မှာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) အရထောင် ၂ နှစ်ပြစ်ဒဏ်ကျတယ်။ အဲဒီနေ့မှာပဲ ကျွန်တော် လွတ်တယ်၊ လွတ်တဲ့နေ့မှာပဲ သထုံက ရုံးမှာ ကျွန်တော့်ကိုပြန်ပြီးမှထိန်းသိမ်းပါတယ်။ ပြန်ပြီးထိန်းသိမ်းပြီးတော့ မော်လမြိုင်ကိုခေါ်လာတယ်။ ခေါ်ပြီးတော့မှ ကုန်းမြင့်ရိပ်သာ စစ်ကြောရေးနဲ့ အောင်မင်္ဂလာ စစ်ကြောရေးတို့မှာ ၅ လနီးပါးနေလိုက်ရပါတယ်။ နေလိုက်ပြီးတော့မှပဲ ၂၀၂၃ ၁၁ လပိုင်း ၁၅ ရက်မှာ ကျွန်တော်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၇ နှစ် ထပ်ပြီး ချမှတ်ပါတယ်။ ဒီလိုအလုပ်ကြမ်းနဲ့ထောင်ဒဏ်ချမှတ်ခံရချိန်မှာ ကျွန်တော့်အနေနဲ့ တော်တော်လေး အံ့သြပြီးတော့မှ တုန်လှုပ်မိတယ်။
အောက်တိုဘာ ၂၀ ရက်မှာပြန်လွှတ်ပေးတာကတော့ လွှတ်ပေးမယ့်နေ့မှာပဲကျွန်တော့်ကို အရပ်ဝတ်လဲခိုင်းပါတယ်။ ဘာမှလည်းကြိုတင်ပြောတာမျိုးလည်း မရှိနေဘူး။ အရပ်ဝတ်လဲခိုင်း၊ ပစ္စည်းတွေသိမ်းခိုင်းပြီးတော့ ထောင်ပြင်ကို ခေါ်သွားတယ်ပေါ့လေ။ ခေါ်သွားပြီးမှ ထောင်ဘူးဝမှာရှိတဲ့ သံတမန်ခန်းမမှာ ထားပြီးတော့မှ အမိန့်ကြေညာစာဖတ်ပြတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကျွန်တော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အကြောင်းပေါ့။ ကျန်တာကတော့ထုံးစံအတိုင်းပဲပါပဲ၊ ပုဒ်မ ၄၀၁ အရ ကျွန်တော်က နောက်တကြိမ်ပြစ်မှုကျူးလွန်လို့ရှိရင် အခုလက်ရှိကျခံဖို့ရှိတဲ့ပြစ်မှုတွေကိုပါ ပြန်လည်ကျခံရမယ်ဆိုပြီးတော့ ပုဒ်မ ၄၀၁ ကိုလက်မှတ်ထိုးပြီးတော့မှ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ လွှတ်ပေးတာကတော့ ဒီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လက်မှတ်နဲ့ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MICS
ဘီဘီစီ - ၂၀၂၅ ဇွန်လထဲမှာပဲ မြန်မာစစ်တပ်ကို ILO ရဲ့ ပြဋ္ဌာန်းချက်ပုဒ်မ ၃၃ နဲ့ အရေးယူနိုင်မယ့် ဆုံးဖြတ်ချက် တစ်ရပ်ကို ချမှတ်ခဲ့တယ်။ ဒါက သက်တမ်းရာကျော်ရှိတဲ့ ILO ရဲ့ သမိုင်းမှာ ပုဒ်မ ၃၃ ကို အသုံးပြုတာ အခုတစ်ကြိမ်နဲ့ပါဆိုရင် ၃ ကြိမ်ပဲ ရှိ သေးပြီး မြန်မာက ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒီတော့ ကိုသက်နှင်းအောင်ရဲ့လွတ်မြောက်မှုမှာ ILO ရဲ့ အခန်းကဏ္ဍကရော ဘယ်လောက်အရေးပါ လဲ။ ပုဒ်မ ၃၃ က သက်ရောက်မှုရှိစေခဲ့တာလား။
ကိုသက်နှင်းအောင် - ကျွန်တော်တို့တွေကို လွတ်ပေးခြင်းသည် Article 33 ကို စစ်ကောင်စီအနေနဲ့က တစိတ်တဒေသအား ဖြင့်လိုက်နာဆောင်ရွက်ဖို့လုပ်တယ်လို့ မြင်ပါတယ်ခင်ဗျ။ နောက်တခုက မတ်လမှာဆုံးဖြတ်တဲ့ ILO Governing Committee အစည်းအဝေးမှာဆိုလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီးဆုံးဖြတ်တဲ့အခါမှာ မြန်မာအလုပ်သမားတွေရဲ့အခြေအနေကို ပိုမိုတိုးတက် ကောင်းမွန်အောင်လုပ်ဖို့ဆိုတဲ့အချက်တွေပါ ပါတယ်။ စစ်ကောင်စီအနေနဲ့ကတော့ ILO ရဲ့ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာဖို့ တိုက်တွန်းလိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၀၊ ၂၀၀၃ ခုနှစ်တွေတုန်းကလည်း ဒီ Article 33 နဲ့ပတ်သက်ပြီးတော့မှ ဆိုးရွားတဲ့အကျိုးရလဒ်တွေကို မြန်မာနိုင်ငံအနေနဲ့က ခံစားခဲ့ပြီး ဖြစ်ပါတယ်။ ဒီသင်ခန်းစာကို ရယူပြီးတော့မှ ကျွန်တော်တို့အနေနဲ့ အခုလက်ရှိဆုံးဖြတ်ချက်တွေကို ရပ်တန့်နိုင်ဖို့အရေးကို ကြိုးစားဆောင်ရွက်ဖို့လုပ်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ အကြံပြုလိုပါတယ်ခင်ဗျ။
ဘီဘီစီ- စစ်တပ်ကလည်း အရေးယူပိတ်ဆို့မရဖို့အတွက် ထုတ်ပြန်ချက်ထုတ်တာတွေ တွေ့ခဲ့ရပါတယ်။ အခုလို ကိုသက်နှင်းအောင်တို့လို အလုပ်သမားခေါင်းဆောင်တွေကို ပြန်လွတ်ပေးတာက စစ်တပ်အပေါ် ILO ရဲ့ အဆုံးအဖြတ်အပြောင်းအလဲဖြစ်လာစေနိုင်လား။
ကိုသက်နှင်းအောင် - ILO ရဲ့ တောင်းဆိုချက်တွေက ဘာတွေရှိလဲဆိုတာကျွန်တော်တို့က ပြန်ပြီး တော့ လေ့လာရမှာဖြစ်ပါတယ်။ သေချာတာကတော့ ILO ရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့အထိ မဖြစ်နိုင်ဘူး။ နောက်ထပ်အများကြီးသူတို့ တောင်းဆိုထားတာတွေရှိတယ်။ လုပ်ငန်းခွင်အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့တို့၊ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်တည်မြဲပိုင်ခွင့်ကို အကာအကွယ်ပေးဖို့တို့ ၊ နောက်အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ပေးဖို့တို့၊ အလုပ်သမားသမဂ္ဂတွေကို လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးဖို့တို့ ဆိုတဲ့ကိစ္စရပ်တွေ။ ပြီးတော့ Force Labour အဓမ္မဖိအားပေးခိုင်းစေမှုတွေ ပပျောက်ဖို့ဆိုတဲ့ ILO ရဲ့တခြားသောတောင်းဆိုချက်တွေကိုလည်း လိုက်နာဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ကိုလွှတ်ပေးရုံနဲ့တော့ Article ၃၃ ရဲ့ ဆုံးဖြတ်ချက်တွေမှာ အကျိုးသက်ရောက်မှုရှိမလားဆိုရင်တော့ တစိတ်တဒေသအားဖြင့် အကျိုးသက်ရောက်မှုရှိနိုင်တယ်။ သို့သော်အလုံးစုံပယ်ဖျက်လိုက်တာမျိုးတော့ ILO အနေနဲ့ ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ကျွန်တော့်အနေနဲ့မြင်မိပါတယ်ခင်ဗျ။

ဓာတ်ပုံ ရင်းမြစ်, STUM
ဘီဘီစီ - ရှေ့ဆက်မှာရော ကိုသက်နှင်းအောင် ဘာဆက်လုပ်မလဲ။ မြန်မာ့အလုပ်သမားအရေး အတွက် ရော ဆက်ဆောင်ရွက်ဖို့ရှိမလား။
ကိုသက်နှင်းအောင် - ကျွန်တော့်အနေနဲ့တော့ထောင်က လွတ်လွတ်လာချင်းမှာတော့ ကျန်းမာရေးနဲ့ပတ်သပ်ပြီး ပိုမိုစိတ်ချရတဲ့အနေအထားဖြစ်အောင် ကြိုးစားနေတဲ့အပိုင်းလေးတွေရှိတယ်။ ဒုတိယတခုက ထရော်မာတွေ ပေါ့လေ၊ ကျွန်တော်က စစ်ကြောရေးကိုအများကြီးဖြတ်သန်းခဲ့ရတာဆိုတော့ ဒီ စစ်ကြောရေးတွေမှာဖြစ်လာတဲ့ထရော်မာတွေ နောက်ပြီးတော့ ဒီအကျဉ်းထောင်ထဲမှာရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့အတွက် ကျွန်တော်အနေနဲ့ပထမဆုံးဦးစားပေးဆောင်ရွက်နေပါတယ်။ နောက်ပြီးတော့ ဒုတိယဦးစားပေးအနေနဲ့ မိသားစုကို အချိန်နည်းနည်းလေးမျှဝေပြီးတော့ပေးနေပါတယ်။ ပြီးပြီးဆိုရင်တော့ ကျွန်တော့်အနေနဲ့ မြန်မာ့အလုပ်သမားထုအတွက် လူထုအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပိုမို အပြည့်အဝရရှိလာဖို့၊ အလုပ်သမားအခွင့်အရေးတွေပိုမိုတိုးတက်လာဖို့အတွက် ဆက်ပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကျွန်တော်တို့အဖွဲ့ချုပ်အတွင်းမှာလည်း ဘယ်လိုပုံစံနဲ့ ဆက်ပြီး အလုပ်လုပ်လို့ရမလဲဆိုတာဆွေးနွေးနေပါတယ်ခင်ဗျ။
ဘီဘီစီ - အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။
မြန်မာဟာ ILO အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ လုပ်သားစံနှုန်းတွေကို အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် ချိုးဖောက်တာ၊ ILO အုပ်ချုပ်ရေးအဖွဲ့ကခန့်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြုချက်တွေကို အထမြောက်အောင် မဆောင်ရွက်တာ၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ရဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာတဲ့အခါမှာ ILO ပုဒ်မ ၃၃ ကို ကျင့်သုံးလေ့ရှိပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ ဒီဆုံးဖြတ်ချက်ဟာ ပြည်တွင်းက အလုပ်ရှင်အလုပ်သမားတွေကို ထိခိုက်မှုရှိစေမှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။













