စက်တင်ဘာ ၆ ရက် ထိပ်တန်းသတင်းများ - ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်ကို စစ်ခုံရုံးက ထောင် အနှစ် ၂၀ ချ

၂၀၁၅ ခုနှစ် လက်ပံတန်းကျောင်းသားသပိတ်မှာ သတင်းရယူနေတဲ့ ကိုစိုင်းဇော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ အားထုတ်နေစဉ်။

ဓာတ်ပုံ ရင်းမြစ်, Soe Zeya Tun/Reuters

ဓာတ်ပုံ ပုံစာ, ၂၀၁၅ ခုနှစ် လက်ပံတန်းကျောင်းသားသပိတ်မှာ သတင်းရယူနေတဲ့ ကိုစိုင်းဇော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ အားထုတ်နေစဉ်။

မိုခါ မုန်တိုင်းသတင်းသွားယူရင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မှာ ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now သတင်းဌာန၊ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ကို စစ်ကောင်စီက စက်တင်ဘာ ၆ ရက်မှာ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချလိုက်ပါတယ်။

ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ထိတ်လန့်စေမှု)၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ နဲ့ တရားစွဲထားတယ် လို့ Myanmar Now က သတင်းဖော်ပြပါတယ်။

စစ်တွေမှာ ဖမ်းဆီးခဲ့တဲ့ ကိုစိုင်းဇော်သိုက်ကို ရန်ကုန်မြို့ကို ပြောင်းရွှေ့ခဲ့ပြီး စစ်ကြောရေးစခန်းတွေမှာ တစ်ပတ်ကျော်ကြာ စစ်ဆေးခဲ့ပြီး အင်းစိန်ထောင်ကို ပို့ခဲ့တယ် လို့ Myanmar Now က ထုတ်ပြန်ပါတယ်။

ကိုစိုင်းဇော်သိုက်ကို အင်းစိန်ထောင်ထဲမှာရှိတဲ့ တောင်ဒဂုံ စစ်ခုံရုံးက ပထမဆုံးရုံးချိန်းမှာပဲ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး ရှေ့နေတောင်ဌားခွင့်မရခဲ့ဘူးလို့ သူ့ရဲ့ သတင်းဌာနက ရေးသားထားပါတယ်။

‘’မြန်မာနောင်းက ရေးသားခဲ့တဲ့ အရေးကြီးသတင်းတွေမှန်သမျှမှာ ကိုစိုင်းဟာ အသက်အန္တရာယ်ကို မငဲ့ဘဲ အမြဲပဲ ရှေ့တန်းကနေ သတင်းယူခဲ့တဲ့သူပါ’’ လို့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ပြောပါတယ်။

စစ်ခုံရုံးက ချတဲ့ အမိန့်ဖြစ်လို့ သတင်းသမားတစ်ယောက်ကို အခုလိုပြင်းထန်တဲ့ ထောင်ဒဏ်ချမှတ်တာလို့ ဥပဒေအကျိုးဆောင်တစ်ဦးက သုံးသပ်ပါတယ်။

‘’အကြမ်းဖက်မှု ပုဒ်မ နဲ့ ထောင်ဒဏ်ချမှတ်ခံရသူတချို့ထက်တောင် ဒီသတင်းသမားကိုချတဲ့ ထောင်ဒဏ်ကများနေတယ်’’ လို့ သူကပြောပါတယ်။

ကိုစိုင်းဇော်ဟာ စာပေစိစစ်ရေးတင်းကျပ်ခဲ့တဲ့ ၂၀၁၀ ရှေ့ပိုင်းကာလကတည်းက သတင်းသမားအလုပ်ကို လုပ်ကိုင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နာမည်ကြီးသတင်းဌာနတွေဖြစ်တဲ့ မက်ဆင်ဂျာ ဂျာနယ်၊ Sky Net၊ ဧရာဝတီ၊ 7 Day နဲ့ မြန်မာနောင်းတို့မှာ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။

Detained Journalists Group က ပြုစုထားတဲ့ စာရင်းအရ အာဏာသိမ်းပြီးကတည်းက ပြီးခဲ့တဲ့ မေလ အထိ သတင်းသမား စုစုပေါင်း ၁၅၆ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၁၀၅ ဦး ပြန်လွတ်ခဲ့ပေမယ့် ၄၅ ဦးကတော့ အခုချိန်အထိ အကျဉ်းချခံနေရဆဲ ဖြစ်ပါတယ်။

မြန်မာက အွန်လိုင်းလိမ်လည်လုပ်ငန်းမှာ ဝင်လုပ်မယ့် တရုတ်ဆယ်ချီကို ထိုင်းရဲဖမ်း

ဖမ်းဆီးတဲ့တရုတ်နိုင်ငံသား ၂၀ ကျော်အထိရှိတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, ထိုင်းလဝက

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ထက်မနည်းကို ထိုင်းလူမှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ဒီတရုတ်နိုင်ငံသားတွေဟာ ကမ္ဘောဒီးယားနိုင်ငံကနေတဆင့် မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ ထိုင်းနိုင်ငံထဲကို ဝင်လာတာလို့ ရဲတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

စစ်ဆေးမေးမြန်းတဲ့အခါ အဲဒီလူတွေဟာ တရုတ်လူဆိုးဂိုဏ်းတွေအတွက် အလုပ်လုပ်ပေးနေသူတွေဖြစ်ပြီး မြန်မာပြည်တွင်းက အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကို သွားကြမယ့်သူတွေလို့ သိရတဲ့အကြောင်း ထိုင်းဘက်က ပြောပါတယ်။

ကမ္ဘောဒီးယားဘက်မှာ နှိမ်နင်းရေးတွေလုပ်နေတာကြောင့် တရုတ်လုပ်ငန်းရှင်တွေဟာ တရုတ်နိုင်ငံသားတွေကိုရော၊ ထိုင်းနိုင်ငံသားတွေကိုပါ မြန်မာဘက်ကို ရွှေ့ပြောင်းဖို့ လုပ်နေကြတာလို့လည်း ထိုင်းလဝက က ပြောပါတယ်။

ထိုင်း ၅ ဦးနဲ့ တရုတ် ၂၀ ဦးကို မတ်လကနေ သြဂုတ်လအတွင်း နိုင်ငံ့ခရိုင် ၅ ခုမှာ ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သူတို့အားလုံးဟာ မြန်မာနိုင်ငံနဲ့နယ်စပ် တက်ခ်ခရိုင် မဲဆောက်နယ်ဆီကို သွားကြဖို့ ဦးတည်ကြတာလို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံနယ်စပ်အပါအဝင် ဒေသတွင်း အခြေပြုဖြစ်ပွားနေတဲ့လောင်းကစားမှုနဲ့ အွန်လိုင်းကနေ လိမ်လည်မှုတွေကို နှိမ်နင်းဖို့ ဆိုပြီး မြန်မာအပါအဝင် တရုတ်၊ ထိုင်းနဲ့ လာအို နိုင်ငံတို့က ရဲတပ်ဖွဲ့တွေက အထူးပူးတွဲစစ်ဆင်ရေးတစ်ခုကို သြဂုတ်လကတည်းက ဖော်ဆောင်နေပါတယ်။

မြန်မာပြည်တွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေ ပစ်မှတ်ထားခံနေရတာကြောင့် ဒီလိမ်လည်လုပ်ငန်းတွေကို ဖြိုခွင်းဖို့ မြန်မာစစ်ကောင်စီကို တရုတ်က ဖိအားပေး ပြောဆိုနေပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ မြန်မာရဲတပ်ဖွဲ့က တရုတ်ရဲတပ်ဖွဲ့ဆီ တရုတ်နိုင်ငံသား ၂၀ ကျော်ကို လွှဲပြောင်းထားပါတယ်။

မြန်မာ့အရေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌတွေ ပူးပေါင်းဖြေရှင်းမယ်

ဂျာကာတာဆွေးနွေးပွဲတွေမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုသူနေရာမှာတော့ လစ်လပ်နေဆဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂျာကာတာဆွေးနွေးပွဲတွေမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုသူနေရာမှာတော့ လစ်လပ်နေဆဲ

မြန်မာ့အရေးကို အာဆီယံဘက်ကနေ ကိုင်တွယ်ဖြေရှင်းဖို့ အားထုတ်မှု တစ်ခုအနေနဲ့ အလှည့်ကျဥက္ကဋ္ဌဟောင်း၊ လက်ရှိဥက္ကဋ္ဌနဲ့ နောင်အလှည့်ကျဥက္ကဋ္ဌနိုင်ငံတို့ ပူးပေါင်းပြီး ''နိုင်ငံရေးဦးဆောင်ဦးရွက်သုံးဦးတွဲဖက်အဖွဲ့'' ထူထောင်ဖြေရှင်းမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြား‌ရေးဝန်ကြီးက ပြောလာပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ပြုလုပ်နေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေအတွင်းမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် စက်တင်ဘာလ ၅ ရက်မှာ ဝန်ကြီးက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

‘‘မြန်မာ့အခြေအနေကို ၁ နှစ်အတွင်းပြောင်းလဲအောင် ဘယ်သူမှ မလုပ်နိုင်ပါဘူး။ မြန်မာပြည်သူတွေကို ဆက်ပြီးကူညီမယ့် အာဆီယံရဲ့ ကတိကဝတ်အရ ''နိုင်ငံရေးဦးဆောင်ဦးရွက်သုံးဦးတွဲဖက်အဖွဲ့'' ယန္တရားကို ဖော်ဆောင်ဖို့ ရှိပါတယ်’’ လို့ သူက ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ပြောဆိုတာ မရှိသေးပါဘူး။

ဒါဟာ မြန်မာပြည်တွင်း စစ်အာဏာသိမ်းပြီးတဲ့နောက် အာဆီယံဘက်က မြန်မာ့အရေးဖြေရှင်းဖို့ ပထမဆုံးချဥ်းကပ်မှုအသစ်ဖြစ်လာပါတယ်။

လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ မြန်မာ့အရေးပါဝင်ပတ်သက်သူတွေအားလုံးနဲ့ တွေ့ဆုံမှုပေါင်း ၁၄၀ ကျော် လုပ်ထားခဲ့တယ်လို့ သမ္မတ ဝီဒိုဒိုကိုယ်တိုင် ထုတ်ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကတော့ မကြာခင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲတာဝန်ယူတော့မယ့် လာအိုနိုင်ငံအနေနဲ့အင်ဒိုနီးရှားက တည်ဆောက်ထားတဲ့ အခင်းအကျင်းကို ဆက်လက်သယ်ဆောင်ဖို့ တိုက်တွန်းပါတယ်။

‘‘စစ်ကောင်စီက အာဆီယံပြောစကားလည်းနားမထောင်၊ ဘယ်သူ့ပြောစကားမှ နားမထောင်နေတဲ့ အချိန်မှာ ရှိပြီးသားဟာကို နောက်ဆုတ်သွားလို့မဖြစ်ဘူး။ ဖြစ်ပြီးသားအခင်းအကျင်းတိုးတက်မှုတွေကို အစက ပြန်စဖို့ဆိုတာ မဖြစ်သင့်ပါဘူး’’ လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြီးခဲ့တဲ့တစ်ပတ် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ ပြောပါတယ်။

တဖက်မှာလည်း အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့အ‌ရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အထမြောက်မှုကို ပြန်လည်သုံးသပ်ထားပြီး မြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပင်မဆောင်ရွက်ချက်တစ်ခုအဖြစ်ဆက်ထားပြီး အပြည့်အဝ အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တွေ့နေတယ် လို့ စစ်ကောင်စီပြော

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း)

အကျဉ်းချခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီတာဝန်ရှိသူတွေ ပုံမှန်သွားရောက်တွေ့ဆုံမှုတွေ ရှိနေတယ် လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဒေါ်အောင်ဆန်းစုကြည် ကို သွားရောက်တွေ့ဆုံခဲ့တယ် လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အပေါ် ဘီဘီစီက မေးမြန်းခဲ့မှုကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

‘’ဒီတွေ့ဆုံမှုအပေါ်တော့ ပြောစရာမရှိဘူး။ တာဝန်ရှိသူတွေ တွေ့ဆုံတာကတော့ ပုံမှန်ဆောင်ရွက်နေတဲ့ လုပ်ငန်းတစ်ခုပဲ ဖြစ်တယ်။’’ လို့ သူကပြောပါတယ်။

အကျဉ်းချခံထားရတဲ့ နှစ်နှစ်ကျော်အတွင်း ဘယ်နှကြိမ်တွေ့ခဲ့သလဲ လို့ ဘီဘီစီက မေးမြန်းခဲ့ပေမဲ့ တွေ့ဆုံခဲ့တဲ့အကြိမ်အရေအတွက်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်မပြောပါဘူး။

အဲဒီလိုသွားရောက်တွေ့ဆုံတဲ့အခါ ပြည်တွင်းရေးအခြေအနေတွေ ဆွေးနွေးသလား လို့ ဘီဘီစီက မေးခဲ့တဲ့အပေါ် မသိရှိကြောင်း သူက ပြောပါတယ်။

ဘီဘီစီရဲ့ သီးခြားစုံစမ်းမှု အရ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိနိုင်ငံရေးအခြေအနေတွေကို ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူ တစ်ဦးက ပုံမှန်သွားရောက် ရှင်းပြရတယ် လို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကျဉ်းထောင်ထဲက အခြေအနေ၊ လိုအပ်ချက်တာတွေဖြည့်ဆည်းပေးဖို့ နဲ့ ကျန်းမာရေးအခြေအနေတွေကို ပြည်ထဲရေးဝန်ကြီးက အလေးထားစောင့်ကြည့်နေတယ် လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် ပြင်းထန်တဲ့သွားကိုက်ဝေဒနာ ခံစားနေရပြီး ကျန်းမာရေးအနည်းငယ် ချို့ယွင်းခဲ့တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ဘီဘီစီကိုပြောခဲ့ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ် လို့ ပြောပါတယ်။