မြန်မာအကျဉ်းထောင်တွေထဲက ဆန္ဒပြပွဲတွေ ပစ်ခတ်ဖြိုခွဲမှုတွေဆီ ဦးတည်လာသလား

အကျဥ်းဆောင် ဆူပူမှုကို နှိမ်နင်းရေး ဇာတ်တိုက်လေ့ကျင့်မှုတစ်ခု

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, အကျဥ်းဆောင် ဆူပူမှုကို နှိမ်နင်းရေး ဇာတ်တိုက်လေ့ကျင့်မှုတစ်ခု

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အကျဉ်းထောင်တွေထဲ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ရင် ညှိနှိုင်းဆွေးနွေးတဲ့အစား ပစ်ခတ်ဖြိုခွင်းတာကို ဦးတည်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ အကျဥ်းသားတွေအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

အရင်ကတော့ ထောင်တွင်းဆန္ဒပြပွဲတွေ ဖြစ်လာရင် ဆန္ဒပြရတဲ့ အကြောင်းအရင်း၊ ဖြစ်စေချင်တဲ့ အကြောင်းအရာတွေ၊ လုပ်ပေးနိုင်တဲ့ အခြေအနေတွေ၊ လျှော့ပေါ့သင့်တဲ့စည်းကမ်းတွေ စတာတွေကို အကျဉ်းဦးစီးဌာနတာဝန်ရှိသူတွေ၊ အကျဉ်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းပြေလည်တာတွေရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ထောင်တွင်းဆန္ဒပြတယ်ဆိုတာနဲ့ ပစ်ခတ်ဖြိုခွင်းဖို့ကိုသာ ရည်ရွယ်ချက်ရှိရှိလုပ်လာခဲ့ကြတယ်လို့ ပြောကြပါတယ်။

စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း အကျဉ်းထောင် ၇ ခုမှာ ထောင်တွင်းဆန္ဒပြပွဲ ၇ ကြိမ်ဖြစ်ခဲ့ပြီး ပစ်ခတ်ဖြိုခွင်းခံရလို့ အကျဉ်းသား ၁၅ ယောက်သေဆုံးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ စာရင်းအရ သိရပါတယ်။

စစ်အာဏာသိမ်းစ ၂၀၂၁ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ အင်းစိန်ထောင်နဲ့ အိုးဘိုထောင်တွင်း ဆန္ဒထုတ်ဖော်မှုတွေမှာ အကျဉ်းသား ရာဂဏန်းနီးပါး တိုက်ပိတ်ခံခဲ့ရပေမဲ့ အသက်သေဆုံး၊ ထိခိုက်တာတွေ မရှိသေးပါဘူး။

လူသေဆုံးမှုဖြစ်တဲ့အထိ ဖြိုခွင်းခံရတဲ့ ထောင်တွင်းဆန္ဒပြမှုတွေကတော့ ၂၀၂၂ ခုနှစ်က စတင်ခဲ့ပါတယ်။ ကလေးအကျဉ်းထောင်ဖြစ်စဉ်မှာ နိုင်ငံရေးအကျဉ်းသား ၈ ယောက်၊ အခြားအကျဉ်းသား ၁ ယောက်သေဆုံးခဲ့သလို ၂၀၂၃ ခုနှစ်မှာလည်း ပုသိမ်အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့ချိန်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက် သေဆုံးခဲ့ပါတယ်။

ဒီနှစ် ၂၀၂၄ ခုနှစ် မတ်လတုန်းက ဖျာပုံအကျဉ်းထောင်ဆန္ဒပြပွဲမှာတော့ သေဆုံးထိခိုက်တာတွေ မရှိခဲ့ပါဘူး။ ဧပြီ ၁၈ ရက် မြစ်ကြီးနားထောင်တွင်း ဆန္ဒပြပွဲမှာတော့ ပစ်ခတ်ဖြိုခွဲခံရလို့ နိုင်ငံရေးအကျဉ်းသား ၂ ယောက်၊ အခြားအကျဉ်းသား ၃ ယောက် သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦးက “အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်တဲ့ မြစ်ကြီးနားအကျဉ်းထောင်အပါအဝင် ထောင်တွေမှာဆန္ဒပြမှုတွေ ဖြစ်တိုင်းပစ်ခတ်နှိမ်နင်းတာကို အဓိကလုပ်လာပါတယ်။ ကောင်းမွန်တဲ့နည်းနဲ့ဖြေရှင်းတာမျိုးအရင်ကရှိခဲ့ပေမဲ့ အခုက ဖမ်းဆီးထားတဲ့သူတွေမှာဆိုရင် လက်နက်ကိုင်ဆန့်ကျင်သူတွေ၊ အကြမ်းမဖက်ဆန္ဒပြခဲ့သူတွေ ပါနေတော့ ကောင်းမွန်တဲ့ဖြေရှင်းနည်းနဲ့မလုပ်ကြဘူး။ နောက်ထောင်တွေမှာမဖြစ်အောင် အကြမ်းဖက်ဖြိုခွင်းပြတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရှိတဲ့ အင်းစိန်အကျဉ်းထောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံရေးအကျဉ်းသားထောင်နဲ့ချီရှိတဲ့ အင်းစိန်ဗဟိုအကျဉ်းထောင်

အကျဉ်းသား ၅ ဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့ မြစ်ကြီးနားထောင်

၂၀၂၄ ဧပြီ ၁၇ ရက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေနဲ့ ကြိုနေကြတဲ့ မိသားစုဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ဧပြီ ၁၇ ရက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေနဲ့ ကြိုနေကြတဲ့ မိသားစုဝင်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက်မှာ စစ်ကောင်စီကပေးတဲ့ လျှော့ရက်ခံစားခွင့် ၆ ပုံ ၁ ပုံမှာ အကျုံးဝင်ပေမဲ့ လွတ်တဲ့အထဲမပါတဲ့အတွက် မြစ်ကြီးနားမြို့က အကျဉ်းထောင်မှာ အကျဉ်းသားတွေနဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေ စကားများပြီး အကျဉ်းသားတွေက ဧပြီ ၁၈ ရက်ညနေ ၄ နာရီမှာ စပြီးဆန္ဒပြခဲ့ကြပါတယ်။

အသံမြည်စေမယ့် သံချောင်းလို သံပုံးလို အရာတွေကို တီးခတ်ပြီး ''အလိုမရှိ''၊ ''ဒို့အရေး'' ဆိုတဲ့ ဆန္ဒပြကြွေးကြော်သံတွေ ကြားရပြီးနောက်ပိုင်း ရဲနဲ့ စစ်သားအင်အား ၇၀ လောက်ပါတဲ့ ယာဉ်တန်း ၅ စီးက အကျဉ်းထောင်ဝန်းထဲ ဝင်သွားတာတွေ့ရသလို အကျဉ်းထောင်ဂိတ်နဲ့ လမ်းတွေကို ပိတ်လိုက်တာကိုလည်း မြင်ရတယ်လို့ အကျဉ်းထောင်နားမှာ ရှိနေတဲ့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

“ရဲတွေဝင်သွားပြီး သိပ်မကြာဘူး ပစ်ပစ်၊ သေအောင်ပစ် ဆိုပြီး အော်ပြောတဲ့အသံတွေ အပြင်ကတောင် ကြားရတယ်၊ ပြီးတော့ အချက် ငါးဆယ်လောက်ရှိမယ်ဗျ၊ ဆက်တိုက်ပစ်သံတွေကြားရတော့တာ”လို့ အဲဒီဒေသခံက ပြောပါတယ်။

“ပထမတော့ လေးဂွနဲ့ပစ်တယ်၊ နောက်တော့ ရဲနဲ့စစ်သားတွေရောက်လာပြီး အိပ်ဆောင် ၄၊ ၆၊ ၇ ထဲအထိ ရဲရော၊ စစ်တပ်ရော၊ အကျဉ်းဝန်ထမ်းတွေရော ဆက်တိုက်ဝင်ပစ်တာ”လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

အဲ့ဒီနောက် အကျဉ်းထောင်ဝန်းထဲကို လူမှုကူညီရေးအသင်းကားတွေ ဝင်သွားတာကို အဝေးကနေ မြင်လိုက်ကြရပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ပြည်သူ့ဆေးရုံကိုမပို့ဘဲ စစ်တပ်ဝန်းထဲက စစ်ဆေးရုံကို ခေါ်သွားတာလို့လည်း ပြောကြပါတယ်။

အဲဒီပစ်ခတ်မှုဖြစ်ပြီးပြီးချင်း အကျဉ်းသား ၄ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒဏ်ရာရသူတွေထဲက ကိုယိန်းဘောမ်ကတော့ ဧပြီ ၂၁ ရက်မှာ သေဆုံးသွားတာပါ။

ပစ်ခတ်ဖြိုခွဲခံရချိန်သေဆုံးသူလေးယောက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုအောင်နိုင်ထွန်းနဲ့ အသက် ၂၂ နှစ်အရွယ် ကိုကျော်စိုးဝင်းတို့ နှစ်ယောက် ပါဝင်ခဲ့ပါတယ်။

အခြားအကျဉ်းသားနှစ်ယောက်တော့ အသက် ၄၃ နှစ်အရွယ် ဦးထွန်းဝင်းနဲ့ အသက် ၄၂ နှစ်အရွယ် ဦးညွန့်ဌေးတို့ ဖြစ်ပါတယ်။ သူတို့ လေးယောက်ကို ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းမှာ မြစ်ကြီးနားမြို့က ရာဒါကောင်း သုဿန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

သေဆုံးသွားသူလေးဦးရဲ့ ဒဏ်ရာအနေအထားအရ ဦးခေါင်းပိုင်းကို အပစ်ခံရလို့ သေဆုံးတာလို့ နာရေး သွားရောက်ပို့ဆောင်ခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

(တစ်ဦးချင်းရရှိတဲ့ သေနတ်ဒဏ်ရာတွေကို သူကအသေးစိတ်ပြောပြခဲ့ပေမဲ့ ဆိုးရွားလှတဲ့ ထိခိုက်ဒဏ်ရာမှုတွေဖြစ်လို့ အသေးစိတ်မဖော်ပြတော့ပါဘူး။)

ပစ်ခတ်ဖြိုခွဲခံရပြီးနောက်မြစ်ကြီးနားထောင် ဘာဆက်ဖြစ်နေလဲ

မြစ်ကြီးနားအကျဉ်းထောင်(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, မြစ်ကြီးနားသတင်းဂျာနယ်

ဓာတ်ပုံ ပုံစာ, မြစ်ကြီးနားအကျဉ်းထောင်(ပုံဟောင်း)

အကျဉ်းသားတွေကို ပစ်ခတ်ဖြိုခွဲတာမှာ ပါဝင်တယ်ဆိုပြီး အကျဉ်းထောင်ဆေးရုံဆရာဝန် ဦးထွန်းထွန်းအောင်၊ ထောင်ပိုင်လေး ဦးကျော်မင်းဦးနဲ့ ထောင်ဝန်ထမ်း ငါးယောက် ဖမ်းဆီးထိန်းသိမ်း အရေးယူခံရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကနေ သိရပါတယ်။

“ထောင်ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွင်းရာမှာပူးပေါင်းပါဝင်တယ်ဆိုပြီးဖမ်းတယ်လို့သိရပါတယ်။ ဒီကိစ္စမှာ ထောင်ဝန်ထမ်းတွေကိုထိုးချတယ်လို့ပဲမြင်ပါတယ်။ အမှန်က ဒီဖြစ်စဉ်မှာပါဝင်တဲ့ ရဲနဲ့စစ်သားတွေမှာလည်းတာဝန်ရှိပါတယ်”လို့ PPNMက တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒ့ါအပြင် ဆန္ဒပြတဲ့အထဲ ပါတယ်ဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၁၉ ယောက်ကို တိုက်ပိတ်ထားပြီး ထောင်တွင်းပြစ်ဒဏ်ချမှတ်ဖို့ ပြင်ဆင်နေကြသလို သူတို့အတွက် ထောင်ဝင်စာပို့ခွင့်၊ ဧည့်တွေ့ခွင့်တွေလည်း ပိတ်ပင်ခံထားရတယ်လို့ မြစ်ကြီးနားထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

“တခြား ထောင်ဝင်စာပို့တာတွေ၊ ဧည့်တွေ့တာတွေကိုလည်း တင်းကျပ်ထားတယ်”လို့ မြစ်ကြီးနားဒေသခံတစ်ယောက်က ပြောပါတယ်။

အခုနောက်ဆုံးမှာတော့ အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဥ်းသား ၁၃ ဦးကို ထောင်အာဏာပိုင်တွေက မြို့နယ်တရားရုံးကို ခေါ်ထုတ်ပြီး တရားရုံးက သူတို့ကို ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆(၁)၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)တိုနဲ့ ထောင်ဒဏ် ၃ နှစ်နဲ့ ၆ လ ထပ်ထိုး ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အကျဉ်းထောင်တွင်းက ထုတ်ယူခံရတဲ့ အသက်တွေ

ထောင်ဆန္ဒပြမှုမှာ ပစ်ခတ်ဖြိုခွင်းခံရလို့ သေဆုံးသူတွေနာရေး

ဓာတ်ပုံ ရင်းမြစ်, ထောင်ဝင်စာပို့ကြမယ်

ဓာတ်ပုံ ပုံစာ, ထောင်ဆန္ဒပြမှုမှာ ပစ်ခတ်ဖြိုခွင်းခံရလို့ သေဆုံးသူတွေနာရေး

စစ်တပ်က အာဏာသိမ်းခါစမှာ ဆန္ဒပြပွဲတွေကို နှိမ်နင်းချိန်တုန်းက အတွေ့အကြုံရှိထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေက အချုပ်ကားဆီကို ခပ်မြန်မြန် ပြေးတက်ကြပါတယ်။

“မဟုတ်ရင် အချုပ်ကားပေါ် မရောက်မချင်း စစ်တပ်ကရော၊ ရဲကရော ရိုက်နှက် ကန်ကျောက်နေတာကို ခံရတာလေ၊ မခံနိုင်လို့ ဦးအောင် တက်ကြတာ၊ ထောင်ရောက်ပြီဆိုရင် အနည်းဆုံး အသက်အန္တရာယ်ကင်းပြီလို့ စိတ်ကို လျှော့ချလိုက်ရတာ”လို့ သူ့အတွေ့အကြုံပေါ် မူတည်ပြီး ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အကျဉ်းထောင်မရောက်ခင် ငရဲခန်းလို့ သတ်မှတ်ထားတဲ့ စစ်ကြောရေးမှာ သေဆုံးတာတွေ ရှိနေတာကြောင့် စစ်ကြောရေးကို ဖြတ်ကျော်နိုင်သွားရင် အသက်အန္တရာယ် ကင်းဖို့ ရာခိုင်နှုန်းများပြီလို့ တွက်ဆထားခဲ့ကြတာပါ။

ဒါပေမဲ့ ဒါတွေက စစ်အာဏာသိမ်းကာစက အခြေအနေတွေဖြစ်ပြီး ၂၀၂၂ နောက်ပိုင်းမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်ထဲက ခေါ်ထုတ်ပြီး ထောင်ထဲမှာဖြစ်ဖြစ် ၊ စစ်ကြောရေးကို ပြန်ခေါ်ပြီးဖြစ်ဖြစ် အကြောင်းပြချက်အမျိုးမျိုးနဲ့ အသတ်ခံရတာတွေလည်းရှိတယ်လို့ သူက ပြောပါတယ်။

ဒီလိုဖြစ်စဥ်တွေကြောင့် အခုနှစ် ပထမ ၃ လအတွင်းမှာတင် သေဆုံးတဲ့နိုင်ငံရေးအကျဥ်းသားနဲ့ အချုပ်သား ၆ ဦးအထိရှိနေပါတယ်။

ပစ်ခတ်ဖြိုခွဲတာမှုတွေဘက်ကို ဦးတည်လာတယ်ဆိုတဲ့ နိုင်ကျဥ်းတွေရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး ဘီဘီစီက စစ်ကောင်စီအကျဥ်းဦးစီးဌာနကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည် ဖြေဆိုတာ မရှိပါဘူး။

“ဒီအကျဉ်းသားက ကျန်းမာရေးမကောင်းလို့ သေဆုံးသွားပါတယ်၊ ဒါမှမဟုတ် သေနတ်လုပြေးလို့ ပစ်ခတ်လိုက်ရပါတယ်ဆိုတော့ တင်ပြချက်စာ ပို့လိုက်ရုံနဲ့ ပြီးသွားတဲ့အချိန် ဖြစ်နေတယ်”လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ထောင်ဆူပူမှုကို နှိမ်နင်းဖို့ ဇာတ်တိုက်လေ့ကျင့်မှုတွေ

ထောင်တွင်းမှာ အကျဥ်းသားတွေ ထိုင်ရတဲ့ပုံစံထိုင်ပုံထိုင်နည်းတွေထဲက တစ်ခုကို AAPP ရဲ့ သရုပ်ဖော်ပုံ

ဓာတ်ပုံ ရင်းမြစ်, AAPP

ဓာတ်ပုံ ပုံစာ, ထောင်ဆူတဲ့အခြေအနေ ဇာတ်တိုက်လေ့ကျင့်မှုလုပ်ရတဲ့အခါ ထိုင်ရတဲ့ ပုံစံတွေထဲက တစ်ခုလို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက ပြောကြပါတယ်

နိုင်ငံရေးအကျဥ်းသားအချို့ကို စစ်ဆေးဖို့လို့ဆိုပြီး စစ်ကောင်စီတပ်က ထောင်တွင်းကနေ လာရောက်ခေါ်ယူပြီးနောက် သေဆုံးခဲ့ကြတဲ့ဖြစ်စဥ်တွေ ရှိလာခဲ့ပြီးတဲ့နောက် ဒီအခြေအနေ ရပ်တန့်အောင် ဆိုပြီး ထောင်တွင်း အစာအငတ်ခံ ဆန္ဒပြတာတွေရှိခဲ့ပါတယ်။

ဒါပေမဲ့ အများစုဟာ မအောင်မြင်ဖြစ်ခဲ့သလို ရှားရှားပါးပါး ကျိုက်မရော ထောင်က ဆန္ဒပြမှုတစ်ခုကိုပဲ ထောင်အာဏာပိုင်တွေက ဘက်က လိုက်လျောခဲ့တာကို တွေ့ရပါတယ်။

စုံစမ်းစစ်ဆေးခံရတဲ့ အကျဥ်းသား ၂ ဦးကို ကျန်းမာရေးစစ်ဆေးပေးဖို့နဲ့ အကျဥ်းတိုက်မဟုတ်တဲ့ သင့်လျော်တဲ့နေရာကို ရွှေ့ပြောင်းပေးဖို့၊ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးတာနဲ့ မူလနေထိုင်တဲ့အဆောင်ကို အမြန်ဆုံးပြန်လည် ပို့ဆောင်ပေးဖို့၊ အကျဥ်းသူ အကျဥ်းသားတွေကို ထောင်ဖွင့်ချိန်မှာပဲ စုံစမ်းစစ်ဆေးတာပြုလုပ်ဖို့ အချက်တွေကို ကျိုက်မရောထောင်က နိုင်ငံရေးအကျဥ်းသားတွေနဲ့ ဝန်းရံသူ အကျဥ်းသား ရာချီက ပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းမှာ အစာအငတ်ခံ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

တောင်းဆိုအပြီး ၃ ရက်အကြာမှာတော့ အစာအငတ်ခံ ဆန္ဒပြမှုကို ကျိုက်မရောအကျဥ်းထောင်အာဏာပိုင်တွေက လိုက်လျောခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံရေးအကျဥ်းသားတွေ အများစုရှိတဲ့ မန္တလေး(အိုးဘို)နဲ့ ရမည်းသင်းထောင်တို့မှာလည်း ထောင်အာဏာပိုင်တွေက အင်အားသုံးနှိမ်နင်းတာတွေရှိတယ်လို့ အဲဒီထောင်တွေကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေက ဘီဘီစီကို ပြောပါတယ်။

‘‘မိန်းကလေးအဆောင်မှာတော့ နိုင်ငံရေးအကျဥ်းသားနဲ့ တခြားအကျဥ်းသားတွေကို ရောမထားဖို့ ပြောရာကနေ ထောင်တွင်းဆန္ဒပြမှုဖြစ်တယ်။ အဆောင်တွေကို တန်းပိတ်လိုက်တယ်။ တိုက်သစ်ဆောက်ထားတဲ့ဘက်တွေမှာဆိုရင် အဆောင်လိုက် အဆောင်လိုက်ထားတာဆိုတော့ ဆန္ဒပြမှုဖြစ်ပြီဆိုရင် သက်ဆိုင်ရာအဆောင်ကို ကန့်ထားတဲ့ ခြံစည်းရိုးဝန်းတွေကို ပိတ်ပစ်လိုက်တယ်။ အင်အားသုံးနှိမ်နင်းတယ်’’ လို့ ရမည်းသင်ထောင်က ပြန်လွတ်လာသူ တစ်ဦးက ပြောပါတယ်။

‘‘အိုးဘိုထောင်မှာတော့ ၈ လေးလုံးနေ့က အသံတိတ်ဆန္ဒပြတာမျိုးလုပ်တဲ့အခါမှာ အင်အားသုံး နှိမ်နင်းတာ။ မျက်လုံးထိတာတွေအထိ ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်’’ လို့ မကြာသေးခင်တုန်းကမှ အိုးဘိုထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တဖက်မှာလည်း ထောင်တွင်းဆန္ဒပြမှုတွေကို နှိမ်နင်းဖို့ စစ်ကောင်စီ စစ်ကောင်စီ ထောင်အာဏာပိုင်တွေက အကျဥ်းထောင်တွေမှာ ဇာတ်တိုက်လေ့ကျင့်တာတွေကို နိုင်ငံထဲက အကျဥ်းထောင်တွေမှာ အခါအားလျော်စွာ ရှိပေမဲ့ အိုးဘိုထောင်မှာတော့ အပတ်စဥ်လေ့ကျင့်နေပါတယ်။

‘‘အိုးဘိုမှာ ထောင်ဆူတာကို နှိမ်နင်းဖို့ အပတ်တိုင်း လေ့ကျင့်ကြတယ်။ လေ့ကျင့်ပြီဆို သံချောင်းတွေ ဆူ‌နေအောင်ခေါက်တယ်။ အဲဒီအခါကျရင် အကျဥ်းသားတွေက ရောက်တဲ့နေရာမှာ ပုံစံထိုင်ရတယ်။ လိုတာထက်ပိုပြီး ဒီလို အပတ်စဥ်တိုင်းလေ့ကျင့်တာက အကျဥ်းသားတွေ အထူးသဖြင့် နိုင်ငံရေးအကျဥ်းသားတွေကို စိတ်ဒဏ်ရာရအောင်လုပ်တာလို့ပဲ ထင်တယ်’’ ဆိုပြီး အိုးဘိုထောင်ကနေ ပြန်လွတ်လာတဲ့နိုင်ငံရေးအကျဥ်းသားတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ ရှိနေပေမဲ့ လူမသိ သူမသိ ချိုးဖောက်ခံနေရဆုံးနေရာဟာ အကျဥ်းထောင်တွေဖြစ်ပြီး နိုင်ငံရေးအကျဥ်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ နည်းမျိုးစုံနဲ့ ညှဥ်းပန်းနှိပ်စက်မှုကို ခံနေရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက အာဏာသိမ်းဆန့်ကျင်မှုတွေကြောင့် နိုင်ငံဝန်းမှာ စစ်ကောင်စီက ဖမ်းဆီးထားသူ ၂၆,၆၀၀ နီးပါးရှိပြီး အဲဒီထဲက လူပေါင်း ၂၀,၃၀၀ ကျော်ဟာ နိုင်ငံတဝန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲလို့ AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။