ဝန်ကြီးတွေရဲ့ထောင်

ဓာတ်ပုံ ရင်းမြစ်, MPD
နယ်မြို့လေးတစ်မြို့က ကိုလိုနီခေတ်လက်ကျန် ထောင်တစ်ခုဟာ အလုပ်သိပ်မများတဲ့ ထောင်တစ်ခု အဖြစ် နှစ်ပေါင်းများစွာဖြတ်သန်းလာခဲ့တာပါ။
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာတော့ နေပြည်တော်ကနေ မိုင် ၆၀ အကွာမှာရှိတဲ့ ရမည်းသင်းထောင်ထဲကို အရေးကြီးပုဂ္ဂိုလ်တွေ တဖွဲဖွဲရောက်လာပြီး အမှားအယွင်းမခံတဲ့ ထောင်တစ်ခုအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က နေပြည်တော်က နိုင်ငံတော်အဆင့်အခမ်းအနားတွေမှာတွေ့ရတဲ့ အစိုးရအဖွဲ့ဝင်မိသားစုတချို့ဟာ အပတ်စဥ် ရမည်းသင်းထောင်ကိုရောက်လာကြပြီး အစားအသောက်နဲ့ ဆေးဝါးတွေအပါအဝင် ထောင်ဝင်စာပို့ ရောက်လာတတ်ကြပါတယ်။
‘ဒီလိုထောင်မျိုးက ထောင်စကားနဲ့ဆို အထိမခံတဲ့ထောင်’ လို့ အငြိမ်းစားထောင်မှူးကြီး ဦးခင်မောင်မြင့်က ပြောပါတယ်။
ထောင်ထဲက ဆင်တွေ

ဓာတ်ပုံ ရင်းမြစ်, The Supreme Court of the Union
ရန်ကုန်-မန္တလေး လမ်းဟောင်းကနေ ၃ မိနစ်သာသာလောက် ကားမောင်းဝင်လာရင် ရွှေရောင်နောက်ခံပေါ်က ရမည်းသင်း အကျဉ်းထောင် ဆိုင်းဘုတ်ကို တွေ့ရမှာပါ။
တခြားကိုလိုနီခေတ်လက်ကျန် နယ်ထောင်တွေလိုပဲ အနီရောင်အုတ်တံတိုင်း ကို လမ်းမကနေလှမ်းမြင်နေရပြီး ထူးခြားဟန်မပြပါဘူး။
ဒါပေမဲ့ ထောင်ထဲမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်တဲ့ မြန်မာ့နိုင်ငံရေးရဲ့ လူသိများသူ အများအပြားဟာ တစ်စုတစ်ဝေးတည်း ရှိနေတာပါ။
၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းမှုမှာ အစိုးရအဖွဲ့ဝင်အများအပြား ဖမ်းဆီးထိန်းသိမ်းခံရပြီးတဲ့နောက် နှစ်ပေါင်း ၆၀ အကြာမှာ သမိုင်းတကျော့ပြန်တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်တပ်အာဏာသိမ်းမှုအတွက်အကြောင်းပြချက်ဖြစ်တဲ့၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တာဝန်အရှိဆုံး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟာ ပြည်ထောင်စုအင်္ဂါစဥ်ရဲ့ ထိပ်ဆုံး ဆယ်ဦးစာရင်းမှာ ပါဝင်ပါတယ်။
ကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးလှသိန်းဟာ ရမည်းသင်းထောင်မှာ ၃ လ ဝန်းကျင် အကျဥ်းချခံထားရပြီးတဲ့နောက် အောက်တိုဘာ ၂၆ ရက်နေ့က ပြန်လွတ်လာပါတယ်။
သူနဲ့အတူ မောင်စာဂ လို့ နာမည်ကြီးတဲ့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်လည်း အတူလွတ်လာပေမဲ့ အမှုတွဲဖြစ်တဲ့ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးကတော့ ကျန်ခဲ့ပါတယ်။
ဦးလှသိန်း မိသားစုက မိထ္ထီလာမှာနေထိုင်ပြီး မောင်စာဂက တောင်သာသား ဖြစ်လို့ မိသားစုဝင်တွေ ပုံမှန်ထောင်ဝင်စာလာတွေ့တယ်လို့ သိရပါတယ်။
‘ဦးလှသိန်းဆို ရမည်းသင်းရောက်မှ ကျန်းမာရေးပိုကောင်းလာတယ်’ လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဦးလှသိန်း က အသက် ၇၄ နှစ်ကျော်လာပြီဖြစ်ပြီး ဦးမြင့်နိုင်နဲ့ သက်တူရွယ်တူဖြစ်ပါတယ်။
သူတို့ထက် အသက် ၁၀ နှစ်ကြီးတဲ့ ဝန်ကြီးတစ်ဦးလည်း ရမည်းသင်းထောင်မှာရှိနေပါတယ်။
အစိုးရလျှို့ဝှက်ချက်အက်နဲ့ ထောင်ချခံခဲ့ရတဲ့ အသက် ၈၄ နှစ်အရွယ် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဦးစိုးဝင်းကတော့ ပြီးခဲ့တဲ့အောက်တိုဘာ ၂၉ ရက်မှာ အကျဥ်းထောင်ကနေပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဦးစိုးဝင်းနဲ့အတူ အမှုတွဲတွေဖြစ်တဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း နဲ့ ဒုဝန်ကြီး ဦးဆက်အောင် လည်း မကြာသေးခင်ကမှ အမှုတွေပြီးပြတ်လို့ ရမည်းသင်းထောင်ရောက်လာပါတယ်။
အသက်အရွယ်ကြီးရင့်တဲ့ပုဂ္ဂိုလ်တွေရှိတဲ့အတွက် ထောင်ဆရာဝန်က နေ့စဥ် ကျန်းမာရေးစစ်ဆေးမှုပုံမှန်ပြုလုပ်ပေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးရုံးက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စီမံဘဏ္ဍာဝန်ကြီးဟောင်းတွေနဲ့ အမှုတွဲဖြစ်တဲ့ မစ္စတာရှောင်တာနဲကတော့ ရမည်းသင်းထောင်ကိုရောက်ပြီးမှ အင်းစိန်ထောင်ကိုပြန်လွှဲလိုက်တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
နောက်ထပ် ထပ်ရောက်လာတဲ့ အရေးကြီးပုဂ္ဂိုလ်တွေကတော့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး နဲ့ နေပြည်တော်ကောင်စီဝင် ဦးမင်းသူတို့ပဲ ဖြစ်ပါတယ်။
‘ဒီလောက်များတဲ့ ဝန်ကြီး၊ဒုဝန်ကြီးတွေ ရှိနေတဲ့အတွက် ထောင်ဝန်ထမ်းတွေအနေနဲ့ သိပ်ဖိအားများမှာသေချာတယ်။’ လို့ အငြိမ်းစားထောင်မှူးကြီး ဦးခင်မောင်မြင့်က ပြောပါတယ်။
အကျဉ်းဦးစီးက တာဝန်ရှိသူတစ်ဦးကတော့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်အများအပြားကို အခုလိုထောင်ချတာ သူ့ထောင်ဝန်ထမ်းဘဝမှာ ပထမဆုံးမြင်ဖူးတာပဲလို့ ပြောပါတယ်။
‘အရင်က ကျွန်တော်တို့လူကြီး (ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကိုရည်ညွှန်းသည်) က အလေးထားဆက်ဆံခဲ့တဲ့လူတွေဗျာ။ အချိန်ခဏလေးအတွင်းမှာ အခြေအနေတွေပြောင်းသွားတယ်ဗျာ။ မယုံနိုင်စရာပါ’ လို့ သူကပြောပါတယ်။
နေပြည်တော်အနီးကထောင်

အင်္ဂလိပ်ခေတ် ၁၉၂၈ ခုနှစ် မှာ ရမည်းသင်းထောင်ကို စတင်တည်ဆောက်ခဲ့တယ်လို့ ထောင်မှူးကြီး သိန်းဝင်းရဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်များ၏ နောက်ခံသမိုင်း စာအုပ်ထဲမှာ ဖော်ပြပါတယ်။
ထောင်တွင်း ဧရိယာ နှစ်ဧကတောင် မပြည့်ခဲ့တဲ့ ထောင်ငယ်လေး တစ်ခုသာဖြစ်ပြီး ထောင်ပြင်ဧရိယာကလည်း ၁၄ ဧက ကျော်သာရှိပါတယ်။
အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီးမှာ ဆောက်ခဲ့တဲ့ အနီးဝန်းကျင်က မြင်းခြံထောင်၊မိထ္ထီလာထောင်နဲ့ တောင်ငူထောင်တို့လို ထောင်တွေလိုမျိုး သမိုင်းကြောင်းကြီးကြီးမားမားလည်း မရှိခဲ့ပါဘူး။
ရမည်းသင်းထောင်ဟာ အရင်က လူငယ်တွေကိုထားတဲ့ အကျဉ်းထောင်တစ်ခုအဖြစ် သီးသန့် အသုံးပြုခဲ့ဖူးတဲ့အကြောင်း အငြိမ်းစားထောင်မှူးကြီး ဦးခင်မောင်မြင့်က ပြောပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နေပြည်တော်တည်ဆောက်ပြီးတဲ့နောက် ပြစ်မှုကျူးလွန်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့ ရမည်းသင်းထောင်ကို ရှားရှားပါးပါးရောက်လာတတ်ပါတယ်။
၂၀၂၁ ခုနှစ်အာဏာသိမ်းမှုဖြစ်စဥ်အပြီးမှာတော့ ရမည်းသင်းထောင်ရဲ့ အခြေအနေတွေဟာ အကြီးအကျယ်ပြောင်းလဲခဲ့ပါတယ်။
အခုတော့ အရေးကြီးပုဂ္ဂိုလ်တွေရှိလို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် မကြာခဏသွားကြည့်ရတဲ့ ထောင်တစ်ခုဖြစ်လာတဲ့အကြောင်း အကျဉ်းဦးစီးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
‘ အဆောက်အဦသစ်တွေ ထပ်ဆောက်နေတယ်။ ထောင်ကိုလည်း ‘က’ အဆင့် ပြောင်းလဲသတ်မှတ်ထားတယ်’ လို့ သူကပြောပါတယ်။
အကျဉ်းဦးစီးဌာနရဲ့ ဖွဲ့စည်းပုံမှာ အင်းစိန် နဲ့ မန္တလေး လို အကျဉ်းထောင်တွေကို ဗဟိုအကျဉ်းထောင် အဖြစ်သတ်မှတ်ပြီး၊ အဲဒီနောက်မှာ ‘က’ အဆင့်အကျဉ်းထောင်၊ ‘ခ’ အဆင့်အကျဉ်းထောင် နဲ့ အချုပ်ထောင်ဆိုပြီး ဖွဲ့စည်းပါတယ်။
မိုးထိမိုးမိ သူဌေးကြီး နဲ့ ချယ်ရီထက်

ဓာတ်ပုံ ရင်းမြစ်, MSCO
ရမည်းသင်းထောင်ဟာ အနီးခေတ်က ဝန်ကြီးဝန်လေးတွေကို သာမက တိုင်းသိပြည်သိသူဌေးကြီးတစ်ဦးကိုပါ လက်ခံထားရပါတယ်။
ရမည်သင်းမှာ စပျစ်ခြံတွေပေါသလို ရွှေတွင်းတွေလည်း ပေါပါတယ်။
ရမည်သင်းထဲက မိုးထိမိုးမိရွှေလုပ်ကွက်ကို လုပ်ပိုင်ခွင့်ရခဲ့တဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် သူဌေးကြီး ဦးစိုးထွန်းရှိန်ဟာ အစိုးရကို ရွှေကြွေးကျန် ပိဿာ ၁၃၀၀ ပေးသွင်းရန်ကျန်ရှိမှုနဲ့ ရမည်းသင်းထောင်မှာ အကျဉ်းကျနေတာပါ။
ဦးစိုးထွန်းရှိန်ဟာ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးကို အဓိက လှူဒါန်းထောက်ပံ့သူအဖြစ် လူသိများပြီး အမျိုးသားရေးသမားတွေရဲ့ ထောက်ခံအားပေးမှုကိုရရှိသူဖြစ်ပါတယ်။
‘သူကတော့ တပည့်တပန်းများတော့ အဆင်ပြေတယ်။ ဇနီးဟောင်းလည်း ထောင်ဝင်စာလာလာပို့တယ်’ လို့ နေပြည်တော်က ဦးစိုးထွန်းရှိန်ရဲ့မိတ်ဆွေတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဦးစိုးထွန်းရှိန်ဟာ NLD အစိုးရလက်ထက်မှာ တရားစွဲထောင်ချခံခဲ့ရတာဖြစ်ပြီး ထိုင်းနိုင်ငံအထိတိမ်းရှောင်ခဲ့ပေမဲ့ ထိုင်းနိုင်ငံဘက်ကနေ မြန်မာအစိုးရကို ပြန်လွှဲပေးခဲ့တာဖြစ်ပါတယ်။
အမျိုးသားရေးသမားတွေကတော့ ဦးစိုးထွန်းရှိန် ပြန်လွတ်မြောက်ရေး အစဥ်တစိုက်ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ ပါမလာသေးဘဲ လက်ရှိအချိန်အထိ ရမည်းသင်းထောင်မှာရှိနေတာပါ။
ရမည်းသင်းထောင်နဲ့ တစ်ဆက်တည်းမှာ အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း ရှိပါတယ်။
၂၀၁၆ ခုနှစ်၊ဇွန်လမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အဲဒီသင်တန်းကျောင်းကို သွားခဲ့ပြီး အိုမင်းဟောင်းနွမ်းနေတဲ့ ရဲလိုင်းခန်းတွေကို သွားခဲ့တဲ့ခရီးစဥ်က နာမည်ကြီးပါတယ်။
အဲဒီခရီးစဥ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော် ဒေါ်ချယ်ရီထက်လည်းပါဝင်ခဲ့ပြီး အခုတော့ ရမည်းသင်းထောင်မှာ အကျဉ်းချခံထားရပါတယ်။
သူက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ နှစ်နှစ်၊ ရဲစည်ကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ၃ နှစ် ထောင်ဒဏ်ချမှတ်ခံထားရလို့ စုစုပေါင်း ၅ နှစ်ဖြစ်ပါတယ်။
ဒါ့အပြင် နေပြည်တော်မှာအဖမ်းခံရတဲ့ မဇ္စျိမသတင်းဌာနက သတင်းထောက် ကိုသန်းထိုက်အောင်လည်း ရမည်းသင်းထောင်ထဲမှာပဲ အကျဉ်းကျနေပါတယ်။
ကိုသန်းထိုက်အောင်အရင် ရမည်းသင်းထောင်ရောက်ခဲ့တဲ့ မီဒီယာသမားတွေကတော့ နေပြည်တော်မှာလွှတ်တော်ကို ဒရုန်းနဲ့ရိုက်ကူးဖို့ကြိုးစားခဲ့ကြတဲ့ တူရကီအခြေစိုက် TRT သတင်းဌာနရဲ့ စင်ကာပူရုံးခွဲက နိုင်ငံခြားသတင်းသမားတွေဖြစ်ပြီးသူတို့ကို ကူညီပေးတဲ့ မြန်မာနိုင်ငံသား ကိုအောင်နိုင်စိုးလည်း ပါဝင်ခဲ့ပါတယ်။
ဘယ်သူတွေထပ်ရောက်လာနိုင်လဲ

ဓာတ်ပုံ ရင်းမြစ်, The Supreme Court of the Union
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ စာရင်းတွေအရ နိုင်ငံရေးရာထူးရယူခဲ့သူ ၆၂ ဦးအထိ တရားစွဲအရေးယူထားတယ်လို့ သိရပါတယ်။
အဲဒီထဲက အများစုက နေပြည်တော်မှာ အမှုရင်ဆိုင်နေရတဲ့ ဝန်ကြီး၊ဒုဝန်ကြီးတွေလည်း ပါဝင်ပါတယ်။
သမ္မတ ဦးဝင်းမြင့်က လည်း အဂတိ(၅) မှု အထိ ရင်ဆိုင်ဖို့ ကျန်နေပြီး အမှုတွေပြီးပြတ်ရင် ရမည်းသင်းထောင်ရောက်မရောက်အဖြေထွက်မှာပါ။
ဒေါ်အောင်ဆန်းစုကြည် ယုံကြည်အားထားခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူ လည်း အဂတိမှုတစ်ခုပဲ အမိန့်ချဖို့ ကျန်နေပါတော့တယ်။
ဒါ့အပြင် သယံဇာတဝန်ကြီး ဦးအုန်းဝင်းနဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်တို့လည်း အဂတိမှုတွေနဲ့ နေပြည်တော်မှာအမှုရင်ဆိုင်နေရပါတယ်။ သူတို့နဲ့ အမှုတွဲကတော့ လျှပ်စစ်ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းကို အဂတိမှုနဲ့ အမိန့်ချပြီးဖြစ်ပေမယ့် နေပြည်တော်မှာဖမ်းဆီးချုပ်နှောင်ထားသလား ရမည်းသင်းထောင်မှာလား ဆိုတာအသေအချာမသိရသေးပါဘူး။
ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ် လည်း အဂတိမှုနဲ့ နေပြည်တော်မှာတရားရင်ဆိုင်နေရပါတယ်။
နေပြည်တော်မှာအမှုရင်ဆိုင်နေတဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေဟာ ထောင်ဒဏ်နှစ်နည်းရင် ရမည်းသင်းထောင်ကိုသွားရမှာဖြစ်ပြီး နှစ်များရင် မန္တလေးထောင်ကိုသွားရလိမ့်မယ်လို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေကို အမှုလိုက်ပေးနေတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
နေပြည်တော် အချုပ်ထောင်

ဓာတ်ပုံ ရင်းမြစ်, MPD
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ဝန်ကြီးတွေထက် ရမည်းသင်းထောင်ကို အရင်ရောက်ခဲ့တဲ့ ဝန်ကြီး တစ်ဦးရှိနေပါသေးတယ်။ သူကတော့ ဦးသိန်းစိန်အစိုးရလက်ထက်က သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ပါ။
၂၀၁၄ ခုနှစ်မှာ ထောင် ၁၃ နှစ် ချမှတ်ခံရပြီး ၃ နှစ်ကျော်အကြာမှာ သမ္မတဦးထင်ကျော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်ခဲ့ပါတယ်။
နေပြည်တော်မှာ တရားရင်ဆိုင်ရတဲ့ ဦးဆန်းဆင့်ကို တစ်နာရီခွဲလောက်ကားမောင်းရတဲ့ ရမည်းသင်းထောင်ကနေ အပတ်စဥ်ရုံးထုတ်ရတဲ့အတွက် လုံခြုံရေးရှုထောင့်ကနေ စဥ်းစားမိရာက နေပြည်တော်အချုပ်ထောင်တည်ဆောက်ဖို့ ဖြစ်လာတာလို့ အစိုးရအဖွဲ့ဝင်ဟောင်း တစ်ဦးက ပြောပါတယ်။
ဦးသိန်းစိန်အစိုးရနောက်ဆုံးနှစ်မှာ နေပြည် တော်အချုပ်ထောင် စီမံကိန်းကို စတင်ခဲ့တာဖြစ်ပြီး NLD အစိုရလက်ထက် ၂၀၁၈ ခုနှစ်နောက်ပိုင်းမှ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် မတိုင်ခင်က မြေလွတ်မြေရိုင်းသာဖြစ်ခဲ့တဲ့ နေရာဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားရာနေရာတစ်ခု ဖြစ်လာပါတယ်။
သမ္မတ ဦးဝင်းမြင့်လည်း နေပြည်တော် အချုပ်ထောင် အထူးတရားရုံးမှာပဲ အမှုရင်ဆိုင်နေရတာဖြစ်ပြီး နေပြည်တော်မှာ အမှုရင်ဆိုင်နေကြရတဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေကို ချုပ်နှောင်ထားရာနေရာလည်း ဖြစ်ပါတယ်။
အမှုတွေပြီးပြတ်အောင် အမိန့်ချပြီးရင်တော့ ထောင်ဒဏ်နှစ်ကြီးသမားတွေကလွဲလို့ ရမည်းသင်းထောင်ကိုပဲ ပို့ဆောင်တာဖြစ်တဲ့အကြောင်း ရှေ့နေတွေထံက သိရပါတယ်။
နေပြည်တော်မှာအမိန့်ချတဲ့ တရားခံတွေကိုပို့ဖို့ ရမည်းသင်းထောင်အပြင် တောင်ငူထောင်ကိုလည်း စဥ်းစားခဲ့သေးတဲ့အကြောင်း နေပြည်တော်မှာနေထိုင်တဲ့ အစိုးရအဖွဲ့ဝင်ဟောင်း တစ်ဦးကပြောပါတယ်။
‘ရမည်းသင်းက မန္တလေးတိုင်းထဲမှာလည်း ပါတယ်။ နေပြည်တော်နဲ့ လမ်းလည်းသာတဲ့အတွက် ရွေးလိုက်ကြတာ’ လို့ သူကပြောပါတယ်။
နေပြည်တော် စတည်ကတည်းက ထောင်ကိုထည့်သွင်း မတည်ဆောက်ခဲ့တာက အုပ်ချုပ်ရေးမြို့တော် ဖြစ်တဲ့အပြင် အနီးက မြို့တွေဖြစ်တဲ့ ရမည်းသင်းနဲ့ တောင်ငူမှာ ထောင်တွေရှိနေတာကို ထည့်သွင်းစဥ်းစားခဲ့တာကြောင့်လို့ အငြိမ်းစားထောင်မှူးကြီး ဦးခင်မောင်မြင့်ကပြောပါတယ်။
အာဏာနဲ့ အကျဉ်းထောင်

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာ့နိုင်ငံရေးမှာ အာဏာရှိသူရော နိုင်ငံရေးသမား ပါ ထောင်နဲ့ မကင်းကြောင်း သမိုင်းက အကြိမ်ကြိမ်သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အာဏာသိမ်းရင် အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးထောင်ချတာက စစ်တပ်ရဲ့ လုပ်ရိုးလုပ်စဥ် လို့ပြောပြီး ၁၉၆၂ ခုနှစ် အာဏာသိမ်းပွဲကို ဥပမာပေးပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းစဉ်က သမ္မတ စဝ်ရွှေသိုက်၊ဝန်ကြီးချုပ် ဦးနု နဲ့ အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးပြီး ရန်ကုန်မြို့က ရေကြည်အိုင်မှာ ထားခဲ့တာပါ။
‘ဦးနေဝင်းတုန်းက ဖမ်းထားတဲ့သူတွေကို အဆင့်အတန်းနဲ့ ကိုက်ညီစွာထားခဲ့တယ်။ အခုလို မဟုတ်ဘူး’ လို့ ဦးသန်းစိုးနိုင်ကပြောပါတယ်။
ဧကနဲ့ချီကျယ်တဲ့ အစိုးရပိုင်အိမ်တော်တွေမှာ နေထိုင်ခဲ့တဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေဟာ ကျဉ်းမြောင်း မဲမှောင်တဲ့ အကျဉ်းခန်းတွေမှာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး လို့ အကျဉ်းဦးစီးက ဝန်ထမ်းတွေက ယုံကြည်ကြပါတယ်။
အာဏာရှိသူတွေအပါအဝင် လူတန်းစားပေါင်းစုံဟာ အကြောင်းအမျိုးမျိုးကြောင့် ထောင်ကို ရောက်လာကြလို့ ထောင်နဲ့ လူသား က မကင်းနိုင်ဘူးလို့ စာရေးဆရာ ထောင်မှူးကြီးတွေက ရေးသားကြပါတယ်။
ဒါပေမဲ့ ရမည်းသင်းထောင် နဲ့ နေပြည်တော် အချုပ်ထောင်က NLD အစိုးရအဖွဲ့ဝင်ဟောင်းတွေကတော့ စစ်တပ်ကအာဏာသိမ်းတာကို အကြောင်းပြုပြီး ထောင်ကိုရောက်ကြရတာလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
မြန်မာနိုင်ငံက အကျဉ်းထောင်တွေအကြောင်းရေးခဲ့တဲ့ စာရေးဆရာ ဝါရင့်ထောင်မှူးကြီး သိန်းဝင်း ကတော့ ‘မိမိအာဏာပိုင်သောအခါ ထောင်ဆိုသည်မှာ သူတစ်ပါးအတွက်ဖြစ်ပြီး မိမိအာဏာလက်မဲ့ဖြစ်သောအခါ တွင်မူ ထောင်ဆိုသည်မှာ မိမိအတွက်ဖြစ်နေတတ်သည်’ လို့ သူ့ရဲ့ အတွေ့အကြုံတွေကို ရေးပြခဲ့တဲ့ စာအုပ်ထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။








