ရိုက်နှက်ခံရတဲ့ အိုးဘိုထောင်က အစာငတ်ခံဆန္ဒပြသူတွေ ဆေးကုသခွင့်မရဘူးလို့ဆို

ဓာတ်ပုံ ရင်းမြစ်, BEGSC- CEC
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်းမှာ အစာငတ်ခံဆန္ဒပြသူတွေ ဆေးကုသခွင့် တောင်းဆိုတာ ငြင်းပယ်ခံကြရပြီး အခုရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသား အယောက် ၂၀ ဝန်းကျင် ရိုက်နှက်ခံရ၊ တိုက်ပိတ် ခံကြရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်ပေးနေတဲ့ လုပ်ရပ်ဟာ တရားမျှတမှုမရှိသလို ပွင့်လင်းမြင်သာမှုမရှိတဲ့ တရားစီရင်ရေး စနစ်ဖြစ်တယ် ဆိုပြီး ဒီတရားစီရင်ရေးစနစ်ကို ကန့်ကွက်တဲ့ အစာငတ်ခံ ဆန္ဒပြမှုတွေကို သြဂုတ်လ ၁ ရက်နေ့က စတင်ပြီး အိုဘိုးထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ စတင်ပြုလုပ်နေတာပါ။
၈ လေးလုံး လူထုအုံကြွမှု ၃၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ သြဂုတ်လ ၈ ရက်နေ့မှာ အစာငတ်ခံဆန္ဒပြသူတွေ ထပ်ရှိလာခဲ့ပါတယ်။
သြဂုတ်လ ၈ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ရှိတဲ့ အဆောင် တစ်ခုလုံး အစာ မစားဘဲ ဆန္ဒပြရာမှာ နောက်ရက်မှာ ထမင်းမကျွေးတာကြောင့် ထမင်းပေးဖို့ တောင်းဆိုခဲ့ကြတာလို့ သိရပါတယ်။
အရင်ရက်က အငတ်ခံတာ ဖြစ်လို့ မကျွေးဘူးလို့ ထောင်ဝန်ထမ်းက ပြောဆိုပြီး အစာငတ်ခံ ဆန္ဒပြအဆောင်ထဲက တချို့ကိုသာ ထမင်း ပေးတာကြောင့် သြဂုတ် ၁၁ ရက် နေ့လယ် မှာ အကျဉ်းသားအချင်းချင်း ငြင်းခုန်ရန်ဖြစ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
အဲ့ဒီနောက်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ လူငယ် ၁၀ ယောက်ကို တိုက်ပိတ်ခဲ့ရာ နှစ်ယောက်က အရိုက်ခံရလို့ အပြင်းထန် ဒဏ်ရာရရှိတယ်လို့ ထောင်တွင်း နီးစပ်သူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
အကျဉ်းသားအခွင့်အရေး ဆုံးရှုံးမှုတွေ ပိုဆိုးနေ
အခုလိုအကျဉ်းထောင် အာဏာပိုင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကြားမှာ တင်းမာမှုတွေရှိနေချိန်မှာပဲ နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ် အကျဉ်းသားတွေနဲ့ အတူ ရောထားတာကြောင့် စကားများရာက ရုမ်းရင်းဆန်ခတ်ဖြစ်တာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရ တိုက်ပိတ်ခံကြရပါတယ်။
အစာငတ်ခံ သပိတ်မှောက်သူ ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ် ကျောင်းသားများ အဖွဲ့ချုပ် ဗကသ အဖွဲ့ချုပ်က ကိုနောင်ထက်အောင် အပါဝင် အရိုက်ခံရလို့ ဒဏ်ရာရသူတွေ ဆေးကုသခွင့်တောင်းဆိုတာ မရဘူးလို့ အိုးဘိုထောင်နဲ့ နီးစပ်သူက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဗကသများ အဖွဲ့ချုပ်ကလည်း ကိုနောင်ထက်အောင်ဟာ အိုးဘိုထောင်အတွင်းမှာ ရိုက်နှက်ခံရလို့ ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာတွေ နဲ့ အသက်အန္တရာယ် စိုးရိမ်ရပေမယ့် ဆေးကုသခွင့် မရဘူးလို့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အိုးဘိုထောင်နဲ့ နီးစပ်သူ တစ်ယောက်ကလည်း အစာငတ်ခံ သပိတ်မှောက်သူ ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ် ကျောင်းသားများ အဖွဲ့ချုပ် ဗကသ အဖွဲ့ချုပ်က ကိုနောင်ထက်အောင် အပါဝင် အရိုက်ခံရလို့ ဒဏ်ရာရသူတွေ ဆေးကုသခွင့်တောင်းဆိုတာ မရဘူးလို့ ပြောပါတယ်။
လူငယ်တွေက ဝေဒနာ မခံစားနိုင်လို့ ဆေးကုဖို့သွားပြောတာကို ကုမပေးဘူး၊ ပါရာစီတီမော တစ်လုံးတောင် မရဘူးလို့ သိရကြောင်းလည်း သူက ပြောပါတယ်။
ထောင်ဆေးရုံမှာ ဆေးကုသခွင့် မလွယ်တာကြောင့် ဆေးလိုအပ်သူ နိုင်ငံရေးအကျဉ်းသားတွေအတွက် အခက်ခဲရှိတယ်လို့ ထောင်တွင်းနီးစပ်သူ နောက်ထပ်တစ်ယောက်ကလည်း ပြောပါတယ်။
အကျဉ်းသားတွေ အတော် ကျဉ်းကျပ်နေပြီး ၈ ရက်နေ့နောက်ပိုင်း တိုက်ပိတ်ခံရတာ ၁၄ ယောက် ရှိတယ်လို့ သူက ပြောပါတယ်။
အိုးဘိုထောင်တွင်း ဆေးကုသခွင့်နဲ့ ထောင်တွင်းအခြေနေတွေ အကြောင်း အကျဉ်းဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာ ထောင်းတွင်း ရိုက်နှက်တာတွေ မရှိသလို ဘာ အကြောင်းကြောင့်မဆို ဆေးကုသခွင့် ပေးထားကြောင်းနဲ့ အမှားယွင်းလုပ်မိတဲ့ ထောင်ဝန်ထမ်းရှိခဲ့ရင်လည်း အရေးယူဆောင်ရွက်တာတွေ ပြုလုပ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အိုးဘိုထောင်တွင်းမှာ အရင်က ထောင်တွင်းမှာသာ CCTV တပ်ထားရာက အခု ပါဆယ်ပို့တဲ့ ဌာနမှာ ပါ CCTV တပ်ဆင်ထားတာ၊ ထောင်ဝင်စာ တွေ့ဆုံခွင့်မှာ လူတစ်ယောက်ကို ၁၅ မိနစ်သာ တွေ့ခွင့် ရတာ စတဲ့ တင်းကျပ်မှုတွေ ပိုလုပ်လာနေတယ် လို့ သိရပါတယ်။
ထောင်တွင်းမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွကို အတိအကျ မသိရတဲ့ အတွက် နိုင်ငံရေး အကျဉ်းသား မိသားစု၀င်တွေက စိုးရိမ်ပူပန်နေတယ်လို့ ပြောပါတယ်။
တခြားအကျဉ်းထောင်က အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
သြဂုတ်လ ၂ ရက်နေ့က အထူး စစ်ဆေးရေးဆိုပြီး မုံရွာမြို့က အကျဉ်းထောင်ကို ဝင်ရောက်စစ်ဆေးပြီးနောက် အကျဉ်းသားတွေရဲ့ အဝတ်အစားနဲ့ စာအုပ်တွေ အပါအဝင် ပစ္စည်းတွေကို သိမ်းသွားပြီး ပြန်မပေးတဲ့ အတွက် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဦးဆောင်ပြီး အစာငတ်ခံ ဆန္ဒပြမှု ဖြစ်ခဲ့ရာမှာ သူတို့ တောင်းဆိုတဲ့ အချက် ၉ ချက်ကို ထောင်အာဏာပိုင်တွေက လိုက်လျောမယ်လို့ ပြောဆိုခဲ့ပေမဲ့ တချို့အချက်တွေကို အခုထိ ခွင့်မပြုသေးဘူးလို့ ထပ်မံသိရှိရပါတယ်။
ဒါ့အပြင် အခု ရက်ပိုင်းအတွင်း အင်းစိန်ထောင် အပါအဝင် အကျဉ်းထောင် တချို့က ပြစ်ဒဏ်ကျမှတ်ပြီးသား နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းတစုံတရာ မပြောဘဲ တခြားမြို့တွေက အကျဉ်းထောင်တွေဆီ ရွှေ့ပြောင်း နေတာလည်းရှိနေတယ်လို့ အပြောင်းခံရသူတွေရဲ့ မိသားစုတွေက ဘီဘီစီကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြစ်ဒဏ်ချမှတ်ခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ် နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကပြောပါတယ်။








