ကန့်လန့်ကာနောက်ကွယ်က အထူးတရားရုံးများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
“အင်းစိန်ထောင်တွင်း အထူးတရားရုံးတွေကို ဧည့်တွေ့ စင်တာ လို့ပဲ မြင်မိတယ်။”
“တရားခွင်က တရားခွင်နဲ့ မတူဘဲ ထောင် ဧည့်တွေ့တဲ့ နေရာကြီး လို့ပဲ မျက်စိထဲမှာ မြင်တယ်”လို့ အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံထားကြရပြီး ထောင်တွင်း အထူးတရားရုံးတွေမှာ ကြားနာစစ်ဆေးမှု ခံယူနေရသူတွေ အတွက် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ အမျိုးသမီး တစ်ယောက်က ပြောပါတယ်။
“အင်းစိန်ထောင်တွင်း အထူး တရားရုံးတွေက ကျပ်သပ်ရှုပ်ထွေးနေပြီး အခုနောက်ပိုင်း လိုက်ကာတောင် မခြားနိုင်တော့တဲ့အတွက် တရားရုံးတစ်ရုံးရဲ့ သီးသန့်ဖြစ်မှု၊ လွတ်လပ်မှု မရှိဘူး” လို့ ကိုယ်တိုင်လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဝါရင့် ရှေ့နေ အမျိုးသား တစ်ယောက်က ပြောပါတယ်။
နွေဦးတော်လှန်ရေးနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးခံရသူတွေ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရန်ကုန်က ရှေ့နေ ဒေါက်တာ ဖိုးဖြူကလည်း “ အင်းစိန်ထောင်တွင်း အထူး တရားရုံးတွေမှာ စစ်ဆေးနေတာဟာ တရားစီရင်ရေး စံနှုန်းတွေကို သွေဖည် နေတဲ့ ကြားနာမှု” လို့ ပြောပါတယ်။
သူက ရန်ကုန်မှာရော နယ်မြို့ တချို့မှာပါ ကိုယ်တိုင် လိုက်ပါဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ အခန်းကဏ္ဍ တခုခုကနေ ပါဝင်မှုနဲ့ နိုင်ငံတဝန်းက ပြည်သူတွေ ဖမ်းဆီးခံရပြီ ဆိုရင် သက်ဆိုင်ရာ မြို့နယ်တွေ အလိုက် သတ်မှတ်ထားတဲ့ အထူး တရားရုံးတွေမှာ ကြားနာစစ်ဆေး ခံကြရပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ ဆိုရင်တော့ အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံကြရပြီး အမှု ရင်ဆိုင်ကြရပါတယ်။
အင်းစိန်ထောင်တွင်း တရားရုံးတွေပုံစံ
အင်းစိန်ထောင်တွင်းတရားရုံးတွေမှာ စစ်ခုံရုံးနဲ့ အထူး တရားရုံးတွေ ဆိုပြီး နှစ်မျိုးရှိပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့ မြို့နယ် ၆ မြို့နယ်မှာ ဖမ်းဆီးခံရသူတွေ အကျဉ်းသား တွေကို စစ်ခုံရုံးမှာ ကြားနာ စစ်ဆေးပြီး ရှေ့နေတွေ လိုက်ပါ ဆောင်ရွက်ခွင့် မရှိပါဘူး။
ရန်ကုန်တိုင်းအတွင်း စုစုပေါင်း ၄၅ မြို့နယ်ထဲက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ အဲဒီ ၆ မြို့နယ်ကို ဖယ်လိုက်ရင် ကျန်တဲ့ ၃၉ မြို့နယ်မှာ သွားလာရ ခက်ခဲတဲ့ ကိုကိုးကျွန်းမြို့နယ်က လွဲလို့ ကျန်တဲ့ ၃၈ မြို့နယ်က ဖမ်းဆီးခံရသူတွေက အင်းစိန်ထောင်ထဲမှာပဲ မြို့နယ် အထူးတရားရုံး၊ ခရိုင် အထူးတရားရုံးဆိုပြီး သတ်မှတ် ကြားနာတဲ့ အထူးတရားရုံးတွေမှာ ကြားနာ စစ်ဆေးခံကြရ ပါတယ်။
အင်းစိန်ထောင်တွင်းက ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းဝင်း အတွင်းမှာ စစ်ခုံရုံးတွေ ထားရှိပြီး အထူးတရားရုံး ၄ ရုံးလောက်လည်း အဲဒီမှာ ရှိတယ်လို့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။
နောက်ထပ် အထူးတရားရုံးတွေက အားကစားရုံ၊ အောင်မင်္ဂလာ ဓမ္မာရုံနဲ့ အမက ၁၈ မူလတန်းကျောင်း စတဲ့ နေရာတွေမှာရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အင်းစိန်ထောင်တွင်းမှာ အထူး တရားရုံးတွေက နေရာ ၄ နေရာမှာ ၃၈ ရုံး ရှိတယ်လို့ ဝါ့ရင့် ရှေ့နေ အမျိုးသား တစ်ယောက်က ပြောပါတယ်။
သရုပ်ဆောင် လူမင်းတို့လို အရေးကြီးပြီး အများက အာရုံစိုက်တဲ့ အမှုမျိုးဆိုရင် သီးသန့် အကျဉ်းထောင်နဲ့ အနီးဆုံး ဖြစ်တဲ့ အမက ၁၈ မူလတန်းကျောင်းတွင်းက အထူးတရားရုံးမှာ စစ်ဆေးတယ်လို့ သူက ပြောပါတယ်။
အင်းစိန်ထောင်တွင်းက အားကစားရုံ ခန်းမကြီး အပါအဝင် အထူး တရားရုံးတွေမှာ ဆိုရင် ၁၅ ပေ ဒါမှမဟုတ် ပေ ၂၀ ပတ်လည် ကန့်သတ်ထားတဲ့ နေရာမှာ လိုက်ကာတွေ ကာထားပြီး တရားခွင်ပုံစံ လုပ်ထားတာလို့ ရှေ့နေတွေက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေ၊ ခရိုင်တွေအလိုက် သတ်မှတ်ပြီး ကြားနာ စစ်ဆေးနေတဲ့ အထူး တရားရုံးတွေက နေ့စဉ် ရှိနေတာ ဖြစ်ပါတယ်။
တစ်နေ့ကို တရားခွင် ၂၀ ကျော် ၃၀ လောက် ကနေ တခါတရံမှာ ၅၀ လောက်အထိ ရှိတယ်လို့ အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ ကိုယ်တိုင် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါက်တာ ဖိုးဖြူနဲ့ တခြားရှေ့နေတွေက ပြောကြပါတယ်။
တချို့မြို့နယ်တွေက အထူးတရားရုံးတွေက အင်းစိန်ထောင်ထဲကိုလာပြီး တစ်ပတ်ကို ၃ ရက် ကြားနာ စစ်ဆေးတာ ရှိသလို တချို့ မြို့နယ်တွေက တစ်ပတ် တစ်ရက် လာ စစ်တာလည်း ရှိတယ်လို့ လည်း ရှေ့နေ အမျိုးသမီးက ပြောပါတယ်။
အဲဒီ တရားခွင် တခုမှာ မြို့နယ် အလိုက် ရုံးထုတ်မယ့်သူတွေကို ခေါ်လာပြီး ထောင့် တနေရာမှာ ထိုင်ခိုင်းထား၊ အမှု စစ်တဲ့ အလှည့်ကျသူကို ခေါ်စစ် ဆိုတဲ့ ပုံစံမျိုးလို့ သူက ပြောပါတယ်။
ရုံးထုတ်လာသူ အားလုံးကိုလည်း တနေ့တည်း စစ်မေးနိုင်ဖို့ အချိန်မလောက်လို့ ရုံးထုတ်လာပြီးမှ မစစ်ဘဲ ပြန်ခေါ်သွားတာ တွေလည်း ရှိတယ်လို့ ဆိုပါတယ်။
တနေ့တာ ရုံးထုတ်ပြီဆိုရင် တရားခွင်တခုမှာ အမှုသည်ပေါင်း ၃၀ နဲ့ ၄၀ ဝန်းကျင်လောက်ကို တရားသူကြီးတွေက တစ်နေ့တည်း ကြားနာ စစ်ဆေးနေကြရတယ်လို့ ကိုယ်တိုင် အမှု လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

တရားခွင် အခြေအနေ
ခန်းဆီးကာ တရားခွင်တွေမှာ ကြားနာ စစ်ဆေးရတဲ့အခါ အခက်အခဲတွေ အများကြီး ရှိတယ်လို့ အမှုသည်တွေ အတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။
အထူးတရားရုံးတွေမှာ နေရာကျဉ်းကျပ်တာ၊ ဆူညံတာ စတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
ရုံထုတ်လာတဲ့ ထိန်းသိမ်းခံရသူတွေ၊ လုံခြုံရေးယူတဲ့ ရဲတွေ၊ တရားရုံး ဝန်ထမ်းတွေနဲ့ ဥပဒေ ဝန်ထမ်းတွေ တရားရုံးကို လာရောက်ကြရတဲ့အတွက် နေရာ ကျဉ်းကျပ်တဲ့ အခက်အခဲက ကြီးမားတယ်လို့ စောစောကပြောခဲ့တဲ့ ဝါရင့် ရှေ့နေ အမျိုးသားက ပြောပါတယ်။
တရားခွင် တခုနဲ့ တခုကြားမှာ ခန်းဆီးလေးသာ ခြားထားတဲ့ အတွက် တဖက်က ရှေ့နေက အာပေါင်အာရင်း သန်သန် စစ်တတ်တဲ့သူဆို ကိုယ့်ရုံးတော်မှာ စစ်တာကို မကြားရဘဲ တဘက် ရှေ့နေ ပြောနေတာကိုပဲ ကြားနေရတယ်လို့ ရှေ့နေ အမျိုးသမီးက ပြောပါတယ်။
လူတွေ တရုန်းရုန်းနဲ့ ဆူညံနေတဲ့ တရားခွင်တွေထဲမှာ တရားသူကြီးတွေလည်း စိတ်ဖိစီးမှုတွေ ရှိနေပုံပေါ်သလို ရှေ့နေတွေက ကိုယ့်အမှုသည်တွေ အတွက် ခုခံချေပဖို့ ပြန်လှန်မေးခွန်းတွေ မေးတာကိုတောင် သဘောမကျ စိတ်မရှည်ပုံတွေ့နေတယ်လို့ လည်း ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။
တရားခွင်မှာ အသံတည်ငြိမ်မှု မရှိ၊ ဆူညံနေကြလို့ ထွက်ဆိုချက်တွေကို အမှုသည်လည်း မကြားရ၊ ရှေ့နေလည်း မကြားရ၊ ရှေ့နေက ထွက်ဆိုသူရဲ့ အနားကို ကပ်ထိုင်ပြီး နားထောင်ရတယ်လို့ ရှေ့နေဦးဖိုးဖြူက ပြောပါတယ်။
ဒါကြောင့် အင်းစိန်ထောင်တွင်း အထူး တရားရုံးတွေမှာ တရားခွင်ရဲ့ အနှစ်သာရ ကင်းမဲ့နေတယ်လို့ သူက သုံးသပ်ပါတယ်။
တရားသူကြီးတွေက ကြားနာ စစ်ဆေးမှုတွေသာ လုပ်နေရတယ်၊ အချိန်တန်ရင် သူတို့ ချမှတ်ရမယ့် အမိန့်က ရှိပြီးသား ဖြစ်လို့ ကြားနာ စစ်ဆေးမှုတွေအပေါ် စိတ်ပါဝင်စားမှု၊ အလေးထားမှု မရှိတာလို့ သုံးသပ်ပြောဆိုတဲ့ ရှေ့နေတွေလည်း ရှိပါတယ်။
ဆုံးဖြတ်ချက် အမိန့်တွေဟာလည်း ခိုင်မာတဲ့ သက်သေခံချက်တွေပေါ်မှာ အခြေပြု စီရင်ချက်ချတာ မတွေ့ရဘဲ သက်သေတွေက ရဲတွေဆီမှာ ထွက်ဆိုထားချက်တွေကို မူတည်ပြီး အမိန့်ချနေတာတွေ့ရတယ်လို့ ရှေ့နေဦးဖိုးဖြူက ပြောပါတယ်။
ဒါကြောင့် ရှေ့နေတွေ အနေနဲ့ ကိုယ်လိုက်ပါဆောင်ရွက်တဲ့ အမှုသည်တွေအတွက် ဥပဒေကြောင်း အရသာ လိုက်ပါဆောင်ရွက်ပေးနေကြပေမဲ့ မှန်ကန်တဲ့ တရားစီရင်မှု ရဖို့ မျှော်လင့်ချက် ရှိမနေဘူး၊ တရားစီရင်ရေး အပေါ်မှာလည်း ယုံကြည်မှု မရှိကြပါဘူးလို့ ဘီဘီစီက စကားပြောခွင့် ရတဲ့ ရှေ့နေတွေက ပြောကြပါတယ်။
ဒါဆို ဘာကြောင့် ရှေ့နေ လိုက်ပါကြတာလဲ
လောလောဆယ်မှာ ကိုဗစ် ကူးစက်မှုကို အကြောင်းပြပြီး ပြစ်ဒဏ် ချပြီးသား အကျဉ်းသားတွေကိုရော ကြားနာစစ်ဆေးဆဲ အချုပ်သားတွေကိုပါ မိသားစုနဲ့ တွေ့ခွင့် လုံးဝ ပိတ်ပင်ထားပါတယ်။
လက်ရှိ အခြေအနေတွေကို မျက်ခြေမပြတ်ချင်ကြတဲ့ ထောင်တွင်းက လူတွေအဖို့ ပြင်ပနဲ့ ဆက်သွယ်နိုင်တဲ့ တခုတည်းသော နည်းလမ်းက ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ရှေ့နေတွေက ထောင်ထဲမှာ ဖမ်းဆီးခံ ထားရသူတွေကို မိသားစု ကိုယ်စား စိတ်ဓာတ်ခွန်အား ပေးချင်တယ်၊ အားပေးချင်တယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးတာလို့ စောစောက ပြောခဲ့တဲ့ ရှေ့နေ အမျိုးသမီးက ပြောပါတယ်။
သူ့အမှုသည်တွေထဲမှာ ထမင်းငတ်မှာထက် သတင်း ငတ်မှာ ကြောက်တယ် ဆိုသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
တရားရုံးဆိုတာ
တရားရုံးဆိုတာ အများ ပြည်သူရှေ့မှောက် ကြားနာ စစ်ဆေးရမယ်၊ အများပြည်သူ ဝင်ထွက်သွားလာ ကြည့်ရှုနိုင်တဲ့ စစ်ဆေး ကြားနာမှု ဖြစ်ရမယ် ဆိုတာ တရားစီရင်ရေး မဏ္ဍိုင်ရဲ့ စံ တခု ဖြစ်ပါတယ်။
ထူးခြားတဲ့ ကန့်သတ် ချုပ်ချယ်စရာ အကြောင်း တစုံတရာ မရှိပါဘဲ နွေဦးတော်လှန်ရေးနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီး ခံရသူတွေကို အင်းစိန် အကျဉ်းထောင်မှာ အထူး တရားရုံးတွေ ဆိုပြီး စစ်ဆေး ကျင်းပနေတာဟာ တရားစီရင်ရေး မူနဲ့ ကင်းပနေတယ်၊ အများပြည်သူရှေ့မှောက် စစ်ဆေး ကြားနာရမယ် ဆိုတဲ့ မူနဲ့လည်းကင်းမဲ့နေတဲ့အပြင် ဟုတ်တိုင်းမှန်ရာကို အများပြည်သူ ဝင်ထွက် သွားလာကြည့်ရှုနိုင်တဲ့ စစ်ဆေးကြားနာမှု စည်းစနစ်မျိုး မူဝါဒမျိုးကိုလည်း ဆန့်ကျင်ရာရောက်တယ်လို့ ရှေ့နေ ဦးဖိုးဖြူက မြင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘာကြောင့် ဒီလို တရားခွင် မှာ စစ်တာလဲ
နွေဦးတော်လှန်ရေးနဲ့ ဆက်စပ် ဖမ်းဆီးခံကြရပြီး တရားရင်ဆိုင်ကြရသူတွေကို ပုံမှန် တရားခွင် မဟုတ်ဘဲ ထောင်တွင်း အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးတာက အဓိက လုံခြုံရေးနဲ့ သတင်း ပေါက်ကြားမှု မဖြစ်စေချင်တာကြောင့် ဖြစ်နိုင်တဲ့အပြင် ပြင်ပတရားရုံးတွေမှာ သွားစစ်ဆေးရင် ကိုဗစ် ကူးစက်မှု ဖြစ်မှာစိုးရိမ်လို့ ဖြစ်နိုင်တယ်လို့ ဝါရင့် ရှေ့နေ အမျိုးသားက ပြောပါတယ်။
ပုံမှန် အပြင်မှာ ရုံးထုတ် စစ်ဆေးရင် ထိမ်းသိမ်းခံရသူတွေ မိသားစုနဲ့ တွေ့ခွင့်ရမယ်၊ နာမည်ကြီး အနုပညာရှင်တွေနဲ့ နိုင်ငံရေး သမားတွေဆိုလည်း ပြင်ပက ပြည်သူလူထုနဲ့ တွေ့ဆုံခွင့်ရကြမယ်၊ အဲဒီအခါ သူတို့ ပြောချင်တဲ့ သတင်းစကားတွေ ပါးကြမယ်၊ တချို့ အချက်အလက်တွေ ပြောသင့်တာ ပြောကြရင် သတင်းပေါက်ကြားနိုင်တယ်၊ ထွက်ပြေးဖို့ ကြိုးစားကြတာလည်း ဖြစ်နိုင်တယ် ဆိုတဲ့ ကြိုတင်တွေးဆချက်တွေ ရှိနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
ရှေ့နေ ဦးဖိုးဖြူကတော့ နွေဦးတော်လှန်ရေးနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးခံရသူတွေကို စစ်ဆေးကြောရေးမှာ စစ်မေးပြီးလို့ အင်းစိန်ထောင်ကို ပို့ပြီးတဲ့နောက် တက်သုတ်ရိုက် စစ်ဆေးတာတွေ့ရတယ်လို့ ကိုယ်တိုင် အမှုလိုက်ပေးသူ ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။
အများ ပြည်သူ လာရောက်ကြည့်ရှုနိုင်တဲ့ ကြားနာစစ်ဆေးမှုမလုပ်တာဟာ အမှုစစ်တာတွေကို ပြည်သူတွေ မသိစေချင်လို့ ဖြစ်တယ် လို့ ဦးဖိုးဖြူက မြင်ပါတယ်။
ဟုတ်တိုင်းမှန်ရာ စစ်ဆေးကြားနာမှာ ဆိုရင်၊ ဟုတ်မှန်ရာ အချက်အလက်တွေကို တရားရုံးမှာ စစ်ဆေးဖော်ထုတ်ပြီး တရားမျှတမှု ချမှတ်မှာ ဆိုရင် အများပြည်သူ ရှေ့မှောက် စစ်ဆေးကြားနာခြင်း မဖြစ်နိုင်စရာ အကြောင်း မရှိတဲ့ အတွက် အများပြည်သူကို ချမပြနိုင်ဘူး ဆိုတာဟာ တရားမျှတမှုရဲ့ စံနှုန်းကို ရိုက်ချိုးရာ ကျတယ်လို့ သူက သုံးသပ် ပါတယ်။
အထူးတရားရုံးတွေမှာ ကြားနာမှုတွေဟာ စွပ်စွဲခံရသူတွေကို မိသားစုနဲ့တွေ့ခွင့် မပေး၊ ရှေ့နေနဲ့ လွတ်လွတ်လပ်လပ် စကားပြောဖို့ သီးသန့် အချိန်ပေးတာ မရှိ၊ တရားခွင်မှာ အမှု စစ်နေတုန်း ဝရုန်းသုံးကားနဲ့ အမှုသည် ပြောပြချက်တွေကို နားထောင်ပြီး အမှု စစ်ရတယ်လို့ ဆိုပါတယ်။
အဆိုးဆုံးက ရှေ့နေရှေ့ရပ်နဲ့ ခုခံ ချေပခွင့်မှာ ရှေ့နေရှေ့ရပ်က ပြန်လှန် စစ်မေးတဲ့ လုပ်ငန်းစဉ် တွေကို လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန် မလုပ်နိုင်တာက တရားစီရင်ရေး အနှစ်သာရပိုင်း ဆိုင်ရာ ချွတ်ယွင်း အားနည်းသွားတဲ့ အချက်လို့ ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။
ကျပ်သပ် ရှုပ်ထွေးပြီး လူတရုန်းရုန်း ဖြစ်နေပါတယ် ဆိုတဲ့ အင်းစိန်ထောင်တွင်း အထူးတရားရုံးတွေမှာ ကြားနာ စစ်ဆေးမှုတွေကို မတ်လ ကုန်က စတင်ခဲ့တာပါ။ စီရင်ချက် ချမှတ်ခဲ့ပြီးတဲ့ အမှုတွေ လည်း အများအပြား ရှိနေပါပြီ။
ရှေ့နေတွေရဲ့ အဆိုအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ လူမင်း၊ ပိုင်တံခွန် စတဲ့ လူသိများအနုပညာရှင်တွေနဲ့ ထင်ရှားတဲ့ နိုင်ငံရေး သမားတွေ အပါအဝင် လူ ၄၀ လောက်ကို အမိန့်ချမှတ်ခဲ့တာ တစ်ရက်တည်းနဲ့ အများဆုံး အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ ပြောကြပါတယ်။








