တိုက်ရိုက်ထုတ်လွှင့်မှု, မြင်းမူမြို့နယ်ထဲ ညအချိန် ဗုံးကြဲခံရလို့ ကလေးအပါအဝင် ၉ ဦးသေဆုံး

မြင်းမူမြို့နယ်ထဲ ညအချိန် ဗုံးကြဲခံရလို့ ကလေးအပါအဝင် ၉ ဦးသေဆုံးတဲ့သတင်းအပါအဝင် ဖေဖော်ဝါရီ ၂၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

စစ်ကိုင်း၊ မြင်းမူမြို့နယ်‌ထဲက ဆီကြိတ်လုပ်ငန်းလုပ်တဲ့အိမ်ပေါ် လေကြောင်းဗုံးကျလို့ အသက် ၅ နှစ်အောက်ကလေးငယ်အပါ ၉ ဦး သေဆုံး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ်လလယ်ကစလို့ လွှတ်တော်တွေ ခေါ်ယူမယ်လို့ စစ်တပ်ကြေညာ

    နေပြည်တော်က လွှတ်တော်အဆောက်အအုံမြင်ကွင်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နေပြည်တော်က လွှတ်တော်အဆောက်အအုံမြင်ကွင်း (ပုံဟောင်း)

    ရွေးကောက်ပွဲ ၃ ပိုင်းလုံး ကျင်းပပြီး တစ်လနီးပါးအကြာမှာပဲ လွှတ်တော်သုံးရပ်ရဲ့ အစည်းအဝေးပြုလုပ်မယ့်ရက်တွေကို စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ)ကနေ မနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ညပိုင်းမှာ ထုတ်ပြန်ကြေညာလာပါတယ်။

    ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော် စတဲ့ လွှတ်တော်သုံးရပ်လုံးရဲ့ အစည်းအဝေးတွေကို လာမယ့် မတ်လ ၁၆ ရက်၊ ၁၈ ရက်နဲ့ ၂၀ ရက်ရက်တွေမှာ စတင်ကျင်းပမယ်လို့ဆိုပါတယ်။

    မတ် ၁၆ ရက်မှာ ပြည်သူ့လွှတ်‌တော်၊ မတ် ၁၈ ရက်မှာ အမျိုးသားလွှတ်တော်နဲ့ မတ် ၂၀ ရက်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတွေကို ကျင်းပမှာပါ။

    စစ်ကော်မရှင်ရဲ့ နိုင်ငံခြား‌ရေးဝန်ကြီး ဦးသန်းဆွေက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံချိန်မှာ ဧပြီလ မြန်မာ့နှစ်သစ်ကူး သင်္ကြန်မတိုင်ခင် သမ္မတအသစ်နဲ့ အစိုးရအဖွဲ့သစ် ဖွဲ့နိုင်ရေး လုပ်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောခဲ့ပါတယ်။

    အဲဒီနောက် ရက်ပိုင်းအကြာမှာပဲ သမ္မတရွေးချယ်ရေးအတွက် အခရာကျတဲ့ လွှတ်တော်တွေကို ခေါ်ယူရေး ကြေညာချက်ကို စစ်ကော်မရှင်ဘက်က ထုတ်လာတာဖြစ်ပါတယ်။

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်‌ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)က အမျိုးသားလွှတ်တော် ၁၀၈ နေရာ၊ ပြည်သူ့လွှတ်တော် ၂၃၁ နေရာ စုစုပေါင်း အမတ်နေရာ ၃၃၉ နေရာရရှိထားပါတယ်။

    ပြည်ထောင်စုလွှတ်တော်မှာ စစ်တပ်ဘက်က ကိုယ်စားလှယ် ၁၆၆ ဦး နေရာယူမှာဖြစ်ပြီး ‌ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရထားတဲ့ ကြံ့ခိုင်ရေးပါတီအပြင် တခြားနိုင်ငံရေးပါတီတွေရဲ့ အမတ်အရေအတွက် ၄၂၀ ဦးရှိတာကြောင့် စုစုပေါင်း ၅၈၆ ဦး လွှတ်တော်ထဲရောက်လာမှာ ဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း ဖွဲ့စည်းပုံအရ လွှတ်တော်အသစ်ကနေ သမ္မတလောင်း‌ရွေးချယ်ဖို့ဆိုရင် တပ်ကိုယ်စားလှယ်တွေက လွှတ်တော်ကို အဆိုပြုလာတဲ့သမ္မတလောင်းကို ကြံခိုင်ရေးအမတ်တွေရဲ့ထောက်ခံ မဲပေးမှု လိုအပ်နေပါတယ်။

    ဒါကြောင့် လွှတ်တော်မှာ အမတ်နေရာ အများဆုံးရထားတဲ့ ကြံ့ခိုင်ရေးပါတီအနေနဲ့ ပါတီတွင်းက တင်သွင်းတဲ့ သမ္မတလောင်းကို မဲပေးမှာလား၊ တပ်ဘက်က အဆိုပြုတဲ့သူကို မဲပေးမှာလားဆိုတဲ့မေးခွန်းတွေလည်း နိုင်ငံရေးပါတီအသိုင်းအဝိုင်းမှာ ထွက်ပေါ်နေပါတယ်။

  2. တရုတ်ကသေဒဏ်ပေးခဲ့တာ မြန်မာတွေလား၊ တရုတ်တွေလား

    သေဒဏ်စီရင်ခံရသူတွေထဲမှာ မြန်မာ-တရုတ် နှစ်နိုင်ငံလုံးရဲ့ နိုင်ငံသားကတ်ကိုင်ဆောင်ထားသူတွေပါဝင်
    ဓာတ်ပုံ ပုံစာ, သေဒဏ်စီရင်ခံရသူတွေထဲမှာ မြန်မာ-တရုတ် နှစ်နိုင်ငံလုံးရဲ့ နိုင်ငံသားကတ်ကိုင်ဆောင်ထားသူတွေပါဝင်

    ကိုးကန့်ရဲ့ထင်ရှားတဲ့ မိသားစုကြီး လေးစုထဲက မြီမိသားစုနဲ့ ပယ်မိသားစုဝင် ၁၆ ဦးကို တရုတ်နှစ်သစ်ကူးမတိုင်ခင် တရုတ်မှာ သေဒဏ်ပေးလိုက်ပါတယ်။

    ဒါက မြန်မာနိုင်ငံမှာအခြေစိုက်နေထိုင်သူတွေကို တရုတ်တရားစီရင်ရေးအောက်မှာ အရေအတွက်အများဆုံး သေဒဏ်ပေးမှုဖြစ်ပါတယ်။

    သေဒဏ်စီရင်ခံရသူတွေထဲမှာ မြန်မာ-တရုတ် နှစ်နိုင်ငံလုံးရဲ့ နိုင်ငံသားကတ်ကိုင်ဆောင်ထားသူတွေပါဝင်ပြီး နိုင်ငံသားနှစ်ခုခံယူမှုက မြန်မာနိုင်ငံသားဥပဒေအရ တရားမဝင်ပါဘူး။

    ဒါအပြင် မိသားစုလေးစုရဲ့ အကြီးအကဲတချို့ဟာ မြန်မာရဲ့ ဒေသအုပ်ချုပ်ရေးအာဏာပိုင်နဲ့ ဥပဒေပြုအမတ်တွေဖြစ်ခဲ့ဖူးတဲ့အတွက် သေဒဏ်စီရင်မှုအပေါ် မေးခွန်းတွေရှိလာခဲ့ပြီး ပြောစရာလည်းဖြစ်သွားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  3. ယူကရိန်းနဲ့ ရုရှားစစ်ပွဲ - အားကိုးလောက်စရာ ယောက်ျားသား မရှိတော့တဲ့ရုရှားရွာ

    ရုရှားအရှေ့ပိုင်း ဝေးလံခေါင်ဖျား ဆီဒန်ခါရွာက ဗလာဒီမီယာ အာခိဗ် ယူကရိန်းစစ်ထဲဝင်တိုက် ပေးဖို့ လက်မှတ်ထိုးပြီး လေးလအကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Kamchatka government

    ဓာတ်ပုံ ပုံစာ, ရုရှားအရှေ့ပိုင်း ဝေးလံခေါင်ဖျား ဆီဒန်ခါရွာက ဗလာဒီမီယာ အာခိဗ် ယူကရိန်းစစ်ထဲဝင်တိုက် ပေးဖို့ လက်မှတ်ထိုးပြီး လေးလအကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်

    ''တစ်အိမ်ထောင်မှာ တစ်ယောက်တော့ ရှေ့တန်းရောက်နေတယ်'' လို့ ရုရှားနိုင်ငံ အရှေ့ဖျားဒေသ၊ ဆီဒန်ကား တံငါရွာလေးမှာနေထိုင်တဲ့ နာတာလီယာက ပြောပါတယ်။

    ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားစစ်ဖြစ်တာ ၄ နှစ်ပြည့်ချိန်မှာ ရှေ့တန်းနဲ့ မိုင်ပေါင်းထောင်ချီအကွာက သူတို့ရွာထဲက စစ်ထဲလိုက်နိုင်တဲ့အမျိုးသားတွေလည်း ရှေ့တန်းရောက်ကုန်ပါတယ်။

    အခုတော့ ရွာထဲမှာ အားကိုးလောက်စရာ အမျိုးသား မကျန်တော့ဘဲ ရှေ့တန်းရောက်သူတွေလည်း သေသူသေ ပျောက်သူပျောက်ဖြစ်နေပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  4. မြင်းမူမြို့နယ်ထဲ ညအချိန် ဗုံးကြဲခံရလို့ ကလေးအပါအဝင် ၉ ဦးသေဆုံး

    မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ်တချို့ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်‌ မြောက်ဘက်ခြမ်းကို စစ်တပ်က မနေ့ ဖေဖော်ဝါရီ ၂၃ ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အသက် ၅ နှစ်အောက်ကလေးငယ်အပါ ၉ ဦး သေဆုံးတယ်လို့တယ်လို့ အကြောင်း မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။

    ဗုံးကြဲခံရတဲ့နေရာဟာ မြင်းမူမြို့နယ်ထဲက ရွှေကျောင်းကန်ရွာဖြစ်ပြီး ဆီကြိတ်လုပ်ငန်းလုပ်တဲ့ နေအိမ်ပေါ်ကို ဗုံးကျရောက်တာကြောင့် လူသေဆုံးခဲ့တာလို့လည်း ဆိုပါတယ်။ စစ်တပ်က ရွှေကျောင်းကန်ရွာကို ပါရာမော်တာ ၂ စီးနဲ့ လာရောက် ဗုံးကြဲသွားတာလို့လည်း မြေပြင်အခြေအနေ သိသူက ပြောပါတယ်။

    “ည ၇ နာရီလောက်မှာ လာကြဲသွားတာ။ ဆီကြိတ်တဲ့အိမ်က မိသားစုဝင်တွေနဲ့ ဆီလာကြိတ်တဲ့ ရွာခံတွေ ဆုံးသွားတာ” လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    ဗုံးပြင်းအားကြောင့် သေဆုံးရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါ မခွဲခြားနိုင်လောက်တဲ့အထိ ပျက်စီးခဲ့တယ်လို့ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ရှင်းပြပါတယ်။

    ဗုံးကြဲပြီးနောက်ပိုင်းမှာလည်း စစ်တပ်က ကင်းထောက်ဒရုန်း ၂ စင်းနဲ့ ကြဲချတဲ့နေရာတဝိုက်ကို စောင့်ကြည့်ပျံဝဲနေခဲ့တယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

    လေကြောင်းဗုံးကြဲခံရတဲ့ ဆီကြိတ်စက်အိမ်အနီးမှာ စတားလင့်အင်တာနက်ဆိုင်လည်း ရှိတာကြောင့် အဲဒီနေရာမှာ နေ့တိုင်းနီးပါး အင်တာနက်လာသုံးကြတဲ့ ဒေသခံတချို့နဲ့ စုစုဝေးဝေးရှိတဲ့အခြေအနေလို့တော့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ သုတေသနအဖွဲ့ (Spring Revolution Database-SRD) ကတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာကနေ ၂၀၂၆ ဇန်နဝါရီအထိ အာဏာသိမ်း ၅ နှစ်နီးပါးကာလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄,၂၂၁ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ၄၁၀ ဦးကျဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

  5. မင်္ဂလာပါ။ ဖေဖော်ဝါရီ ၂၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။