ယူကရိန်းစစ်ကြောင့် အားကိုးလောက်စရာ ယောက်ျားသား မရှိတော့တဲ့ရုရှားရွာ

ဓာတ်ပုံ ရင်းမြစ်, Kamchatka government
- ရေးသားသူ, အိုလာ အီရှီဗာ
- ရာထူးတာဝန်, ဘီဘီစီ ရုရှားဘာသာစကားဌာန
- ဖတ်ရန်အချိန်: မိနစ် ၁၀
ရုရှားနိုင်ငံ အရှေ့ဖျားဒေသ၊ ဆီဒန်ကား တံငါရွာလေးမှာနေသူတွေရဲဘဝက ခက်ခဲကြမ်းတမ်းလှပါတယ်။
ဆောင်းရာသီမှာ အပူချိန်က အနုတ် ၁၀ ဒီဂရီစင်တီဂရိတ် (၁၄ ဒီဂရီဖာရင်ဟိုက်)၊ အဲဒီထက်တောင် အေးတတ်ပေမဲ့ အိမ်အများစုမှာ ရေပိုက်လိုင်းမရှိ၊ အိမ်ထဲမှာ အိမ်သာမထားနိုင်သလို အအေးဒဏ်ကို အံ့တုနိုင်မယ့် အပူပေးစနစ်လိုအရာတွေ မရှိပါဘူး။
အေးလွန်းလို့ သစ်ကြီးဝါးကြီးမရှိဘဲ အပင်အသေးအမွှားနဲ့ ရွှံ့နွံတွေ ဝိုင်းနေတဲ့ ဒီအရပ်ကို မေလနဲ့ အောက်တိုဘာလအတွင်းဆိုရင်တော့ လှေ၊ စွတ်ဖားပါတဲ့ယာဉ်တစ်မျိုးမျိုးနဲ့သာ သွားနိုင်ပါတယ်။ ဆောင်းကာလမှာတော့ နှင်းတောသွားယာဉ် သုံးရင်သုံး၊ ဒါမှမဟုတ် ရဟတ်ယာဉ်နဲ့သွားမှပဲ ရောက်နိုင်ပါတယ်။
ဒေသခံတွေအတွက် အလုပ်အကိုင် ရှားပါးပြီး ရွာသားအများစုဟာ ငါးဖမ်းခြင်းနဲ့ ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ပြီး အသက်မွေးကြရပါတယ်။
ပြီးတော့ အမှိုက်ပုံတွေလည်း ပုံနေတတ်တာကြောင့် အန္တရာယ်အကြီးဆုံး ဧည့်သည်တွေဖြစ်တဲ့ ကမ်ချက်ဘာ အညိုရောင် ဝက်ဝံကြီးတွေလည်း လာရောက် ကျက်စားကြလေ့ရှိပါတယ်။
ဒါပေမဲ့ ဆီဒန်ကာရွာဟာ မကြာသေးခင်က ပေါ်ပေါက်လာတဲ့ စိန်ခေါ်မှုအသစ်တစ်ခုကို ရင်ဆိုင်ဖြေရှင်းနေရပါတယ်။
ဒေသခံတွေရဲ့အဆိုအရ အသက် ၁၈ နှစ်ကနေ ၅၅ နှစ်ကြား အမျိုးသားတွေ အားလုံးနီးပါးဟာ ယူကရိန်းမှာဖြစ်နေတဲ့ ရုရှားကျူးကျော်စစ်ထဲ ပါဝင်ဖို့ ရွာကနေ စစ်တပ်ထဲ ဝင်သွားကြရပါတယ်။
'ထင်းပေါက်မယ့်လူ မရှိတော့ဘူး'
"ရွာက လူတွေအများကြီး သေဆုံးရတာ ရင်နင့်စရာကြီးပဲ" လို့ ကျေးရွာသူ နာတာလီယာက ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ သူရဲ့လုံခြုံရေးအတွက် နာမည်ကို ပြောင်းထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"ကျွန်မ အစ်မရဲ့ခင်ပွန်းနဲ့ ကျွန်မရဲ့ဝမ်းကွဲတွေ အကုန် ရှေ့တန်းမှာ''
"မိသားစုတိုင်းလိုလိုမှာ အနည်းဆုံးတစ်ယောက်တော့ တိုက်ပွဲဝင်နေရတယ်''
အိုခေါ့စ်ပင်လယ်အနီး ကမ်ချက်ကာကျွန်းဆွယ်ရဲ့ အနောက်မြောက်ဘက်အစွန်းမှာ တည်ရှိတဲ့ ဆီဒန်ကာဟာ ယူကရိန်း ရှေ့တန်းစစ်မျက်နှာကနေ မိုင် ၄၃၀၀ (ကီလိုမီတာ ၇၀၀၀) ကျော် ဝေးကွာပါတယ်။
သမုဒ္ဒရာတစ်ဖက်ခြမ်းက အမေရိကန်မြို့ဖြစ်တဲ့ အန်ကရေ့ချ်တောင် ဒီအကွာအဝေးရဲ့ တဝက်လောက်ပဲရှိတဲ့အခြေအနေဖြစ်လို့ ရွာသားတွေ ရှေ့တန်းရောက်တဲ့နေရာက အင်မတန်ဝေးပါတယ်။
လူဦးရေ ၂၅၈ ယောက်ရှိတဲ့ ဒီရွာက အမျိုးသား ၃၉ ယောက်ဟာ စစ်ပွဲမှာ ပါဝင် တိုက်ခိုက်ဖို့ ရုရှားနဲ့ စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။
ဒီထဲကမှ ၁၂ ယောက် သေဆုံးပြီး နောက်ထပ် ၇ ယောက်က ပျောက်ဆုံးနေပါတယ်။
"ကျွန်မတို့ရွာက အမျိုးသားတွေ အားလုံး အထူးစစ်ဆင်ရေးအတွက် ထွက်သွားကြပြီ" လို့ အမျိုးသမီးတစ်စုက ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး မတ်လ ၂၀၂၄ မှာ ရွာကို လာရောက်ချိန် ယူကရိန်းစစ်ပွဲအတွက် ကရင်မလင်သုံးနှုန်းတဲ့ စကားလုံးကို သုံးပြီး ပြောကြားခဲ့ပါတယ်။
"ဆောင်းရာသီမှာ မီးဖိုတွေမှာ သုံးဖို့ ထင်းပေါက်ပေးမယ့်သူ မရှိတော့ဘူး" လို့ အစိုးရရုပ်မြင်သံကြားမှာ ပြသခဲ့တဲ့ အစီအစဥ်တစ်ခုမှာ သူတို့က ပြောခဲ့ပါတယ်။
ဘီဘီစီဟာ ရုရှားသတင်းဌာန မီဒီဇိုနာနဲ့ စေတနာ့ဝန်ထမ်း သုတေသီတွေနဲ့အတူ ၂၀၂၅ ခုနှစ်မှာ ရုရှားစစ်သား ၄၀,၂၀၁ ယောက် သေဆုံးခဲ့တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီခွဲခြမ်းစိတ်ဖြာမှုအရ ၂၀၂၅ ခုနှစ်အတွင်း သေဆုံးသူ စုစုပေါင်း ၈၀,၀၀၀ အထိ ရှိနိုင်တယ်လို့ ခန့်မှန်းရပြီး အဲဒီအရေအတွက်ဟာ ဖေဖော်ဝါရီ ၂၄ ရက် ၂၀၂၂ မှာ အပြည့်အ၀ ကျူးကျော်စစ် စကတည်းက ရုရှားအတွက် အသေအပျောက် အများဆုံးနှစ်ဖြစ်ပါတယ်။
ဒီတွက်ချက်မှုဟာ သေဆုံးတဲ့နှစ် ဒါမှမဟုတ် မြှုပ်နှံသည့်နှစ်အဖြစ် ၂၀၂၅ ကို ကိုးကားထားတဲ့ နာရေးကြော်ငြာတွေကို ထည့်သွင်းစဉ်းစားထားပေမယ့် အပြည့်အဝ စိစစ်ပြီး ကိုက်ညီမှု ရှိ မရှိ စစ်ဆေးနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။
၂၀၂၄ ခုနှစ်အတွက် အတည်ပြုထားတဲ့ သေဆုံးသူအရေအတွက်ဟာ အခုဆိုရင် ၆၉,၃၆၂ ယောက်ရှိပြီး ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ် ပေါင်းစုစုပေါင်းနဲ့ အကြမ်းမျှ ညီမျှပြီး သေဆုံးမှုနှုန်းဟာ ၂၀၂၄ ခုနှစ်နှောင်းပိုင်းကစလို့ မြင့်တက်လာခဲ့ပါတယ်။
တရားဝင်အစီရင်ခံစာတွေ၊ ပရိုဘတ်ဒေတာ မှတ်ပုံတင် (တစ်စုံတစ်ယောက် သေဆုံးပြီးနောက် အမှုတွဲများ၏ တရားဝင်မှတ်ပုံတင်)၊ သတင်းစာဆောင်းပါးတွေ၊ ဆွေမျိုးရင်းချာ ဒါမှမဟုတ် ရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ အောက်မေ့ဖွယ်အထိမ်းအမှတ်အသစ်တွေနဲ့ သင်္ချိုင်းဂူတွေဆီကနေရရှိတဲ့အချက်အလက်တွေကို အသုံးပြုပြီး သေဆုံးမှုတွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီက စစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ ရုရှားစစ်သား ၁၈၆,၁၀၂ ယောက်ရဲ့ နာမည်တွေကို ခုချိန်ထိ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် စစ်မြေပြင်မှာ သေဆုံးမှုအများအပြားကို မှတ်တမ်းတင်ထားခြင်း မရှိတာကြောင့် တကယ့်သေဆုံးသူအရေအတွက်ဟာ ဒီထက်အများကြီး မြင့်မားတယ်လို့ ယေဘုယျအားဖြင့် လက်ခံထားကြပါတယ်။
စစ်ရေးကျွမ်းကျင်သူတွေက ဒီလို ခွဲခြမ်းစိတ်ဖြာမှုဟာ စုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းအထိကိုသာ ကိုယ်စားပြုနိုင်တယ်လို့ ယုံကြည်ထားကြပြီး ဖြစ်နိုင်ခြေရှိတဲ့ ရုရှားသေဆုံးသူ အရေအတွက်ဟာ ၂၈၆,၀၀၀ ကနေ ၄၁၃,၅၀၀ ကြားမှာ ရှိနိုင်ပါတယ်။
ယူကရိန်းဘက်ကလည်း ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံခဲ့ရပါတယ်။
ပြီးခဲ့တဲ့လတုန်းက ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ပြင်သစ်ရုပ်သံဌာန ဖရန့်စ် ၂ ကို "တရားဝင်" အားဖြင့် ယူကရိန်းစစ်သည် ၅၅,၀၀၀ သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တိကျတဲ့ကိန်းဂဏန်း မပေးခဲ့ပေမယ့် "လူအများအပြား" ဟာ တရားဝင် ပျောက်ဆုံးနေသူအဖြစ် သတ်မှတ်ခံထားရတယ်လို့ သူက ပြောပါတယ်။
ဘီဘီစီက ကိုက်ညီမှု ရှိ မရှိ စစ်ဆေးထားတဲ့ UA Losses ဝဘ်ဆိုက်အပါအဝင် သတင်းရင်းမြစ်တွေရဲ့ ခန့်မှန်းချက်တွေကို အခြေခံပြီး သေဆုံးတဲ့ ယူကရိန်းနိုင်ငံသား အရေအတွက်ဟာ ၂၀၀,၀၀၀ အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kamchatka government
စစ်ပွဲမှာ သေဆုံးတဲ့ ရုရှားနိုင်ငံသားအများစုဟာ ဆလဗ်လူမျိုး မျိုးနွယ်အမည်တွေ ဖြစ်ကြပါတယ်။
ဒါပေမယ့် တစ်ဦးချင်းအချိုးအစားအရ ဆုံးရှုံးမှုဟာ ဆိုက်ဘေးရီးယားနဲ့ အရှေ့ဖျားဒေသက စီးပွားရေးကျဆင်းနေတဲ့နေရာတွေမှာ နေထိုင်ကြတဲ့ ဆီဒန်ကာလို ဌာနေတိုင်းရင်းသား လူနည်းစုတွေကြားမှာ အချိုးအစားမမျှအောင် မြင့်မားပါတယ်။
ဆီဒန်ကာမှာ အဓိကအားဖြင့် ကော်ရက်နဲ့ အိုက်တယ်မင် လူမျိုးစုတွေ နေထိုင်ကြပြီး သူတို့ဟာ စစ်အုပ်ချုပ်ရေး စည်းမျဉ်းတွေအရ စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရှိတဲ့ ဌာနေတိုင်းရင်းရင်း မျိုးနွယ်စုတွေဖြစ်ပါတယ်။
စစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ မာရီယာ ဗျူရှ်ကိုဗာက ရုရှားအစိုးရ ရုပ်မြင်သံကြားက ဌာနေတိုင်းရင်းသား အသိုက်အဝန်းတွေဟာ "မွေးရာပါ စစ်သည်တော်များ" ဖြစ်ပြီး ကျွမ်းကျင်တဲ့ သေနတ်သမားတွေလို့ ပုံဖော်ပြောဆိုတဲ့ အမြင်အစွဲတွေကို သူတို့ကို စစ်ထဲဝင်ရောက်ဖို့ အားပေးတိုက်တွန်းတဲ့အနေနဲ့ ချဲ့ထွင်ပြသလျက်ရှိတယ်လို့ ဆိုပါတယ်။
"ဌာနေတိုင်းရင်းသား အသိုက်အဝန်း အများအပြားဟာ ဒီအမွေအနှစ်ကို သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ဂုဏ်ယူကြတယ်။ ကရင်မလင်က ဒီမာနကို စစ်အတွက် လူစုဆောင်းဖို့ အသုံးချတယ်" လို့ ဗျူရှ်ကိုဗာက ဆိုပါတယ်။
ပဋိပက္ခထဲ ပါဝင်ခဲ့တဲ့ ဆီဒန်ကာက အမျိုးသားတစ်ယောက်ကတော့ အသက် ၄၅ နှစ်အရွယ် မုဆိုးနဲ့ တံငါသည် ဗလာဒီမီယာ အာကီယက်ဖ်ဖြစ်ပြီး ၂၀၂၄ ခုနှစ် နွေရာသီမှာ စစ်တပ်နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
လေးလအကြာမှာ သူ တိုက်ပွဲမှာ သေဆုံးခဲ့ရပါတယ်။
နို၀င်ဘာလ ၂၀၂၄ မှာ သူ့ရဲ့ဈာပန အခမ်းအနားကို တက်ရောက်သူတွေဟာ သင်္ချိုင်းကို နှင်းတောစီးယာဉ်နဲ့သာ ရောက်ရှိနိုင်ခဲ့ပါတယ်။
အာကီယက်ဖ်ရဲ့ ခေါင်းတလားကို သစ်သားထမ်းစင် ကျယ်ကျယ်တွေနဲ့ အဲဒီကို ယူဆောင်သွားခဲ့ရပါတယ်။
တခြားနေရာတွေမှာ အတည်ပြုထားတဲ့ ဌာနေတိုင်းရင်းသား အုပ်စုတွေထဲက ဆုံးရှုံးမှုတွေမှာ နီနက် ၂၀၁ ယောက်၊ ချုက်ချီ ၉၆ ယောက်၊ ခန်တီ ၇၇ ယောက်၊ ကော်ရက် ၃၀ ယောက်နဲ့ အင်နု ၇ ယောက်ပါဝင်ပါတယ်။
အသက် ၁၈ နှစ်မှ ၆၀ နှစ်ကြား အမျိုးသား အချိုးအစားအရ ဒါဟာ ခန့်မှန်းခြေ ချုက်ချီလူမျိုးစုရဲ့ ၂ ရာခိုင်နှုန်း၊ ရုရှား အင်နု လူမျိုးစုရဲ့ ၁.၄ ရာခိုင်နှုန်း၊ ကော်ရက်လူမျိုးစုရဲ့ ၁.၃၂ ရာခိုင်နှုန်းနဲ့ ခန်တီလူမျိုးစုရဲ့ ၀.၈ ရာခိုင်နှုန်း နဲ့ ညီမျှပါတယ်။
ဘီဘီစီရဲ့ လေ့လာဆန်းစစ်ချက်အရ သေဆုံးသူတွေရဲ့ ၆၇ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသတွေနဲ့ မြို့ငယ်လေးတွေက ဖြစ်ပြီး - လူဦးရေ ၁၀၀,၀၀၀ အောက်ရှိတဲ့ဒေသတွေကလို့ သတ်မှတ်ထားပြီး ရုရှားလူဦးရေရဲ့ ၄၈ ရာခိုင်နှုန်းက အဲဒီဒေသတွေမှာ နေထိုင်ကြပါတယ်။
ဆုံးရှုံးမှုနှုန်းက မြို့ကြီးတွေမှာ အနည်းဆုံးဖြစ်ပြီး မော်စကိုမြို့မှာ တစ်ဦးချင်း သေဆုံးမှုအနည်းဆုံးဖြစ်ကာ အမျိုးသား အယောက် ၁၀,၀၀၀ မှာ ငါးဦး (သို့မဟုတ် ၀.၀၅ ရာခိုင်နှုန်း) သာ ရှိပါတယ်။
ဆိုက်ဘေးရီးယားအရှေ့ပိုင်းရှိ ဘူရီယေးရှားနှင့် ဆိုက်ဘေးရီးယားတောင်ပိုင်းရှိ တူဗာ တို့လို ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေမှာ သေဆုံးမှုနှုန်းဟာ မြို့တော်ထက် အဆ ၂၇ ကနေ ၃၃ ဆ အသီးသီး ပိုများပါတယ်။
မြို့ပြနဲ့ ကျေးလက်ဒေသတွေကြား ဒီလိုကွာဟမှုရဲ့ အဓိကမောင်းနှင်အားက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လုပ်ခနဲ့ ပညာရေး ကွာခြားချက် ကြောင့်လို့ လူဦးရေစာရင်းပညာရှင် အဲလက်ဇေး ရက်ရှ်ရှာက ပြောပါတယ်။
ရလဒ်အနေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေက စစ်သားအရေအတွက်ဟာ စစ်တပ်ထဲမှာရော သေဆုံးတဲ့နှုန်းမှာပါ နိုင်ငံ့လူဦးရေတစ်ခုလုံးအချိုးထက်စာရင် ပိုများနေတာလို့ သူက ထောက်ပြထားပါတယ်။
ဆုံးရှုံးမှုများတဲ့ဒေသတွေက အမျိုးသားတွေရဲ့ ဘဝ သက်တမ်းဟာ စစ်မဖြစ်ခင်ကတည်းက သက်တမ်းပိုတိုတယ်လို့ တခြား ရုရှားလူဦးရေစာရင်းပညာရှင်တစ်ဦးက ဘီဘီစီသို့ ပြောကြားခဲ့ဖူးပါတယ်။
"လူအများစုအတွက်တော့ ဆင်းရဲမွဲတေမှုနဲ့ ဘဝမှာ တိုးတက်မှု အခွင့်အလမ်းမမြင်နိုင်ကြတာတွေက ဒီလိုအကြောင်းရင်းခံတွေဖြစ်တယ်။ နတ္တိအပြည့်နဲ့ဘဝမျိုးလို့ ခံစားမိကြတာ'' လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kamchatka government
ဆီဒန်ကာမှာ "အထူးစစ်ဆင်ရေး ပါဝင်သူတွေ" အတွက် အထိမ်းအမှတ် အဆောက်အအုံတစ်ခုကို ၂၀၂၄ ခုနှစ် ဆောင်းဦးရာသီတုန်းက ဖွင့်လှစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဒေသဆိုင်ရာ အစိုးရက ရွာကအမျိုးသားတွေ စစ်ပွဲမှာ ပါဝင်မှုအတွက် "စစ်ရဲစွမ်းသတ္တိရှိသောရွာ" ဆိုပြီး ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်ဖို့ ကတိပြုခဲ့ပါတယ်။
ဆီဒန်ကာရှိ စစ်သားမိသားစုတွေအတွက် ထောက်ပံ့ရေး အစီအစဉ်တစ်ခုကိုလည်း ကတိပြုခဲ့ပါတယ်။
ဒါပေမယ့် ရွာမှာ ဂုဏ်ထူးဆောင်ဘွဲ့တွေ မရရှိသေးသလို စစ်သားမိသားစုတွေအတွက် ကတိပြုထားတဲ့ အကူအညီတွေလည်း မရောက်သေးပါဘူး။
စာချုပ်အရ စစ်မှုထမ်းခဲ့တဲ့အမျိုးသားလေးဦးရဲ့ အိမ်တွေဟာ ပျက်စီးယိုယွင်းပြီးနောက် ပြုပြင်ပေးခဲ့သော်လည်း မီဒီယာတွေရဲ့ အာရုံစိုက်မှု သိသိသာသာရပြီးမှသာ အာဏာပိုင်တွေက ပြင်ပေးခဲ့တာ ဖြစ်ပါတယ်။
ဆိုဗီယက်ခေတ်က တည်ဆောက်ခဲ့တဲ့ အိမ်တွေရဲ့ ငါးပုံတစ်ပုံကို နိုင်ငံတော်က အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားပါတယ်။
ရွာက တစ်ခုတည်းသော ကျောင်းကို အုပ်ချုပ်ရေး အရာရှိတွေက အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားပြီး တချို့နံရံတွေဟာ ပြိုကျဖို့ အန္တရာယ်ရှိနေပါတယ်။
ဒါတွေအားလုံးဟာ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲကြောင့် ရွာက လုပ်နိုင်ကိုင်နိုင်တဲ့ အသက်အရွယ်ရှိ အမျိုးသားတွေဆုံးရှုံးလိုက်ရတဲ့ တံငါရွာလေးအတွက်တော့ ဆထက်ထမ်းပိုး တိုးလာတဲ့ဒုက္ခတွေဖြစ်နေပါတယ်။
Yaroslava Kiryukhina နဲ့ Natalia Maca Groca တို့လည်း ပူးပေါင်းရေးသားပါတယ်။











