ရုရှားသိမ်းထားတဲ့ ဒေသထဲကို ယူကရိန်းတွေ ပြန်နေကြတော့မလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒိုင်ယာနာ ကုရစ်ရှ်ကို
ဘီဘီစီ သတင်း - ယူကရိန်း
ရုရှားတွေသိမ်းပိုက်ထားတဲ့ ဒေသတွေထဲက သူတို့ရဲ့ အိမ်တွေကို ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ပြန်သွားကြတဲ့ ယူကရိန်းနိုင်ငံသား ၁၅၀,၀၀၀ လောက်ရှိနိုင်တယ်လို့ ယူကရိန်းလွှတ်တော်အမတ် တယောက်က ပြောပါတယ်။
ဒီလိုဆိုတော့အမေးတွေ ထွက်လာပါတယ်။ ယူကရိန်းအစိုးရဟာ ဒုက္ခသည်တွေအတွက် လုံလောက်အောင် ကူညီပေးခဲ့ရဲ့လား၊ ရုရှားစစ်တပ် ထိန်းချုပ်နယ်မြေထဲကို ပြန်နေရင် ယူကရိန်းတို့ ဘာအန္တရာယ်တွေ ကြုံရမလဲ စတာတွေပါ။
ယူကရိန်းသမ္မတ ဗိုလော့ဒီမီယာ ဇယ်လန်းစကီးရဲ့ အာဏာရပါတီက လွှတ်တော်အမတ် တယောက်ဖြစ်တဲ့ မက်စင် တက်ကာချန်ကိုက စစ်ပြေးဒုက္ခသည်တွေကို အစိုးရက လုံလောက်တဲ့အကူအညီတွေ မပေးတာကြောင့် အန္တရာယ်တွေရှိပေမဲ့လည်း ရုရှားသိမ်းပိုက်ခံနယ်ထဲက သူတို့ရဲ့ အိမ်တွေရှိရာကို ယူကရိန်းတွေ ပြန်သွားခဲ့ကြတယ်လို့ ပြောပါတယ်။
တက်ကာချန်ကိုရဲ့ ပြောဆိုချက်ကို မမှန်ဘူးလို့ အာဏာပိုင်တွေက ပယ်ချခဲ့တဲ့နောက် သူကလည်း အရေအတွက် ဂဏန်းတွေက မမှန်ကန်နိုင်ဘူးလို့ ဆိုကာ အဲဒီလိုသူပြောခဲ့တာကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။
ရုရှားတို့ အင်နဲ့အားနဲ့ ကျူးကျော်စစ် စတင်ချိန်ကတည်းက နိုင်ငံတွင်းကနေ ထွက်ခွာသွားခဲ့ပြီး ဥရောပမှာ ခိုလှုံနေတဲ့ ယူကရိန်းနိုင်ငံသား အရေအတွက် ၆ ဒသမ ၂ သန်း ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ကျူးကျော်စစ်မစခင်အချိန်မှာ ယူကရိန်း လူဦးရေက သန်း ၄၀ လောက် ရှိမယ်လို့လည်း ကုလသမဂ္ဂက မှန်းပါတယ်။
လူဘယ်လောက်များများ ပြန်ဖို့ ကြိုးစားနေကြလဲ
အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ပြည်တွင်း ဒုက္ခသည်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းသား လွှတ်တော်အမတ် မင်စင်တက်ကာချန်ကိုက သိမ်းပိုက်ခံနယ်မြေတွေကို လူတွေပြန်သွားတာ ပိုများလာတယ်လို့ ဆိုပြီး အဲဒီပြောဆိုမှုကို မာရီယိုပိုးလ်မြို့က ယူကရိန်းအရာရှိဟောင်း ပက်ထရို အင်ဒရေအာချန်ကိုက ထောက်ခံပြောပါတယ်။ ၂၀၂၂ နွေဦးကာလကတည်းက မာရီယိုပိုးလ်ဟာ ရုရှားတွေလက်အောက် ကျရောက်နေခဲ့တာပါ။
ဒုက္ခသည်တွေ အဓိက ကြုံနေရတာက သူတို့အတွက် ယာယီခိုလှုံစရာ နေစရာတွေကို သူတို့ပေးနိုင်တဲ့ နှုန်းနဲ့ မရနိုင်တဲ့ အခက်အခဲဖြစ်ပေမဲ့ ယူကရိန်း အာဏာပိုင်တွေက ပြည်တွင်း ဒုက္ခသည်တွေကို လစဉ် ထောက်ပံ့ကြေးဖြတ်တောက်လိုက်တဲ့ အချိန်ကာလဖြစ်တဲ့ ၂၀၂၃ မှာ ဒီလို အိမ်ပြန်ကြတာတွေစဖြစ် လာတာလို့ အင်ဒရေအာချန်ကိုက ပြောပါတယ်။
ဒီလိုပြောနေကြတာတွေက မှန်တယ်လို့ဆိုတဲ့ အထောက်အထားပြနိုင်စရာ ခိုင်ခိုင်မာမာ အချက် အလက် ဘာမှ မရှိဘူးလို့ ယူကရိန်း အစိုးရက တုံ့ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"အစိုးရက ထောက်ပံ့တဲ့ တစ်လကို ယူကရိန်းငွေ ၂,၀၀၀ - ၃,၀၀၀ ဟယ်ရစ်ညာ (အမေရိကန် ဒေါ်လာ ၅၀ - ၇၀)ကို မရလို့ ယူကရိန်းတွေ ထောင်နဲ့ချီပြီး ရုရှားတွေ သိမ်းပိုက်ထားရာ ဒေသကို ပြန်သွားတယ်ဆိုတာကို ကျွန်မ ဘယ်လိုမှ မယုံဘူး" လို့ ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် အာရီနာ ဗာရာချုခ်က ပြောပါတယ်။
အရင်းအမြစ်တွေ ရှားပါးလာပေမဲ့လည်း အစိုးရအနေနဲ့ သူတို့ ကတိပေးထားတဲ့ အတိုင်း အိုးအိမ်စွန့်ခွာထွက်ပြေးလာရသူတွေကို တတ်နိုင်တာအကုန်လုံးလုပ်ပေးနေတယ်လို့ မစ္စ ဗာရာချုခ်က ပြောပါတယ်။
အောက်တိုဘာလ ၂၀၂၃ ကတည်းက ယူကရိန်း ၁၀၇,၀၀၀( ၁ သိန်း ၇ထောင်) ယောက် မော်စကို ရှာရမ်မက်ရီဗို လေဆိပ်ကို ရောက်လာခဲ့တယ်၊ ၈၃,၀၀၀ ( ၈ သောင်း ၃ ထောင်) ကို ပြည်ဝင်ခွင့်ပြုခဲ့တယ် လို့ ရုရှား နယ်စပ်ထိန်းချုပ်ရေး ကိုယ်စားလှယ် တစ်ယောက်ရဲ့ပြောကြားချက်ကို ကိုးကားပြီး ရုရှားမီဒီယာတွေက ရေးကြ ပြောကြပါတယ်။ ရှာရမ်မက်ရီဗို လေဆိပ်က ယူကရိန်း နိုင်ငံသားတွေ ရုရှားကို ဝင်နိုင်တဲ့ တခုတည်းသော ဂိတ်ပေါက်ပါ။
အတင်းအကျပ်ရွှေ့ပြောင်းခံရမှုတွေကို လေ့လာနေတဲ့ လူမှုဗေဒသမား လီဒီယာ ကုဇမ်စကာက သိမ်းပိုက်ခံနယ်မြေတွေကို ပြန်သွားကြတဲ့ လူတွေ ရှိတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ခိုင်မာတဲ့ အချက်အလက်တွေ မရနိုင်တာကြောင့် လူဘယ်လောက်များများက အပြီးပြန်သွားကြတာလဲ ၊ ဘယ်လောက်က သွားလိုက် ပြန်လာလိုက် လုပ်နေလဲ ဆိုတာကို မသိနိုင်ဘူး လို့ ပြောပါတယ်။
ပြန်ကြတဲ့ အကြောင်းရင်းတွေ
"အိမ်ပြန်သွားကြတဲ့ သူတွေက သူတို့ရဲ့ အိုးအိမ်တွေကို ရုရှားအာဏာပိုင်တွေက ပြည်သူပိုင်သိမ်းမယ့် အရေးကနေ ကာကွယ်ချင်တဲ့အတွက် ပြန်ကြတာ" လို့ ကုဇမ် စကာ က ပြောပါတယ်။
ရုရှားက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအသစ်တခုအရ ယူကရိန်း အိုးအိမ်ပိုင်ရှင်တွေဟာ ရုရှား ပတ်စ်ပို့ ရှိဖို့လိုအပ်ပြီး လူကိုယ်တိုင် အိုးအိမ်ကို မှတ်ပုံတင်ဖို့လိုပါတယ်။
"အဲဒီအတွက် လူတွေက သူတို့နယ်ကိုပြန်၊ ပတ်စ်ပို့တခုလုပ်ပြီး အိမ်ကို မှတ်ပုံတင်၊ နောက်တော့ ရောင်းပြီး ပြန်ထွက်လာကြတာ" လို့ ကုဇမ်စကာက ဆိုပါတယ်။

သိမ်းပိုက်ခံနယ်မြေတွေကို ပြန်သွားကြတဲ့သူတွေနဲ့ ရင်းနှီးသူတွေ၊ မိတ်ဆွေတွေကို ဘီဘီစီက မေးမြန်းကြည့်ခဲ့ပါတယ်။
သူငယ်ချင်းတစ်ယောက်ရဲ့ အငြိမ်းစားမိဘတွေက ၂၀၂၂ ကတည်းက ထွက်ခွာခဲ့တဲ့ ဒွန်ညက်ခ်ဒေသက သူတို့ရဲ့ အိမ်ရှိရာကို ပြန်သွားခဲ့တယ်လို့ ကိယက်ဗ် မြို့ခံ အိုလီနာ (အမည်လွှဲ)က ပြောပါတယ်။
"ကျွန်မသူငယ်ချင်းက သူတို့မိဘတွေ အဲဒီတုန်းက ထွက်လာခဲ့ဖို့ကို စီမံနိုင်ခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းကျ သူတို့ကို ကိယက်ဗ်မှာ ထားဖို့ သူ မတတ်နိုင်တော့ဘူး။ ငှားနေရတာတွေကို အသက်ကြီးတဲ့သူတွေ အနေနဲ့ ကလည်း မတတ်နိုင်ဘူး၊ သူတို့ တသက်လုံးရှာထားသမျှ ချန်ထားခဲ့ရတာတွေကိုလည်း နှမျောလာကြတယ်။ သူတို့ သားသမီးတွေက သူတို့အတွက် အိမ်ငှားခပေးနေရတာတွေကိုလည်း သူတို့ လက်မခံချင်ကြဘူး" လို့ အိုလီနာက ရှင်းပြပါတယ်။
၂၀၂၂ တုန်းက ဒုက္ခသည်တွေနဲ့ ပြည့်နေတဲ့ ယူကရိန်း တောင်ပိုင်း မြို့တမြို့မှာ နေထိုင်တဲ့ စဗစ်လာနာက မာရီယိုပိုးလ်ကနေ ထွက်ခွာလာတဲ့ သူ့သူငယ်ချင်း လက်ထပ်ပြီး စုံတွဲတတွဲ သူတို့နားမှာ လာနေခဲ့ကြတယ်၊ သူတို့ နေလို့ပျော်တဲ့ပုံရှိခဲ့တယ်။ ဒါပေမဲ့ ဟိုတလောကပဲ သူတို့ မာရီယိုပိုးလ်ကို ပြန်သွားကြပြီလို့ ပြောပါတယ်။
"ဒါမျိုးဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဖူး။ သူတို့ ဒီမှာ အိုကေနေပြီလို့ပဲ ထင်မိတာ၊ သူတို့ရဲ့ မာရီယိုပိုးလ်က အိမ်ခန်းကလည်း ပျက်စီးသွားပြီလေ။ ဒါပေမဲ့ မာရီယိုပိုးလ်မှာ သူတို့ စီးပွားရေးလုပ်ငန်း တခုကို ထားခဲ့ရတာ။ အခုတော့ သူတို့ သမီးဖြစ်သူက လူမှုကွန်ရက်မှာ ရုရှားလိုလားတဲ့ ပို့စ်တွေကို ရေးတင်နေပြီ" လို့ စဗစ်လာနာက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
၂၀၂၃ မှာ ရုရှား သမ္မတ ဗလာဒီမီယာပူတင်က ဥပဒေ တခုကို လက်မှတ်ထိုး အတည်ပြုလိုက်ပါတယ်။ အဲဒါကတော့ သိမ်းပိုက်နယ်မြေတွေမှာ နေထိုင်တဲ့သူတွေ ရုရှား ပတ်စ်ပို့ ကို ၃၁ ရက် ဒီဇင်ဘာ ၂၀၂၄ မှာ နောက်ဆုံးထားပြီး လျှောက်ကြပါ၊ အဲဒီလို မလျှောက်ထားရင် အဲဒီနယ်မြေမှာ နေကြတဲ့ ယူကရိန်းတွေဟာ နိုင်ငံခြားသားဖြစ်သွားပြီး နေထိုင်ခွင့် ပါမစ်ယူရမယ် ဒါမှမဟုတ် ပြည်နှင်ဒဏ်ခံရမယ် ဆိုတဲ့ ဥပဒေပါ။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ယူကရိန်းအရှေ့ပိုင်းက ယူကရိန်းတွေကို ရုရှားပတ်စ်ပို့ ထုတ်ပေးထားတာ ၃. ၄ သန်းလောက် ရှိသွားပြီလို့ ရုရှား ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားပတ်စ်ပို့ဟာ အိုးအိမ်ပိုင်ဆိုင်ခွင့် အထောက်အထားကိစ္စ တင်မက ကျန်းမာရေးစောင့်ရှောက်မှုခံစားခွင့်၊ ပင်စင်နဲ့ အခြား အခြေခံလူမှုရေးဝန်ဆောင်မှု ရရှိခွင့်တွေနဲ့လည်း သက်ဆိုင်ပါတယ်။
ရုရှားပတ်စ်ပို့နဲ့ ရုရှား နိုင်ငံသား ဖြစ်သွားပြီဆိုတာက ယူကရိန်းကို စစ်ပြုနေတဲ့ ရုရှားစစ်တပ်ထဲ ယူကရိန်းတွေကို ခေါ်ယူနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်ပါတယ်။
လေဆိပ်မှာ "စစ်ထုတ်ခြင်း"
ယူကရိန်းကနေ ရုရှားသိမ်းပိုက်နယ်မြေတွေကို ပြန်ကြတဲ့ ယူကရိန်းတွေဟာ တတိယနိုင်ငံကနေ တဆင့်ဝင်ရပြီး ရုရှားက ရှာရမ်မက်ရီဗို လေဆိပ်ကို ဖြတ်ရပါတယ်။
အဲဒီမှာ "စစ်ထုတ်ခြင်း" လို့ အသိများကြတဲ့ လုံခြုံရေးဆိုင်ရာ အသေးစိတ်စစ်ဆေးတာတွေကို သူတို့ ကြုံရပါတယ်။
"ဘယ်သူက ရုရှားကို ဝင်လို့ရတယ်၊ ဘယ်သူက မရဘူးဆိုတာ အဲဒီမှာ ဆုံးဖြတ်တာပါ။ တချို့ဆိုရင် အဲဒီမှာ ရက်အတော်ကြာ၊ တချို့ဆို တပတ်လောက် ထိန်းသိမ်းတာခံကြရတယ်" လို့ ယူကရိန်းအရှေ့ပိုင်း ဆယ်ဗာရိုဒွန်ညက်ခ်က လာတဲ့ ဟယ်လီနာ(အမည်လွှဲ)က ပြောပါတယ်။
ရှာရမ်မက်ရီဗိုကို ဖြတ်ပြီး ဆယ်ဗာရိုဒွန်ညက်ခ်ကို သွားခဲ့ကြတဲ့သူ တချို့ကို သူက သိပါတယ်။
"ရုရှားရဲ့ အထူးစစ်ဆင်ရေး (ယူကရိန်းစစ်ပွဲ)နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ၊ သိမ်းပိုက်ထားတဲ့ နေရာတွေကို ဘယ်သူပိုင်လဲ စတဲ့ မေးခွန်းတွေကို သူတို့က လူတွေကို မေးကြတယ်၊ ဖုန်းတွေကို ကြည့်တယ်၊ အဝတ်အစားထည့် ခရီးဆောင်အိတ်တွေ၊ ခရီးဆောင်သေတ္တာတွေကို စစ်ဆေးတယ်။ လူတွေအများအပြား ဝင်ခွင့်မရဘဲ ပယ်ချခံရတယ်" လို့ ဟယ်လီနာက ပြောပါတယ်။
ဟယ်လီနာရဲ့ ဖုန်းထဲက ဗိုက်ဗာ မက်ဆင်ဂျာ ဂရုတခုမှာ ဝင်ထားတဲ့ လူပေါင်း တသောင်းလောက်ရှိပြီး သူတို့က သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေကို ပြန်ရင်ဘယ်လိုလုပ်ရလဲဆိုတဲ့ အကြံတွေကို တောင်းကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Viber
ပြန်ရင်ကြုံရနိုင်တဲ့ အန္တရာယ်တွေ
ပိုင်ဆိုင်တဲ့ အိုးအိမ်တွေကို ပြန်ရနိုင်ဖို့ သိမ်းပိုက်ခံနယ်မြေတွေကို ပြန်ဖို့ကြိုးစားနေကြတဲ့ ယူကရိန်းတွေရဲ့ ဖြစ်စဉ်တွေကို လေ့လာနေတဲ့ နိုင်ငံရေး၊ ဥပဒေရေး ကျွမ်းကျင်သူ ပက်ဗလို လစ်ဆီယန်စကီးက ရုရှားထဲကို ဝင်ခွင့်မရတဲ့ လူအများအပြားရှိပြီး တချို့က ဝင်ခွင့် အပိတ်ခံလိုက်ရတယ်လို့ ပြောပါတယ်။
"သိမ်းပိုက်ခံနယ်မြေတွေမှာ ရုရှား အာဏာပိုင်တွေက ဒေသခံတွေပိုင်ဆိုင်တဲ့ အိုးအိမ်တွေကို အခုအချိန်မှာ တမင်ကို သိမ်းနေတာ။ အဲဒီမှာ သမိုင်းရှိတဲ့လူတွေကို သူတို့က မလိုချင်ဘူး။ အခု ဒီသိမ်းပိုက်ခံနယ်မြေတွေထဲကို တခြား ရုရှားနိုင်ငံသား လူမျိုးစုတွေကို ခေါ်သွင်းလာကြတယ်" လို့ သူက ပြောပါတယ်။
ယူကရိန်းထဲက ရုရှား ထိန်းချုပ်တဲ့ မြို့တွေ၊ ရွာတွေမှာ အလုပ်လုပ်ဖို့ ဆရာဝန်တွေ၊ ကျောင်းဆရာတွေ၊ ရဲတွေ၊ ဆောက်လုပ်ရေး လုပ်သားတွေ၊ လုံခြုံရေးဝန်ထမ်းတွေကို ရုရှားနိုင်ငံတလွှားနဲ့ ဗဟို အာရှကနေရုရှားအာဏာပိုင်တွေက စုဆောင်းခေါ်ယူနေပါတယ်။ ပေးတဲ့လုပ်ခက ရုရှားမှာရတဲ့ လုပ်ခထက် အဆ အများကြီး ပိုများပါတယ်။
သိမ်းပိုက်ခံနယ်မြေတွေမှာ ယူကရိန်းတို့ ဖိနှိပ်ခံရမယ့် အရေးနဲ့ နိုင်ငံသားဖြစ်မှု ဖျောက်ဖျက်ခံရမယ့်အရေးတွေ အတွက် လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စိုးရိမ်ကြပါတယ်။
သိမ်းပိုက်ခံနယ်မြေတွေထဲမှာ ဥပဒေနဲ့မညီတဲ့ ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှုတွေအပါအဝင် ယူကရိန်းနိုင်ငံသားတွေ ခံစားနေရတဲ့ ဖိနှိပ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ဒီနှစ်အစောပိုင်းမှာ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organisation for Security and Cooperation in Europe - OSCE) က အစီရင်ခံစာထုတ်ခဲ့ပါတယ်။
ဒီလိုဖိနှိပ်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်သလို လူအမြောက်အများကို ရာဇဝတ်ကျူးလွန်တဲ့အမှု - crimes against humanity လည်းမြောက်တယ်လို့ ကုလသမဂ္ဂနဲ့ OSCE ကိုယ်စားလှယ်တွေက ပြောပါတယ်။
အရပ်သားတွေကို ပစ်မှတ်ထားတယ်လို့ ဆိုတာကို ရုရှား အာဏာပိုင်တွေက ငြင်းဆိုထားကာ နိုင်ငံတကာ အဖွဲ့အစည်းတွေက စွပ်စွဲချက်တွေကိုလည်း သူတို့ ပယ်ချထားပါတယ်။
ယူကရိန်းပြည်တွင်း ဒုက္ခသည်တွေအရေးကို ကူညီနိုင်ဖို့ အဲဒီလူတွေ ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ယူကရိန်းအာဏာပိုင်တွေ အနေနဲ့ ပိုပြီး အာရုံစိုက်ကြဖို့ ဒီအရေးတွေကို အမြဲစုံစမ်းရေးသားနေတဲ့ သတင်းထောက် အင်ဒရေ ဒက်ယာရန်ကိုက ပြောပါတယ်။
"ပြည်တွင်း ဒုက္ခသည်တွေအနေနဲ့ ပံ့ပိုးထောက်ပံ့ငွေလည်း မရတော့ဘူး၊ အိုးအိမ်ငှားဖို့အတွက်လည်း မတတ်နိုင်ကြဘူး၊ ဒါတွေက ဒုက္ခသည်တွေကြုံနေရတဲ့ တကယ့်အခက်အခဲတွေ၊ ဒီလူတွေကို ထိထိရောက်ရောက် ထောက်ပံ့ကူညီတာမျိုးတွေ ဘာမှမရှိဘူး" လို့ သူက ပြောပါတယ်။











