စစ်ဖြစ်နေတဲ့ရုရှားကို မြန်မာတွေအလုပ်သွားလုပ်သင့်လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းနဲ့ဆက်နေတဲ့နယ်မြေတွေမှာ စစ်ပွဲဖြစ်နေတဲ့ ရုရှားကို စစ်ကောင်စီက ကုန်ကျစရိတ်မဲ့နဲ့ မြန်မာအလုပ်သမားတွေစေလွှတ်ဖို့ ပြင်ဆင်နေတဲ့အသံတွေထွက်လာပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ကလည်း ဒီသတင်းကို အတည်ပြုကြပြီး ရုရှားနိုင်ငံက စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ကုန်ထုတ်လုပ်ငန်း စက်ရုံ၊ အလုပ်ရုံတွေအတွက် မြန်မာအလုပ်သမားခေါ်ယူကြတာလို့ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီနဲ့ ရုရှားတို့ကြား နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) နဲ့ မဟုတ်ဘဲ ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီချင်းချိတ်ဆက်ဆောင်ရွက်ပြီးခေါ်မယ်လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ်ထဲမှာပဲ ရုရှားမှာအလုပ်လုပ်ဖို့ဗန်းပြခေါ်ခံရပြီး လူကုန်ကူးရောင်းချခံလိုက်ရတဲ့ အိန္ဒိယနိုင်ငံသားတချို့လည်း စစ်မြေပြင်မှာ သေဆုံးခဲ့တဲ့ဖြစ်စဥ်တွေကြောင့်လည်းစစ်ကောင်စီရဲ့ ရုရှားကို လုပ်သားစေလွှတ်မယ့်အပေါ် စိုးရိမ်စိတ်တွေရှိနေပါတယ်။
အေဂျင်စီဘယ်နှစ်ခု ခွင့်ပြုချက်ရထားလဲ

ဓာတ်ပုံ ရင်းမြစ်, Screen Grab
မြန်မာကနေ ရုရှားကို လုပ်သားစေလွှတ်ဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကနေ ခွင့်ပြုချက်ပေးထားတဲ့ အေဂျင်စီ ၂ ခုရှိပြီလို့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“နှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာနချင်း ပြောဆိုဆွေးနွေးပြီးပြီ၊ မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်ငန်းနဲ့ သင်္ဘောကျင်းလုပ်ငန်းတွေကို အရင်လွှတ်ဖို့ ပြင်ဆင်နေတယ်”
“အေဂျင်စီတစ်ခုကတော့ ရုရှားက ဝက်မွေးမြူရေးလုပ်ငန်းဘက်ကို လွှတ်ဖို့ရှိတယ်” လို့ သူကဆက်ပြောပါတယ်။
စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအတွက် လုပ်ခလစာတစ်လကို အမေရိကန်ဒေါ်လာ ၅၅၀ ဝန်းကျင်နဲ့ ညီမျှတဲ့ရုရှားငွေကြေး ပမာဏကို (လက်ရှိငွေလဲနှုန်းအရ မြန်မာငွေကျပ် ၂၅ သိန်းဝန်းကျင်) သတ်မှတ်ထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေအတွက် တစ်လကို အမေရိကန်ဒေါ်လာ ၁,၃၀၀ ဝန်းကျင်နဲ့ ညီမျှတဲ့ရုရှားငွေကြေး ပမာဏ (လက်ရှိငွေလဲနှုန်းအရ မြန်မာငွေ ၅၆ သိန်းဝန်းကျင်) သတ်မှတ်ထားတယ်လို့ ကနဦးသတင်းအချက်အလက်တွေကဖော်ပြပါတယ်။
ရုရှားကို ရောက်တဲ့အခါမှာလည်း ၃ လအစမ်းခန့်လုပ်ဆောင်ရမှာဖြစ်ပြီး ၁ နှစ်ချင်းစီ စာချုပ်သက်တမ်းတိုးသွားမှာမျိုးပါ။
“အစမ်းခန့် ၃ လမှာ အလုပ်လုပ်ဖို့ အရည်အချင်းမပြည့်မီရင်တော့ မြန်မာပြည်ကို ပြန်လွှတ်ခံရမယ်”လို့ အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်ကပြောပါတယ်။
သတင်းတွေအရ စစ်ကောင်စီနဲ့နီးစပ်တဲ့ အလုပ်သမားပို့ဆောင်ရေး ကုမ္ပဏီတွေကနေ ရုရှားဘက်ကို လုပ်သားပို့ဖို့ ပြောဆိုညှိနှိုင်းနေကြပြီလို့ဆိုပါတယ်။
မြန်မာက ပြည်ပအလုပ်အကိုင်အေဂျင်စီအနေနဲ့ တစ်ဖက်ရုရှား ကုမ္ပဏီနဲ့ပြောဆိုညှိနှိုင်းတာတွေလုပ်ပြီးမှ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနဆီကနေ ခွင့်ပြုချက်တောင်းခံဖို့ အကြုံပြချက် (Proposal) တင်ရတာပါ။
ဒါကြောင့် မြန်မာအေဂျင်စီတွေဘက်ကစပြီး ရုရုားကုမ္ပဏီတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အလုပ်အကိုင်အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ဘာအလုပ်လဲ၊ လစာဘယ်လောက်လဲ၊ တာဝန်ယူမှုနဲ့ တာဝန်ခံမှုအပိုင်းတွေကရော ဘယ်လိုလဲ၊ ဒါတွေ ညှိနှိုင်းနေရတာပေါ့” လို့ သူက ဆက်ပြောပါတယ်။
ရုရှားကို ကုန်ကျစရိတ်မဲ့နဲ့ လုပ်သားစေလွှတ်မယ်လို့ နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ Globle New Light of Myanmar ရဲ့ နိုဝင်ဘာ ၂၅ ရက် သတင်းစာကလည်း မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF ရဲ့ တာဝန်ရှိသူတစ်ဦးကိုကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
လုပ်သားလိုအပ်ချက်မြင့်နေတဲ့ ရုရှား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားကုမ္ပဏီတွေကနေ ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်လောက်ကစပြီး မြန်မာကပြည်ပအလုပ်အကိုင်အေဂျင်စီတွေဆီကို လုပ်သားတွေခေါ်ဖို့ ခပ်စိပ်စိပ် အကြောင်းကြားတာတွေ မကြာခဏရှိတယ်လို့ မြန်မာအေဂျင်စီတစ်ခုက အတည်ပြုပါတယ်။
“ရုရှားဘက်က အီးမေးလ်ကနေ စာပို့ပြီးတိုက်ရိုက်အသိပေးခေါ်တာတွေရှိတယ်။ စစ်ပွဲတွေဖြစ်နေတာရယ်၊ MOU ထိုးထားတာလည်းမရှိတော့ မလွှတ်ရဲဘူး” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုကပြောပါတယ်။
တစ်ဖက်မှာလည်း ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်စစ် ၃ နှစ်ပြည့်ခါနီးအချိန်မှာ ရုရှားရဲ့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာလုပ်သားလိုအပ်ချက်မြင့်မားမှုက ပိုတိုးလာနေတယ်လို့ ရုရှားသတင်းတွေမှာ ဖော်ပြနေပါတယ်။
ဒါအပြင် ကျုူးကျော်စစ်အတွင်း အမေရိကန်အပါအဝင် အနောက်ဥရောပနိုင်ငံတွေကနေ ရုရှားနိုင်ငံကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေဆက်တိုက်လုပ်ခဲ့ပါတယ်။
ဒီလိုပိတ်ဆို့မှုတွေကြောင့် နိုင်ငံ့စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာအခက်အခဲတွေရှိလာတဲ့အပြင် ရုရှားနိုင်ငံသားတွေကလည်း စစ်မှုထမ်းနေရတာကြောင့် ကျွမ်းကျင်လုပ်သားလိုအပ်ချက်တွေ မြင့်တက်နေတယ်လို့ ရုရှားစီးပွားရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (RAS) ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ရုရှား - မြန်မာ ဆက်ဆံရေးကျွမ်းကျင်သူ ဦးမျိုးအောင်ကတော့ ရုရှား - ယူကရိန်းစစ်ပွဲကြောင့် ရုရှားနိုင်ငံမှာ အလုပ်သမားရှားပါးနေတာကြောင့် နိုင်ငံခြားသားလုပ်သားတွေခေါ်ယူလာတာမျိုးဖြစ်တယ်လို့ ပြောပါတယ်။
'' ရုရှားမှာ စစ်ပွဲမှာလူငယ်တွေ၊လူလတ်တွေ ကစစ်ထဲရောက်တော့ နိုင်ငံမှာအလုပ်သမားကအရမ်းရှားသွားတယ်။ ဒါပေမဲ့ ဒီလိုလာဖို့ဆိုတာက ဘာသာစကား၊ အစားအသောက်၊ယဥ်ကျေးမှုနဲ့ ရာသီဥတုဆိုးတဲ့ပြဿနာတွေကြောင့်မြန်မာတစ်ယောက်အနေနဲ့အလုပ်လုပ်ဖို့ မသင့်လျော်ဘူး။မြန်မာ တယောက်အနေနဲ့ ရုရှားနိုင်ငံကိုထည့်မစဉ်စားသင့်ဘူး'' လို့ ဦးမျိုးအောင်က အကြံပြုပါတယ်။
ဒါတင်မက ရုရှားစီးပွားရေးအကျပ်အတည်းကြောင့် ရူဘယ်တန်ဖိုးငွေလည်း ပုံမှန်ကျဆင်းနေတဲ့အတွက် ရုရှားမှသွားရောက်အလုပ်လုပ်ကိုင်တဲ့အခါ ရုရှားမှာကုန်ကျမယ့် အသုံးစရိတ်နဲ့ရတဲ့လခလည်းမကာမိနိုင်ဘူးလို့ ဦးမျိုးအောင်က တွက်ချက်ပြပါတယ်။
မော်စကိုမှာနေထိုင်နေတဲ့ အမည်မဖော်လိုတဲ့ နောက်ထပ်မြန်မာနိုင်ငံသားတစ်ဦးကလည်း ယူကရိန်းနဲ့ စစ်ဖြစ်ပြီးနောက် ရုရှားရဲ့ လက်ရှိအခြေအနေအရ နိုင်ငံခြားသားလုပ်သားတွေအတွက် ဥပဒေအရအကာ အကွယ်ပေးနိုင်တာမျိုးတွေလည်း မရှိဘူးလို့ ရှင်းပြပါတယ်။
'' ရုရှားနိုင်ငံသားတွေကိုယ်တိုင်ကလည်း နိုင်ငံခြားသားတွေကိုသိပ်မကြိုက်ကြဘူး။ သူတို့ပြောတာနိုင်ငံခြားသားတွေက ရိုင်းတယ်။ ညစ်ပတ်တယ်ပေါ့။ အဲဒီတော့ ဒီလို ရုရှားတွေကိုယ်တိုင်မွန်းကျပ်နေကြတဲ့အခြေအနေမှာ ဒီကိုလာဖို့ဆိုရင် အတော်နေရခက်ခဲလိမ့်မယ်'' လို့ မော်စကိုမှာနေထိုင်နေတဲ့ အမည်မဖော်လိုတဲ့ နောက်ထပ်မြန်မာနိုင်ငံသား က ရှင်းပြပါတယ်။
လက်ရှိမှာ ရုရှားနိုင်ငံမှာ စစ်သားလိုအပ်ချက်မြင့်တက်နေတာကြောင့် ပုံမှန်ထက် ၅ ဆလောက် လစာပိုပေးပြီး ခေါ်ယူတာတွေအထိဖြစ်နေတယ်လို့ ဆိုပါတယ်။
'' ဒီမှာ ဘေဘုတ်တွေနဲ့ထောင်ပြီး ဒေါ်လာ ထောင်ချီပေးမယ်ဆိုပြီးစစ်မှုထမ်းဖို့ခေါ်နေတာ။ အသက်ကြီးတဲ့သူလည်း လုပ်နိုင်ကိုင်နိုင်ဆိုရင် စစ်ထဲဝင်လို့ရတဲ့အထိဖြစ်နေတာ။အဲဒါကြောင့် ဒီကိုမလာသင့်ဘူး။ အိန္ဒိယတွေလည်းလူကုန်ကူးခံရပြီး ရုရှားရှေ့တန်းကိုရောက်သွားလို့ သူတို့ဝန်ကြီးချုပ်ကိုယ်တိုင်ညှိနှိုင်းပြီး ပြန်ခေါ်ပေးရတာလည်းရှိခဲ့တယ်'' လို့ မော်စကိုမှာနေထိုင်နေတဲ့ အမည်မဖော်လိုတဲ့မြန်မာနိုင်ငံသား က ရှင်းပြပါတယ်။
ရုရှားကအလုပ်ခေါ်မှုတွေကိုစိုးရိမ်စိတ်တွေရှိနေကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာကနေ အာဆီယံနိုင်ငံတွေထဲက ထိုင်းနဲ့လာအိုတို့ကို နှစ်နိုင်ငံ သဘောတူညီမှု အလုပ်အကိုင်စာချုပ် (MOU) စနစ်နဲ့လုပ်သားစေလွှတ်တာရှိသလို ဂျပန်၊ ကိုရီးယားလို နိုင်ငံတွေကိုလည်း နှစ်နိုင်ငံစီစဥ်မှုနဲ့ တရားဝင် လုပ်သားစေလွှတ်နေတာမျိုးရှိပါတယ်။
ဒါပေမဲ့ ရုရှားကိုတော့ နှစ်နိုင်ငံသဘောတူညီမှုနဲ့ လုပ်သားစေလွှတ်တာမျိုးမရှိခဲ့ဖူးပါဘူး။
ဒါပေမဲ့ အခုအလုပ်ခေါ်ယူဖို့ကြိုးစားချိန်မှာတော့ ရုရှားနိုင်ငံဘက်ကလည်း လုပ်သားအသစ်တွေအတွက် ဘာသာစကားသင်တန်းတွေပေးဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF ရဲ့ တာဝန်ရှိသူတစ်ဦးကပြောတဲ့အကြောင်း အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ နိုင်ငံပိုင် သတင်းစာထဲမှာ ဖော်ပြထားပါတယ်။
'' ရုရှားဘာသာစကားကို အချိန် သုံး ၊ လေးလနဲ့ အခြေခံသင်ယူတတ်မြောက်ဖို့ ဆိုတာဘယ်လိုမှမလွယ်ဘူး။ အရမ်းခက်ခဲတယ်။တကယ်တမ်း လုပ်ငန်းခွင်မှာလုပ်ရတာဆိုရင်တောင် ဘာသာစကားဆက်သွယ်ရေးမှာ အခက်အခဲဖြစ်နိုင်တယ်'' လို့ ရုရှားဘာသာစကားသင်ကြားသူတစ်ဦးကသုံးသပ်ပါတယ်။
တဖက်မှာလည်း ရုရှားလိုစစ်ပွဲပြင်းထန်နေတဲ့နိုင်ငံကို MOU စနစ်နဲ့ မဟုတ်ဘဲ အေဂျင်စီတွေဆီကနေ သွားရမှာက မြန်မာလုပ်သားတွေအတွက် အသက်အန္တရာယ်အထိစိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးကပြောပါတယ်။
ဒါအပြင် ရုရှားရဲ့ အလုပ်ခေါ် မှုတွေကို စိုးရိမ်ကြတဲ့ မြန်မာအလုပ်သမားပို့ဆောင်ရေးအေဂျင်စီတချို့လည်းရှိနေပါတယ်။
ဘီဘီစီသတင်းဌာနက ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီလကထုတ်ခဲ့တဲ့ Ukraine war: Indians ‘duped’ by agents into fighting for Russia ဆိုတဲ့ ဆောင်းပါးကိုရည်ညွှန်းပြီးစိုးရိမ်တဲ့အကြောင်းပြောကြပါတယ်။
အဲဒီဆောင်းပါးမှာ အိန္ဒိယနိုင်ငံသားတွေဟာ ရုရှားမှာ အလုပ်လုပ်ဖို့ ဗန်းပြခေါ်ခံရပြီးနောက်လူကုန်ကူးပွဲစားတွေကတဆင့် ရုရှားရဲ့ ရှေ့တန်းစစ်မျက်နှာကိုလိမ်ညာခံရပြီးပါသွားခဲ့ကြတယ်ဆိုတာဖော်ပြထားပါတယ်။
ဘီဘီစီကမ္ဘာတလွှားသတင်းဌာနကလည်း ရုရှားစစ်မြေပြင်ရောက် အိန္ဒိယလူမျိုးတွေရဲ့ ဆွေမျိုးတချို့နဲ့ စကားပြောဆိုခွင့်ရခဲ့ပါတယ်။
အဲဒီထဲက တချို့ကတော့ ရှေ့တန်းစစ်မျက်နှာပြင်မှာပဲ ဒုံးကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဟိန္ဒူသတင်းစာတွေမှာလည်း ရေးသားဖော်ပြခဲ့ကြပါတယ်။
စစ်ကောင်စီက ပြည်ပကို လုပ်သားစေလွှတ်တာနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို တင်းကျပ်ထားပေမယ့် MOU မထိုးထားတဲ့ ရုရှားကို လုပ်သားစေလွှတ်ဖို့ စစ်ကောင်စီက စဥ်းစားချက်ရှိလာတာဖြစ်ပါတယ်။
အလားတူ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားငွေလိုအပ်လာတဲ့ စစ်ကောင်စီက သူတို့နဲ့ နီးစပ်တဲ့သူတွေကို အလုပ်အကိုင်အေဂျင်စီလိုင်စင်တွေခွင့်ပြုပေးနေတာကြောင့် အေဂျင်စီအသစ်တွေ ထပ်ပြီးတိုးလာတယ်လို့ ဘီဘီစီသတင်းရင်းမြစ်ကပြောပါတယ်။
မြန်မာမှာ အာဏာမသိမ်းခင်က ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ ဝန်းကျင်လောက်သာရှိပြီး စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ အလုပ်အကိုင်အေဂျင်စီ ၆၀၀ နီးပါးအထိ တိုးလာတာတွေ့ရပါတယ်။
အဲဒီအထဲ အောက်တိုဘာလမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၀ ခုတိုးခဲ့ပြီး နိုဝင်ဘာမှာတော့ အေဂျင်စီ ၂ ခုထပ်တိုးလာတယ်လို့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။
မြန်မာမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တဲ့နောက် အသက် ၂၃ နှစ်ကနေ ၃၁ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့်တွေ ပိတ်ထားပါတယ်။
ဒါပေမဲ့ ရုရှားကို စေလွှတ်မယ့်လုပ်သားတွေထဲမှာတော့ အသက်အရွယ်အနေနဲ့ အသက် ၁၈ နှစ်ကနေ ၄၀ ကြားအရွယ်ရှိတဲ့ သူတွေကို စေလွှတ်မယ်လို့ ဘီဘီစီသတင်းရင်းမြစ်ကပြောပါတယ်။
ပြည်တွင်းထဲက စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့သူတွေကလည်း နိုင်ငံထဲက ရရာနည်းလမ်းနဲ့ ပြည်ပထွက်ဖို့ ကြိုးစားနေကြတာကြောင့် စစ်ကောင်စီရဲ့ ရုရှားကို မြန်မာလုပ်သားစေလွှတ်မယ့်လမ်းကြောင်းကို ရွေးချယ်သွားမှာ စိုးရိမ်တယ်လို့ နိုင်ငံရေးအကဲခတ်တချို့က ထောက်ပြကြပါတယ်။
“စစ်ဖြစ်နေလို့ စစ်မှုမထမ်းချင်လို့ ရှောင်ခါမှ စစ်ဖြစ်နေတဲ့နိုင်ငံမှာ အလုပ်သွားလုပ်ရမယ်ဆိုတော့ သေမယ့်လမ်းကိုမှ ရွေးချယ်မိသလိုဖြစ်သွားနိုင်တယ်” လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက သတိပေးပါတယ်။











