ရုရှားနဲ့တရုတ် ဦးဆောင်တဲ့ BRICS အဖွဲ့ဝင်ဖြစ်ရေး စစ်ကောင်စီ ဘယ်လိုခြေလှမ်းပြင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာ့အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေဖြစ်သလို စစ်ကောင်စီနဲ့ သံတမန်ရေးနီးစပ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့ ပါဝင်နေတဲ့ BRICS ထိပ်သီးဆွေးနွေးပွဲကို ရုရှားနိုင်ငံ၊ ခါဆန်မြို့မှာ ကျင်းပနေပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဦးဆောင်ကျင်းပပြီး အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ကိုယ်တိုင်တက်ရောက်တဲ့ ဒီထိပ်သီးဆွေးနွေးပွဲဟာ အမေရိကန်အပါအဝင် အနောက်ရဲ့ ဖိအား အလုပ်မဖြစ်ဘူးဆိုတာကို ပြသရာလည်း ရောက်နေပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်က နိုင်ငံ့ခေါင်းဆောင်တွေလည်း တက်ရောက်တဲ့ ဒီထိပ်သီးဆွေးနွေးပွဲဟာ ရုရှားမှာ ‘’အကြီးမားဆုံးနိုင်ငံခြားရေးမူဝါဒဆိုင်ရာပွဲတွေထဲတစ်ခု’’ လို့ ကလင်မလင်နန်းတော်ဘက်က ပြောပါတယ်။
ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အမေရိကတို့ရဲ့ ဖွဲ့စည်းထားတဲ့ BRICS အဖွဲ့ဟာ စီးပွားရေးထွန်းသစ်စနိုင်ငံတွေကို နိုင်ငံတကာစင်မြင့် နိုင်ငံရေးမှာ ပိုပြီး ပါဝင်လာစေဖို့ ရည်ရွယ်ပါတယ်။
အခုတော့ အဖွဲ့ဝင် သစ်တွေတိုးလာနေတဲ့ BRICS မှာ မြန်မာစစ်ကောင်စီကလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ဖို့ ခြေလှမ်းနေပါတယ်။
BRICS အဖွဲ့ဆိုတာ ဘာလဲ

အစောပိုင်းမှာ ဒီအဖွဲ့ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်တို့နဲ့ ၂၀၀၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ တောင်အာဖရိက ဝင်လာတဲ့အခါ နာမည် BRICS ဖြစ်လာပါတယ်။
ကမ္ဘာ့ ထွန်းသစ်စ စီးပွားရေးနိုင်ငံကြီးတွေ အတူတကွ ပေါင်းစည်းဖို့၊ မြောက်အမေရိကနဲ့ အနောက်ဥရောပတို့က ချမ်းသာတဲ့နိုင်ငံကြီးတွေရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး စိန်ခေါ်ချက်ကို ရင်ဘောင်တန်းနိုင်ဖို့ ရည်ရွယ်ပြီး BRICS ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာတော့ အဖွဲ့ကြီးထဲမှာ အဖွဲ့ဝင် အသစ်နိုင်ငံတွေ ပါဝင်လာပါတယ်။ အဲဒီထဲမှာ အီရန်၊ အီဂျစ်၊ အီသီယိုးပီးယားနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့ ဖြစ်ပါတယ်။
BRICS နဲ့ စစ်ကောင်စီ စဥ်စားချက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေရောင်းချနေပြီး နေပြည်တော်ကို နိုင်ငံခြားရေးဝန်ကြီးအဆင့်အထိပါ ခြေချင်းလိမ်နေတဲ့ ရုရှားနိုင်ငံက အခုနှစ် BRICS ကို ဦးဆောင် ကျင်းပမယ်ဆိုတဲ့အခါ နေပြည်တော်ဘက်ကလည်း BRICS အဖွဲ့ထဲ ပါလိုတဲ့စကားတွေ ထွက်လာပါတယ်။
‘’တင်းပြည့် ကျပ်ပြည့် အဖွဲ့ဝင် မဟုတ်တာတောင် လေ့လာဖက် နိုင်ငံအနေနဲ့ BRICS မှာ ပူးပေါင်းဆောင်ရွက်လိုပါတယ်။ အနာဂတ်မှာတော့ အဖွဲ့ဝင်ဖြစ်ရေး ကျွန်တော်တို့ လျှောက်ထားချင်တာပါ။ ကျွန်တော်တို့ အရှေ့တောင်အာရှ ဒေသတွင်းမှာလည်း အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားတဲ့နိုင်ငံတွေ ရှိနေပြီဆိုတော့ ကျွန်တော်တို့လည်း အလားတူပါဝင်လိုတာပါ’’ လို့ စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီး ဦးမောင်မောင်အုန်းက မကြာသေးခင်တုန်းက ထုတ်ပြောပါတယ်။
စက်တင်ဘာလလယ်ပိုင်းတုန်းက ရုရှားနိုင်ငံ မော်စကို မြို့မှာပြုလုပ်ခဲ့တဲ့ BRICS မီဒီယာ ထိပ်သီးညီလာခံမှာ သူက အခုလိုပြောခဲ့တာလို့ ရုရှားနိုင်ငံပိုင် TASS သတင်းက ဖော်ပြပါတယ်။
BRICS အဖွဲ့ဝင် ဖြစ်ရေး စစ်ကောင်စီ စဥ်းစားချက်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ အကြံပေးတချို့ဆီကလာပါတယ်။
အမေရိကန်ငွေကြေး ဒေါ်လာကို အလွန်အမင်းမှီခိုနေရတာကို လျှော့ချဖို့ဆိုရင် BRICS ကိုဝင်သင့်တယ်လို့ အကြံပေးချက်တွေနောက်မှာ စစ်ကောင်စီဝန်ကြီးတွေက ဒီစကားထုတ်ပြောလာတာပါ။
'' အကြံပေးတချို့က စစ်ခေါင်းဆောင်ကိုပြောတာက မြန်မာ့စီးပွားရေးမတည်ငြိမ်တာက အမေရိကန်ဒေါ်လာ ကို မှီခိုမှုများနေလို့ ဖြစ်နေတာ။ ဒီအဖွဲ့ထဲကိုဝင်လိုက်တာကလည်း ဖြေရှင်းမှုတရပ်ဖြစ်နိုင်တယ်ဆိုတာမျိုးပြောတာပေါ့ '' လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန
ရုရှားသမ္မတ ကိုယ်တိုင်ကလည်း အဖွဲ့ဝင် နိုင်ငံတွေ ပိုပြီး ပါလာအောင် စည်းရုံးနေတာက BRICS ကိုယ်ပိုင်ငွေကြေး အစီအစဥ်ဖြစ်ပါတယ်။
ဒီငွေကြေးစနစ်ဟာ ယူကရိန်းကိုကျူးကျော်မှုအတွက် အရေးယူဒဏ်ခတ်မှု ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ ရုရှားအတွက် ဒေါ် လာငွေကြေးအပေါ် မှီခိုမှု လျော့ကျလာစေဖို့ ဦးတည်ပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် မြန်မာစစ်ကောင်စီဟာလည်း အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးတွေ၊ ဥရောသမဂ္ဂတို့ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကြုံနေရပါတယ်။
ဒီလိုဒဏ်ခတ်ပိတ်ဆို့ခံရတာတွေနဲ့ဆက်စပ်ပြီး ပြောချိန်တိုင်းမှာ‘‘အင်အားကြီး နိုင်ငံတွေဟာ ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်’’ လို့ မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာခဏ ထုတ်ပြောထားပါတယ်။
BRICS က ဘုံငွေကြေး တစ်ရပ်ကို မိတ်ဆက်ဖို့ရှိနေတာကလည်း လက်ရှိ မြန်မာအတွက် BRICS အဖွဲ့ကို ဝင်ဖြစ်ရေး စိတ်ဝင်စားမှုဖြစ်စေတယ်လို့ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပစီးပွားဆက်ရေးဆိုင်ရာ ဝန်ကြီး ဒေါက်တာ ကံဇော်က ရုရှား သတင်းဌာနကို ပြောထားဖူးပါတယ်။
‘‘၂၀၂၃ ခုနှစ်၊ မေလ ကတည်းက ကျွန်တော်တို့ဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)မှာ ဆွေးနွေးဖက်နိုင်ငံအနေနဲ့ အသိအမှတ်ပြုခံထားရပြီးဖြစ်ပါတယ်။ BRICS နဲ့ အဖွဲ့ကြီးရဲ့ တိုးတက်ဖြစ်ထွန်းမှု အခြေအနေကိုလည်း ကျွန်တော်တို့ ကြည့်နေပါတယ်။ ပြောရရင် ကျွန်တော်တို့ BRICS ကိုရော၊ BRICS ရဲ့ ဘုံ ငွေကြေးတစ်ရပ်ထူထောင်မယ့် အစီအစဥ်ကိုရောပေါ့’’ လို့ သူက ရုရှားသတင်းဌာန Sputnik နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ အခုနှစ် အစောပိုင်းတုန်းက ပြောထားပါတယ်။
ဆက်ဆံရေးကြောင့်လား၊ ဒေသတွင်း လှိုင်းစီးတာလား

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာစစ်ကောင်စီ နည်းတူ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေ၊ အထူးသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့ကလည်း BRICS အဖွဲ့ဝင် ဖြစ်ရေး ကြိုးပမ်းနေကြပါတယ်။
မလေးရှားနဲ့ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံတို့ဟာ BRICS အဖွဲ့ဝင်ဖြစ်ဖို့ တရားဝင်လျှောက်ထားပြီးဖြစ်ပြီး မြန်မာအပါအဝင် အင်ဒိုနီးရှား၊ မလေးရှား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့ အဖွဲ့မှာပါဝင်ဖို့ စိတ်ဝင်စားကြောင်း ထုတ်ပြောထားကြတာပါ။
BRICS အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားနိုင်ငံတွေလည်း နှစ်စဥ်တိုးနေပြီး အလွယ်တကူသတ်မှတ်လက်ခံတာမျိုးမဟုတ်ဘူးလို့ စစ်ကောင်စီအကြံပေးတစ်ဦးက ပြောပါတယ်။
'' ဒီအဖွဲ့မှာပါတဲ့ နိုင်ငံတွေရဲ့ ကုန်သွယ်မှုကို တွက်ကြည့်ရင် တစ်ကမ္ဘာလုံးကုန်သွယ်မှု ၄၀ ရာခိုင်နှုန်းလောက်ရှိနေတော့ စစ်ကောင်စီက ဒီထဲပါရရင် စီးပွားရေးများ အဆင်ပြေလားမလားဆိုပြီး စိတ်ကူးယဥ်နေတာပါ။ တကယ်က BRICS ဆိုတာပိုက်ဆံရှိမှ ဝင်လို့ရတာ '' လို့ BRICS အဖွဲ့ဝင်ဖြစ်ဖို့ စစ်တပ်ကြိုးစားနေတဲ့ အခြေအနေကို သိရှိသူသတင်းရင်းမြစ်က ပြောပါတယ်။
တဖက်မှာလည်း ဒီနိုင်ငံတွေဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုဖြစ်တာကြောင့် ဒေသတွင်း အစုအဖွဲ့ အာဆီယံထက် ကျော်လွန် စဥ်းစားလာတဲ့ ခြေလှမ်းလို့ အကဲခတ်တွေက ရှုမြင်ကြပါတယ်။
ဒါပေမဲ့ မြန်မာ့အရေးကြောင့် အာဆီယံအဖွဲ့အတွင်းမှာ သဘောထားကွဲလွဲမှု ရှိနေချိန်မှာ BRICS အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းလာကြတာဟာ အာဆီယံအတွင်း စည်းလုံးမှုကို လျော့ပါးသွားစေနိုင်တယ်ဆိုတဲ့ သတိပေးမှု တွေလည်း ရှိနေပါတယ်။
တစ်ဖက်မှာလည်း တရုတ်နဲ့ ရုရှားအပေါ် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေဟာ အာဆီယံဒေသတွင်းမှာ ဝါရှင်တန်ရဲ့ စီးပွားရေးနဲ့ ပထဝီဝင်နိုင်ငံရေးအပိုင်းမှာ စိန်ခေါ်မှုတွေ ရှိလာစေပါတယ်။
Yusof Ishak Institute (SSEA) က ပြုလုပ်တဲ့ State of Southeast Asia 2024 စစ်တမ်း အစီရင်ခံစာမှာဆိုရင် စစ်တမ်းမှာ ပါဝင်ဖြေဆိုခဲ့တဲ့လူပေါင်း ၂၀၀၀ ထောင်နီးပါးက အာဆီယံကို အမေရိကန်ထက် တရုတ်ဘက်နဲ့ နီးကပ်တာကို မြင်လိုကြတဲ့အကြောင်း ဖြေဆိုထားတာတွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တစ်ဖက်မှာလည်း BRICS အဖွဲ့ဝင်ဖြစ်ရေး စစ်ကောင်စီ ကြိုးပမ်းချက်ဟာ လက်တွေ့မကျတဲ့ ကြိုးပမ်းချက်ဖြစ်တယ်လို့ သြစတြေးလျ ကာတင်း တက္ကသိုလ်က နိုင်ငံတကာစီးပွားရေးဆိုင်ရာ တွဲဖက် ပါမောက္ခလည်းဖြစ် မြန်မာ့အရေးကျွမ်းကျင်သူလည်းဖြစ်တဲ့ ဒေါက်တာ ထွေးထွေးသိန်းက ဘီဘီစီကို မှတ်ချက်ပြုပါတယ်။
'' မြန်မာစစ်တပ် တွေးတာက သူတို့က တရုတ်နဲ့ ရုရှားဆီကနေ စစ်လက်နက်ဝယ်နေတာဆိုတော့ သူတို့ကိုလက်ခံမယ်လို့ တွေးတာပေါ့။ ဒါပေမဲ့ မြန်မာစစ်တပ်က နိုင်ငံတကာအပယ်ခံဖြစ်နေပြီလေ။ အဲဒီလိုအခြေအနေမှာ စစ်ကောင်စီရဲ့ တရားဝင်မှုအပိုင်းကို BRICS ဘက်က ဘယ်လိုရှုမြင်မလဲ စဥ်းစားကြည့်နိုင်ပါတယ်’’ လို့ သူက ဖြေပါတယ်။
ကမ္ဘာ့ချိန်ခွင်လျှာဟာ အနောက်အုပ်စုကနေ စပြီး ရွေ့လာနေပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတွေက သြဇာကြီးလာတဲ့ Brics အဖွဲ့က နိုင်ငံတွေကို အားကိုးချင်လာကြတယ်လို့လည်း အကဲခတ်တချို့က မှတ်ချက်ပြုထားကြပါတယ်။











