ကျပ်နဲ့ ရူဘယ်တိုက်ရိုက်ပေးချေစနစ် ဘယ်လောက်အလုပ်ဖြစ်မလဲ

ရုရှားရူဘယ်ငွေကြေးများ

ဓာတ်ပုံ ရင်းမြစ်, AFP

ကမ္ဘာ့ဘဏ္ဍာရေးစနစ်ထဲမှာ ‌ဒဏ်ခတ်ပိတ်ဆို့မှုတွေခံနေရတဲ့ မြန်မာ နဲ့ ရုရှားက နှစ်နိုင်ငံငွေကြေးတွေတိုက်ရိုက်ဖလှယ်သုံးနိုင်မယ့်လမ်းကြောင်းကို စတင်ဖို့အဆင်သင့်ဖြစ်နေတဲ့အကြောင်း စစ်ကောင်စီ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်အထိ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့ မှာလုပ်ခဲ့တဲ့ ရုရှားအရှေ့ဖျား စီးပွားရေးဖိုရမ်မှာ ရုရှားမီဒီယာနဲ့ တွေ့ချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။

ဒေါက်တာကံဇော် ‌ပြော‌လာတဲ့ ဒီစနစ်က ရုရှားဗဟိုဘဏ် ရဲ့ ငွေပေးချေမှုစနစ် MIR (မီယာ)ကိုမြန်မာရဲ့ ငွေပေးချေမှုစနစ် - MPU ထဲကိုထည့်ပြီး သုံးမယ့်ပုံစံပါ။ ဒီစနစ် ရဲ့ ရည်ရွယ်ရင်းက နှစ်နိုင်ငံလုံးရဲ့ အမေရိကန်ဒေါ်လာအပေါ် မှီခိုနေရမှုကိုလျှော့ချကြဖို့ ပါ။

ဒီစနစ်ပေါ်လာပြီဆိုရင် မြန်မာကျပ် နဲ့ ရုရှားရူဘယ်ကို တိုက်ရိုက်ပေးချေနိုင်၊ ကုန်သွယ်နိုင်မယ်လို့စစ်ကောင်စီဘက်က မျှော်လင့်ထားပါတယ်။

စစ်ခေါင်းဆောင် နဲ့ ရုရှားသမ္မတပူတင် ၂၀၂၂ ကတွေ့ဆုံမှု

ဓာတ်ပုံ ရင်းမြစ်, AFP

MIR စနစ် ဆိုတာဘာလဲ

ရုရှားရဲ့ MIR - ‌မီယာ ဆိုတာက ရုရှားနိုင်ငံဗဟိုဘဏ်ရဲ့ လက်အောက်မှာလည်ပတ်နေတဲ့ National Payment Card System (NSPK) - အမျိုးသားငွေပေးချေမှုစနစ် ရဲ့ အီလက်ထရောနစ် ငွေပေးချေမှုစနစ်သုံးကတ်ကို ခေါ်တဲ့နာမည်ပါ။ မီယာဘဏ်ကတ်တွေ ရဲ့ လည်ပတ်မှု က ပုဂ္ဂလိကဘဏ် တွေ ရဲ့ ATM ကတ်တွေလိုပါပဲ။

ရုရှားက မီယာကတ်စနစ်ကိုလုပ်ခဲ့တာ ယူကရိန်းရဲ့ ခရိုင်းမီးယား ဒေသကိုသိမ်းပိုက်ပြီးနောက်ပိုင်း မှာပါ။ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ရှောင်ရှားဖို့ ဒီကတ်စနစ်ကို ၂၀၁၅ ခုနှစ်အတွင်းကစတင်လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲတယ်ဆိုတဲ့နောက် ရုရှားဗဟိုဘဏ်ကို အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံအချို့ကဘဏ္ဍာရေးဆိုင်ရာဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အချိန်မှာတော့ MIR က ပိုပြီးအထီးကျန် ဖြစ်သွားခဲ့ပါတယ်။ အဲဒီရဲ့ အကျိုးဆက်က သူ့ကိုသုံးစွဲလို့ရနိုင်တဲ့ နိုင်ငံတွေ အကန့်အသတ်ရှိလာပါတယ်။

MIR က မြန်မာမှာဘယ်လောက်အလုပ်ဖြစ်မလဲ

မြန်မာငွေကြေးစနစ်ထဲမှာ MIR - မီယာ ကတ်သုံးနိုင်ဖို့ဆိုရင် မြန်မာရဲ့ - MPU လို့ခေါ်တဲ့ Myanmar Payment Union - မြန်မာငွေပေးချေမှုစနစ်ထဲ ဝင်ရမှာပါ။ MPU ရဲ့ လုပ်ငန်းသဘာဝက ဘဏ်ကတ်စနစ်သုံးစွဲသူတွေနဲ့ ဘဏ်တွေကြားမှာ ငွေကြေးအထုတ်အသွင်းတွေကို လွယ်ကူမြန်ဆန်စွာသုံးနိုင်ဖို့ ကြားခံအနေနဲ့ ဆောင်ရွက်ပေးတာပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

MPU ရဲ့ အဓိကတာဝန်ထဲမှာ ပြည်တွင်းကဘဏ်တွေအားလုံးရဲ့ ATM ကတ်တိုင်းဟာပြည်တွင်းက မည်သည့်ဘဏ်ရဲ့ ATM စက်တိုင်းမှာမဆို ငွေကိုအလွယ်တကူထုတ်နိုင်အောင် ကြားခံဆောင်ရွက်ပေးတာပါပါတယ်။ ဒါ့ကြောင့် MIR စနစ်မြန်မာနိုင်ငံမှာစတင်ဖို့ဆိုရင် မြန်မာရဲ့ MPU စနစ်ထဲဝင်ရောက်ပြီးဖြစ်ရမှာပါ။ ဒါမှသာ ပြည်တွင်းဘဏ်တွေအားလုံးနဲ့ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။

စစ်ကောင်စီ ရဲ့ ဝန်ကြီး ဒေါက်တာကံဇော် ရဲ့ အပြောအရ ဆိုရင် အခုနှစ်အောက်တိုဘာမှာ ဒီစနစ်ကို မြန်မာမှာစသုံးနိုင်ပြီး ပြည်တွင်းကပုဂ္ဂလိကဘဏ် ၆ ဘဏ် နဲ့ သဘောတူထားပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကဘဏ်တွေ ရဲ့ နာမည်ကို တိတိကျကျထုတ်ပြောတာ မရှိပါဘူး။ ဒီပုဂ္ဂလိကဘဏ် ၆ ခု ရဲ့ အမည်တွေကို စစ်ကောင်စီကို ဘီဘီစီကမေးခဲ့ပေမဲ့ "ပြည်တွင်းရှိမည်သည့်ဘဏ်ကမဆို ပေးချေနိုင်ရေးစီစဥ်ထားပါတယ်" လို့သာ ဖြေပါတယ်။

ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူတချို့ကတော့ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုထိထားတဲ့ ရုရှား ဗဟိုဘဏ်ရဲ့ ဒီငွေကြေးစနစ်ကမြန်မာနိုင်ငံတွင်းကို ဝင်လာတဲ့အခါ မြန်မာကိုလည်း အရေးယူ ပိတ်ဆို့တာတွေ ဆက်ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

‘‘ပုဂ္ဂလိကဘဏ်တွေဆိုတာထက် သူတို့လက်အောက်ရောက်နေတဲ့နိုင်ငံပိုင်ဘဏ်တွေနဲ့ အရင်ချိတ်ဆက် လုပ်ကြည့်တာမျိုးပဲ ဖြစ်မှာပါ။ ပုဂ္ဂလိဘဏ်တွေဆီကို MIR - မီယာ နဲ့ ပတ်သက်ပြီး စာဝင်တာ ညွှန်ကြားချက်လာတာမျိုး မရှိသေးပါဘူး ’’လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုက တာဝန်ခံတစ်ဦးကပြောပါတယ်။

MPU ဘက်မှာ ပါဝင်လုပ်ကိုင်နေသူတစ်ဦးကို ဘီဘီစီကမေးကြည့်တော့ MPU ဘက်က ဒီစနစ်လုပ်နိုင်ဖို့ ဗဟိုဘဏ်က အားစိုက်ခဲ့ပြီး အခု‌တော့ မြန်မာရဲ့ MPU စနစ်ထဲကို MIR - မီယာဝင်လာဖို့အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။

စစ်ကောင်စီကလည်း MPU နဲ့ MIR ကြားမှာဘဏ်လုပ်ငန်းဆိုင်ရာ ကွန်ရက်ချိတ်ဆက်မှု ပြီးစီးပြီဖြစ်လို့ စမ်းသပ်ဆောင်ရွက်ရေးကိုစတင်လုပ်ဆောင်ဖို့ ဆွေးနွေးနေပြီလို့ ဘီဘီစီကို ဖြေပါတယ်။

ဒါပေမဲ့ MPU အဆင်သင့်ဖြစ်ရုံနဲ့ မြန်မာငွေကြေးကွန်ရက်ထဲကို MIR ဝင်လာဖို့ အသင့် ဖြစ်တာမျိုးမဟုတ်ပါဘူး။ ပုဂ္ဂလိက ဘဏ်အားလုံး မှာ သူတို့ ရဲ့ ကိုယ်ပိုင်ဘဏ်အမည်နဲ့ ATM ကတ်တွေ၊ စက်တွေရှိပါတယ်။ ATM လို့ခေါ်တဲ့ စက်ကနေ အလိုအလျောက်ငွေထုတ်တဲ့စနစ်နဲ့ BOS လို့ခေါ်တဲ့ စီးပွားရေးဆိုင်ရာငွေကြေးလွှဲပြောင်းမှုတွေအတွက်သုံးတဲ့စနစ်တွေက ဘဏ်အလိုက် လုပ်ကိုင်မှုပုံစံတွေ ကွဲပြားကြပါတယ်။ ဒါ့ကြောင့် ဒီစနစ်ကို ကွန်ရက်သဖွယ်ချိတ်ဆက်လုပ်နိုင်ဖို့ဆိုတာ မြန်မာပြည်ထဲက ပုဂ္ဂလိကဘဏ်တွေမှာပါ အသင့်ဖြစ်နေရမှာမျိုးပါ။

‘‘MPU အဆင်သင့်ဖြစ်တယ်ပြောနေပေမဲ့ ပြည်တွင်းဘဏ်တွေကလည်း ဒီအတွက် အဆင်သင့်ဖြစ်မှသုံးလို့ရမှာလေ။ ဘာကြောင့်လဲဆိုရင် ATM တွေ၊ BOS တွေက ဘဏ်တွေကပိုင်တာလေ။ MPU ကမပိုင်ဘူး။ MPU က ဘဏ်အချင်းချင်း သုံးလို့ရအောင် ကြားခံ Switchလုပ်ပေးတာပဲရှိတာ’’ လို့ ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

နောက်တစ်ချက်ကတော့ ကျပ် နဲ့ ရူဘယ် ငွေကြေးတိုက်ရိုက်ပေးချေနိုင်ဖို့ မြန်မာပြည်တွင်းကဘဏ်တွေအနေနဲ့ ရုရှားနိုင်ငံမှာ ဘဏ်အကောင့်ဖွင့်လှစ်ဖို့လိုမှာ ဖြစ်ပါတယ်။ ဒါကို ပုဂ္ဂလိကဘဏ်တွေဘက်က စိတ်ဝင်စားမှုနည်းတယ်လို့ ပြောဆိုချက်တွေ ရှိပါတယ်။

‘‘အခုအခြေအနေက ဆန်ရှင်( sanctions -စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု) ထိထားတဲ့ ဘယ်သူနဲ့မှ မလုပ်ချင်ကြဘူး။ဒါပေမဲ့ ဗဟိုဘဏ်က ဖိအားပေးရင်သူတို့လည်းလုပ်ကြရမှာပဲ’’ လို့ ဘဏ်လုပ်ငန်းထဲမှာ လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

မြန်မာကျပ်ငွေတစ်သောင်းတန်များ

ဓာတ်ပုံ ရင်းမြစ်, AFP

MIR အတွက် စစ်ကောင်စီဘာကြောင့်ပြင်

Myanmar Payment Union - MPU က ရုရှားနိုင်ငံ MIR ရဲ့ Card Acquiring Acceptance အတွက် အဖွဲ့ဝင်ဘဏ်တွေကို First Participant Bank (ပထမအဆင့်ပါဝင်ဆောင်ရွက်တဲ့ ဘဏ်များ) အနေနဲ့ ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက် ပြည်တွင်းဘဏ် ၆ ခုက ပထမအဆင့်မှာ ပါဝင်ခဲ့တာလို့ နားလည်ရပါတယ်။

‘‘ဘဏ်တွေကို Force (ဖိအား) ပေးရင် ဘဏ်တွေကလုပ်ရမှာပဲ။ အခုလက်ရှိစစ်ကောင်စီက တရားဝင်တာ မဝင်တာတွေကို သွားပြောလို့မရဘူး။ သူတို့လက်အောက်လုပ်နေရင် သူတို့စကားပဲ နာခံရတာပဲ။ သူတို့က ဒီစနစ်ထဲဝင်ဆို ဝင်ရမှာလေ’’ လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်လုပ်ငန်းက မန်နေဂျာအဆင့်ရှိသူ တစ်ဦးကပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ဒီစနစ်ထဲဝင်ဖို့ကြိုးစားတာက အမေရိကန်ဒေါ်လာ အပေါ်မှာမှီခိုနေရမှုကို လျှော့ချဖို့အပြင် ရုရှားကနေ ရေနံနဲ့ အခြားကုန်တွေတင်သွင်းဖို့အတွက် ကျပ် နဲ့ ရူဘယ် တိုက်ရိုက်ပေးချေနိုင်ဖို့လို့ စီးပွားရေး အကဲခတ်တချို့က ပြောပါတယ်။

‘‘MIR က ဒီမှာလာသုံးလို့ရပြီဆိုရင် ရုရှားမှာလည်း MPU ကတ်ကို သွားသုံးလို့ရလာမယ်။ သဘောက ကတ်အချင်းချင်း အလဲအလှယ်လုပ်ပြီး သုံးလို့ရမယ်။ အဲဒါဆို ငွေအချင်းချင်းသုံးလို့ရတဲ့သဘောဆိုတော့ သူတို့ချင်း ကုန်သွယ်မှုပြေလည်ပြီ‌ပေါ့’’လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီနဲ့ ရုရှားကြား ငွေပေးချေမှုတွေမှာ အမေရိကန်ဒေါ်လာအသုံးပြုမှုကို လျှော့ချပြီးနောက် settlement currency - ကြားခံငွေကြေးအနေနဲ့ တရုတ်ငွေ ယွမ်ကို သုံးနေရတာပါ။

‘‘ကျွန်တော်တို့ ယွမ်ငွေနဲ့ပဲ အသုံးပြုပေးချေနေပါတယ်။ အခုအချိန်မှာတော့ ရူဘယ် နဲ့ ကျပ်ပေးချေနိုင်တာမရှိသေးပါဘူး’’လို့ ဒေါက်တာကံဇော်က သူ့ရဲ့ရှရှားခရီးစဥ်မှာ ပြောပါတယ်။

စစ်ကောင်စီအပြောအရ မြန်မာမှာ ငွေပေးချေမှုရပ်ဝန်း ကျယ်ပြန့်စေဖို့အတွက် ယွမ်၊ ဘတ်၊ ရူပီးတို့နဲ့ ကျပ် တိုက်ရိုက်ပေးချေမှုလုပ်သလို ကျပ်ငွေနဲ့ ရူဘယ်ငွေတို့အကြား ပေးချေနိုင်ဖို့ ဆက်လုပ်တာလို့ ဒီစနစ်အကြောင်းဘီဘီစီကို ပြောပါတယ်။

ဒီအတွက် ငွေကြေးတန်ဖိုးချိန်ညှိသုံးစွဲနိုင်ရေးအတွက် ငွေကြေးဆိုင်ရာသဘောတူညီချက် လက်မှတ်ရေးထိုးထားတယ်လို့ ‌ဒေါက်တာကံဇော်က သူ့ရဲ့ ရုရှားခရီးစဥ်မှာ ပြောပါတယ်။

‘‘ဒေါ်လာအစား ယွမ် ကို ကြားခံသုံးနေရတော့ ရှင်းပါတယ်။ ရုရှားဘက်က ကျပ် လက်မခံသေးလို့ပေါ့။ အဲဒါဆိုရင် ကုန်တွေကို ယွမ်ငွေပေါက်နှုန်းအတိုင်း ပေးချေရတာပေါ့ ’’ လို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရုရှားရဲ့ MIR ဘဏ်ကတ်

ဓာတ်ပုံ ရင်းမြစ်, MIR

ပုဂ္ဂလိကဘဏ်တွေရဲ့ စိုးရိမ်ချက်

ဒါပေမဲ့ တကယ်သာ MIR စနစ်က မြန်မာနိုင်ငံထဲက ပုဂ္ဂလိကဘဏ်အချို့နဲ့ စတင်လုပ်ဆောင်ရပြီဆိုရင်ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေမှာ အကျပ်အတည်းဆိုက်တာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ရှိထားတဲ့ရုရှားဗဟိုဘဏ်ကြောင့် ဒီစနစ်ထဲဝင်သုံးတဲ့ မြန်မာပုဂ္ဂလိက ဘဏ်တွေကိုပါ ဒဏ်ခတ်ပိတ်ဆို့မှုရှိလာမလားဆိုတဲ့ စဥ်းစားချက်ကြောင့်ပါ။

‘‘ဆန်ရှင်( sanctions -စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု) ထားတယ်ဆိုကတည်းက ဒီအဖွဲ့အစည်းနဲ့မပတ်သက်စေချင်လို့ ဆန်ရှင်ထားတာ မဟုတ်ဘူးလား။ အဲဒီတော့ သူတို့ မလုပ်ပါနဲ့လို့ပြောတဲ့အဖွဲ့နဲ့သွားလုပ်ရင် ကိုယ်လည်း ဆန်ရှင်ထိကောင်းထိလာနိုင်တယ်လေ’’လို့ ပုဂ္ဂလိကဘဏ်လုပ်ငန်းကအရာရှိ အဆင့်ရှိတဲ့ ဘဏ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေနဲ့ ဆက်သွယ်နေတဲ့ ပြည်ပဘဏ်တွေအပေါ်မှာ အမေရိကန်နဲ့ အနောက် အုပ်စုနိုင်ငံတွေကဖိအားပေးတာကနေပြည်တွင်းဘဏ်တွေနဲ့ အဆက်အသွယ်ဖြတ်ကြတာမျိုးအထိ လုပ်လာမှာကိုလည်း စိုးရိမ်ချက်တွေ ရှိနေကြတာပါ။

‘‘နိုင်ငံတကာဆက်သွယ်တဲ့ဘဏ်တွေက မင်းတို့က ဆန်ရှင် ( sanctions -စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှု) ထိတဲ့အဖွဲ့တွေနဲ့ အလုပ်လုပ်နေတာ မင်းတို့နဲ့အလုပ်လုပ်လို့မရဘူးဆိုတာတွေ ဖြစ်လာမယ်။ အမေရိကန်ကပါ သူတို့ကို စောင့်ကြည့်တဲ့အထဲ ပါသွားမယ်ဆိုတာမျိုး ဖြစ်လာမယ်။ ဒါကြီးက ပြည်တွင်း ပုဂ္ဂလိကဘဏ်လောကအတွက် တော်တော်အခက်အခဲ ဖြစ်စေတယ် ’’ လို့ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြပါတယ်။

MIR ကြောင့် ကျပ်ငွေတန်ဖိုးကျတာကိုထိန်းနိုင်မလား

တစ်ဖက်မှာလည်း ဒီစနစ်ကို အကောင်းမြင်စိတ်ရှိသူတွေလည်းရှိပါတယ်။

MIR စနစ်အရအမေရိကန် ဒေါ်လာအပေါ် မှီခိုရမှု နည်းစေသလို ကြားခံငွေကြေး၊ ကြားခံငွေလွှဲတဲ့စနစ်တွေကို ဖြတ်ရဖို့ မရှိတာကြောင့် MIR စနစ်ကို သုံးတဲ့နိုင်ငံတွေကြားကုန်စည်စီးဆင်းမှုတွေမှာကိုယ့်ငွေကို တိုက်ရိုက်လဲလှယ်ခွင့် ရတဲ့ခံစားခွင့်ရှိတယ်ဆိုတဲ့ ယူဆချက်ပါ။

လက်ရှိမှာ MIR ကတ်ကို နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ သုံးနေတယ်လို့ ရုရှားရဲ့ TASS သတင်းဌာနကဖော်ပြထားပြီး အာရှ နဲ့ လက်တင်အမေရိကနိုင်ငံတချို့ ကလည်း ဒီကတ်ကို သုံးဖို့ စိတ်ဝင်စားနေတယ်လို့ ပြောပါတယ်။ လက်ရှိမှာ ဗီယက်နမ်၊ ကျူးဘား၊ ဘယ်လာရုစ်၊ ဗင်နီဇွဲလား၊ တူရကီ စတဲ့ နိုင်ငံတွေအပြင် ရုရှားနဲ့နီးစပ်တဲ့ နိုင်ငံတွေမှာသာ ဒီကတ်ကို အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

‘‘MIR ကတ်ကို မြန်မာနိုင်ငံမှာ ဘယ်သူတွေက သုံးမှာလဲ။ တရုတ်လို သွားတွက်လို့ မရဘူး။ တရုတ်က ပထဝီဝင်အနေအထား ဆက်စပ်တယ်။ သူ့ပစ္စည်းတွေ ကိုယ်ကသုံးတယ်။ သူကလည်း ဝယ်တယ်။ ရုရှားနဲ့ဆိုတာ နယ်မြေပထဝီဝင်အနေအထား အဝေးကြီး။ ကုန်သွယ်မှုဆိုတာ ပထဝီဝင် အနေအထားပေါ် မူတည်မှီခိုပြီး လုပ်ရတာ။ အများကြီး မထူးနိုင်ဘူး’’ လို့ စီးပွားရေးအကဲခတ်က ဆက်ပြောပါတယ်။

ဒါပေမဲ့ ဒီစနစ်ကိုဝင်ရောက်သုံးလိုက်လို့ ကျပ်ငွေတန်ဖိုးကျတာကို ထိန်းနိုင်မှာမျိုးတော့မရှိဘူးလို့ ကမ္ဘာ့ဘဏ်ရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာတွေမှာ ဝင်ရောက်လုပ်ကိုင်ဖူးတဲ့ စီးပွားရေး အကဲခတ်တစ်ဦး ကပြောပါတယ်။

‘‘ဒီစနစ်က ကျပ်ငွေတန်ဖိုးကျတာကို ထိန်းနိုင်မယ်မထင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာရုရှားငွေနဲ့ အရောင်းအဝယ်မရှိသလောက် ဖြစ်သလို ရူဘယ်ကလည်း ဆန်ရှင်တွေကြောင့် ၂၀၂၃ မှာဆိုငွေတန်ဖိုး ဆက်တိုက်ကျနေတာ‌ပါ ’’ လို့ ‌စီးပွားရေးအကဲခတ်က ပြောပါတယ်။

ရုရှား နဲ့ စစ်ကောင်စီကြားဘယ်လိုဆွေးနွေးခဲ့

နိုင်ငံကြီးတွေဟာ ဒေါ်လာကို လက်နက်သဖွယ် အသုံးချလို့ နိုင်ငံငယ်တွေအနေနဲ့ ဒေါ်လာအနိုင်ကျင့်မှု ကို ခံနေရတယ်လို့ ၂၀၂၂ ခုနှစ်အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့သလို မော်စကိုမှာကျင်းပခဲ့ တဲ့ (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)ကို ပေးပို့ခဲ့တဲ့ သူ့ရဲ့ ဗီဒီယိုမက်ဆေ့ချ်မှာလည်း အလားတူ ထည့်ပြောခဲ့ပါတယ်။

ဒေါ်လာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရုရှားငွေ ရူဘယ်နဲ့ မြန်မာကျပ်ကို တိုက်ရိုက်လဲလှယ်နိုင်ဖို့ အဲဒီကတည်းကကြိုးစားခဲ့တာပါ။

MIR ကတ်အသုံးပြုရေးကိစ္စကို စစ်ကောင်စီ နဲ့ ရုရှားကြား မနှစ် ၂၀၂၂ ခုနှစ် သြဂုတ်၊ စက်တင်ဘာ နဲ့ နိုဝင်ဘာလတွေကတည်းက ဆွေးနွေးခဲ့တာဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကော်မရှင်က အဓိကလုပ်ဆောင်နေတာပါ။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက‌တော့ မြန်မာ နဲ့ ရုရှားဆက်ဆံရေးကို လက်ရှိအချိန်မှာ အကောင်းဆုံး တည်ဆောက်နိုင်တဲ့ကာလဖြစ်တယ်လို့ စက်တင်ဘာ ၁၄ ရက်က ရုရှားနိုင်ငံ မော်စကိုမှာပြုလုပ်တဲ့ ရုရှား - မြန်မာ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

စစ်လက်နက်အတွက်သာ အဓိကဆက်ဆံခဲ့တဲ့ ရုရှား နဲ့ မြန်မာဟာ အခုနှစ်မှာတော့ ခရီးသွားလုပ်ငန်း တိုးမြှင့်ဖို့ အပါအဝင် စိုက်ပျိုးရေး၊ သတ္တု၊ စက်မှု၊ လျှပ်စစ်၊ စွမ်းအင်၊ ယဉ်ကျေးမှုနဲ့ ပညာရေးကဏ္ဍတွေ မှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

‘‘မြန်မာက အကြီးဆုံးကမ္ဘာ့စျေးကွက်ကြီးရဲ့ အလယ်မှာရှိနေလို့ ရုရှားနိုင်ငံရဲ့ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ဆောင်ရွက်မယ်ဆိုရင် နှစ်နိုင်ငံလုံး အကျိုးရှိမယ်’’လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

နှစ်နိုင်ငံကြားကုန်သွယ်မှုက ၂၀၂၃ ဇူလိုင်လမှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၅ သန်းဝန်းကျင် ရှိခဲ့ပါတယ်။ ဒါက အရင် အာဏာမသိမ်းခင်ကာလတွေထက် ထက်ဝက်ခန့် တိုးလာတာဖြစ်တယ်လို့ နိုင်ငံအလိုက်ကုန်သွယ်မှုပမာဏကိုလေ့လာတဲ့ CEIC အဖွဲ့ရဲ့ မှတ်တမ်းတွေကဖော်ပြပါတယ်။

အခုနှစ်မှာပဲ မြန်မာ - ရုရှားသံတမန်ဆက်ဆံရေး ၇၅ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။

အခုတော့ နှစ်နိုင်ငံလုံးက နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေ နဲ့ ဖယ်ကြဥ်စဥ်းစားခံရမှုတွေကြား ရုန်းကန်နေကြရပါတယ်။ အထီးကျန်နိုင်ငံအချင်းချင်း ပေါင်းဖက်ပြီး အလုပ်ဖြစ်နိုင်ရေးစဥ်းစားကြပေမဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ထဲမှာတော့ အလုပ်ဖြစ်ဖို့ ခက်မယ်လို့ စီးပွားရေးအကဲခတ်တစ်ဦးက သုံးသပ်ထားပါတယ်။