တိုက်ရိုက်ထုတ်လွှင့်မှု, ထရမ့်ကို ရှီက ကော်ဇောနီခင်းပြီး ဂုဏ်ပြုတပ်ဖွဲ့နဲ့ကြိုဆို

ဒေါ်နယ်ထရမ့်ဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း တရုတ်ကို အလုပ်သဘောရောက်တဲ့ ပထမဆုံး အမေရိကန်သမ္မတတစ်ဦးအနေနဲ့ ဘေကျင်းမြို့ကို ရောက်နေပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံတဲ့သတင်းအပါအဝင် မေလ ၁၄ ရက်နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ ၂ ရက်ကြာခရီးအဖြစ် ဘေကျင်းမြို့ကိုရောက်နေပါတယ်
  • အမေရိကန်သမ္မတရဲ့ တရားဝင် အလုပ်သဘောခရီးစဥ်ဟာ ဘေကျင်းမြို့က ပြည့်သူခန်းမဆောင်ကြီးမှာ ရှီနဲ့အတူ ခရီးကြိုအခမ်းအနားနဲ့ စတင်မှာဖြစ်ပါတယ်
  • ခေါင်းဆောင်နှစ်ဦးဟာ ညနေခင်းမှာ ပြုလုပ်ဖို့ရှိတဲ့ နိုင်ငံတော်အဆင့်ညစာစားပွဲမတိုင်ခင်မှာ ဆွေးနွေးတာတွေ ပြုလုပ်ကြဖို့ရှိပါတယ်
  • အခွန်ကိစ္စ၊ နည်းပညာတွေအရေး၊ အီရန်စစ်ပွဲနဲ့ ထိုင်ဝမ်ကိစ္စတွေဟာ ကမ္ဘာ့အင်အားကြီး ၂ နိုင်ငံရဲ့ဆွေးနွေးပွဲမှာ ပါဝင်မှာဖြစ်ပါတယ်
  • ထရမ့်ရဲ့အတူ နည်းပညာကုမ္ပဏီ သူဌေးကြီးတွေဖြစ်တဲ့ တက်စ်လာရဲ့ အီလွန် မက်စ်နဲ့ အန်ဗီဒီယာရဲ့ ဂျန်ဆန် ဟောင်တို့လည်း လိုက်ပါလာပါတယ်
  • ၂၀၁၇ နောက်ပိုင်းမှာ ပထမဆုံး အမေရိကန်သမ္မတ တစ်ဦးအဖြစ် နောက်တစ်ခေါက် ထရမ့် ပြန်ရောက်လာချိန်မှာ တရုတ်ဟာလည်း အခုဆို သူ့ကိုယ်သူ ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်တဲ့အင်အားတစ်ရပ်အဖြစ် ပုံဖော်ထားတဲ့တရုတ်ဖြစ်နေပြီလို့ တရုတ်နိုင်ငံဆိုင်ရာ ဘီဘီစီ သတင်းထောက်ကရေးပါတယ်
  • အခုခရီးစဥ်ဟာ မတ်လကတည်းက စတင်ဖို့ရှိခဲ့ပေမဲ့ အီရန်စစ်ပွဲကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. “သမ္မတရှီနဲ့ မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူပါတယ်” - အမေရိကန်သမ္မတဒေါ်နယ်ထရမ့်

    မေ ၁၄ ရက် ထရမ့်နဲ့ ရှီတို့ ဘေဂျင်းမှာတွေ့ဆုံကြ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မေ ၁၄ ရက် ထရမ့်နဲ့ ရှီတို့ ဘေဂျင်းမှာတွေ့ဆုံကြ

    သမ္မတဒေါ်နယ်ထရမ့်ရဲ့ အဖွင့်မိန့်ခွန်းမှာ သမ္မတရှီနဲ့ တွေ့ဆုံရတာကို “ဂုဏ်ယူစရာ” ဖြစ်ကြောင်းစဖွင့်ပါတယ်။

    “အဆွေတော်ရဲ့ မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူပါတယ်” လို့ ထရမ့်က ပြောခဲ့ပါတယ်။ ထရမ့်က အခုခရီးစဉ်မှာ “ကမ္ဘာ့ကြီးရဲ့ ထိပ်တန်းစီးပွားရေးခေါင်းဆောင်တွေ” ကို ခေါ်ဆောင်လာခဲ့ကြောင်း ပြောပြီး “ဒီနေ့ ဒီမှာရှိနေကြတာဟာ အဆွေတော်ကို လေးစားဂုဏ်ပြုဖို့ ရောက်လာတဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေချည်းပဲ” လို့ ထရမ့်ကဖြည့်ပြောပါတယ်။

    ဒါအပြင် အခုတွေ့ဆုံမှုကို “သမိုင်းတစ်လျှောက် အကြီးမားဆုံး ထိပ်သီးဆွေးနွေးပွဲ” လို့ ကမ္ဘာကြီးက ခေါ်ဆိုနေကြကြောင်းနဲ့ တွေ့ဆုံပွဲအတွက် မျှော်လင့်ထားတဲ့အကြောင်းလည်း ထရမ့် က ပြောကြားခဲ့ပါတယ်။

  2. ရှီ နဲ့ ထရမ့် တွေ့ဆုံကြပြီ၊ သမ္မတရှီကျင့်ဖျင် ဘာတွေပြောခဲ့လဲ

    မေ ၁၄ ရက် ထရမ့်နဲ့ ရှီတို့ ဘေဂျင်းမှာတွေ့ဆုံကြ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မေ ၁၄ ရက် ထရမ့်နဲ့ ရှီတို့ ဘေဂျင်းမှာတွေ့ဆုံကြ

    တရုတ်သမ္မတရှီကျင်ဖျင့်နဲ့ အမေရိကန် သမ္မတထရမ့်တို့ ဒီကနေ့ တရုတ်နိုင်ငံ၊ဘေဂျင်းမြို့ တီယန်နန်မင်ရင်ပြင်က Great Hall of the People အဆောက်အဦကြီးမှာတွေ့ဆုံနေကြပါပြီ။

    တရုတ်သမ္မတ ရှီကျင့်ဖျင်က သူရဲ့ အဖွင့်မိန့်ခွန်းမှာ “ကျွန်တော်တို့ရဲ့ ဒီတွေ့ဆုံမှုကို ကမ္ဘာတစ်ဝန်းက စောင့်ကြည့်နေပါတယ်။ အခုအချိန်မှာ ရာစုနှစ်တစ်ခုအတွင်း မမြင်ဖူးတဲ့ အပြောင်းအလဲတွေ ကမ္ဘာတဝန်း အရှိန်မြင့်ပြောင်းလဲလာနေပြီး နိုင်ငံတကာအခြေအနေကလည်း မတည်ငြိမ်ဘဲ ရှုပ်ထွေးနေပါတယ်” လို့ စဖွင့်ပါတယ်။

    ရှီက “ကမ္ဘာကြီးဟာ လမ်းဆုံတစ်ခုကို ရောက်ရှိလာပါပြီ။တရုတ်နဲ့ အမေရိကန်တို့ဟာ ‘Thucydides Trap’ ကို ကျော်လွှားပြီး ဆက်ဆံရေးပုံစံသစ်တစ်ခု ဖန်တီးနိုင်မလား။ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်ပြီး ကမ္ဘာကြီးအတွက် ပိုမိုတည်ငြိမ်မှု ပေးနိုင်မလား။ ကျွန်တော်တို့ နှစ်နိုင်ငံ၊ ပြည်သူနှစ်ရပ်နဲ့ လူသားမျိုးနွယ်အနာဂတ်အတွက် နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု တည်ဆောက်နိုင်မလား” ဆိုတာအရေးကြီးတယ်လို့ မေးခွန်းထုတ်ပြောဆိုခဲ့ပါတယ်။

    “ဒီမေးခွန်းတွေဟာ သမိုင်းအတွက်၊ ကမ္ဘာအတွက်၊ ပြည်သူတွေအတွက် အရေးကြီးတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော်နဲ့ သမ္မတကြီးတို့လို အင်အားကြီးနိုင်ငံခေါင်းဆောင်တွေ ဖြေကြားရမယ့် ယနေ့ခေတ်ရဲ့မေးခွန်းတွေ ဖြစ်ပါတယ်” လို့လည်းသူကပြောပါတယ်။

    ဒါ့အပြင် ရှီက အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနှစ် ၂၅၀ ပြည့်အထိမ်းအမှတ်အတွက် သမ္မတ အမေရိကန်ပြည်ထောင်စုနဲ့ သမ္မတထရမ့်ကို ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

    “ကျွန်တော်အမြဲယုံကြည်တာက ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာ ကွာခြားချက်တွေထက် တူညီတဲ့အကျိုးစီးပွားတွေ ပိုများပါတယ်။

    တစ်နိုင်ငံရဲ့ အောင်မြင်မှုဟာ အခြားတစ်နိုင်ငံအတွက် အခွင့်အလမ်းတစ်ခုဖြစ်ပြီး တည်ငြိမ်တဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ ကမ္ဘာကြီးအတွက် ကောင်းမွန်ပါတယ်” လို့ ရှီက ဆက်ပြောပါတယ်။

    “တရုတ်နဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုးရနိုင်ပြီး ထိပ်တိုက်ရင်ဆိုင်မှုကတော့ ဆုံးရှုံးမှုသာ ဖြစ်စေပါလိမ့်မယ်” လို့လည်းသူကသတိပေးပြောပါတယ်။

    ဒါတင်မက “ကျွန်တော်တို့ဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်တွေဖြစ်သင့်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အောင်မြင်တိုးတက်အောင် ကူညီပေးသင့်ပြီး ခေတ်သစ်အတွင်း အင်အားကြီးနိုင်ငံတွေ အတူတကွ ဘယ်လိုနေထိုင်ဆက်ဆံသင့်တယ်ဆိုတဲ့ မှန်ကန်တဲ့လမ်းကြောင်းကို ရှာဖွေသင့်ပါတယ်” လို့လည်း ဆိုပါတယ်။

    ရှီက ထရမ့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ မျှော်လင့်ထားကြောင်းနဲ့ “တရုတ်-အမေရိကန် ဆက်ဆံရေးဆိုတဲ့ သင်္ဘောကြီးရဲ့ ဦးတည်ရာကို အတူတကွ သတ်မှတ်ပြီး လမ်းညွှန်မောင်းနှင်သွားနိုင်ဖို့၊ ၂၀၂၆ ခုနှစ်ကို သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ပြောင်းလဲစေပြီး ဆက်ဆံရေးအခန်းသစ်တစ်ခု ဖွင့်လှစ်နိုင်ဖို့” အတူလက်တွဲဆောင်ရွက်လိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ၉ နှစ်အကြာမှာ တရုတ်ကို သမ္မတထရမ့် ပြန်ရောက်ခဲ့တာဖြစ်ပါတယ်။

  3. ထရမ့်ကို ရှီက ဂုဏ်ပြုတပ်ဖွဲ့နဲ့ တရားဝင် ခရီးကြို

    တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို ဘေကျင်းမြို့မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ တရားဝင် ခရီးကြိုဆိုလိုက်ပါတယ်။

    ထရမ့်ကို ကြိုဆိုဖို့ ခန်းမဆောင်ကနေ ရင်ပြင်ဆီ လမ်းလျှောက်လာတဲ့ သမ္မတ ရှီကျင့်ဖျင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ထရမ့်ကို ကြိုဆိုဖို့ ခန်းမဆောင်ကနေ ရင်ပြင်ဆီ လမ်းလျှောက်လာတဲ့ သမ္မတ ရှီကျင့်ဖျင်
    နှစ်နိုင်ငံ ခေါင်းဆောင်တွေ လက်ဆွဲနှုတ်ဆက်ကြပြီ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နှစ်နိုင်ငံ ခေါင်းဆောင်တွေ လက်ဆွဲနှုတ်ဆက်ကြပြီ
    ရင်ပြင်ထက်က စင်မြင့်ထက်မှာ ဂုဏ်ပြုတီးဝိုင်းက အမေရိကန်နဲ့ တရုတ် နိုင်ငံတော်သီချင်းတွေနဲ့ တီးမှုတ်ပြီး ထရမ့်ကို ကြိုဆို

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရင်ပြင်ထက်က စင်မြင့်ထက်မှာ ဂုဏ်ပြုတပ်ဖွဲ့ အလေးပြု ခံယူ၊ ဂုဏ်ပြုတီးဝိုင်းကလည်း အမေရိကန်နဲ့ တရုတ် နိုင်ငံတော်သီချင်းတွေနဲ့ တီးမှုတ်ပြီး ထရမ့်ကို ကြိုဆို
    ကော်ဇောနီထက် လျှောက်ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေက ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကော်ဇောနီထက် လျှောက်ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေက ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေး
    ကြိုဆိုပွဲမှာ ကလေးငယ်တွေလည်း ပါဝင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကြိုဆိုပွဲမှာ ကလေးငယ်တွေလည်း ပါဝင်
    ရှီက တရုတ်အစိုးရအရာရှိတွေနဲ့ ထရမ့်ကို မိတ်ဆက်ပေး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရှီက တရုတ်အစိုးရအရာရှိတွေနဲ့ ထရမ့်ကို မိတ်ဆက်ပေး
    ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးဖို့ ကော်ဇောနီထက်အလျှောက်မှာ ထရမ့်နဲ့အတူ ပါလာတဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်အချို့ကို ဓာတ်ပုံ ညာဘက်ခြမ်းမှာ မြင်နိုင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးဖို့ ကော်ဇောနီထက်အလျှောက်မှာ ထရမ့်နဲ့အတူ ပါလာတဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်အချို့ကို ဓာတ်ပုံ ညာဘက်ခြမ်းမှာ မြင်နိုင်
  4. အရင် အမေရိကန် သမ္မတတွေရဲ့ တရုတ်ခရီးစဥ် မြင်ကွင်းများ

    ရစ်ချက် နစ်ဆင်ဟာ ၁၉၇၂ ခုနှစ်မှာ တရုတ်ကို ပထမဆုံးသွားတဲ့ အမေရိကန်သမ္မတပါ။ အဲဒီတုန်းက နှစ်နိုင်ငံသံတမန်ဆက်ဆံရေး မရှိသေးပါဘူး။

    ‘‘ကျွန်တော်တို့ကြား ရန်သူတွေဖြစ်စရာအကြောင်းမရှိပါ’’လို့ နစ်ဆင်က သူ့ခရီးစဉ်အတွင်းပြောပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ‘‘ကျွန်တော်တို့ကြား ရန်သူတွေဖြစ်စရာအကြောင်းမရှိပါ’’လို့ နစ်ဆင်က သူ့ခရီးစဉ်အတွင်းပြောပါတယ်။

    သူက ဥက္ကဋ္ဌကြီး မော်စီတုံးနဲ့ ဆုံခဲ့သလို ဝန်ကြီးချုပ် ချူအင်လိုင်းနဲ့လည်း ညစာစားခဲ့ပါတယ်။

    အမေရိကန်- တရုတ် သံတမန်ဆက်ဆံရေးထူထောင်အပြီး ၅ နှစ်အကြာမှာ အမေရိကန်သမ္မတ ရော်နယ်ရေဂင် ဘေကျင်းကိုရောက်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အမေရိကန်- တရုတ် သံတမန်ဆက်ဆံရေးထူထောင်အပြီး ၅ နှစ်အကြာမှာ အမေရိကန်သမ္မတ ရော်နယ်ရေဂင် ဘေကျင်းကိုရောက်ပါတယ်

    ၁၉၇၉ မှာတော့ အမေရိကန်နဲ့ တရုတ် သံတမန်ဆက်ဆံရေးထူထောင်ပါတယ်။ ၅ နှစ်အကြာမှာ သမ္မတ ရော်နယ် ရေဂင် ဘေကျင်းကို ရောက်ပါတယ်။

    ကွန်မြူနစ်ဝါဒကိုဝေဖန်သူဖြစ်ပေမဲ့ အမေရိကန်-တရုတ် ဆက်ဆံရေးကောင်းမွန်မှုဟာ အမေရိကန်တွေအတွက် ‘‘အလုပ်တွေပိုဖန်တီးပြီး ငြိမ်းချမ်းတဲ့ကမ္ဘာဖြစ်ဖို့အခွင့်ကောင်း’’ လို့ သူက ပြောခဲ့ပါတယ်။

    ၁၉၈၈ ခုနှစ် တရုတ်ခရီးစဥ်အတွင်း ပီကင်းတက္ကသိုလ်မှာ မိန့်ခွန်းပြောနေတဲ့ သမ္မတ ဘီလ် ကလင်တန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၁၉၉၈ ခုနှစ် တရုတ်ခရီးစဥ်အတွင်း ပီကင်းတက္ကသိုလ်မှာ မိန့်ခွန်းပြောနေတဲ့ သမ္မတ ဘီလ် ကလင်တန်

    ဘီလ် ကလင်တန်ဟာ သမ္မတကျန်းဇီမင်းနဲ့တွေ့ဖို့ ၁၉၉၈ ခုနှစ်မှာ တရုတ်ကိုသွားပါတယ်။ သူဟာ တီရန်နန်မင် ရင်ပြင် သတ်ဖြတ်မှုအပြီး တရုတ်ရောက်တဲ့ ပထမဆုံး အမေရိကန်ခေါင်းဆောင်လည်းဖြစ်ပါတယ်။

    အာရှမှာ အမေရိကန်ရဲ့ကုန်သွယ်မဟာမိတ်ကြီး ဂျပန်နေရာမှာ တရုတ်ကို အစားထိုးဖို့ကြိုးပမ်းရင်း တရုတ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကြား ဝေဖန်မှုတွေကို ဟန်ချက်ထိန်းဖို့ သူကြိုးပမ်းခဲ့ပါတယ်။

    ၂၀၀၅ ခုနှစ် တရုတ်ခရီးစဥ်မှာ မြင်ရတဲ့ အမေရိကန်သမ္မတ ဂျော့ ဒဗလျူ ဘုရှ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၀၅ ခုနှစ် တရုတ်ခရီးစဥ်မှာ မြင်ရတဲ့ အမေရိကန်သမ္မတ ဂျော့ ဒဗလျူ ဘုရှ်
    ၂၀၀၉ ခုနှစ် တရုတ်ခရီးစဥ်မှာ တရုတ်ပြည်က မဟာတံတိုင်းကြီးပေါ် လမ်းလျှောက်နေတဲ့ သမ္မတ အိုဘားမား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၀၉ ခုနှစ် တရုတ်ခရီးစဥ်မှာ တရုတ်ပြည်က မဟာတံတိုင်းကြီးပေါ် လမ်းလျှောက်နေတဲ့ သမ္မတ အိုဘားမား
  5. ထရမ့်နဲ့ ရှီ တွေ့ဆုံကြမယ့် ခန်းမဆောင်ကြီးရဲ့အတွင်းပိုင်း

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဘေကျင်းမြို့မှာရှိတဲ့ ပြည်သူ့ခန်းမဆောင်ကြီးမှာ တွေ့ဆုံဖို့ရှိပါတယ်။​

    တီရင်နန်မင်ရင်ပြင် အနောက်ဘက်မှာရှိတဲ့ နိုင်ငံတော်အဆင့် ဧည့်ခန်းမဆောင်ကြီးလည်းဖြစ်ပါတယ်။ ပြည်ပခေါင်းဆောင်တွေကို ကြိုဆိုဖို့အပြင် ဥပဒေပြုရေးကိစ္စရပ်တွေမှာလည်း အသုံးပြုပါတယ်။

    ခန်းမကြီးအတွင်းပိုင်းကို ကြည့်ရအောင်ပါ။

    ဘေကျင်းမြို့က တရုတ်ပြည်သူ့ ခန်းမဆောင် အပြင်ဘက်မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဘေကျင်းမြို့က တရုတ်ပြည်သူ့ ခန်းမဆောင် အတွင်းပိုင်း မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဘေကျင်းမြို့က တရုတ်ပြည်သူ့ ခန်းမဆောင် အတွင်းပိုင်းမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဘရူနိုင်းခေါင်းဆောင်ကို လက်ခံတွေ့ဆုံတဲ့မြင်ကွင်း ပုံဟောင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  6. ထရမ့်နဲ့ ရှီတွေ့ဆုံမှု - စူပါအင်အားကြီး အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးကိုဘယ်လိုပုံဖော်ပေးနိုင်မလဲ

    ဘယ်ဘက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ရဲ့ဦးခေါင်းပိုင်း ဓာတ်ပုံနဲ့ ညာဘက်မှာ သမ္မတ ရှီကျင့်ဖျင်နဲ့ ဦးခေါင်းပိုင်းဓာတ်ပုံတို့ကို ကျောချင်းကပ်ထားတဲ့ အဖြူ အမည်း ဓာတ်ပုံ ဖြစ်ပါတယ်။ နှစ်ယောက်စလုံး အနက်ရောင် အနောက်တိုင်း ကုတ်အင်္ကျီကို အဖြူရောင် ရှပ်အင်္ကျီနဲ့ တွဲပြီး ဝတ်ဆင်ထားပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဘေကျင်းမြို့က တီရန်နန်မင်ရင်ပြင်မှာ လုံခြုံရေးတိုးမြှင့်ထားတာ ရက်ပေါင်းမနည်းတော့ပါဘူး။ လူမှုကွန်ရက်မှာလည်း အထူးဂုဏ်ပြုတပ် စီတန်းလှည့်လည်တာ ဒါမှမဟုတ် အခမ်းအနားကြီးတစ်ခုကို ကျင်းပတော့မယ်ဆိုတဲ့ ကောလာဟလတွေလည်း ပျံ့နေပါတယ်။

    ဒီပွဲကြီးအတွက် ကြိုတင်ပြင်ဆင်တာက ခပ်တိုးတိုးကျိတ်ကျိတ်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တစ်ခုခုပြသဖို့ အသင့်ဖြစ်နေတဲ့ပုံပါ။

    ထရမ့်ရဲ့တရုတ်ခရီးမှာ နှစ်ဖက်ဆွေးနွေးတာ၊ ကြိုဆိုပွဲကျင်းပတာအပြင် ဟိုးတစ်ချိန်တုန်းက တရုတ်ဧကရာဇ်တွေ သီးနှံအထွက်ကောင်းအောင် သွားရောက်ဆုတောင်းကြတဲ့ ကောင်းကင်ကျောင်းတော်ကိုလည်း လည်ပတ်မှာဖြစ်ပါတယ်။

    ပြီးတော့ ထရမ့်ရော တရုတ်သမ္မတ ရှီကျင့်ဖျင်ပါ အခုခရီးစဉ်ကနေ အသီးအပွင့်တွေ ဆောင်ကျဉ်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံက ခေါင်းဆောင်တွေရဲ့ ဒီထိပ်သီးဆွေးနွေးပွဲဟာ လာမယ့်နှစ်တွေအတွင်း လက်ငင်းအကျိုးဖြစ်ထွန်းစေမယ့်ကိစ္စတွေကို လုပ်ဆောင်ကြဖို့ရှိနေပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  7. သမ္မတ ထရမ့်ရဲ့ တရုတ်ခရီးစဥ် ပထမနေ့ ဘာတွေလုပ်ဖို့ရှိလဲ

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်ကြောင့် တရုတ်ကို အလုပ်သဘော ခရီးစဥ်ရောက်နေပါတယ်။

    ထရမ့်ဟာ ဘေကျင်းမှာ တစ်ည အိပ်ခဲ့ပြီးပါပြီ။ မနေ့ည ဒေသစံတော်ချိန် ည ၉ နာရီကတည်းက ဘေကျင်းမြို့ကို သူ့ လေယာဥ်ဆိုက်ရောက်ခဲ့တာဖြစ်ပါတယ်။​

    ခရီးဆိုက်ရောက်တဲ့ ထရမ့်ကို သူ ညအိပ်မယ့် Four Seasons ဟိုတယ်ကို မထွက်ခွါခင်မှာ တရုတ် ဒုတိယသမ္မတ ဟန်ကျန်းက ကြိုဆိုခဲ့ပါတယ်။​

    ဒီနေ့မှာတော့ ထရမ့်ဟာ ခရီးစဥ် ပထမနေ့ လုပ်ဆောင်စရာတွေ ရှိနေပါတယ်။​

    အဲဒီထဲမှာ

    - ထရမ့်ကို ရှီက တရုတ်ပြည်သူ့ဧည့်ခန်းမဆောင်ကြီးမှာ ခရီးကြိုအခမ်းအနားနဲ့ တရားဝင်ကြိုဆိုဖို့ရှိ

    - အဲဒီနောက် နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးကြဖို့ရှိ

    - ညနေမှာတော့ နိုင်ငံတော်အဆင့် ညစာစားပွဲရှိပါတယ်။

  8. မင်္ဂလာပါ။

    မေလ ၁၄ ရက်နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။​

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။​