ရုရှားနဲ့ မြန်မာကြားက လက်နက်ဆက်ဆံရေး (သို့မဟုတ်) ရုရှခရီးမှာ စစ်ခေါင်းဆောင် ဘာရလိုက်သလဲ။

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့ ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် အခုလထဲမှာပဲ ရုရှားနိုင်ငံကို သွားခဲ့ပါတယ်။ ပထမခရီးစဉ်ကတော့ ဧပြီလတုန်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကို သွားတက်ခဲ့တာပါ။
ပြည်တွင်းမှာလည်း အာဏာသိမ်းမှုကို ဆန့်ကျင်မှုတွေက အရှိန်မလျော့သေးဘဲရှိနေချိန်၊ အချို့မြို့နယ်တွေမှာ စစ်တပ်ကို လက်နက်ကိုင်ပြီး ပြန်လည် တိုက်ခိုက်မှုတွေ ပိုတိုးတွေ့လာနေရချိန်မျိုးမှာ ရုရှားမှာကျင်းပတဲ့ ကာကွယ်ရေးဝန်ကြီးတွေအဆင့်တက်ရောက်တဲ့ လုံခြုံရေးရာဆွေးနွေးပွဲလိုပွဲမျိုးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သွားဖို့ဘာကြောင့်လိုအပ်တာလဲ၊ သူ ဒီခရီးစဉ်ကနေ ဘာရချင်တာပါလဲ၊ မြန်မာနိုင်ငံက ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တာကို နိုင်ငံတကာမှာလည်း ကန့်ကွက်မှုတွေ ဆန့်ကျင်မှုတွေ၊ ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြသူတွေကို စစ်တပ်နဲ့ လုံခြုံရေးတပ်တွေက အင်အားသုံးသတ်ဖြတ်ခဲ့တာတွေကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ တောင်းဆိုမှုတွေ အများကြီးရှိနေချိန်မှာ ရုရှားကရော မြန်မာစစ်ခေါင်းဆောင်ကို လက်ခံကြိုဆိုခဲ့တာ ဘာကြောင့်ပါလဲ။ ရုရှားက မြန်မာဆီက ဘာရချင်တာပါလဲ။
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ရုရှဒီခရီးစဉ်မှာ ခုလိုနောက်ဆက်တွဲမေးခွန်းတွေက ဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဟာ ဇွန် ၂၀ ရက်ကစတင်ခဲ့တဲ့ သူ့ရဲ့ ရက်သတ္တပတ်ကြာ ရုရှားနိုင်ငံခရီးစဉ်ကို နိုင်ငံတော်အဆင့် ခရီးစဉ်သဖွယ် သွားရောက်ခဲ့ပေမယ့် ရုရှားသမ္မတပူတင်နဲ့တော့တွေ့ခွင့်မရခဲ့ပါဘူး။ သမ္မတပူတင်က မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို တွေ့ဆုံမှာမဟုတ်ကြောင်းကိုလည်း ရုရှား အစိုးရဘက်က အစောပိုင်းကတည်းက ထုတ်ပြန်ခဲ့တာပါ။ ဒါပေမဲ့ ရုရှားအတွက် မြန်မာဟာလက်နက်ရောင်းချတဲ့ အဓိကနိုင်ငံဖြစ်နေတဲ့အတွက် ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ လုံခြုံရေးကောင်စီအကြီးအကဲတို့ကတော့ တပ်ချုပ်ကို လက်ခံတွေ့ဆုံခဲ့တာရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
"သမ္မတပူတင်ကစစ်ကောင်စီ ဥက္ကဋ္ဌကို မတွေ့ဘူးဆိုတာက မြန်မာစစ်တပ် ဘာလုပ်လုပ် ထောက်ခံမှာမဟုတ်ဘူးဆိုတဲ့ သဘောကို နိုင်ငံတကာကိုပြချင် တာလို့ မြင်တယ်။ မြန်မာပြည်သူတွေ အကြမ်းဖက်ခံနေရတာကိုမြင်နေရရက်နဲ့ ရုရှားအနေနဲ့ ဘာပဲဖြစ်ဖြစ်ထောက်ခံမယ်ဆိုတာ ဒီနေ့လို အချိန်အခါမှာ မရတော့ဘူး ဆိုတာကိုလည်းပြောချင်တာပေါ့" လို့ စစ်ဖက်၊ အရပ်ဖက်ဆက်ဆံရေးကို လေ့လာသုတေသနပြုတဲ့ တကောင်းအင်စတီကျူ့ရဲ့ ဒါရိုက်တာ ကိုရဲမျိုးဟိန်းက သုံးသပ်ပြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး စယူခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ အာဏာသိမ်းယူပြီး စစ်ကောင်စီဥက္ကဋ္ဌ ဖြစ်လာတဲ့အထိ ၁၀ နှစ်တာအတွင်း ရုရှားနိုင်ငံကို ၆ ကြိမ်ထက်မနည်း သွားရောက်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MICS
အခုနှစ် ခရီးစဉ်ကတော့ (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ(MCIS-2021) ကိုတက်ရောက်ခဲ့တာပါ။ နိုင်ငံပေါင်းစုံတက်တဲ့ အဲဒီအစည်းအဝေးမှာ "The Asia-Pacific Region in the Context of Global Politics" ခေါင်းစဉ်ပါစာတမ်းကို မြန်မာဘာသာနဲ့ ပဲ တက်ရောက် ပြောကြားခဲ့တာ တွေ့ရပါတယ်။ အဲဒီစာတမ်းထဲမှာ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က နိုင်ငံတကာကို ရှင်းပြဖို့ကြိုးစားခဲ့ပါတယ်။
"လက်ရှိကာလမှာ မိမိတို့မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု ရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး၊ မိမိတို့အစိုးရအနေနဲ့ ဒီမိုကရေစီစနစ်အပေါ် ရိုးသားမှုများ ပြန်လည်ဖြစ်ပေါ်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်တယ်" ဆိုပြီးပြောကြားခဲ့တာ တွေ့ရပါတယ်။
ရုရှား အတွက် မြန်မာကဘယ်လောက် အရေးကြီးပါသလဲ
အိန္ဒိယနဲ့ တရုတ်ကြားရှိနေတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနဲ့ အာရှပစိတ်ဖိတ်ဒေသမှာ ပထဝီဝင်အနေအထားအရ မဟာဗျူဟာမြောက်နိုင်ငံတစ်ခု အဖြစ် ရှိနေပါတယ်။ ဒါကြောင့်ပဲ ရုရှားအတွက် မြန်မာဟာ အရေးကြီးတယ်လို့ အာရှပစိဖိတ်ဒေသအတွင်း စစ်ရေးနဲ့ စစ်လက်နက်ရောင်းချမှုတွေကို လေ့လာရေးသားတဲ့ Janes Defence အပတ်စဉ်မဂ္ဂဇင်းရဲ့ သုတေသီ ဂျွန်ဂရီဘက်တ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Russia Defense Ministry
ရုရှားဟာ အာရှပစိဖိတ်ဒေသမှာ အမေရိကန်ကို ချိန်ခွင်လျှာညှိဖို့ ကြိုးစားနေပြီး မြန်မာနိုင်ငံဟာ ဒီအတွက် အရေးအကြီးဆုံးနိုင်ငံဖြစ်တယ်လို့ သူကဆိုပါတယ်။
"မြန်မာပြည်ဟာ ပထဝီဝင်အရ မဟာဗျူဟာကျမှုနဲ့ သယံဇာတရရှိနိုင်ဖို့ ၊ နောက် စီးပွားရေးအရ အရေးပါမှုတွေရှိတဲ့ နိုင်ငံဖြစ်တယ်၊ အမေရိကန်ရဲ့ အာရှပစိဖိတ်ဒေသမှာကျယ်ကျယ်ပြန့်ပြန့် နေရာယူထားနိုင်မှု ကို ချိန်ညှိဖို့ အတွက် ရုရှားကမြန်မာကို ချဉ်းကပ်ထားတာလည်း အဓိကဖြစ်တယ်၊ နောက်တစ်ခုက အရှေ့တောင်အာရှမှာ ရုရှားလက်နက်ကို ဒုတိယ အများဆုံးဝယ်နေတာ မြန်မာစစ်တပ်လေ" လို့ သုတေသီ ဂျွန်ဂရီဘက်တ်က သူတို့ရဲ့လေ့လာချက်ကို ရှင်းပြပါတယ်။
SIPRI လို့ခေါ်တဲ့ စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသန အင်စတီကျု့ရဲ့လေ့လာချက်အရ မြန်မာစစ်တပ်ဟာ အရှေ့တောင်အာရှမှာ ဗီယက်နမ်ပြီးရင် ရုရှားဆီက ဒုတိယ အများဆုံး စစ်လက်နက် ဝယ်တဲ့နိုင်ငံလို့ဖော်ပြပါတယ်။
မြန်မာစစ်တပ် က ဘယ်လိုလက်နက်တွေဝယ်လဲ
မြန်မာစစ်တပ်ဟာ ရေတပ်သုံးပစ္စည်းတွေကို တရုတ်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယဆီကနေ ဝယ်တတ်ပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံကနေဝယ်တာက ၅၀ရာခိုင်နှုန်းလောက်ရှိပြီး အများဆုံး ဝယ်ယူတာပါ။ ဒါပေမယ့် ရုရှားဆီကနေတော့ လေကြောင်းသုံးစစ်လက်နက်တွေနဲ့ လေတပ်သုံးယာဉ်တွေကို အဓိက ဝယ်ယူပါတယ်။

ဓာတ်ပုံ ရင်းမြစ်, RTS
ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ခုနှစ် အထိ ဆယ်နှစ်အတွင်းမှာ ရုရှားဆီကနေ မြန်မာစစ်တပ်ဟာ တိုက်လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ၊ ဒုံးပစ်ယာဉ်တွေ၊ လေကြောင်းပစ်ဒုံးကျည်တွေနဲ့ တာဝေးပစ်ဒုံးကျည်တွေကို တောက်လျှောက်ဝယ်ယူခဲ့ပါတယ်။
အာဏာမသိမ်းခင် အခုနှစ် ဇန်နဝါရီလထဲမှာပဲ ရုရှားကနေဝယ်ယူဖို့ မြန်မာစစ်တပ် သဘောတူခဲ့တဲ့ လေတပ်သုံးလက်နက်နဲ့ယာဉ်တွေထဲ ညအချိန်မှာ နေ့လို မြင်နိုင်ပစ်နိုင်တဲ့ လေတပ်သုံးလက်နက် အထိ ပါဝင်ပါတယ်။ မြန်မာစစ်တပ်ထပ်ဝယ်ထားတဲ့လက်နက်တွေထဲမှာ ရေပြင် မြေပြင် ကနေ ဝေဟင်ပစ်နိုင်တဲ့ Pantsir-S1 ဒုံးကျည်စနစ်၊ Orlan-10E မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်တွေလည်း ပါပါတယ်။
အာဏာမသိမ်းခင်ကတည်းက မှာယူထားပြီးဖြစ်တဲ့ ရုရှားနိုင်ငံထုတ် Su - 30 တိုက်လေယာဉ်တွေလည်း မြန်မာနိုင်ငံကိုထပ်ရောက်ဖို့ရှိနေတာကို SIPRI လို့ခေါ်တဲ့ စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသန အင်စတီကျု့ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးထားတာ တွေ့ရပါတယ်။ မျိုးကွဲပေါင်းများစွာ ထုတ်လုပ်ထားတဲ့အထဲ Su - 30 ဟာ ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပြီး လေကြောင်း အရေးသာမှုနဲ့ မြေပြင်တိုက်ခိုက်ရေးကို လုပ်နိုင်လို့ နာမည်ကျော်တဲ့ တိုက်လေယာဉ်အမျိုးအစားပါ။

ဓာတ်ပုံ ရင်းမြစ်, EPA
ဂျိမ်းဒဖန်းရဲ့ သုံးသပ်ချက်အရတော့ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်က တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ၊ ဒါမှမဟုတ် ၂ ဒသမ ၅ ဘီလျံ(နှစ်ဘီလျံခွဲ) လောက်ရှိတယ်လို့ ဆိုပါတယ်။
"နောင်မှာ နည်းနည်း တော့ တိုးလာနိုင်ပါတယ်။ ဒါပေမဲ့ ဒီလောက်ငွေနဲ့ ကာကွယ်ရေး ပစ္စည်းတွေ အများကြီး ဝယ်လို့ မလောက်ပါဘူး။ ဒီငွေပမာဏက မများပါဘူး။ တွက်ကြည့်မယ်ဆိုရင် လစာငွေ၊ စစ်တပ်လှုပ်ရှားလည်ပတ်ရတဲ့ငွေ၊ ပင်စင်လစာငွေ၊ ပစ္စည်း ထိန်းသိမ်းပြုပြင်ရတဲ့ငွေတွေကို နုတ်လိုက်ရင် တကယ်တမ်း လက်နက်ဝယ်နိုင်မယ့်ငွေက တစ်နှစ်ကို ဒေါ်လာ သန်း ၆၀၀ လောက်ပဲ ကျန်ပါတော့မယ်" လို့ သုတေသီ ဂျွန်ဂရီဘက်တ်က ပြောပါတယ်။
"ငွေတွေပေးလို့ မလောက်ငရင် မြန်မာစစ်တပ်က ရုရှားကို သယံဇာတတွေဖြစ်တဲ့ သဘာဝဓာတ်ငွေ့၊ နောက်ရေနံ ဒါမျိုးတွေပေးရမယ်၊ ရုရှားက အရှေ့တောင်အာရှနိုင်ငံအချို့ကိုလည်း ဒီနည်းနဲ့ပဲ စစ်လက်နက်တွေ ရောင်းချတာပဲ။ ဒါကြောင့်ပဲ ရုရှားဘက်က မြန်မာစစ်တပ်ကိုချဉ်းကပ်တာ မဟာဗျူဟာအရရယ် စီးပွားရေးအရရယ် ဆိုပြီး ကျွန်တော်တို့တွေ့ရှိရတာပေါ့" လို့ Janes Defence ရဲ့သုတေသီ ဂျွန်ဂရီဘက်တ်က ပြောပါတယ်။
၂၀၂၁ ခုနှစ် ရုရှားခရီးစဉ်မှာ မြန်မာစစ်တပ်က လက်နက်ထပ်ဝယ်နိုင်လား။
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့ရုရှားခရီးစဉ်အတွင်း Rosoboronexport ကုမ္ပဏီ ကိုသွားခဲ့ပြီး အဲဒီကတာဝန်ရှိသူတွေနဲ့ စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေအတွက် တွေ့ဆုံခဲ့တယ်လို့ စစ်တပ်ရဲ့ သတင်းမှန်ပြန်ကြားရေး ဝက်ဘ်ဆိုက်မှာဖော်ပြပါတယ်။ Rosoboronexport ကုမ္ပဏီ ဟာ စစ်လက်နက်နဲ့စစ်သုံးယာဉ်တွေ ထုတ်လုပ်တင်ပို့ရောင်းချတဲ့ ကုမ္ပဏီပါ။

ဓာတ်ပုံ ရင်းမြစ်, RTS
ရုရှားနိုင်ငံထဲက တာတာစတန်ပြည်ထောင်စုမှာရှိတဲ့ စစ်ရေယာဉ်တွေပါ ထုတ်လုပ်ရောင်းချတဲ့ "Zelenodolsk Plant" ရေယာဉ်တည်ဆောက်ရေး အလုပ်ရုံ၊ နောက်ပြီး အရွယ်အစားကြီးမားတဲ့ ထရပ်ကားတွေ၊ စစ်မြေပြင် သုံး Typhoon သံချပ်ကာယာဉ်တွေထုတ်တဲ့ KAMAZ Holding ကိုလည်းသွားခဲ့ပါတယ်။ တခါ "Kazan Helicopters"ရဟတ်ယာဉ် ထုတ်လုပ်ရေးအလုပ်ရုံတွေကို သွားရောက်ခဲ့တယ်လို့ စစ်တပ်ပိုင် သတင်းမှန်ပြန်ကြားရေးပိုင်ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ပါတယ်။
တချိန်ထဲမှာပဲ စစ်ကောင်စီဥက္ကဋ္ဌနဲ့ရုရှားခရီးစဉ်ကိုပါသွားတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကလည်း နိုင်ငံတကာ ရေကြောင်း ဆိုင်ရာ ကာကွယ်ရေးပြပွဲ တက်ရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ မြန်မာစစ်တပ်က စစ်သုံးရေယာဉ်တွေ၊ လေတပ်သုံးယာဉ်တွေထပ်ပြီး ဝယ်နိုင်တဲ့ သဘောရှိလားဆိုတာလည်း နိုင်ငံရေးအကဲခေတ်တွေက စောင့်ကြည့်နေကြတာပါ။
စစ်ဖက်နဲ့လုံခြုံရေးဆိုင်ရာဘာသာရပ်ကိုအထူးပြုလေ့လာတဲ့ ကိုကျော်စောဟန်ကတော့ "ရုရှားနိုင်ငံဟာ မြန်မာစစ်တပ်ကို အဓိက လက်နက်ရောင်းဝယ်မှု လုပ်ပေးတဲ့နိုင်ငံဖြစ်တော့၊ ကုလဆုံးဖြတ်ချက်ကြောင့် နိုင်ငံတကာဖိအားတွေ မတင်းကျပ်ခင်မှာ လက်နက်ဝယ်တာတွေ လုပ်ကောင်းလုပ်ခဲ့နိုင်တယ်" လို့ သုံးသပ်ပါတယ်။
မြန်မာစစ်တပ် က ဘာကြောင့်တရုတ်ကိုကျော်ပြီး ရုရှား နဲ့ နီးကပ်နေတာလဲ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာစစ်တပ်ကို အဓိကထောက်ခံတဲ့ အင်အားကြီးနှစ်နိုင်ငံမှာ တရုတ်နဲ့ရုရှားဟာ ပြောင်ကျကျ ထောက်ခံ အားပေးသူအဖြစ် နိုင်ငံတကာက ရှူမြင်ကြပါတယ်။ အဲဒီအင်အားကြီးနှစ်နိုင်ငံထဲမှာ မှ မြန်မာစစ်တပ် ခေါင်းဆောင်ဟာ အာဆီယံနဲ့ မသက်ဆိုင်တဲ့ သူ့ရဲ့ ပထမဆုံးပြည်ပခရီးကို ရုရှားနဲ့စတင်ခဲ့ပါတယ်။ ဒါဟာ မြန်မာစစ်တပ် အနေနဲ့ တရုတ်ကို အလွန်အမင်း အားကိုးနေတာ မဟုတ် ဘူးဆိုတာကိုပြချင်တဲ့ သဘော ဖြစ်သလို၊ ရုရှားဟာ မြန်မာစစ်တပ်အတွက် မဟာဗျုဟာမြောက်မိတ်ဆွေအဖြစ် ယူဆချက်ရှိတာကြောင့်လို့လည်း သုံးသပ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, RDM
"၂၀၀၀ ပြည့်နှစ်နောက်ပိုင်းလောက်ကစပြီး တရုတ်ဆီကဝယ်တဲ့ လက်နက်က အရည်အသွေး မကောင်းဘူးလို့ ယူဆပြီးနောက်မှာ ရုရှားဆီကနေ စစ်လက်နက်တွေ စဝယ်လာတယ်၊ ရုပ်ပိုင်းအရ အရည်အသွေးကောင်းတဲ့လက်နက်ကို ရုရှားဆီကရမယ်၊ နိုင်ငံတကာစာမျက်နှာမှာလည်း မြန်မာ စစ်တပ်ကို ကာကွယ်ပြောဆိုတာ လုပ်ပေးတယ်၊ ဒါကြောင့်ပဲ မြန်မာစစ်တပ်က ရုရှားကို ပိုပြီးနီးကပ်အောင်နေတယ်လို့ မြင်တယ်" လို့ စစ်ဖက်၊ အရပ်ဖက်ဆက်ဆံရေးကို လေ့လာသုတေသနပြုတဲ့ တကောင်းအင်စတီကျူ့ရဲ့ ဒါရိုက်တာကိုရဲမျိုးဟိန်းက သူ့ ယူဆချက်ကိုပြောပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံတိုင်းက မြန်မာစစ်တပ်ကို လက်နက်မရောင်းတော့တဲ့အချိန်မှာ လက်နက်အဓိကထောက်ပံ့ရောင်းချတဲ့ ရုရှားကို မြန်မာစစ်တပ်က အလွန်အမင်းမှီခိုနေတဲ့ သဘောလားဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။
အမေရိကန်နဲ့ အနောက်အုပ်စုဟာ သမိုင်းတစ်လျှောက်ကနေ ဒီကနေ့အထိ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်အသိုင်းအဝိုင်းကို အရေးယူပိတ်ဆို့မှု တွေလုပ်ခဲ့တာ ပြစ်တင်ဝေဖန်တာတွေ ရှိပါတယ်။ ဒီအချက်တွေကြောင့်ပဲ ရုရှားနဲ့မြန်မာကြား ပိုပြီးနီးကပ်စေတဲ့အခွင့်အရေးဖြစ်နေတာပါ လို့ လေ့လာသူတွေက ယူဆပါတယ်။
"သဘောကတော့ရှင်းပါတယ်၊ ရုရှားက မြန်မာစစ်တပ်ကို ဘာလုပ်ပါ၊ ဘာတွေလုပ်ရမယ်ဆိုတာတွေ ဘယ်တုန်းကမှမပြောခဲ့ဘူးလေ၊ ဥပမာ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ်သွားဖို့ ဒါတွေကိုမှ မပြောတာ၊အဲဒီ အချက်တွေက မြန်မာစစ်တပ် ကြိုက်တဲ့အချက်တွေလေ" လို့ အာရှပစိဖိတ်ဒေသအတွင်း စစ်ရေးနဲ့ စစ်လက်နက်ရောင်းချမှုတွေကို လေ့လာရေးသားတဲ့ Janes Defence အပတ်စဉ်မဂ္ဂဇင်းရဲ့ သုတေသီ ဂျွန်ဂရီဘက်တ်က ထောက်ပြပါတယ်။
ရုရှား ၊ မြန်မာဆက်ဆံရေးရှေ့အလားအလာ ဘယ်လိုရှိနိုင်လဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒီစစ်အာဏာသိမ်းထားတဲ့အခြေအနေမှာ နိုင်ငံချင်းဆက်ဆံရေးကိုတော့ ရုရှားဘက်က သတိထား ဆက်ဆံမှာပါ။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတည်ပြုနိုင်ခဲ့တဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုဆိုင်းငံ့ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်မှာ ရုရှားရဲ့ အဲဒီသဘောထားကိုတွေ့နိုင်ပါတယ်။ မဖြစ်မနေ လိုက်နာဖို့ မလိုပေမယ့် ကုလရဲ့ အဲဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ အရေးပါတဲ့ဆုံးဖြတ်ချက်ပါ။ ဒါပေမဲ့ နိုင်ငံရေးမဟာမိတ်မရှိသလောက်ဖြစ်နေတဲ့ မြန်မာစစ်တပ်အတွက် လက်နက်ကို အားပြုအုပ်ချုပ်ဖို့ပြင်ဆင်နေချိန်မှာ ရုရှားဟာအဓိကလက်နက်ထောက်ပံ့တဲ့မဟာမိတ်အဖြစ် တစ်နည်းနည်းနဲ့ ရှိနေဦးမယ်လို့ စစ်လက်နက်ရေးရာကျွမ်းကျင်သူ သုတေသီတွေက သုံးသပ်ကြပါတယ်။
ဂျိမ်းဒဖန့်အပတ်စဉ်မဂ္ဂဇင်းရဲ့သုတေသီ ဂျွန်ဂရီဘက်တ်ကတော့ " ကျွန်တော်ထင်ပါတယ်။ အခုလိုအာဏာသိမ်းထားတော့ အနာဂတ်မှာမြန်မာစစ်တပ်ဟာ ရုရှားနဲ့ပိုပြီးတောင် နီးကပ်လာမယ်၊ ပြီးတော့ မြန်မာစစ်တပ်ဟာ လက်နက်ဝယ်ဖို့အတွက် ငွေတွေအများကြီးထပ်သုံးမယ်၊ ဒါကြောင့်ပဲ သူတို့ကြားဆက်ဆံရေးက ပိုပြီးခိုင်မာလာမယ်








