ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာကစားပွဲ

လွန်ခဲ့တဲ့ ၅ နှစ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရဲ့သက်တမ်းဟာ အကန့်အသတ်မရှိတဲ့ သဘောဖြစ်နေလို့ ၆၅ နှစ်ကန့်သတ်ပြီးပြင်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပြီး သူ့အသက် ၆၅ နှစ်ပြည့်ဖို့ လပိုင်းအလိုမှာ အာဏာသိမ်းကာ အဲ့ဒီ့ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်တဲ့ အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သက်တမ်းဟာ အကန့်အသတ်မဲ့ ပြန်ဖြစ်သွားပါတယ်။

ခန့်မှန်းရ ခက်ခဲတဲ့ စစ်အာဏာရှင်ဟာ သူ့ပြိုင်ဘက်တွေနဲ့ အာဏာကစားပွဲတွေ အပြီးမှာတော့ သူဟာ ဇွန်လ ၃ ရက်နေ့က သမ္မတအိမ်တော်က အဆောင်အယောင်ကို ရယူပြီး နိုင်ငံတကာကို ထွက်ပြခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇွန်လ ၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဋ္ဌ ကို လက်ခံတွေ့ဆုံစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇွန်လ ၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဋ္ဌ ကို လက်ခံတွေ့ဆုံစဥ်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အသက် ၆၀ ပြည့်မှာ အငြိမ်းစားမယူခဲ့ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့နေရာမှာ ၁၉ နှစ်တောင် နေသွားခဲ့ပါတယ်။

ညွှန်ကြားလွှာ ၁၈/၇၃ ကို သုံးပြီး အာဏာကိုနှစ်ရှည်လများထိန်းချုပ်ခဲ့တာပါ။

၁၉၇၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားလွှာ ၁၈/၇၃ မှာ"ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်း ခံရသူသည် မိမိအား စစ်တပ်တွင် ဆက်လက် တာဝန်ထမ်းဆောင်စေရန် လိုအပ်သည့် ကာလပတ်လုံး အမှုထမ်းဆောင်စေရမည်" လို့ ပါရှိပါတယ်။

လာမယ့် ဇူလိုင်လထဲ အသက် ၆၅ နှစ်ပြည့်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကနေအနားယူရဖို့ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဆရာဖြစ်သူ ဗိုလ်ချုပ်မှူးကြီးရဲ့နည်း ကို ပြန်အသုံးပြုခဲ့ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ အာဏာသက်တမ်းတိုးမှုဟာ ဦးသန်းရွှေ လို မပိရိမသေသပ်ဘဲ ဟာကွက်တွေများခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို အာဏာအလုံးစုံကို ချုပ်ကိုင်ထားနိုင်တဲ့ အခြေအနေမဟုတ်လို့ ပြောစရာလည်း ဖြစ်ခဲ့ပါတယ်။

ပါတီစုံဒီမိုကရေစီစနစ်ကိုမယိမ်းယိုင်အောင် တပ်မတော်က ဆောင်ရွက်နေတယ်လို့ ပြောခဲ့

ဓာတ်ပုံ ရင်းမြစ်, LYNN BO BO/AFP/GETTY IMAGES

ဓာတ်ပုံ ပုံစာ, ပါတီစုံဒီမိုကရေစီစနစ်ကိုမယိမ်းယိုင်အောင် တပ်မတော်က ဆောင်ရွက်နေတယ်လို့ ပြောခဲ့

၄/၂၀၁၄

၂၀၁၆ ခုနှစ်မှာ အသက်(၆၀)ပြည့်ပြီး အငြိမ်းစားယူရဖို့ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၄ ခုနှစ်မှာ ကာကွယ်ရေးဌာန ကောင်စီညွှန်ကြားလွှာ ၄/၂၀၁၄ ကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီညွှန်ကြားလွှာအရ အသက် ၆၀ မှာ အနားယူရမယ့်အစား ရာထူးမှာ ၆၅ နှစ် အထိ ရှိနေဖို့ သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ၄/၂၀၁၄ ဟာ ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားယူရမယ့် နှစ်ဖြစ်တဲ့ ၂၀၁၆ ခုနှစ်မှသာ လူသိရှင်ကြား ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒီလိုထုတ်ပြန်ရတာနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၆ ခုနှစ်က မီဒီယာတွေကို အခုလို ပြောခဲ့ပါတယ်။

"ကကန ကောင်စီ ညွှန်ကြားလွှာ ၁၈/၇၃ ဟာ အသက် အကန့်အသတ်မရှိတဲ့ သဘော ဖြစ်နေတဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အငြိမ်းစားယူရမယ့် အသက်ကို ၆၅ နှစ်လို့ ကန့်သတ်လိုက်တာ"လို့ ပြောခဲ့တာပါ။

ဒါပေမဲ့ ၄/၂၀၁၄ အရ အနားယူရမယ့် ထိပ်ပိုင်းခေါင်းဆောင် ၂ ယောက်က ၅ နှစ် သက်တမ်းတိုးခဲ့ရပေမယ့်လို့ ဒုတိယဗိုလ်ချုပ်ကြီးတချို့ကတော့ အသက် ၆၀ မပြည့်ခင်မှာပဲ စစ်တပ်က အငြိမ်းစားယူခဲ့ရတာတွေရှိခဲ့ပါတယ်။

ကကနကောင်စီညွှန်ကြားလွှာ ၁/၂၀၂၁

အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အစောဆုံးလုပ်ဆောင်ချက်တွေထဲက တစ်ခုက ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာ ၁/၂၀၂၁ ကို ထုတ်ပြန်စေတာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လာမယ့်ဇူလိုင်လမှာ အသက် ၆၅ နှစ်ပြည့်ကာနီးမှာပဲ တပ်ချုပ်ရာထူးအတွက် အသက်ကန့်သတ်ချက်တွေကို ပြန်ပယ်ဖျက်လိုက်ပြန်တာဖြစ်ပါတယ်။

ကကနကောင်စီညွှန်ကြားလွှာ ၁/၂၀၂၁
ဓာတ်ပုံ ပုံစာ, ကကနကောင်စီညွှန်ကြားလွှာ ၁/၂၀၂၁

အကန့်အသတ်မဲ့နေလို့ ပြင်ရပါတယ်ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးကပဲ အကန့်အသတ်မဲ့ ပြန်လုပ်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီအသက်ကန့်သတ်ချက် အပြောင်းအလဲဟာ နိုင်ငံတော် တာဝန်ယူထားတဲ့ အချိန်ကာလအပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲလိုက်တာလို့ ဘီဘီစီ ကိုပြောပါတယ်။

ဒါပေမဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကတော့ သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

'ရာသက်ပန် စစ်အာဏာရှင်လုပ်ခွင့်ကို ရယူလိုက်တာပါပဲ။ သိပ်တော့ မဆန်းပါဘူး။ ဒါအာဏာရှင်တွေရဲ့အလုပ်ပဲ။'

ညွှန်ကြားလွှာ ၁/၂၀၂၁ ဟာ တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအတွက် အရေးကြီးတဲ့ ညွှန်ကြားလွှာဖြစ်ပါတယ်။

သူတို့ရဲ့ အမြင့်ဆုံးရာထူးမှာ အချိန်ဘယ်လောက်အထိ နေရမလဲဆိုတာကို အဆုံးအဖြတ်ပေးတာကြောင့်ပါ။

၁/၂၀၂၁ အရ ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးဟာ အသက်ကန့်သတ်ချက်မရှိတော့ပေမဲ့ သူတို့အောက်က ရာထူးတွေကတော့ အသက် ကန့်သတ်ချက် ရှိနေပါတယ်။

ဗိုလ်ချုပ်ကြီးတွေဆိုရင် ၄ နှစ် တာဝန်ထမ်းဆောင်ခွင့်ရှိပြီး လိုအပ်ရင် ၂ နှစ်အထိ ထပ်တိုးနိုင်ပါတယ်။ ဗိုလ်ချုပ်ကြီးအဆင့်အတွက် တာဝန်သတ်မှတ်ချက် တွေကတော့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) တို့ပဲ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးတွေကတော့ ၅ နှစ် တာဝန်ထမ်းဆောင်ခွင့်ရှိပြီး ရာထူးမတိုးမြှင့်ဘဲ သတ်မှတ်ကာလကျော်လွန်ရင် အငြိမ်းစားပေးရမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်အဆင့်က ၆ နှစ်၊ ဗိုလ်မှူးချုပ်အဆင့်က ၇ နှစ်နဲ့ ဗိုလ်မှူးကြီးအဆင့်က ၈ နှစ် အဆင့်ဆင့်သတ်မှတ်ထားပါတယ်။

၂၀၁၄ ခုနှစ်က ထုတ်ပြန်တဲ့ ၄/၂၀၁၄ သတ်မှတ်ချက်ကြောင့် အသက် ၆၀ မပြည့်သေးဘဲ တပ်ကအနားယူလိုက်ရသူတွေ၊ အရန်အင်အား ရောက်သွားရသူတွေ အများအပြား ရှိခဲ့ပါတယ်။

ဒီလိုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့ကလွဲရင် မျိုးဆက်သစ်ခေါင်းဆောင်အများစုဟာ အသက်ကွာဟချက် ကြီးမားလာခဲ့ ကြပါတယ်။

ဒါဟာ သူ့ဆရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စဥ်းစားပုံတွေ လွှမ်းမိုးနေတဲ့အချက်လို့လည်း ဆိုနိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ စီနီယာ ဗိုလ်ချုပ်တွေကိုကျော်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရွေးခဲ့တာလည်းဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်ရာထူးတွေမှာ အငြိမ်းစားတပ်မတော်အရာရှိကြီးတွေအများစုပါဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP

ဓာတ်ပုံ ပုံစာ, ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်ရာထူးတွေမှာ အငြိမ်းစားတပ်မတော်အရာရှိကြီးတွေအများစုပါဝင်ခဲ့ကြပါတယ်။

နိုင်ငံရေးမှာမမွေ့လျော်တဲ့ စစ်ဗိုလ်ချုပ်တွေ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တုန်းက သူနဲ့စီနီယာချင်းနီးတဲ့ ဗိုလ်ချုပ်တွေကို ဝန်ကြီးရာထူးတွေပေးပြီး အရန်အင်အားကိုပို့ပစ်ကာ သူ့သြဇာကိုချဲ့ထွင်တယ်လို့ တပ်မတော်အရာရှိဟောင်းတွေကပြောပြပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်တွေအစုလိုက်အပြုံလိုက်ကို အနားပေးခဲ့တာက ၂၀၁၀ အထွေထွေရွေးကောက်ပွဲတုန်းက ဖြစ်ပါတယ်။

အဲ့ဒီအချိန် ၂၀၁၀ တုန်းက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှာ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို နဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်တို့ကလွဲလို့ ကျန်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေအားလုံးကို ပြည်ခိုင်ဖြိုးပါတီက‌နေ ‌ရွေးကောက်ပွဲဝင်ခိုင်းခဲ့တာပါ။

တပ်ကမထွက်ချင်တဲ့ စစ်ဗိုလ်ချုပ်တွေရှိခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သြဇာကို မလွန်ဆန်နိုင်တဲ့အတွက် တိုးတိုးတိတ်တိတ်နဲ့သာပြီးသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၀ ကျော်ပဲရှိသေးတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေက အငြိမ်းစားမယူချင်ဘဲ ရွေးကောက်ပွဲဝင်ရမယ့်အပေါ် အဲ့ဒီတုန်းက တပ်မတော်ရဲ့ နံပါတ်(၃) ခေါင်းဆောင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းဆီ သွားပြီးစောဒကတက်ခဲ့ကြတယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ရဲ့ 'မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်လက်လွှတ်ဆုံးရှုံးခဲ့ရသောအခွင့်အလမ်းများ' စာအုပ်မှာ ထည့်ရေးပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ အလွန် ဦးသိန်းစိန်အစိုးရလက်ထက်မှာ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ဖြစ်လာပြီး၊ ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်းက ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဖြစ်လာခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တစ်ပတ်စဥ်ထဲဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို က ပြည်ထဲရေး ဝန်ကြီးဖြစ်လာပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲရာသီကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သြဇာထူထောင်ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့ပါတယ်။

အပတ်စဥ်မတိမ်းမယိမ်းတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သောင်းအေး၊ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ် ၊ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီးလှမင်း နဲ့ ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်တို့ကို အနားပေးခဲ့ပါတယ်။

ဦးသောင်း‌အေး ပျော်ဘွယ် ၂၀၂၀ ရွေးကောပွဲမှာ ရှုံးနိမ့်

ဓာတ်ပုံ ရင်းမြစ်, U Tahung Aye

ဓာတ်ပုံ ပုံစာ, ဦးသောင်း‌အေး ပျော်ဘွယ် ၂၀၂၀ ရွေးကောပွဲမှာ ရှုံးနိမ့် အပြီးသတင်းစာရှင်းလင်းပွဲလုပ်

အငြိမ်းစားပေးလိုက်တဲ့စစ်ဗိုလ်ချုပ်တွေထဲမှာ အသက်(၆၀)မပြည့်သေးသူတွေပါဝင်ခဲ့ပြီး ကကနကောင်စီညွှန်ကြားလွှာ (၄/၂၀၁၄) အရ အငြိမ်းစားယူလိုက် ရတာ ဖြစ်ပြီး အများစုကပြည်ခိုင်ဖြိုးကနေ ရွေးကောက်ပွဲဝင်ကြပါတယ်။

တချို့ကတော့ ၂၀၁၅ ရွေးကောက်ပွဲကတစ်ဆင့် လွှတ်တော်ထဲရောက်ခဲ့ပေမယ့် နိုင်ငံရေးမှာ မပျော်ရွှင်ခဲ့ဘဲ မေးခွန်းလည်းမမေး အဆိုလည်းမတင်နဲ့ ခွင့်ယူတဲ့ရက်တွေသာ များနေခဲ့တာတွေ့ရပါတယ်။

၄/၂၀၁၄ အမိန့်နဲ့ ၂၀၁၅ ရွေးကောက်ပွဲရာသီဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်လက်ကျန် တပ်မတော်အရာရှိကြီးအများစု အငြိမ်းစားယူခဲ့ရပြီး တပ်မတော်ထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သြဇာ လွတ်လွတ်ကျွတ်ကျွတ်ထူထောင်နိုင်ဖို့ ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းဖို့အကြံအစည်ရှိခဲ့သလား

၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မတော်အရာရှိကြီးတွေ အငြိမ်းစားယူပြီး ပြည်ခိုင်ဖြိုးပါတီဘက်ကနေဝင်ပြိုင်တဲ့အရေအတွက်ဟာ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဥ်ရင် အဆမတန်နည်းပါးခဲ့တာ တွေ့ရပါတယ်။

တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးကြား ဆက်နွယ်မှုကမှေးမှိန်လာသလောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမ္မတ အိပ်မက်က သတင်းပိုကြီးလာပါတယ်။

တပ်မတော်တွင်း နှစ်လေးဆယ်ကျော် စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံများစွာရှိကြောင်းနဲ့ ပြည်သူ့ဆန္ဒပေါ်မူတည်ပြီး နိုင်ငံရေးကို ဆက်လုပ်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုက ရုရှားအခြေစိုက်သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ သူ့ရဲ့ရည်မှန်းချက်ကို ထုတ်ပြောပါတယ်။

၂၀၂၀ ဇွန် ၂၅ ရက်က ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှအခြေစိုက် Arguments and Facts သတင်းဌာန နဲ့တွေ့ဆုံ မေးမြန်းခန်းမှာ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ခုလိုပြောကြားခဲ့

ဓာတ်ပုံ ရင်းမြစ်, CNICDS

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ဇွန် ၂၅ ရက်က ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှအခြေစိုက် Arguments and Facts သတင်းဌာန နဲ့တွေ့ဆုံ မေးမြန်းခန်း

ဒါ့အပြင် ရွေးကောက်ပွဲနီးကပ်နေတဲ့ နိုဝင်ဘာလဆန်းက ပေါ်ပြူလာ ဂျာနယ်နဲ့ အင်တာဗျူးမှာ တပ်ချုပ်ပြောခဲ့တာတွေကို ပြန်ကြည့်ရင် အခုလိုတွေ့ရပါတယ်။

"၂၀၁၅ (အထွေထွေရွေးကောက်ပွဲ) မဲပေးတဲ့အချိန်မှာ ကျွန်တော့်ကို မေးခဲ့ဖူးတယ်။ မဲပေးတဲ့နေ့မှာ အင်တာဗျူးမေးတယ်။ ဘယ်လိုလုပ်မလဲ ဆိုတော့ "ခင်ဗျားဗျာလို့၊ ကော်မရှင်(UEC)ကနေပြီးတော့ ကြေညာချက်ထုတ်တယ်။ ရလဒ်ကို ကြေညာလိုက်ပြီဆိုလို့ရှိရင် လက်ခံဖို့ ကျွန်တော်တို့ ပြောခဲ့တာ ရှိတယ်။ အခုဆိုရင် သတိထားရတဲ့ အခြေအနေဖြစ်လာတယ်။ ဒါက မဖြစ်စေချင်ဘူး။ ဒါမျိုးတွေ။ ဒါကြောင့် သတိထားပြီးလုပ်လို့ရအောင် သတိပေးတဲ့သဘော ပြောတာပါ" လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

တပ်ချုပ်ရဲ့ ပြောစကားတွေကြောင့် ရွေးကောက်ပွဲအပြီးမှာ အာဏာသိမ်းနိုင်ခြေရှိတယ်လို့ ယူဆပြီး စိုးရိမ်ပူပန်မှုတွေရှိခဲ့ကြပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲမှာ မဲလာပေးပြီးတဲ့နောက် ပြည်သူ့ဆန္ဒနှင့်အညီ ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲရလဒ်ကို လက်ခံမယ်လို့ လေသံပြောင်းသွားခဲ့ပြန်ပါတယ်။

ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်လာအပြီးမှာတော့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ မဲပေးခဲ့တဲ့ မဲဆန္ဒနယ်တွေက ရွေကောက်ပွဲဖြစ်စဥ်တွေကို ပြန်သုံးသပ်ပြီး ကော်မရှင်ဆီ ကန့်ကွက်လွှာတင်မယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်လာပါတယ်။

တပ်မတော်ရဲ့ထုတ်ပြန်ချက်တွေနဲ့ တပ်ချုပ်ရဲ့ပြောကြားမှုတွေဟာ တဖြည်းဖြည်း ပိုပြင်းထန်လာပါတယ်။

ဇန်နဝါရီ ၂၆ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရကြောင်း ပြောကြားသွားပါတယ်။

အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရကြောင်း တပ်မတော်ပြော
ဓာတ်ပုံ ပုံစာ, အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရကြောင်း တပ်မတော်ပြော

တပ်မတော်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲသမာမှုတွေ ရှိနိုင်တယ်ဆိုပြီး မဲစာရင်းစိစစ်မှုတွေကို မြို့နယ် ၃၀၀ ကျော်မှာ ပြုလုပ်ခဲ့ရာမှာ မဲစာရင်းလွဲမှားမှု ၈သန်းကျော် ရှိခဲ့တယ်လို့လည်း အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဆက်တိုက်ဆိုသလို ဇန်နဝါရီ ၂၇ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီးတွေကို ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ အမှာစကားပြောကြားစဉ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေတွေကို လေးစားလိုက်နာမှု မရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်ပစ်ရမယ်လို့ ပြောကြားလာခဲ့ပါတယ်။

တပ်ချုပ်ရဲ့ပြောကြားချက်ဟာ ပွက်လောရိုက်သွားခဲ့ပြီး မီဒီယာတွေအနေနဲ့ နားလည်မှုလွဲတာလို့ တပ်မတော်ဘက်က ထုတ်ပြန်ပြီး ဥပဒေဘောင်ထဲကပဲ ဆောင်ရွက်မယ်လို့ တပ်မတော်ဘက်ကထုတ်ပြန်ခဲ့ပါတယ်။

အာဏာမသိမ်းခင် ဇန်နဝါရီ ၃၀ ရက်ကဆို တပ်ချုပ်ဟာ ဘုရားသွားပင့်နေခဲ့ပါသေးတယ်။

ဒါပေမဲ့ ပြည်သူ့လွှတ်တော် ခေါ်ဖို့ ပြင်ထားတဲ့ ဖေဖော်ဝါရီ ၁ ရက် မှာ တပ်မတော်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေနဲ့ လွှတ်တော်အမတ်တွေ တစ်စုတစ်စည်းထဲရှိနေတဲ့ နေပြည်တော်ရဲ့ စစ်တိုင်းမှူးနေရာကို အာဏာမသိမ်းခင် ဇန်နဝါရီလထဲမှာ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ယုံကြည်စိတ်အချရဆုံးသူတွေကိုပဲ ခန့်ထားလေ့ရှိတဲ့ စစ်ရုံးလုံခြုံရေးအကြီးအမှူးဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စခန်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်ကို နေပြည်တော်တိုင်းမှူး ခန့်ခဲ့ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွကို (ယာစွန်) ကိုဖယ်ရှားခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY IMAGES

ဓာတ်ပုံ ပုံစာ, ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေကို (ယာစွန်) ကိုအနားပေးခဲ့

ရွေးကောက်ပွဲလုပ်မယ့် ၂၀၂၀ ခုနှစ်ထဲမှာ ဒေါ် အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ကိုဖယ်ရှားပြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ကို အစားထိုးခဲ့တာလည်း သတိထားမိစရာ ဖြစ်ခဲ့ပါတယ်။

တစ်နိုင်ငံလုံးကို ဖြန့်ကျက်ထားပြီး နိုင်ငံ့ခေါင်းဆောင်တွေရဲ့ လုံခြုံရေးကိုပါတာဝန်ယူထားရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိလို့ အရေးကြီးတဲ့ အရွေ့အပြောင်းလည်း ဖြစ်ပါတယ်။

ကောင်စီထဲက ဗိုလ်ချုပ်တွေ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ လုပ်ပြီး သမ္မတအိမ်တော်ကို ရုံးတက်ပါတယ်။ ကောင်စီထဲမှာ အရေးပါတဲ့ လူတွေကတော့ သူသြဇာညောင်းတဲ့ ဗိုလ်ချုပ်တွေပဲ ဖြစ်ပါတယ်။

ဒုဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ သူ အယုံကြည်ဆုံးသူဖြစ်ပါတယ်။ အာဏာသိမ်းပြီး လပိုင်းအတွင်း ဝေဖန်ဆန့်ကျင်မှုတွေ အပြင်းထန်ဆုံး အချိန်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုထားခဲ့ပြီး အင်ဒိုနီးရှားမှာ အစည်းအဝေးသွားတက်တဲ့ဖြစ်ရပ်က ယုံကြည်မှုကို မြင်သာပါတယ်။

အတွင်းရေးမှူးအဖြစ် စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ကို ခန့်အပ်ထားပါတယ်။

သူက ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ တစ်ပတ်စဥ်ထဲဖြစ်ပါတယ်။ လွှတ်တော်တွေ ရပ်နားထားချိန်မှာ ဥပဒေကဲ့သို့အာဏာတည်တဲ့အမိန့်တွေထုတ်နိုင်ဖို့အတွက်သူက အရေးကြီးတဲ့နေရာကိုရထားတာဖြစ်ပါတယ်။

တွဲဘက်အတွင်းရေးမှူးကတော့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီး အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဖြစ်လာပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်

ဓာတ်ပုံ ရင်းမြစ်, ACDFM 2019

ဓာတ်ပုံ ပုံစာ, ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကလည်း တပ်ချုပ်ရဲ့ယုံကြည်အားကိုးသူတစ်ဦးဖြစ်ပြီး ထပ်တိုးကောင်စီဝင်ဖြစ်လာတာပါ။

ကာကွယ်ရေးဦးစီးချုပ်(ရေ)တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ကောင်စီဝင်ဖြစ်ပြီး ပို့ဆောင်ရေးနဲ့ဆက်သွယ်‌ရေးဝန်ကြီးဌာနဝန်ကြီး တာဝန်ကိုလည်း ယူထားပါတယ်။

(ဒါပေမဲ့ သူ့ရဲ့ကာကွယ်ရေးဦးစီးချုပ်(ရေ) ရာထူးကို စွန့်လွှတ်လိုက်ရပြီး ဦးအောင်သောင်းရဲ့သား ဗိုလ်ချုပ်ကြီး မိုးအောင်က ရေချုပ်ဖြစ်လာခဲ့ပါတယ်။)

ကာကွယ်ရေးဦးစီးချုပ်(လေ)ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်လည်း ကောင်စီဝင်ဖြစ်ပါတယ်။

တပ်ချုပ် ဖြစ်မယ်လို့ သတင်းပြေးခဲ့ဖူးတဲ့ ညှိကွပ်ဟောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးလည်း ကာကွယ်ရေးဝန်ကြီးဖြစ်သွားပြီး ကောင်စီထဲပါလာပါတယ်။

တပ်မတော်ထဲ ရာထူးတက်မြန်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းလည်း ကောင်စီဝင်ဖြစ်လာပြီး ရင်းနှီးမြှပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ လည်းဖြစ်ပါတယ်။

သူဟာ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ကိုယ်ရေးအရာရှိ လုပ်ခဲ့ဖူးပြီး လက်ရှိအချိန်မှာလည်း တပ်ချုပ်ရဲ့ ခရီးစဥ်မှန်သမျှ လိုက်ပါနေရသူလည်းဖြစ်ပြီး တပ်ချုပ်ရဲ့ အထူးယုံကြည်ရသူလည်းဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ သူ့ထက် ဆယ်နှစ်လောက်ငယ်ရွယ်တဲ့ ဗိုလ်ချုပ်တွေကို နေရာပေးထားပြီး သူ့သြဇာကို ထူထောင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

"အကြောင်းကတော့ဗျာ။ ကကန ကောင်စီမှာ သူ့ကိုပြန်ပြောရဲမယ့်သူ မရှိတော့ဘူးလေ။ သူဆက်နေချင်သလောက်နေလို့ရသွားတယ်" လို့ အရပ်ဘက်-စစ်ဘက် လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ လက်ရှိ ရေချုပ်နဲ့ လေချုပ်ဟာ NLD အစိုးရစတက်လာစအချိန် ၂၀၁၆ ခုနှစ်မှာ ဗိုလ်မှူးချုပ် တွေပဲရှိသေးတာဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် တပ်ချုပ်ကိုလာတွေ့ကြတဲ့ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေနဲ့ ဒေါ်သက်သက်ခိုင်တို့က ကောင်စီဝင်တွေနဲ့ ဝန်ကြီး ဖြစ်လာကြပါတယ်။

ကောင်စီဘက်မှာရော တပ်ပိုင်းဆိုင်ရာမှာပါ သူ့ခြေသူ့လက်ဖြစ်လာပါတယ်။

No tag

ဓာတ်ပုံ ရင်းမြစ်, CNICDS

သီဟာသန ပလ္လင်နောက်ခံနဲ့ ဗိုလ်ချုပ်မှူးကြီး

သမ္မတ ဦးဝင်းမြင့်ကို ထိန်းသိမ်းလိုက်ပြီး အရေးပေါ်အခြေအနေကို တပ်မတော်က တင်မြှောက်ထားတဲ့ ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေကို ကြေညာခိုင်းလို့ အငြင်းပွားဖွယ်ရာလည်း ဖြစ်ခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဦးမြင့်ဆွေ ရှိရက်နဲ့ တပ်ချုပ်က စားပွဲထိပ်မှာ ထိုင်နေခဲ့လို့ နံပါတ် ၁ နေရာယူထားတာ ပေါ်လွင်ပါတယ်။

အဲ့ဒီ အစည်းအဝေးနောက်ပိုင်း ဦးမြင့်ဆွေကိုလည်း မတွေ့ရတော့ပါဘူး။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နဲ့အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံး ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးလို့ နာမည်ပြောင်းပါတယ်။

ဇွန်လ ၃ ရက်က အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)ဥက္ကဋ္ဌ Mr. Peter Maurer ကို သံတမန်ဆောင်၊ ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံတဲ့အခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး လို့ ခေါ်ဝေါ်သုံးနှုန်းထားပါတယ်။

ဒါဟာ သမ္မတ အဆောင်အယောင်ကိုယူပြီး နိုင်ငံတကာအဖွဲ့အစည်းတစ်ခုကို ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံတာဖြစ်ပါတယ်။

ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံးအဖြစ် နာမည် ပြောင်းပါတယ်။

ဒါ့အပြင် ဒေါ် အောင်ဆန်းစုကြည်ရဲ့ မူဝါဒတွေကို အဓိကဖော်ဆောင်ပေးနေတဲ့ အတိုင်ပင်ခံရုံးဝန်ကြီးဌာနကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

အရေးပေါ်ကာလ တစ်နှစ်ပဲ တာဝန်ယူမယ်ကြေညာထားပေမယ့် ဗိုလ်ချုပ်မှူးကြီးရဲ့ လုပ်ရပ်တွေဟာ အာဏာကိုစွန့်မယ့် အရိပ်လက္ခဏာမတွေ့ရဘူးလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာမစွန့်နိုင်တဲ့ အဓိကအချက်တွေထဲမှာ မိသားစု အကျိုးစီးပွားကလည်း တစ်ချက်အပါအဝင်ဖြစ်တယ်လို့ လေ့လာသူတွေက ထောက်ပြပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ်မိန့်ခွန်းပြောစဥ်
ဓာတ်ပုံ ပုံစာ, နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ်မိန့်ခွန်းပြောစဥ်

ဗိုလ်ချုပ်မှူးကြီး ရဲ့လားရာ

ဒီမိုကရေစီ အရသာကို ဆယ်စုနှစ် တစ်ခုခံစားရပြီးတဲ့နောက်မှာ အာဏာသိမ်းမှုကို လူထုရဲ့ဆန့်ကျင်မှုဟာ ဘယ်ခေတ်အခါနဲ့ကမှ မတူခဲ့ပါဘူး။

အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီးကို ဆန့်ကျင်ဆန္ဒပြမှုတွေဟာ ဒစ်ဂျစ်တယ်ခေတ် ဖြစ်တဲ့အတွက် ကမ္ဘာတစ်လွှားကို မိနစ်နဲ့အမျှ ပျံ့နှံ့ခဲ့ပါတယ်။

အာဏာသိမ်းတာ ၄ လပြည့်ပြီးပြီဖြစ်ပေမဲ့ တပ်ချုပ်ရော၊ ဒုတပ်ချုပ်ပါ ဘာကြောင့်အာဏာသိမ်းရတယ်ဆိုတာကို တိုင်းစစ်ဌာနချုပ်တွေကို သွားရောက် ရှင်းပြနေရဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ အရေးပေါ်အခြေအနေ ကြေညာပြီး အာဏာထိမ်းတာလို့ သုံးနှုန်းပါတယ်။ ဒါပေမဲ့ ပြည်တွင်းကရော ပြည်ပကပါ ဒါကိုသဘောမတူဘဲ အာဏာသိမ်းတယ်လို့သာ မှတ်ယူကြပါတယ်။

အရေးပေါ်အခြေအနေဟာ တစ်နှစ်သာဖြစ်ပြီး ၆ လ နှစ်ခါ သက်တမ်းတိုးလို့ရတဲ့အတွက် နှစ်နှစ်အထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အာဏာယူထားနိုင်မှာ ဖြစ်ပါတယ်။

အရေးပေါ်ကာလပြီးရင် ရွေးကောက်ပွဲပြန်လုပ်ပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်လို့လည်း စစ်ကောင်စီဘက်ကပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်လာရေးကလည်း မသေချာမရေရာမှုတွေ ရှိနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲစနစ်ကို နိုင်သူအကုန်ယူစနစ်ကနေ အချိုးကျကိုယ်စားပြုမှုစနစ်ကို ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။

အရေးပေါ်ကာလ သက်တမ်း ကုန်ဆုံးတဲ့အခါ ကျင်းပမယ့် ရွေးကောက်ပွဲကနေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံရေးထဲ ပြန်ဝင်လာမလားဆိုတဲ့ သုံးသပ်ချက်တွေက စောလွန်းနေသေးပြီး မြေပြင်အခြေအနေတွေအရ ဒီအတိုင်းဆက်သွားရင် ရွေးကောက်ပွဲကျင်းပဖို့ ခက်နိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။

နေပြည်တော်ကို သံအဖွဲ့တချို့လာနေကြပေမယ့်လို့ အခြေအနေတွေပိုဆိုးမလာအောင် လာကူညီတဲ့ ခရီးစဥ်တွေဖြစ်ပါတယ်။

မြေပြင်အခြေအနေမှာတော့ ရပ်ကွက်ရုံးတောင် မဖွင့်နိုင်သလို ကျောင်းတွေလည်းအောင်မြင်အောင် မဖွင့်နိုင်သေးပါဘူး။

ငြိမ်းချမ်းစွာဆန္ဒပြရာကနေ လက်နက်ကိုင်တဲ့ဘက်ကို ကူးပြောင်းလာတဲ့ ဒေသကာကွယ်ရေးတပ်တွေကလည်း နေရာစုံမှာ ပေါ်ပေါက်လာနေပါတယ်။

အရေးပေါ်ကာလ တစ်နှစ်ရဲ့ သုံးပုံ တစ်ပုံ အထိ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး တွေ မတည်ငြိမ်ဖြစ်နေဆဲပါ။

လက်ရှိအခြေအနေဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ ထိန်းချုပ်မှုအောက်မှာရှိသလားဆိုပြီး တရုတ်မီဒီယာရဲ့အမေးကို ဗိုလ်ချုပ်မှူးကြီးက မရှိသေးဘူးလို့ဝန်ခံပြီး အဖျက်အမှောက်တွေကြောင့်လို့ အပြစ်ဖို့ပါတယ်။

'တစ်ရာ ရာခိုင်နှုန်းထိန်းချုပ်နိုင်ပြီလို့ မပြောနိုင်ဘူး။' သူကပြောပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ အာဏာစွန့်မယ့် အရိပ်လက္ခဏာလည်း မပြပါဘူး။