ဇာတ်ပွဲ - အီနောင်၊ ရာမကနေ ဖိုးစိန်၊ ရွှေမန်း။ မြန်မာတွေကြိုက်တဲ့ ရွှေမင်းသားများ

ခေတ်ပေါ် သီချင်းတွေကို ဇာတ်မင်းသားတွေ ဆိုတဲ့ခေတ်ထိ ပြောင်းလဲလာတဲ့ ဇာတ်ပွဲ
ဓာတ်ပုံ ပုံစာ, ခေတ်ပေါ် သီချင်းတွေကို ဇာတ်မင်းသားတွေ ဆိုတဲ့ခေတ်ထိ ပြောင်းလဲလာတဲ့ ဇာတ်ပွဲ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
  • ဖတ်ရန်အချိန်: မိနစ် ၁၀

ဇာတ်၊ အငြိမ့်၊ ရုပ်သေးနဲ့ ဆိုင်းဆိုတဲ့ မြန်မာ့သဘင်လေးရပ်မှာ ဇာတ်ပွဲက ထိပ်တန်းက လူကြိုက်အများဆုံးဖြစ်ပါတယ်။ မြေဝိုင်းခေတ်ကနေ ရုံကြီးနဲ့ ပြတဲ့ခေတ်၊ နောက်ပိုင်းဇာတ်ကြီးတွေ အလေးပေး ကတဲ့ခေတ်ကနေ ခေတ်ပေါ် သီချင်းတွေကို ဇာတ်မင်းသားတွေ ဆိုတဲ့ခေတ်ထိ ပြောင်းလဲလာပေမယ့် ဇာတ်ပွဲဟာ ပွဲကြိုက်မြန်မာလူထုရဲ့ သည်းခြေကြိုက် ဖျော်ဖြေပွဲ ဖြစ်ပါတယ်။ တချိန်က အမြင့်သဘင်ဆိုပြီး ထိပ်က နေခဲ့တဲ့ ရုပ်သေးက တိမ်မြုပ်နေပြီး အနိမ့်သဘင် ဇာတ်ပွဲက စင်မြင့်ပေါ် ရောက်လာခဲ့တာပါ။

၁၉ ရာစု နှောင်းက မြန်မာဇာတ်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉ ရာစု နှောင်းက မြန်မာဇာတ်ပွဲ

မြန်မာဇာတ်ပွဲဟာ အနောက်နိုင်ငံ ဇာတ်သဘင်တွေနဲ့ မတူဘဲ အဆို အပြော အငို အသောတွေကို အကနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ညလုံးပေါက် ဖျော်ဖြေကြတဲ့ ပဒေသာကပွဲကြီးမျိုးဖြစ်ပြီး ခေါင်းဆောင်မင်းသားက ဇာတ်ဆရာအဖြစ် ဦးစီးတာဖြစ်ပါတယ်။ အပျိုတော်၊ ယိမ်းအကနဲ့ ဝန်ကြီးလေးပါး ထွက်ခန်းကနေ နှစ်ပါးသွားနဲ့ နောက်ပိုင်းဇာတ်ထုပ်ကြီးထိ ဖျော်ဖြေခဲ့ကြတဲ့ ဇာတ်သဘင်မှာ ဒုတိယကမ္ဘာစစ်ပြီးခေတ်ကစလို့ ပြဇာတ်နဲ့ အော်ပရာ ထွန်းကားလာပြီး ၂၀ ရာစု နှောင်းပိုင်းမှာတော့ စတိတ်ရှိုးခေါ် ခေတ်ပေါ် သီချင်းသီဆိုတာတွေ ခေတ်စားလာပါတယ်။

မြန်မာဇာတ်သဘင်ကို ရှေးရိုး ရေနံဆီ မီးခွက်ထွန်း မြေဝိုင်းဇာတ်ကနေ ရုံသွင်းပြီး စင်မြင့်မှာ မီးရောင်စုံနဲ့ ကပြတဲ့အဆင့်ထိ တိုးမြှင့်ပေးခဲ့သူက ဂရိတ်ဘိုးစိန်ကြီးလို့ သိကြတဲ့ ဦးဖိုးစိန်ဖြစ်ပြီး မင်းသားက၊ ဗုဒ္ဓဘုရားဟောဇာတ်တော်တွေကို ဖျော်ဖြေမှုနဲ့ သံရိုးကနေ ငါးပေါက် ခြောက်ပေါက်သံတွေနဲ့ သီဆိုမှု ပြောင်းလဲတာတွေကို ဆန်းသစ်တီထွင်ခဲ့သူလည်း ဖြစ်ပါတယ်။

သဘင်ဝန်နဲ့ နန်းတွင်းဇာတ်

မြန်မာပွဲလမ်းသဘင်ပြ ကုန်းဘောင်ခေတ် ပုဂံ နံရံပန်းချီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာပွဲလမ်းသဘင်ပြ ကုန်းဘောင်ခေတ် ပုဂံ နံရံပန်းချီ

ပျူခေတ်ကတည်းက တရုတ်ပြည် တန်မင်းဆက်ကို ကချေသည်နဲ့ ဂီတအဖွဲ့ လွှတ်ခဲ့တဲ့ မြန်မာပြည်မှာ ခေတ်အဆက်ဆက် သဘင်အနုပညာမျိုးစုံ ထွန်းကားခဲ့ပါတယ်။ အေဒီခေတ်ဦးက ပဲခူးနဲ့ သထုံက စဉ့်ကွင်းတွေမှာ ရာမဇာတ်ဆန်ဆန် ဘီလူးတပ်ချီ တိုက်ခိုက်ဟန် သီဆိုကခုန်ပုံတွေ တွေ့ရကြောင်း ဒေါက်တာစန်းစန်းဝေရဲ့ နန်းတွင်းဇာတ်တော်ကြီးများ၏ ဇာတ်လမ်းဖန်တီးမှု စာတမ်းမှာ ပါရှိပါတယ်။ ပုဂံကျောက်စာတွေမှာ စည်သည်၊ ပသာသည်၊ ခွက်ခွင်းသည်၊ ပန်တျာသည်ဆိုပြီး ပါရှိသလို နံရံဆေးရေးတွေမှာလည်း ကခုန်ဟန်ပုံစံတွေ ပါပါတယ်။ ရိုးရာနတ်ပွဲတွေနဲ့ ဘာသာရေးပွဲတွေမှာ သီဆိုကခုန်တာတွေကနေပြီး နတ်ချင်း၊ နိပါတ်ခင်းနဲ့ ပြဇာတ်တွေ ထွန်းကားလာရာမှာ အင်းဝခေတ် ရှင်မဟာရဋ္ဌသာရရဲ့ သံဝရပျို့မှာ သာချင်းရတု၊ ပျော်မှုတသီး၊ ရုပ်ကြီးရုပ်ငယ်၊ မီးဝယ်ကြည့်ပွဲ ဆိုပြီး ရုပ်စုံသဘင်အကြောင်း ပါရှိပါတယ်။ညောင်ရမ်းခေတ်မှာလည်း ကိန္နရာဇာတ်၊ မနော်ဇာတ်၊ ကုမ္မာဘယ စတဲ့ ဇာတ်တွေ ပေါ်ထွန်းခဲ့ပြီလို့ သိရပါတယ်။

ဒီလို အိန္ဒိယအကအခုန်နဲ့ ရိုးရာအဆိုအကတွေက အခြေတည်လာပြီး အောက်ပိုင်းက မွန်အဆိုအက၊ ထိုင်းက ရရှိတဲ့ ယိုးဒယား ၁၂ ခန်း သီချင်းနဲ့ အက၊ ရာမနဲ့ အီနောင်ဇာတ်ကြီးတွေကြောင့် မြန်မာဇာတ်သဘင်ဟာ ကုန်းဘောင်ခေတ်မှာ အနုပညာအရ ထိပ်တန်းအကျဆုံး ဖြစ်ခဲ့ပါတယ်။ ရက်ပေါင်း ၄၀ ကျော် ကပြရတဲ့ ရာမနဲ့ အီနောင်ဇာတ်ကြီးတွေအပါအဝင် ကေသာသီရိ၊ ဝိဇယကာရီ စတဲ့ နန်းတွင်းဇာတ်တော်ကြီးတွေ ကုန်းဘောင်ခေတ်နှောင်းမှာ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလို ထွန်းကားလာတဲ့ မြန်မာသဘင်တွေကို ကြပ်မတ်ဖို့ သဘင်ဝန်တွေခန့်ပြီး ဗုဒ္ဓဂိုဏ်း၊ ရာဇဂိုဏ်းမလွတ်တာတွေကို လူပြက်တွေက ပြက်လုံးမထုတ်ဖို့ တားမြစ်ပါတယ်။

မြေဝိုင်း ပန်းပင်လှည့်ခေတ်ကနေ ခေတ်မီဇာတ်ရုံကြီးတွေထိ ပြောင်းလဲခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြေဝိုင်း ပန်းပင်လှည့်ခေတ်ကနေ ခေတ်မီဇာတ်ရုံကြီးတွေထိ ပြောင်းလဲခဲ့

ကုန်းဘောင်ခေတ် နောက်ဆုံးပိုင်း မန္တလေးခေတ်မှာ အီနောင်ကိုစံတုတ်နဲ့ မယင်းတော်၊ မဆင်ခိုး၊ မထွေးလေး စတဲ့ မင်းသား မင်းသမီးတွေ ထင်ရှားပြီး ဘုရင့်အသုံးတော်ခံအဖြစ် နန်းတွင်း ပွဲကြည့်ဆောင်ရှေ့က ထီးဖြူရုံတော်မှာ ကပြဖျော်ဖြေခဲ့ရပါတယ်။ ရက်သတ္တပတ်တွေနဲ့ ချီ ကပြတဲ့ ရာမနဲ့ အီနောင် ဇာတ်တော်ကြီးတွေမှာ ကားလိပ်ကားဆွဲတွေ၊ စက်ကြိုးယန္တရားတွေ တပ်ဆင်ပြီး ခမ်းခမ်းနားနား ဖျော်ဖြေခဲ့ကြကြောင်းလည်း ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)က မြန်မာမင်းလက်ထက်တော် စာတမ်းများမှာ ရေးသားခဲ့ပါတယ်။ နိုင်ငံအနှံ့ ကပြကြတဲ့ အရပ်ဇာတ်တွေမှာတော့ မြေဝိုင်းဇာတ်အဖြစ် ရိုးရိုးရှင်းရှင်း ကပြခဲ့ကြပါတယ်။ ဇာတ်ထုပ် မတိုင်ခင် နှစ်ပါးသွားခန်း ကပြမှု သီပေါမင်းခေတ်က စပေါ်လာပြီး လူပြက်ခေါ် လူရွှင်တော်တွေ ပါဝင်လာကြောင်း မြန်မာ့စွယ်စုံကျမ်းက မြန်မာဇာတ်သဘင်ဆောင်းပါးမှာ ပါရှိပါတယ်။

ဒီနန်းတွင်းဇာတ်အဖွဲ့ကြီးတွေဟာ သီပေါမင်း ပါတော်မူပြီးနောက်ပိုင်း မန္တလေးမှာ ကျန်ရစ်တဲ့ ဝန်စုမှူးစုတွေရဲ့ အထောက်အမနဲ့ ရပ်တည်ဖို့ ကြိုးစားခဲ့ပေမဲ့ တိမ်မြုပ်ကုန်ကြပြီး ရာမအဖွဲ့သားတွေလည်း အောက်မြန်မာပြည်ကို စုန်ဆင်းသွားကြပါတယ်။ ကျန်ရစ်တဲ့ ရုပ်စုံသဘင်၊ ဇာတ်၊ အငြိမ့်နဲ့ ဆိုင်းအဖွဲ့တွေကတော့ အများပြည်သူနဲ့ ပိုမိုထိတွေ့လာပြီး အနယ်နယ် အရပ်ရပ်မှာ သွားရောက် ဖျော်ဖြေရာကနေ ပုံစံအသစ်နဲ့ ဆန်းသစ်လာခဲ့ပါတယ်။ ဒီထဲ ဇာတ်သဘင်ဟာ ပုဝါတကမ်း လက်တကမ်း ပဒေသရာဇ်ပုံစံ ဖျော်ဖြေမှုကနေ အတို့အဆိတ်တွေနဲ့ မင်းသားမင်းသမီး တွဲဖက်ကပြတဲ့ထိ ရန်ကုန်မှာ ပြောင်းလဲခဲ့ပါတယ်။

ဦးဖိုးစိန်နဲ့ ရွက်ထည်ရုံကြီးခေတ်

မြန်မာဇာတ်သဘင်ရဲ့ ဦးသျှောင်ကြီး ဦးဖိုးစိန်

ဓာတ်ပုံ ရင်းမြစ်, လူထုဒေါ်အမာ - အောင်ဗလ ဖိုးစိန် စိန်ကတုံး

ဓာတ်ပုံ ပုံစာ, မြန်မာဇာတ်သဘင်ရဲ့ ဦးသျှောင်ကြီး ဦးဖိုးစိန်

ဘုရင်ခေတ်က ထိပ်တန်းမှာ ရှိခဲ့တဲ့ ရုပ်သေးဟာ ဦးဖူးညိုနဲ့ ဆရာပု ဆိုတဲ့ ရုပ်သေးမင်းသမီးကြီးနှစ်ဦးခေတ်အလွန်မှာ ကျဆင်းပြီး ဇာတ်သဘင်ကတော့ ဦးဖိုးစိန်၊ အောင်ဗလနဲ့ စိန်ကတုံး စတဲ့ သဘင်သည်သစ်တွေရဲ့ ဆန်းသစ် အောင်မြင်မှုတွေနဲ့ လူကြိုက်အများဆုံး ရိုးရာသဘင် ဖြစ်လာခဲ့ပါတယ်။ အငြိမ့်သဘင်မှာလည်း ထိုင်ဆိုအငြိမ့်ကနေ ထကတဲ့ အငြိမ့်ကို ပြောင်းသွားပြီး စန္ဒရားအငြိမ့်တွေ ထွန်းကားလာခဲ့ပါတယ်။

တကယ်က မြန်မာဇာတ်သဘင်ကို မြေဝိုင်းခေတ်ကနေ ရုံကြီးနဲ့ ကတဲ့အဆင့်ထိ ဦးဖိုးစိန်က ဆွဲတင်ခဲ့ပြီး သူ့လက်ထက်ကျမှ ယိုးဒယားအကတွေကနေ ခွဲထွက်ပြီး မြန်မာမင်းသားအကဆိုပြီး ခမ်းခမ်းနားနား ပေါ်ထွန်းလာခဲ့တာပါ။ လက် အဓိကထားတဲ့ မြန်မာအကရိုးရိုးကနေ အင်္ဂလိပ် ခြေကကို အတုခိုးပြီး မြန်မာခြေကကို သူတီထွင်ခဲ့သလို မြန်မာပြည်ကို ဗြိတိသျှခေတ်မှာ ဝင်လာတဲ့ အိန္ဒိယနဲ့ တရုတ်ဇာတ်သဘင်တွေနဲ့ အင်္ဂလိပ်အကတွေ၊ သီချင်းတွေကို ကြည့်ပြီး မြန်မာဇာတ်သဘင်တခေတ်ကို ဦးဖိုးစိန် ဖန်တီးခဲ့ပါတယ်။

မင်းသမီးတလက်ထဲနဲ့ ကပြတာကနေ မင်းသမီးနှစ်လက် သုံးလက်နဲ့ တွဲကတာ၊ ဇာတ်သမအယောက် ၂၀ လောက်နဲ့ ယိမ်းကတာတွေဟာ ဦးဖိုးစိန်လက်ထက်မှ စတင်ခဲ့ပြီး နှစ်ထပ် မီးသင်္ဘောကြီးနဲ့ ကိုယ်ပိုင် ရွက်ထည်ရုံ သုံးကာ မြစ်ရိုးတလျှောက် လှည့်လည်ကပြခဲ့ပါတယ်။ ဖက်ခွက်စားဆိုပြီး အနှိမ်ခံခဲ့ရတဲ့ သဘင်လောကကို ထည်ထည်ဝါဝါဖြစ်အောင် ဦးဖိုးစိန် မြှင့်တင်ပေးခဲ့တာပါ။

ညောင်ဦး ရွှေစည်းခုံဘုရားက မယ်ဥကျားချီခန်း ဇာတ်ကွက်ရုပ်ကြွ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ညောင်ဦး ရွှေစည်းခုံဘုရားက မယ်ဥကျားချီခန်း ဇာတ်ကွက်ရုပ်ကြွ

ဒီလို မီးရောင်စုံစင်မြင့်ထက်မှာ အဆိုအကတွေ ဝေဝေဆာဆာနဲ့ ဇာတ်သဘင်ကို တခေတ်ပြောင်းခဲ့ပေမယ့် ဇာတ်ထုပ်နဲ့ ဝတ်စားဆင်ယင်မှုတွေမှာတော့ ရှေးဇာတ်တွေနဲ့ မကွာလှပါဘူး။ မြန်မာဘုရင် နောက်ဆုံးခေတ်က ဝတ်စားဆင်ယင်ပုံတွေအတိုင်း ထိုင်မသိမ်းအင်္ကျီ၊ ပုဆိုးတောင်ရှည်နဲ့ ပတ်ပေါင်း ပုဝါကို ဆင်မြန်းကြတဲ့ဇာတ်မင်းသားတွေဟာ ထိုင်မသိမ်းအင်္ကျီ ခါးတောင်ထိုး၊ အနားတပ် ရင်ကွဲထဘီဝတ်ပြီး နန်းတွင်းက မင်းသမီးတွေလို ထုံးဖွဲ့ထားတဲ့ ဇာတ်မင်းသမီးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကခုန်ကြတာပါ။

ဇာတ်လမ်းမှာလည်း ခေတ်ပေါ် လူနေမှုလောကထက် ဘုရင်ခေတ်နဲ့ ဗုဒ္ဓရှိစဉ်က အကြောင်းရပ်တွေ ပါဝင်တဲ့ ဗုဒ္ဓဝင် ရာဇဝင် ဇာတ်ထုပ်တွေ၊ နတ်နဲ့ သိုက်သမိုင်း ထိုးဇာတ်တွေကို ကကြပါတယ်။ ဒါကြောင့် ၂၀ ရာစုဦး မြန်မာပြည် ကိုလိုနီခေတ်မှာ ကျင်လည်နေကြတဲ့ မြန်မာလူထုဟာ ခေတ်ဟောင်းကို တမ်းတတဲ့ ဇာတ်ပွဲတွေကို ကြည့်ရှု အားပေးပြီး ဘုရင်ခေတ်ကို ပြန်အောက်မေ့ကြသလို ရိုးရာဓလေ့တွေကိုလည်း တမ်းတပြီး မြန်မာဇာစ်မြစ်ကို ထိန်းသိမ်းကြတာ ဖြစ်ပါတယ်။

မြန်မာဇာတ်သဘင် ရွှေခေတ် စိန်မဟာသဘင်က ဂရိတ်ဘိုးစိန်ကြီးနဲ့ သားများ

ဓာတ်ပုံ ရင်းမြစ်, လူထုဒေါ်အမာ - အောင်ဗလ ဖိုးစိန် စိန်ကတုံး

ဓာတ်ပုံ ပုံစာ, မြန်မာဇာတ်သဘင် ရွှေခေတ် စိန်မဟာသဘင်က ဂရိတ်ဘိုးစိန်ကြီးနဲ့ သားများ

ဦးဖိုးစိန်၊ ယောက်ျားမင်းသမီး အောင်ဗလနဲ့ စိန်ကတုံးဆိုတဲ့ သဘင်ဦးသျှောင်ကြီး သုံးယောက်ဟာ စိန်ဗေဒါ၊ ဆရာစိမ့်၊ ဦးဘမောင်နဲ့ ဦးဟန်ပ စတဲ့ နာမည်ကျော် ဆိုင်းဆရာကြီးတွေရဲ့ ဝန်းရံမှု၊ မစိန်ဥ၊ ကောလိပ်စိန်၊ မြခြေချင်း မငွေမြိုင်နဲ့ စတဲ့ နာမည်ကျော် ဇာတ်မင်းသမီးတွေနဲ့ ဇာတ်အဖွဲ့သားတွေရဲ့ တွဲဖက်ဖျော်ဖြေမှုတွေကြောင့် ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်မှာ မြန်မာဇာတ်သဘင်ရဲ့ အအောင်မြင်ဆုံး ရွှေခေတ်ကြီးနဲ့ ကြုံခဲ့ရပါတယ်။ ဒီခေတ်ထဲမှာပဲ မင်္ဂလာ ဦးအောင်မောင်း၊ ရွှေမန်းတင်မောင် စတဲ့ တခြားဇာတ်မင်းသားတွေလည်း ထွန်းပေါက်ခဲ့ပြီး မြန်မာပြည် အထက်အောက်နဲ့ ရခိုင်၊ တနင်္သာရီ၊ ရှမ်းပြည်မကျန် ခြေဆန့်ခဲ့ကြပါတယ်။

ဒီ သဘင်ရွှေခေတ်ကြီးရဲ့ အကအခုန်တွေဟာ မှတ်တမ်းရုပ်ရှင်အဖြစ် မကျန်ခဲ့ပေမယ့် ဇာတ်ထုပ်သီချင်းတွေကတော့ ဓာတ်ပြားအဖြစ် အတော်အသင့် ကျန်ရစ်ခဲ့ပါတယ်။

ရွှေမန်းတင်မောင်နဲ့ သဘင်တခေတ်ဆန်း

ဘဲလေးနဲ့ အော်ပရာကို မြန်မာပုံစံ ပြောင်းခဲ့သူ ရွှေမန်းတင်မောင်

ဓာတ်ပုံ ရင်းမြစ်, လူထုဒေါ်အမာ - ရွှေမန်းတင်မောင်

ဓာတ်ပုံ ပုံစာ, ဘဲလေးနဲ့ အော်ပရာကို မြန်မာပုံစံ ပြောင်းခဲ့သူ ရွှေမန်းတင်မောင်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရွှေမန်းတင်မောင်ခေတ် မြန်မာဇာတ်ပွဲဟာ ဒုတိယကမ္ဘာစစ်အပြီး ကြီးထွားလာတဲ့ မြန်မာရုပ်ရှင်ကို ယှဉ်ပြိုင်ရတဲ့အပြင် ပြည်တွင်းစစ်၊ စစ်အာဏာသိမ်းခေတ်နဲ့ ပြည်သူပိုင်သိမ်းပွဲ စတဲ့ မတည်ငြိမ်မှု၊ ဖိနှိပ်ရှားပါးမှုတွေနဲ့လည်း ကြုံခဲ့ရပါတယ်။ လွတ်လပ်ရေးအလွန် မြန်မာပြည်သစ် ထူထောင်ရေးမှာ အမျိုးသားရေး၊ ဗုဒ္ဓဘာသာပြန်လည်ဆန်းသစ်ရေး၊ လက်ဝဲလက်ယာဝါဒရေး၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေရဲ့ ရိုက်ခတ်မှုကလည်း မြန်မာအနုပညာလောကမှာ လာပြီးရိုက်ခတ်ရာမှာ ကျေးလက်မြို့ပြ လူတန်းစားစုံနဲ့ ထိတွေ့ရတဲ့ ဇာတ်သဘင်လည်း မလွတ်ခဲ့ပါဘူး။

အလွန်ဆုံး သုံးနာရီကျော်လောက်သာကြာတဲ့ ရုပ်ရှင်ကို နိုင်ငံအနှံ့ မြို့တော်တော်များများမှာ ကြည့်နိုင်တဲ့အချိန်မှာ ဇာတ်ပွဲကို ညလုံးပေါက်ကြည့်ဖို့က အချိန်ရှားပါးတဲ့ မြို့နေလူတန်းစားတွေအတွက် စိန်ခေါ်မှု ဖြစ်လာလို့ ဒါကို သိတဲ့ ရွှေမန်းတင်မောင်က ညဝက်သဘင်စနစ်ကို စတင်ခဲ့ကြောင်း မောင်သိန်းနိုင်ရဲ့ မြန်မာ့ဇာတ်သဘင်သမိုင်းမှာ ပါရှိပါတယ်။ ဦးဖိုးစိန်ခေတ် မီးရောင်စုံတွေထက် တဆင့်တက်ပြီး အနုမြူရောင်ခြည်ခေါ် ဆလိုက်မီးတွေကို ရွှေမန်းတင်မောင်ခေတ်မှာ စတင်သုံးစွဲခဲ့ပါတယ်။

တခါ ရွှေမန်းတင်မောင်ဟာ လက်ဝဲသုန္ဒရ၊ ဗုဒ္ဓဖွားတော်မူခန်း၊ သိဒ္ဓတ္ထလေးတော်တင်ခန်း၊ တောထွက်ခန်းစတဲ့ နာမည်ကျော် ဇာတ်ထုပ်ကြီးတွေအပြင် ရွဲကုန်သည်၊ လောကနတ်စတဲ့ အော်ပရာတွေနဲ့ ဂီတရူး၊ သဘင်ရူး၊ ရွှေကြေးစည်၊ ရွဲကုန်သည်၊ မောင်မှူး စတဲ့ ပြဇာတ်တွေကို ပြောစမှတ်ဖြစ်အောင် ဖန်တီးတင်ဆက်ခဲ့ပါတယ်။ ရွှေမန်းတင်မောင်ရဲ့ အောင်ပါစေ သီချင်းဟာလည်း ခုချိန်ထိ မြန်မာလူမှုကွန်ရက်တွေမှာ လူသိများတဲ့ တေးတပုဒ် ဖြစ်ပါတယ်။

ဖိုးစိန်ကြီးလိုပဲ ရွှေမန်းတင်မောင်မှာလည်း ဦးဘမောင်၊ စိန်ဘမောင်၊ စိန်ငှက်ရိုး စတဲ့ ဆိုင်းအကျော်၊ စိန်လှကြည်၊ အောင်သန်းတင်၊ မြို့တော်မူမူ စတဲ့ မင်းသမီးအမော်တွေအပြင် ဇာတ်စာရေးဆရာကျော်နဲ့ လူရွှင်တော်၊ လူကြမ်း ဇာတ်ပို့ ရွှေမန်းသဘင်အဖွဲ့သားတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ နှစ် ၃၀ ကျော် အောင်မြင်ထင်ရှားခဲ့ပြီး ဝင်းဗိုလ်၊ ဆန်းဝင်း၊ ချမ်းသာစတဲ့ သူ့သားတွေကလည်း ဦးဖိုးစိန်ရဲ့သားတွေလို ဇာတ်မင်းသားကျော်တွေ ဖြစ်လာရုံမက သားအကြီးဆုံးက အကယ်ဒမီရုပ်ရှင်မင်းသား ညွန့်ဝင်း ဖြစ်ပါတယ်။ အကယ်ဒမီမင်းသမီး စံရှားတင်ကလည်း ရွှေမန်းသဘင်ထွက် ဖြစ်ပါတယ်။

ညဝက်သဘင်စနစ်ကို တီထွင်ခဲ့တဲ့ ရွှေမန်းသဘင်

ဓာတ်ပုံ ရင်းမြစ်, လူထုဒေါ်အမာ - ရွှေမန်းတင်မောင်

ဓာတ်ပုံ ပုံစာ, ညဝက်သဘင်စနစ်ကို တီထွင်ခဲ့တဲ့ ရွှေမန်းသဘင်

ဒီလို တီထွင်ဆန်းသစ်မှုတွေ လုပ်ခဲ့ပေမယ့် စစ်တပ်ဆိုရှယ်လစ်ခေတ် စီးပွားရေး ကျပ်တည်းမှုနဲ့ နိုင်ငံရေးမလွတ်လပ်မှုဒဏ်တွေကြောင့် ရွှေမန်းတင်မောင်ခေတ်အလွန် မြန်မာဇာတ်သဘင်ဟာ နဂိုအရှိန်ကို ပြန်မရောက်တော့ဘဲ တစတစ ယုတ်လျော့ခဲ့ပါတယ်။ အပြောမှာ နာမည်ကျော်တဲ့ ရွှေမန်းနဲ့အပြိုင် အကအလှမှာ ဝေဝေဆာဆာ ရှိတဲ့ စိန်အောင်မင်း၊ ကနက်စိန် စတဲ့ မင်းသားကြီးတွေအပြင် ပန်တျာကြည်လင်လို မင်းသားတွေလည်း လွတ်လပ်ပြီးခေတ်မှာ ထင်ရှားခဲ့ပါတယ်။

လမ်းစဉ်ပါတီခေတ် မြန်မာသဘင်မှာ မြို့တော်သိန်းအောင် ဇာတ်အဖွဲ့က ဒါရိုက်တာ မောင်ယဉ်အောင်ရဲ့ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်၊ သဘင်သည် မဝင်ရ၊ ကောက်ပင်တရေးနိုး စတဲ့ နိုင်ငံရေးဆန်ဆန် ပြဇာတ်တွေ လူကြိုက်များခဲ့ပါတယ်။ မိုးလား တိမ်လား မြူလား ပြဇာတ်ကို အဲဒီခေတ်က သမ္မတ ဦးနေဝင်းကြည့်ဖို့ ယဉ်ကျေးမှုဇာတ်ရုံမှာ ကပြခဲ့ရကြောင်း ကျော်ရင်မြင့်ရဲ့ ဇာတ်ပွဲ ကြောက်တဲ့ တံခွန်စိုက် ပြဇာတ် ဒါရိုက်တာ ဆောင်းပါးမှာ ပါရှိပါတယ်။

အဲဒီနောက်ပိုင်းခေတ်မှာတော့ ဦးဖိုးစိန် မြေးများခေတ် စိန်မဟာသဘင်ရဲ့ ပါတော်မူဇာတ်ထုပ် ထင်ရှားသလို မန္တလေးသိန်းဇော်၊ နန်းဝင်း၊ မိုးဝင်း စတဲ့ မင်းသားသစ်တွေ လူကြိုက်များခဲ့ပါတယ်။ ခေတ်ပြောင်းလာတာနဲ့အမျှ စတီရီယိုတေးခေါ် ခေတ်ပေါ် အနောက်တိုင်းပုံစံ သီချင်းတွေကို ဇာတ်ခုံပေါ်မှာ သီဆိုတာတွေရှိလာပြီး နောက်ပိုင်းဇာတ်ကြီးတွေကို လူကြိုက်နည်းလာခဲ့ပါတယ်။

လမ်းစဉ်ခေတ် မြန်မာဇာတ်သဘင်အကြောင်း ခင်မောင်ချင်းရဲ့ ပုလဲအရောင်မမှိန် ဇာတ်ကား အထူးထင်ရှားပြီး နောက်ပိုင်းမှာ ခင်မောင်ချင်းကိုယ်တိုင် ပုလဲအရောင်မမှိန် ဇာတ်သဘင်တည်ထောင်ပြီး ဇာတ်မင်းသား ဖြစ်လာခဲ့ပါတယ်။ သူ့ရှေ့ကလည်း မြန်မာပြည်ရဲ့ ပထမဆုံး အကယ်ဒမီမင်းသမီး ကြည်ကြည်ဌေးကိုယ်တိုင် ဇာတ်မင်းသမီး အောက်ချင်းမဘဝကနေ ပြဇာတ်ကို ဖြတ်ပြီး ရုပ်ရှင်ပိတ်ကားပေါ် ရောက်ခဲ့ဖူးပါတယ်။ ရုပ်သေးခေတ်မှိန်ချိန်မှာ အမြင့်သဘင်ကနေ အနိမ့်သဘင်ဘက်ကို ရုပ်သေးသမားတွေ ကူးပြောင်းသလိုပဲ အနုပညာရှင်တွေ နယ်ပယ်ကူးသန်း ဖျော်ဖြေကြတာ ဖြစ်ပါတယ်။

အမေရိကန်ထိ ခြေဆန့်တဲ့ မြန်မာဇာတ်သဘင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ထိ ခြေဆန့်တဲ့ မြန်မာဇာတ်သဘင်

ဇာတ်ခါးဆက်ပြတ်တဲ့ လောကဓံနဲ့ အနာဂတ်ဇာတ်သစ်

မြန်မာဇာတ်သဘင်ဟာ ၁၉၈၈ နောက်ပိုင်း နဝတခေတ် ညမထွက်ရအမိန့်ကြောင့် အကြီးအကျယ်ထိခိုက်ခဲ့ပြီး နိုင်ငံရေးပြက်လုံးတွေကို စစ်ထောက်လှမ်းရေးက ဒေါက်ထောက်ကြည့်နေတဲ့ ကာလလည်း ဖြစ်ပါတယ်။ စျေးကွက်စီးပွားရေးပြန်အဖွင့်မှာ ခေတ်စားလာတဲ့ မြန်မာဗီဒီယိုကားတွေကို နေအိမ်နဲ့ ဗီဒီယိုရုံကလေးတွေမှာ အလွယ်တကူ ကြည့်ရှုနိုင်တဲ့ခေတ်ဖြစ်လို့ ခေတ်နောက်ကျတဲ့ ဇာတ်ရုံတွေမှာကတဲ့ ဇာတ်ပွဲတွေကို လူစိတ်ဝင်စားမှု နည်းလာပါတယ်။ အမျိုးသားဇာတ်ရုံတွေကို ရန်ကုန်နဲ့ မန္တလေးမှာ ဆောက်လုပ်ခဲ့ပေမယ့် ရုံသွင်းမယ့် ဇာတ်က မရှိ ဖြစ်ခဲ့ပါတယ်။

နဝတ-နအဖခေတ်နှောင်းမှာ ပြည်ပရုပ်သံလိုင်းတွေနဲ့ ဘောလုံးပွဲတွေ ခေတ်စားလာပြီး စတိတ်ရှိုးပွဲကြီးတွေလည်း ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ခေတ်စားလာပါတယ်။ ဖျော်ဖြေမှုအသစ်အဆန်းတွေ ပေါ်လာချိန်မှာ ပွဲမိန့်ရဖို့ခက်တဲ့ ဇာတ်၊ အငြိမ့်ပွဲတွေ ခေတ်မှိန်လာပြီး ဇာတ်ခါးဆက်ပြတ်ခဲ့ပါတယ်။

၂၀၁၀ ပြည့်လွန် မြန်မာပြည် နိုင်ငံရေးတံခါးပြန်ပွင့်တဲ့ ဆယ်နှစ်အတွင်း ဖိုးချစ်၊ စွမ်းဇာနည်၊ ဟန်ဇာမိုးဝင်း စတဲ့ မျိုးဆက်သစ်တွေရဲ့ ဇာတ်သဘင်တကျော့ပြန်ပေါ်လာပေမယ့် လမ်းစဉ်ပါတီခေတ်လောက် ရှေ့တန်းမှာ နေရာမရတော့ပါဘူး။ ပြည်တွင်း ပုဂ္ဂလိကရုပ်သံလိုင်းသစ်တွေမှာလည်း ဇာတ်အငြိမ့်တွေ ခေတ်မစားလှဘဲ မြန်မာဇာတ်လမ်းတွဲတွေဘက် ပရိသတ်က ဦးလှည့်ခဲ့ပါတယ်။

၂၀၂၁ နောက်ဆုံးတခေါက် စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ အောင်ဇမ္ဗူနဲ့ စမ်းရေမိုးဆိုတဲ့ မင်းသားနှစ်လက် တပြိုင်ထဲ ပေါ်လာပြီး လူကြိုက်များလာရာမှာတော့ အမျိုးသမီးထုရဲ့ အားပေးမှုနဲ့ ဇာတ်ခုံပေါ်မှာ ငွေစက္ကူ ပန်းကုံးပန်းစည်း တက်ဆွဲချိတ်ပေးတဲ့အထိ ဖြစ်လာပါတယ်။ သမိုင်းတကျော့ ပြန်လည်ပြီး ဦးဖိုးစိန်ခေတ်က အမျိုးသမီးတွေ ဆေးပေါ့လိပ်မှာ ရွှေဒင်္ဂါးပိတ်ပြီး လက်ဆောင်ပေးတာကို ပြန်သတိရစရာ ဖြစ်ပါတယ်။

ကမ္ဘာကျော် ပီကင်းအော်ပရာသရုပ်ဆောင်တွေရဲ့ ဝတ်စုံအလှ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာကျော် ပီကင်းအော်ပရာသရုပ်ဆောင်တွေရဲ့ ဝတ်စုံအလှ

အာရှတခွင်မှာ ဂျပန်က နိုးခေါ် မျက်နှာဖုံးစွပ်ဇာတ်ပွဲနဲ့ ကာဘူကီအက၊ တရုတ်က ပီကင်းနဲ့ ကန်တုံအော်ပရာ၊ အင်ဒိုနီးရှားက ဘာလီမျောက်ကနဲ့ ဂျားဗား အရိပ်ရုပ်သေး၊ ထိုင်းက ရာမဇာတ်နဲ့ အိန္ဒိယရှေးဟောင်းအကတွေဟာ ကမ္ဘာက အသိအမှတ်ပြုရတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ဖြစ်ကြပါတယ်။ ဒီလို လူပါဝင်ကပြရတဲ့ ဇာတ်သဘင်ကြီး ခိုင်ခိုင်မာမာရှိခဲ့တဲ့ မြန်မာပြည်မှာတော့ ခေတ်စနစ်ပြောင်းလဲမှု၊ သဘင်ပညာ ထိန်းသိမ်းရေး အားနည်းမှုတွေကြောင့် ဇာတ်ပီပီပြင်ပြင်ရယ်လို့ မကျန်သလောက် ဖြစ်ခဲ့ပါတယ်။ ဇာတ်သဘင်ပညာကို ထိန်းသိမ်းဖြန့်ဖြူးရတဲ့ ပန်တျာကျောင်းတွေနဲ့ ယဉ်ကျေးမှုတက္ကသိုလ်တွေမှာလည်း အစိုးရအဆက်ဆက်ရဲ့ ထောက်ပံ့မှု အားနည်းလို့ ကြီးမားတဲ့ သဘင်ရေစီးမျိုး မထွန်းကားခဲ့ပါဘူး။

ဦးဖိုးစိန်ကနေ မြို့တော်အင်အားစုတွေခေတ်အထိ ၂၀ ရာစု မြန်မာဇာတ်သဘင်မှာ ခေတ်အလိုက် ပြောင်းလဲလာတဲ့ လူ့အဖွဲ့အစည်းရဲ့ အကြိုက်အမြင်အတွေးတွေနဲ့ ကိုက်ညီအောင် ဇာတ်ကို တီထွင်ဆန်းသစ်ခဲ့ကြပါတယ်။ ၂၁ ရာစု မြန်မာဇာတ်ပွဲမှာတော့ ကိုရီးယားလှိုင်း၊ နိုင်ငံတကာ ဒစ်ဂျစ်တယ်အနုပညာရေစီးတွေကြားမှာ ပျော်ဝင်လှုပ်ရှားနေကြတဲ့ လူငယ်ပရိသတ်ကို ခေတ်သစ်ဇာတ်နဲ့ မိတ်ဆက်ဖို့က စိန်ခေါ်မှု များပါတယ်။ အရင်ကလည်း ဇာတ်ကို ခေတ်မီအောင် လုပ်ရင်း ဇာတ်ပျက်ပြီး ဇာတ်ကနေ စတိတ်ရှိုးဖြစ်သွားတာ၊ ခွန်းထောက်ငိုချင်း ဇာတ်စာတွေ ရွတ်ဆိုဟဲတာတွေ ပျောက်သွားတာကို ကြုံခဲ့ဖူးပါတယ်။

လူထုယဉ်ကျေးမှုမှာ ခိုင်မာနေဆဲ မြန်မာမင်းသားက

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူထုယဉ်ကျေးမှုမှာ ခိုင်မာနေဆဲ မြန်မာမင်းသားက

ဒီစိန်ခေါ်မှုတွေအပြင် သဘင်အတွေးအခေါ်မှာလည်း ခေတ်နဲ့ပြတ်နေတာတွေ ရှိပါတယ်။ မြန်မာဇာတ်သဘင်ရဲ့ အဓိကဝင်ရိုးဖြစ်တဲ့ မင်းသားတလက်ကို အားပြု ကပြတဲ့ ဓလေ့ကလည်း ကနေ့ခေတ် ကျားမ တန်းတူမှု အလေးထားချိန်မှာ ပြောစရာတခု ဖြစ်သလို ဇာတ်အစဉ်အလာတွေထဲ လူမျိုးဘာသာမတူညီမှုကို ပြက်လုံးထုတ်တာ၊ အမျိုးသမီးနဲ့ လူကြီးသူမ၊ ကလေးငယ်တွေကို ပြောင်လှောင်ပြောဆိုတာတွေကလည်း ခေတ်ပြောင်းလာတဲ့ လူ့အဖွဲ့အစည်းနဲ့ မကိုက်တာတွေ ရှိလာပါတယ်။ နှစ်ပါးခွင်မှာ ကတတ်ရင် ပညာ၊ မကတတ်ရင် တဏှာ ဆိုသလို အယဉ်နဲ့ အရိုင်းကွာခြားချက် ပါးပါးလေးပဲ ရှိကြောင်း ပညာရှင်တွေက ဒုတိယကမ္ဘာစစ်ပြီးခေတ်ကတည်းက သတိပေးခဲ့ကြပါတယ်။

နောက်ပြီး သဘင်စင်မြင့်မှာ ကပြတဲ့ ဇာတ်ထုပ်ဇာတ်ကြောင်းနဲ့ စာသားတွေမှာ ခေတ်အလိုက်ပြောင်းလဲလာတဲ့ တန်ဖိုးတွေနဲ့ လျော်ညီအောင် ပြောင်းလဲတင်ဆက်တာတွေကို အနောက်တိုင်း အရှေ့တိုင်းပြဇာတ်တွေမှာ အသားကျနေပြီ ဖြစ်ပေမယ့် အနှစ် ၅၀ ကျော် ပြတ်ကျန်နေခဲ့တဲ့ မြန်မာဇာတ်တွေအတွက် ကြီးလေးတဲ့ အပြောင်းအကွေ့ ဖြစ်ပါတယ်။

တခါ မြန်မာဇာတ်ပွဲတွေမှာ ငိုချင်းကြောင့် လူထုစိတ်ပျော့ညံ့မှုကို အားပေးတယ်၊ ပဒေသရာဇ်စနစ်ကို ပြန်လှန်ဝေဖန်တာ မရှိဘူး စသဖြင့် ထွန်းနေ့စဉ် ဦးထွန်းဖေ၊ မောင်ကြည်ရှင် စတဲ့ ဇာတ်ဝေဖန်ရေးဆရာတွေက အနုပညာလောက စာအုပ်မှာ ထောက်ပြခဲ့ကြပါတယ်။ ခေတ်အဆက်ဆက် အုပ်ချုပ်သူ အစိုးရနဲ့ ပြည်သူလူထုကြားမှာ အဆင်ပြေအောင် ကြည့်နေရတဲ့ ဇာတ်သဘင်လောကနဲ့ နိုင်ငံရေးအဖုအထစ်တွေကလည်း ဦးဖိုးစိန်ကို ကျောင်းသားတွေ သပိတ်မှောက်တဲ့ ခေတ်ကတည်းက ရှိခဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်နဲ့ NLD ထောက်ခံသူတွေကြား အင်တာနက် အားပြိုင်ရာမှာ ဒီလို ကြားညပ်တဲ့ အခက်အခဲတွေကို ရုပ်ရှင်၊ စာပေ၊ ဂီတ စတဲ့ အနုပညာနယ်စုံက ထင်ရှားသူ တော်တော်များများ ရင်ဆိုင်ခဲ့ရပါတယ်။

၂၀၁၃ နေပြည်တော် ဆီးဂိမ်းမှာ ဖော်ထုတ်ခဲ့တဲ့ အပျိုတော် အက

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၃ နေပြည်တော် ဆီးဂိမ်းမှာ ဖော်ထုတ်ခဲ့တဲ့ အပျိုတော် အက

ဒါ့အပြင် ပဒေသရာဇ်ပုံစံဝတ်စုံတွေနဲ့ ကပြဖျော်ဖြေမှုကို ဦးဖိုးစိန်ခေတ် အနှစ်တရာကျော်က မြန်မာပွဲချစ်သူတွေက ကြိုက်နှစ်သက်ကြပေမယ့် ၂၁ ရာစုခေတ်နဲ့ အဟပ်ကွာမှုကတော့ ပိုများလာပါတယ်။ မြန်မာအကဟာ အီနောင်ရာမခေတ်လွန်လာပြီးနောက် အလှဦးစားပေးကတာ များလို့ အဓိပ္ပာယ်ပါတဲ့ အကမျိုး တီထွင်ဖို့ တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။

နိုင်ငံတကာပြဇာတ်တွေမှာ ခေတ်သစ်ဝတ်စုံတွေ၊ နောက်ခံကားတွေနဲ့ ခေတ်ဟောင်းဇာတ်တွေကို ကကြသလို မြန်မာနောက်ပိုင်းဇာတ်ကြီးတွေကို ခေတ်သစ်ပုံစံနဲ့ ဆန်းသစ်မလား၊ ခေတ်ဟောင်းပုံစံကပြမှုကို ဆိုင်ရာ အာဏာပိုင်တွေနဲ့ သဘင်မြတ်နိုးသူတွေက ထောက်ပံ့ထိန်းသိမ်းကြမလား၊ ထိုင်းရာမဇာတ်ကို နိုင်ငံတကာမှာ ဘာသာပြန်ကပြကြသလို မြန်မာဇာတ်ပွဲက တချို့အပိုင်းကဏ္ဍတွေကိုလည်း ပြည်ပမှာ ပိုပြီး တွင်တွင်ကျယ်ကျယ်နဲ့ ခြေဆန့်ကပြဖို့ ဖြစ်လာနိုင်မလား ဆိုတာတွေကလည်း အနှစ်ရာချီ ကပြလာတဲ့ မြန်မာဇာတ်သဘင်ရေစီးအတွက် တွေးလက်စမဆုံးနိုင်တဲ့ အမေးပုစ္ဆာတွေ ဖြစ်ကြပါတယ်။