မြန်မာရုပ်ရှင် - အာဏာသိမ်းမှုအောက် သိန်းထောင်ချီ ပြန်မြတ်လာတဲ့ ရုပ်ရှင်ဈေးကွက်

ဝေးမနေချင်ဘူး ဇာတ်ကားစတင်ချိန်က ရုပ်ရှင်ရုံမြင်ကွင်း
ဓာတ်ပုံ ပုံစာ, ဝေးမနေချင်ဘူး ဇာတ်ကားစတင်ချိန်က ရုပ်ရှင်ရုံမြင်ကွင်း

ကိုဗစ်ကပ်ရောဂါ နဲ့ စစ်အာဏာသိမ်း‌တဲ့နောက် နှစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ ရုပ်ရှင်ရုံတွေကို ၂၀၂၂ ခုနှစ် ဧပြီလမှာ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဖိအားနဲ့ ပြန်ဖွင့်ခဲ့ကြပါတယ်။

အဲဒီအချိန်က စစ်ကောင်စီယန္တရားပြန်လည်ပတ်ရေးကို အထောက်အကူပြုမယ့် လုပ်ရပ်တွေကို သပိတ်မှောက်ဖို့ တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်တွန်းမှုတွေကြောင့် ထုတ်လုပ်သူတွေနဲ့ ရုံရှင်တွေက လုံခြုံရေးအပါအဝင် ရုံကိုလူမဝင်မှာ စိုးရိမ်မှုတွေကြောင့် ရုံတွေပြန်ဖွင့်ဖို့ တွန့်ဆုတ်မှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ မဖြစ်မနေ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တဲ့အချိန်မှာ လူမင်း၊ နေမင်း နဲ့ ရွှေမှုံရတီတို့ သရုပ်ဆောင်တဲ့ ''ဝေးမနေချင်ဘူး '' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပြန်စခဲ့ပြီး ရုပ်ရှင်ကြည့်ပရိသတ် မရှိသလောက် ဖြစ်ခဲ့ပါတယ်။

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတချို့မှာရှိတဲ့ ရုပ်ရှင်ရုံတွေကို တပြိုင်တည်း ပြန်ဖွင့်ခဲ့တာဖြစ်ပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေရဲ့ ဇာတ်ကားတွေနဲ့ စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီးဌာနက တာထွက်ခဲ့ပေမဲ့ ရုံတွေကို ပရိသတ်ပြန်မလာခဲ့ဘူးလို့ ထုတ်လုပ်သူတစ်ဦးက ရုပ်ရှင်စျေးကွက်ပြန်စချိန်ကာလကို ရည်ညွှန်းပြောပါတယ်။

''ရုံတွေပြန်ဖွင့်တော့ မြန်မာဇာတ်ကားရော အင်္ဂလိပ်ဇာတ်ကားရော လာမကြည့်ကြတာ။ ဒါပေမဲ့ အင်္ဂလိပ်ကားဆို လူကြည့်များတယ်။ ၆ လကျော် ၇ လလောက် ကြာလာတော့ မြင့်မြတ်ကားဆိုရင် ရုံကို လူဝင်တယ် ''လို့ ထုတ်လုပ်သူတစ်ဦးကပြောပါတယ်။

အဲဒီအချိန်က ရုပ်ရှင်ရုံတွေမှာ လာကြည့်သူမရှိတာဟာ "မသမာသူအဖျက်သမားတွေ"က ဟန့်တားနှောင့်ယှက်နေတာကြောင့်လို့ စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း ပြောဆိုခဲ့တာကို ၂၀၂၂ ခုနှစ် မေလ ၇ ရက် စစ်ကောင်စီထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

‘’အရင် တန်းစီခဲ့တဲ့ ကားတွေကို ရုံတွေပြန်ဖွင့်ချိန်မှာ ဆက်လက်ပြသဖို့ ခေါ်ခဲ့ပေမဲ့ ဈေးကွက်မရေရာလို့ ပြမယ့်သူမရှိခဲ့ဘူး။ ရုံတွေက ပြန်ဖွင့်ပြီး ခြောက်လလောက်အထိ တစ်ကားကို စုစုပေါင်း ဝင်ငွေ သိန်းတစ်ထောင်‌အောက်မှာပဲရှိခဲ့ပြီး ရုန်းကန်ခဲ့ကြရတယ်’’ လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင် တစ်ဦးက ပြောပြပါတယ်။

The Teacher ပရက်ရှိုးမှာတွေ့ရတဲ့ ပရိသတ်

ဓာတ်ပုံ ရင်းမြစ်, The Teacher Fcaebook

ရုံတွေထဲ ပရိသတ်တွေ ပြန်ရောက်လာ

ရုပ်ရှင် ရုံတွေပြန်ဖွင့်ပြီး ရှစ်လအကြာမှာ ရုံတင်ရက် နှစ်ပတ်ထက်ကျော်တင်ခဲ့ရတဲ့ ဇာတ်ကားတွေ ရှိလာပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာရုပ်ရှင်ဇာတ်ကားတစ်ကား ရုံပေါ်မှာ တစ်ပတ်ထက်ပိုပြီး တင်ထားနိုင်ဖို့ မှာ ပထမပတ်ရဲ့ ရုံတင်ရက် သုံးရက်အတွင်း ကျပ် သိန်း ၁,၈၀၀ ရမှ ဒုတိယပတ်ကို ဆက်တင်နိုင်ခွင့် ရှိတာမျိုးပါ။

၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ ရုံတင်ခဲ့တဲ့ ခေတ်သစ်အရုဏ်ဦး ရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်တဲ့ ''ကျော်ကြီးက ချစ်တတ်တယ်'' ဇာတ်ကား ဟာ ခြောက်ပတ်ဆက် ရုံတင်ခဲ့ရပါတယ်။

သူ့နောက်မှာ ၂၀၂၃ ခုနှစ် မတ်လမှာ ရုံတင်တဲ့ ညကျောင်းရုပ်ရှင် ထုတ်လုပ်ရေးက ဒါရိုက်တာညိုမင်းလွင် ရိုက်တဲ့ ''The Teacher'' ဇာတ်ကားဟာ ကိုးပတ်ထက်မနည်း ရုံတင်ခဲ့ရပါတယ်။

ဒီစံချိန်တွေက ကပ်ရောဂါနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အမြင့်ဆုံးရုံတင်ပတ် စံချိန်တွေလို့ ထုတ်လုပ်ရေးနဲ့ ရုံအသိုင်းအဝိုင်းက ပြောပါတယ်။ ဒီနောက်မှာတော့ မြန်မာရုပ်ရှင်စျေးကွက် အသက်ဝင်သလောက် ဖြစ်လာပြီး နာလန်ပြန်ထူလာတယ်လို့ ဆိုပါတယ်။

ရုပ်ရှင်တစ်ကားရဲ့ ဝင်ငွေ သိန်းထောင်ချီ အမြတ်ပြန်ရပြီး ရုံရှင် နဲ့ ထုတ်လုပ်ရေးအကြိုက် စျေးကွက် ပြန်ပွင့်လာတယ်လို့ ရုပ်ရှင်လုပ်ငန်း နဲ့ စျေးကွက်ထဲမှာ ထဲထဲဝင်ဝင်လုပ်ကိုင်နေသူ သုံးဦးထက်မနည်းက ဘီဘီစီကို ပြောပါတယ်။

ရုပ်ရှင်အစည်းအရုံးနဲ့ ထုတ်လုပ်သူတွေဘက်ကရတဲ့ အချက်အလက်တွေအရ လက်ရှိ ရုပ်ရှင်စျေးကွက်ပြန်စတဲ့ တစ်နှစ်ခွဲအတွင်းမှာ ဘိုဘိုအင်တာတိန်းမန့် ရုပ်ရှင်ထုတ်လုပ်ရေး ရဲ့ “ရည်ရွယ်မိုး”၊ “အထိန်းတော်” တို့က ပရိသတ်အကြိုက်ဆုံးဖြစ်လာပြီး သိန်းထောင်ချီ မြတ်ခဲ့တယ်လို့ ရုပ်ရှင်အစည်းအရုံး နဲ့ ရုပ်ရှင်ထုတ်လုပ်ရေး အသိုင်းအဝိုင်း က ဘီဘီစီကို ပြောပြပါတယ်။

''ကျော်ကြီးကချစ်တတ်တယ်၊ The Teacher ဆရာမနဲ့ ရည်ရွယ်မိုး အဲဒီ သုံးကားက ဝင်ငွေ သိန်းထောင်ကျော်လာပြီး ဈေးကွက်ပြန်ဦးမော့လာခဲ့တာပေါ့။ ရည်ရွယ်မိုးဆိုရင် သိန်း ၉,၀၀၀ နဲ့ ၁၀,၀၀၀ ကြား ပြန်ရတယ်'' လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီလိုပြောဆိုချက်တွေနဲ့ ရုံဝင်ငွေ အပါအဝင် စျေးကွက်အခြေအနေနဲ့ ပတ်သက်ပြီး ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

ဒါ့ကြောင့် ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေး ရဲ့ ဝင်ငွေနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ပြီး မြန်မာဇာတ်ကားတွေ ပြန်ပြတဲ့ ၂၀၂၂ ခုနှစ် ဧပြီ ကနေ အခု ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ မင်္ဂလာရုပ်ရှင်ရုံရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြချက်အရ မြန်မာရုပ်ရှင်ဇာတ်ကား စုစုပေါင်း ၅၅ ကားကို ရုံတင်ထားပါတယ်။ ဒီအရေအတွက်အရဆိုရင် တစ်နှစ်နဲ့ခြောက်လအတွင်းမှာ တစ်လကို သုံးကားနှုန်းနဲ့ တင်ထားတဲ့ ပမာဏရှိတာပါ။

ဒီအထဲမှာ ရုံတင်ပတ် အနည်းဆုံး နှစ်ပတ်နဲ့ အများဆုံး ကိုးပတ်အထိ ရုံတင်ရတဲ့ ဇာတ်ကား ၅ ကားထက် မနည်းရှိခဲ့တာကို ဒီထုတ်လုပ်ရေးတွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာကြေညာချက်တွေအရ တွေ့ရပါတယ်။

၂၀၂၃ ခုနှစ်မှာဆိုရင် မတ်လက တင်ခဲ့တဲ့ '' The Teacher '' ဇာတ်ကားနောက်မှာ ဆက်တိုက်ပြတဲ့ မြန်မာရုပ်ရှင်တွေဟာ ရုံထဲကို ပရိသတ်ပြန်ဝင်ခဲ့ပြီး ရုပ်ရှင်စျေးကွက် အသက်ဝင်လာပြီလို့ ပြောနိုင်တယ်လို့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံရဲ့ လူမှုကွန်ရက်စာမျက်နှာကို လေ့လာချက်အရ တချို့ ဇာတ်ကားတွေဆိုရင် နှစ်ကျော့ပြန်တင်ရတဲ့အထိလည်း ပရိသတ်ကြည့်ရှုနှုန်း ရှိခဲ့ပါတယ်။ ဒီထဲမှာ ဒါရိုက်တာ ကိုဇော်( အရုဏ်ဦး) ရိုက်ကူးတဲ့ ‘’ ကျော်ကြီးက ချစ်တတ်တယ်’’ ဆိုတဲ့ သရုပ်ဆောင်မြင့်မြတ်ရဲ့ ဇာတ်ကားက ထင်ရှားပါတယ်။

အထိန်းတော်ရုပ်ရှင်ထဲက ပြကွက်တစ်ခု

ဓာတ်ပုံ ရင်းမြစ်, BO BO Entertainment

ရုံတင်စနစ်နဲ့ အမြတ်ငွေ

ရုပ်ရှင်တစ်ကားရဲ့အမြတ်ငွေကို နိုင်ငံတဝန်းပြသနိုင်တဲ့ Screen - ရုပ်ရှင်ပိတ်ကား အရေအတွက်နဲ့လည်း တွက်ချက်ကြတာ ဖြစ်ပါတယ်။

ကပ်ရောဂါ နဲ့ အာဏာသိမ်းမတိုင်ခင် ၂၀၁၉ ခုနှစ်အထိ နိုင်ငံတဝန်း ပြသနိုင်တဲ့ရုပ်ရှင်ရုံတွေထဲမှာ စုစုပေါင်း ရုပ်ရှင်ပိတ်ကား အရေအတွက် ၂၅၀ ကျော်ရှိခဲ့ပါတယ်။

ဘီဘီစီ ရဲ့ စုံစမ်းမေးမြန်းချက်တွေအရ လက်ရှိကာလမှာ နိုင်ငံတဝန်း ရုပ်ရှင်ရုံပေါင်း ၅၃ ရုံ ပြန်ဖွင့်ထားပြီး ပိတ်ကားအရေအတွက် ၆၀ နီးပါး ပြသနိုင်တယ်လို့ ရုပ်ရှင်စျေးကွက်ထဲက သိရပါတယ်။ရုံတစ်ရုံမှာ ပိတ်ကားအရေအတွက် တစ်ကားထက်ပိုရှိတဲ့ ရုံတွေရှိလို့ ရုပ်ရှင်ပြသနိုင်မှု ကို ရုံနဲ့တွက်တာထက် ပိတ်ကား နဲ့ တွက်ချက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း လူကြည့်နည်းတဲ့ရုပ်ရှင်တွေမှာလည်း မမြတ်ရင်တောင် အရှုံးမရှိဖို့အတွက် ရုံတင်ရက် တစ်ပတ်ထက်ပိုရဖို့ကို ရုပ်ရှင်ထုတ်လုပ်ရေးတွေက ကြိုးစားရတဲ့အခြေအနေတွေလည်း ရှိကြတယ်လို့ဆိုပါတယ်။

‘’တစ်ပတ်ပြနေရင်း ကို လူမကြည့်လို့ ဝင်ငွေကနည်းနေရင် ထုတ်လုပ်သူက လက်မှတ်တွေ လိုက်ဝယ်ပြီး နှစ်ပတ်တင်ဖြစ်အောင် ငွေဖြည့်တာပေါ့။ ရုံဝင်ကြေး ရာခိုင်နှုန်းပြည့်မှ နောက်တစ်ပတ်တင်ရမယ်ဆို‌တော့ ထပ်တင်ထားချင်တော့ လိုက်ဖြည့်တာပေါ့ ‘’ လို့ ဘိုကင်မန်နေဂျာ( ရုံတင်ရက်ရဖို့လုပ်ဆောင်ပေးသူ) တစ်ဦးက ပြောပြပါတယ်။

အဲဒီလိုနည်း နဲ့ ရုံတင်ပတ်ပိုတိုးရဖို့ ထုတ်လုပ်သူတွေက လုပ်ကိုင်တာတွေ ရှိလာတာကြောင့် ဝေဖန်မှုတွေ ရှိခဲ့တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းက ဆိုပါတယ်။

မြန်မာရုပ်ရှင်တွေ ကြည့်ရှုသူများလာပြီး အမြတ်ရလာတဲ့အချိန်မှာ ထုတ်လုပ်သူတွေက ပြန်တင်ဖို့ကြိုးစားကြသလို ရုံပိုင်ရှင်တွေကလည်း ငွေကြေးအမြတ်ရမယ့်ဇာတ်ကားတွေကိုပဲ ဦးစားပေး ပြသလာကြတယ်လို့ ဘိုကင်မန်နေဂျာတစ်ဦးက ပြောပါတယ်။

လက်ရှိ မြန်မာ့ရုပ်ရှင်စျေးကွက်မှာ ရုံဝင်ငွေကို ထုတ်လုပ်သူနဲ့ ရုံပိုင်ရှင် တစ်ယောက်တစ်ဝက်စီ ခွဲဝေယူကြရတဲ့စနစ်နဲ့ လုပ်ကိုင်ကြတာကြောင့် ရုံဝင်ငွေကောင်းမယ့် ဇာတ်ကားတွေကို ရုံပိုင်ရှင်တွေက ဦးစားပေးတင်ချင်ကြတာမျိုးဖြစ်နေတယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့ကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်ကစပြီး ရုံတင်စနစ်ကို ပြောင်းလဲလိုက်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကသိရပါတယ်။ အရင်ရုံတင်ဖို့ ရက်ချိတ်တဲ့စနစ်က ပထမသုံးရက်ဝင်ငွေက သိန်း ၁,၈၀၀ ကျော်ရင် ရုံတင်ရက် နှစ်ပတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီစနစ်ကိုဝေဖန်မှုတွေရှိလာတာကြောင့် အောက်တိုဘာ ၁၇ ရက်စပြီး ရုံတင်ရက်အသစ်ချိတ်တဲ့ ကားတွေကတော့ ပထမသုံးရက် သိန်း ၂,၇၀၀ ကျော်မှသာ နှစ်ပတ်တင်ခွင့်ရတော့မှာပါ။

'' အရင်တန်းစီခဲ့တဲ့ကားတွေက ရုံတင်ခွင့်ရဖို့ ပိုပြီးအခွင့်အလမ်းဝေးလာတော့ အောက်တိုဘာ ၁၇ ရက်စတင်ပြီး ၁၀ ကားကို ရုံရှင်စိတ်ကြိုက်ရွေး၊ ပြီးရင် အရင် တန်းစီကားထဲက နှစ်ကားနဲ့ တစ်ပတ်တည်းမှာ ရုံတိုင်းတစ်ပြိုင်တည်းပြရမယ်'' လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အဖွဲ့ဝင် တစ်ဦးကပြောပြပါတယ်။

‘’အရင်ရုံတင်ဖို့ ရက်ချိတ်တဲ့စနစ်က ပထမသုံးရက်ဝင်ငွေက သိန်း ၁,၈၀၀ ကျော်ရင် နှစ်ပတ်ပေးခဲ့တာ ဖြစ်ပေမဲ့ တန်းကျော်အောင် ခွင်ရိုက်တယ်လို့ တချို့က သံသယရှိခဲ့တယ်။ ဒါကြောင့် အခုအသစ်ချိတ်တဲ့ ကားတွေကတော့ ပထမသုံးရက်စုစုပေါင်းဝင်ငွေ သိန်း ၂,၇၀၀ ကျော် မှ နှစ်ပတ်ပြသခွင့်ပေးမယ်’’ လို့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာအောက်တိုဘာ လလယ်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ ရုံတင်ဖို့တန်းစီထားတဲ့ ကားပေါင်း ၁၂ ကားအထိရှိနေတယ်လို့ ရုံအသိုင်းအဝိုင်း နဲ့ ထုတ်လုပ်သူ အသိုင်းအဝိုင်းက သိရပါတယ်။

ရည်ရွယ်မိုးရုပ်ရှင်ပရက်ရှိုးမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, ရည်ရွယ်မိုးရုပ်ရှင်ပရက်ရှိုးမြင်ကွင်း

ကုန်ကျစရိတ်လျှော့ချတဲ့ ရုပ်ရှင်စျေးကွက်

ကိုဗစ် နဲ့ အာဏာမသိမ်းခင်ကာလ မြန်မာ့ရုပ်ရှင် တစ်ခေတ်ပြန်ဖြစ်ချိန်မှာ ရုပ်ရှင်ဇာတ်ကားတွေရဲ့ အောင်မြင်မှုကို အနုပညာအောင်မြင်မှုနဲ့ တွဲပြီး သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ အခုတော့ ကုန်ကျစရိတ် နဲ့ ‌ဝင်ငွေပေါ်မှာပဲ ပြန်တွက်ချက်ပြီး ဇာတ်ကားအောင်မြင်မှုကိုချိန်ဆတယ်လို့ ထုတ်လုပ်သူ တစ်ဦး‌ကပြောပါတယ်။

'' ကိုဗစ်မတိုင်ခင်က ဇာတ်ကားတွေက ဆင်ဆာ အထိုက် အလျောက်လျော့ပါးတယ်။ အနုပညာ အားပြိုင်မှုတွေနဲ့ ‌ရိုက်တယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်း နဲ့ ရိုက်ချက်တွေ ဒါတွေကို အသေးစိတ်လုပ်ကြတယ်။ ယှဥ်ပြိုင်မှုကြီးတဲ့တစ်ခေတ်ပေါ့။ အခုတော့ ကုန်ကျစရိတ်ကို တွက်တယ်။ ဘယ်လောက် ပြန်ရနိုင်မလဲ ဆိုတာကို ဦးတည်စဥ်းစားတဲ့ ဇာတ်ကား ပိုများတယ်။ အရည်အသွေးကိုကြည့်တဲ့ကား မရှိဘူးလို့ မပြောလိုဘူး။ ဒါပေမဲ့ အရမ်းရှားတယ်’’ လို့ ထုတ်လုပ်သူတစ်ဦးက ပြောပါတယ်။

ကိုဗစ်မတိုင်ခင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံမတင်ရသေးတာ ဆယ်နဲ့ချီမက ရှိနေပါသေးတယ်။ အဲဒီဇာတ်ကားအများစုက သိန်း ၃,၀၀၀ နဲ့ ၄,၀၀၀ ကြားအကုန်အကျခံခဲ့ရတာကြောင့် ဒီလိုအချိန်မှာ ရုံတင်ရင် အရင်းမရဘဲ အရှုံးပေါ်နိုင်တယ်ဆိုတဲ့ တွက်ချက်မှုနဲ့ ရုံမတင်သေးဘူးဆိုတဲ့ ထုတ်လုပ်သူတွေလည်း ရှိနေပါတယ်။

ဒါ့ကြောင့် လက်ရှိမြန်မာရုပ်ရှင်စျေးကွက်မှာ လတ်တလောရိုက်ကူးတဲ့ဇာတ်ကားတွေကို ဦးစားပေးရုံတင်ပြီး အမြတ်ပြန်ရှာတာမျိုး လုပ်နေတာလို့ ရုပ်ရှင်အသိုင်းအဝိုင်းက အနည်းဆုံး သုံးဦးထက်မနည်းကပြောပါတယ်။

‘’ အရင်တန်းစီနေတဲ့ကားတွေက အနည်းဆုံး သိန်း ၃,၀၀၀ လောက်အကုန်အကျခံပြီး ရိုက်လာကြတာလေ။ အခုက လူကြည့်အားနည်းတော့ ထုတ်လုပ်သူတွေက မတင်ရဲတော့ဘူး။ ဘာလို့လဲဆိုရင် ရုံတင်မယ်ဆိုရင် အနည်းဆုံး သိန်း ၁၀၀ ထပ်ကုန်မှာလေ။ ရုံမှာချိတ်တဲ့ပိုစတာတွေ ကြော်ငြာတွေ၊ ဘွတ်ကင်မန်နေဂျာ ချိတ်ရတာတွေ၊ နယ်ရုံတွေအတွက် စတစ်နဲ့ကူးပေးတာတွေ ဒါတွေလုပ်ရတာနဲ့တင် ထပ်ကုန်မှာဆို‌တော့ အရင်ကားတွေတင်ဖို့ကို စဥ်းစားနေကြတာပေါ့’’ လို့ ထုတ်လုပ်သူ တစ်ဦးက ပြောပါတယ်။

ဒါ့ကြောင့် လက်ရှိရုံတွေမှာ လတ်တလောရိုက်ကူးတဲ့ဇာတ်ကားတွေကို ဦးစားပေးရုံတင်လာပြီး ရုပ်ရှင်စျေးကွက် အတွင်း သိန်းတစ်ထောင်ထက် ပိုမသုံးဘူးဆိုတဲ့ ထုတ်လုပ်ရေးနဲ့ ဒါရိုက်တာတွေ ရှိလာတယ်လို့ ရှုတင်မန်နေဂျာအသိုင်းအဝိုင်းက သိရပါတယ်။

ရုပ်ရှင်တစ်ကားစာအတွက်အများစုက ကျပ်သိန်း ၈၀၀ နဲ့ ၁,၀၀၀ကြား သုံးစွဲနေကြပြီး အမျိုးသားသရုပ်ဆောင်အတွက် သိန်း ၂၀၀ နဲ့ အမျိုးသမီး သရုပ်ဆောင်အတွက် သိန်း ၅၀ နှစ်ဦး သုံးပြီး ကျန်တာကို ဒါရိုက်တာနဲ့ ရုပ်ရှင် တစ်ဖွဲ့လုံးစာ သုံးစွဲရိုက်ကူးကြတာမျိုးပါ။

‘’မင်းသမီးနဲ့ မင်းသား အတွက် သိန်း ၃၀၀ သုံးမယ်။ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းက သိန်း ၁၀၀ ယူမယ်ဆိုရင် ကျန်တဲ့ သိန်း ၄၀၀ အတွက် ရိုက်ကူးစရိတ်သုံးပေါ့။ အများဆုံးမှ တစ်ကားလုံးစာကို သိန်း ၈၀၀ ပဲသုံးရိုက်ကြတာ’’ လို့ ရှုတင်မန်နေဂျာတစ်ဦးက ပြောပါတယ်။

ဒီလို စရိတ်လျှော့ချထားတဲ့ဇာတ်ကားတွေဟာ ရိုက်ကူးရက် အများဆုံးတစ်ပတ် နဲ့ အနည်းဆုံး ၅ ရက်ကြားမှာပဲ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတစ်ကားအတွက် ပုံမှန်အားဖြင့် ဇာတ်ပေါ်မူတည်ပြီး Scene ၅၅ ဆင်းန် နဲ့ ၆၀ ကြားရိုက်ကူးကြတယ်လို့ ဆိုပါတယ်။

အဲဒီအတွက် တစ်ကားကို ရှစ် ဂျူတီ နဲ့ ကိုးဂျူတီ ကြားရိုက်ကူးကြမှသာ တစ်ပတ်မှာ အနည်းဆုံး ၅၅ ဆင်းန်ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရိုက်ချိန် ဂျူတီကို နေ့ နဲ့ ည နှစ်ချိန်ခွဲပြီး ငါးရက်အတွင်း ပြီးအောင်ရိုက်တာမျိုးအထိ ဖြစ်လာတာလို့ ဒါရိုက်တာ အသိုင်းအဝိုင်းက ပြောပါတယ်။

ဂျူတီဆိုတာ တစ်နေ့တာ ရိုက်ကူးချိန်ဖြစ်ပြီး မနက်ခြောက် နာရီ ကနေ ညနေ ခြောက်နာရီကို တစ်ဂျူတီ သတ်မှတ်ထားပါတယ်။ဒါပေမဲ့ ရိုက်ရက်လျှော့ပြီး ဂျူတီကိုနေ့/ည တိုးရိုက်တာမျိုးရှိလာတယ်လို့ဆိုပါတယ်။

‘’ဗီဒီယိုသာသာပဲ ဖြစ်သွားတာပေါ့။ ဂျူတီကို ပိုတိုးရိုက်လိုက်တယ်။ အခုမေမြို့မှာ တစ်ပတ်သွားရိုက်မယ်ဆိုရင် တစ်ဖွဲ့လုံးစာအတွက် တစ်ပတ်စာ ဟိုတယ်စရိတ် နဲ့ အစားအသောက် စရိတ်ကုန်ကျမှုရှိမယ်။ ဒါပေမဲ့ ဂျူတီတိုးပြီး ငါးရက်နဲ့ ပဲပြီးအောင်ရိုက်မယ်ဆိုရင် နှစ်ရက်စာ သက်သာမယ်။ သရုပ်ဆောင်အပါအဝင် တဖွဲ့လုံးကိုတော့ ဂျူတီခ နေ့/ည နှစ်ချိန်စာပေးရတာ ရှိမယ်။ ဒါပေမဲ့ ဟိုတယ်ခ နဲ့စားသောက်စရိတ် အရမ်းသက်သာသွားပြီလေ။ အဲဒီလို ချိန်တွက်ပြီးပဲ ရိုက်ကြတော့တယ်’’ လို့ ဒါရိုက်တာတစ်ဦးက ပြောပြပါတယ်။

ဒါပေမဲ့ ရိုက်ကူးတဲ့ဒါရိုက်တာရဲ့ အရှိန်အဝါနဲ့ နာမည်ကြီးမှုအရ တချို့ဒါရိုက်တာတွေကို တစ်ကားကို အများဆုံး ၁၂ ဂျူတီအထိ ပေးရိုက်တဲ့ ထုတ်လုပ်သူအချို့လည်းရှိတယ်လို့ ဆိုပါတယ်။

‘’ ခေတ်မပျက်ခင်က လူငယ်ဒါရိုက်တာတွေက တစ်နှစ်မှတစ်ကား ရိုက်ကြတာ။ အများဆုံးမှ နှစ်ကားပေါ့။ အခုရိုက်နေတဲ့ ဒါရိုက်တာအများစုက စက်နဲ့လှည့်ထုတ်သလို ငါးရက်၊ခြောက်ရက် နဲ့ တစ်ကား၊ တစ်လမှာ လေးကားလောက်ရိုက်နေတဲ့ ဒါရိုက်တာတွေပဲ လည်ပတ်နေတာ။ ရုပ်ရှင်အရည်အသွေးကို ခန့်မှန်းကြည့်လေ။ ဒီလိုရိုက်နေရင် ဘယ်လိုကားထွက်လာမလဲ လူပြိန်းတောင် တွက်နိုင်တယ်’’ လို့ ဝါရင့်ဒါရိုက်တာတစ်ဦးက ဝေဖန်ပါတယ်။

ပြည်တွင်းမှာရှိနေပေမဲ့ ရုပ်ရှင်မရိုက်တော့တဲ့ ဒါရိုက်တာတစ်ဦးကတော့ လက်ရှိလည်ပတ်နေတဲ့ ရုပ်ရှင်စျေးကွက်ဟာ အခုရိုက် အခုရုံတင်တဲ့ဇာတ်ကားတွေဖြစ်လာပြီး ဇာတ်လမ်း နဲ့ ဇာတ်ညွှန်း အချိန်ယူတာမျိုး မရှိတော့ဘူးလို့ သူက ပြောပါတယ်။

‘’ကျွန်တော်တို့ရိုက်တုန်းက ဇာတ်ညွှန်းတစ်ခုအတွက်ကို အချိန် ခြောက်လကနေ တစ်နှစ်အထိယူပြီး ရိုက်ကြတဲ့အထိ ဇာတ်လမ်းအရည်အသွေးကို မြှင့်ပြီး ရိုက်တယ်။ အနည်းဆုံး ရုပ်ရှင်လောက တိုးတက်စေဖို့ ပြောင်းလိုက်မယ်ဆိုတာထက် တစ်ဦးချင်းစီမှ ကောင်းအောင်ရိုက်ရင်း ရုပ်ရှင်လောကကိုပြောင်းခဲ့ကြတာ’’ လို့ လူငယ်ဒါရိုက်တာတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ Production Design ဆိုတဲ့ ဇာတ်ညွှန်းပါ ရိုက်ကွင်း ရိုက်ကွက်အတိုင်း အတိအကျဖြစ်အောင် ကြိုတင်ပြင်ဆင်ပြီး ရိုက်ကူးတာထက် အလျဥ်းသင့်တဲ့နေရာမှာ ဝင်ရိုက်တာမျိုး၊ ဇာတ်ကောင်အတွက် ဇာတ်နဲ့လိုက်တဲ့အဝတ်အစားကို စီစဥ်ပေးတဲ့ Costume Designer ကိုမသုံးတော့ဘဲ သရုပ်ဆောင်စိတ်ကြိုက် ဝတ်နိုင်တာမျိုးတွေလို အသေးစိတ်လုပ်ငန်းစဥ်မရှိတော့ဘဲ သရုပ်ဆောင်က သူ့စိတ်ကြိုက်ပဲ ဝတ်ချင်တာဝတ်တဲ့ ပုံစံမျိုး ဖြစ်လာပါတယ်။

‘’ရက်နည်းနည်းရိုက်လို့ မကောင်းဘူး၊ ရက်များလို့ကောင်းတယ်ဆိုတာထက် ရုပ်ရှင်ကားတစ်ကားရိုက်ဖို့ အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရိုက်ကူးချိန် ရှိရမယ်။ ဒါမှ အရည်အသွေးကို စိစစ်နိုင်တဲ့ဇာတ်ကားထွက်မယ် ‘’ လို့ လူငယ်ဒါရိုက်တာတစ်ဦးက သုံးသပ်ပြပါတယ်။

အောက်တိုဘာလမှာနယ်ရုံတွေပြန်ဖွင့်လှစ်လာ

ဓာတ်ပုံ ရင်းမြစ်, Mingalar Cinema

ဓာတ်ပုံ ပုံစာ, အောက်တိုဘာလမှာနယ်ရုံတွေပြန်ဖွင့်လှစ်လာ

သရုပ်ဆောင်စျေးနှုန်းတွေ ကျဆင်း

ဒါတွေအပြင် သရုပ်ဆောင်တွေရဲ့ စျေးနှုန်းတွေလည်း ကျဆင်းသွားပြီလို့ ရှုတင်မန်နေဂျာ အသိုင်းအဝိုင်းက ပြောပါတယ်။ ကိုဗစ် နဲ့ အာဏာသိမ်းမတိုင်ခင်က မြန်မာနိုင်ငံရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးက နေတိုး နဲ့ မြင့်မြတ်ဖြစ်ပြီး သိန်းတစ်ထောင်ရှိတယ်လို့ ရုပ်ရှင် အသိုင်းအဝိုင်းက သိရပါတယ်။ ဒါပေမဲ့ အခုတော့ ဒီအမျိုးသားသရုပ်ဆောင် နှစ်ဦးလုံးရဲ့ စျေးနှုန်းတွေ ကျဆင်းသွားပြီလို့ ဆိုပါတယ်။

လက်ရှိမှာ သရုပ်ဆောင်မြင့်မြတ်က ရုပ်ရှင်တစ်ကားအတွက် သိန်း ၂၀၀ နဲ့ ၃၀၀ ကြား ပေါက်စျေးရှိပြီး ပိုင်တံခွန်ဆိုရင် သိန်း ၄၀၀ ပေါက်တယ်လို့ ရှုတင်မန်နေဂျာအသိုင်းအဝိုင်းက ပြောပါတယ်။

‘’မြင့်မြတ်က စျေးကျသွားပေမဲ့ သူက ကားရိုက်များတယ်။ ပိုင်တံခွန်ကျတော့ ကားရိုက်နည်းတယ်။ စျေးကွာတယ်ဆိုပေမဲ့ အဲဒီလိုတော့ ရှိတယ်’’ လို့ ဒါရိုက်တာတစ်ဦးက ပြောပါတယ်။

သရုပ်ဆောင်နေတိုးကတော့ ရုပ်ရှင်ကားကြီးအတွက်ဆိုရင် သိန်း ၇၀၀ အထိ စျေးပေါက်နေသေးတယ်လို့ ပြောကြပါတယ်။

ဒီလို သရုပ်ဆောင်စျေးနှုန်း ကျဆင်းသွားတာကြောင့်လည်း သရုပ်ဆောင်ကြေးမြင့်တဲ့ သရုပ်ဆောင်အများစုက ရုပ်ရှင်ရိုက်ကူးမှု မလုပ်တော့တာလို့ ဒါရိုက်တာနဲ့ ထုတ်လုပ်သူအသိုင်းအဝိုင်းကပြောပါတယ်။

နိုင်ငံရေးအခြေအနေတွေကြောင့် မရိုက်ကူးဘူးဆိုတဲ့ သရုပ်ဆောင်တွေရှိပေမဲ့ အများစုကတော့ သရုပ်ဆောင်ကြေးနည်းသွားတဲ့အတွက် ရိုက်ကူးမှုမရှိတာလို့ ရှုတင်မန်နေဂျာတစ်ဦးက ပြောပြပါတယ်။

‘’ ဥပမာအရင်က မင်းသမီးနှုန်း သိန်း ၆၀၀ ရှိခဲ့တဲ့သူက အခု သိန်း ၂၀၀ နဲ့ ရိုက်ရမယ်။ အဲဒီတော့မရိုက်တော့ဘူး။ ဆိုတော့ ထုတ်လုပ်သူကလည်း မင်းသမီးကို သိန်း ၂၀၀ မသုံးချင်တော့ဘူး။ အဲဒီတော့ အခု အွန်လိုင်းမှာ ပေါက်နေတဲ့ ဆယ်လီလိုတွေနဲ့ အရင်က မင်းသမီးတန်းမရောက်ခဲ့တဲ့သူတွေကို မင်းသမီးတင်ပြီး တစ်ကား သိန်း ၅၀ လောက်နဲ့ ခေါ်ရိုက်တယ်။ သူတို့ကလည်း ရုပ်ရှင်မင်းသမီး ဖြစ်ချင်တာလေ။ ငွေကိုတခြားနေရာကရှာမယ်ဆိုပြီး သိန်း ၅၀ လည်းရိုက်တယ်’’ လို့ ရှုတင်မန်နေဂျာ တစ်ဦးကပြောပါတယ်။

ဒါ့အပြင် တစ်နေရာတည်းကို ရုပ်ရှင်ကားတစ်ကားအတွက် သွားရိုက်တာမျိုးထက် အနည်းဆုံး နှစ်ကား နဲ့ အများဆုံး ဇာတ်ကား သုံးကားစာ ပြင်ဆင်ပြီး ရိုက်ကူးတာမျိုးနဲ့လည်း ရိုက်ကူးထုတ်လုပ်ရေးစရိတ်တွေ လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

‘’မေမြို့သွားမယ်။ ပုပ္ပားသွားမယ်။ ဇာတ်က တစ်ကားစာရှိပေမဲ့ နောက်တစ်ကားစာမရှိဘူး ရတယ်။ဖေ့ဘုတ်စ်မှာ ခေတ်စားနေတာတွေနဲ့ လျှောက်ရေးပြီး နောက်တစ်ကားဖြစ်‌အောင် ရိုက်တယ်။ ရုပ်ရှင်လောကမှာ တွဲဘောလို့ခေါ်ကြတာပေါ့။ မင်းသား ၊ မင်းသမီးအပါ တစ်ဖွဲ့လုံးနဲ့ တစ်နေရာမှာပဲ နှစ်ကား ၊သုံးကားရိုက်လိုက်တာပေါ့’’ လို့ ရိုက်ကူးရေး စက်ပစ္စည်းငှားရမ်းသူတစ်ဦးက ပြောပြပါတယ်။

ရန်ကုန်မြို့က ရုပ်ရှင်ရုံမြင်ကွင်းတစ်ခု
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့က ရုပ်ရှင်ရုံမြင်ကွင်းတစ်ခု

ဝေဖန်ခံရမှုတွေကြားမှာ ရုပ်ရှင်ရိုက်နေသူတွေ

စစ်အာဏာသိမ်းပြီးတဲ့နောက် ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ပြီး ရုပ်ရှင်စျေးကွက် ပြန်လည်ပတ်ဖို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ပေါင်းပြီး လုပ်ဆောင်ခဲ့တာရှိသလို ဖိအားပုံစံနဲ့ပြန်လည်ပတ်ဖို့ညွှန်ကြားချက်တွေလည်းရှိခဲ့တယ်လို့ ရုပ်ရှင်ထုတ်လုပ်ရေး အသိုင်းအဝိုင်းကပြောပါတယ်။

တစ်ဖက်မှာလည်း ရုပ်ရှင်မကြည့်ဖို့ ၊ ရုပ်ရှင်ပြန်မရိုက်ဖို့နဲ့ အနုပညာစျေးကွက်ကို ရပ်တန့်လုနီးပါး ဖြစ်အောင်လုပ်ထားဖို့ ‌တော်လှန်ရေးအင်အားစုတွေဘက်ကလည်း တိုက်တွန်း ဆော်သြပါတယ်။

ဒီနှစ်ဖက်ကြားထဲမှာ ပြန်ရိုက်တဲ့သူတွေရှိသလို ပြန်မရိုက်တော့ဘဲ တခြားလုပ်ငန်းနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေလည်းရှိနေပါတယ်။

လက်ရှိရုပ်ရှင်စျေးကွက်ထဲမှာ ပြန်လည်လုပ်ကိုင်နေတဲ့ ရှုတင်မန်နေဂျာတစ်ဦးကတော့ ရုပ်ရှင် ပြန်ရိုက်နေတိုင်း ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်နေတိုင်း စစ်ကောင်စီကိုထောက်ခံအားပေးတာမဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

‘’ ရုပ်ရှင်သမားဆိုတာကလည်း ရုပ်ရှင်ရိုက်မှပဲ ဖြစ်မှာ။ ကိုယ်လည်း ဒါပဲလုပ်တတ်တာ။ ဒါပေမဲ့ ရိုက်နေလို့ ချမ်းသာနေကြတာ၊ စစ်တပ်ကို ထောက်ခံနေတာမျိုး မဟုတ်ဘူး။ အလုပ်လေး ဖြစ်မယ်၊ ထမင်းစားရမယ်ဆိုတာ မျိုးလောက်နဲ့ မင်းဒီလောက်ယူ ဒီလောက်ရမယ်ဆိုတာမျိုးလောက်နဲ့ လည်ပတ်နေကြတာပါ’’ လို့ ရှုတင်မန်နေဂျာတစ်ဦးက ပြောပါတယ်။

ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ၂၀၂၀ ကိုဗစ်မတိုင်ခင်ကောက်ယူထားတဲ့စစ်တမ်းအရ မြန်မာရုပ်ရှင် နဲ့ ဇာတ်လမ်းတွဲတွေကို အားပေးတဲ့ရာခိုင်နှုန်းအများစုဟာ အခြေခံလူတန်းစားအလွှာက အများဆုံးဖြစ်တယ်လို့ ဆိုပါမယ်။

ကပ်ရောဂါ နဲ့ အာဏာသိမ်းမှုနောက်မှာ အချိန်ကာလအားဖြင့် သုံးနှစ်ကျော် နိုင်ငံတွင်းမှာ အကျပ်အတည်းတွေ နဲ့ နေထိုင်ရတဲ့လူထုအတွက် ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်ပြန်ကြည့်တာနဲ့ အနုပညာရှင်တွေကို အားပေးတာကို အပြစ်မမြင်ဘူးလို့ လွတ်မြောက်နယ်မြေရောက်နေတဲ့ လူငယ်ဒါရိုက်တာတစ်ဦးက ပြောပါတယ်။

‘’ကျွန်တော့်အမြင်က ရုပ်ရှင်ပြန်ရိုက်နေကြတာရော၊ ရုပ်ရှင်ကြည့်ကြတာကိုရော အပြစ်မပြောလိုဘူး။ ဒါပေမဲ့ အနုပညာရှင်အများစုက ရုပ်ရှင်လုပ်ငန်းပြန်ပွင့်နေပြီ သူတို့ခေတ်ပျက်မှာ စီးပွားဖြစ်နေတာကို လူအများသိအောင် လူမှုကွန်ရက်ပေါ်တင်ကြွားနေတာကတော့ တော်လှန်ရေးကြောင့် ဆုံးရှုံးမှုများခဲ့သူတွေကို စာနာမှုမရှိရာရောက်တယ်လို့ မြင်တယ်’’ လို့ အဲဒီလူငယ်ဒါရိုက်တာက သူ့အမြင်ကို ပြောပါတယ်။

တစ်ဖက်မှာလည်း တိုင်းပြည်ရဲ့ အထွေထွေအကျပ်အတည်းကြားမှာ မွန်းကြပ်ပိတ်လှောင်မှုတွေနဲ့ ရှင်သန်ရပ်တည်နေကြတဲ့ လူထုတွေအတွက် ဖျော်ဖြေရေးအတွက် ငွေကုန်ခံမလား၊ စားဝတ်နေရေးကို ဦးစားပေးရမလားဆိုတဲ့ စဥ်းစားချက်တွေကြောင့် ရေရှည်မှာ ရုပ်ရှင်စျေးကွက် ဘယ်လောက်အလုပ် ဖြစ်နိုင်ပါ့မလဲဆိုတဲ့ တွက်ဆမှုတွေလည်း ထုတ်လုပ်သူတွေကြားမှာ စဥ်းစားချက်အဖြစ် ရှိနေကြတာပါ။

‘’မင်းသား နဲ့ မင်းသမီးက ခေတ်ပျက်မှာတောင် သိန်းရာချီရနေကြတာ။ ကြည့်တဲ့ပရိသတ်က ထမင်းစားဖို့တောင် အနိုင်နိုင်ဖြစ်လာရင် ပရိသတ်ကို ဘယ်လောက်ထိန်းနိုင်မလဲဆိုတာလည်း တွက်ဆရတာပေါ့’’ လို့ ရုပ်ရှင်စျေးကွက်စောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။