ပုံစံခွက်ထဲက မထွက်ဘူး အပြောခံရတဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ နှစ် ၇ဝ ပြည့်တော့မယ်

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုတွေ ပေးတာ အနှစ် ၇ဝ နီးပါးရှိလာပါပြီ။ ဆုရွေးချယ်ရေးနဲ့ ပတ်သက်ပြီး အငြင်းပွားတာတွေလည်း ဆုသမိုင်းတလျှောက်မှာ ရှိခဲ့ပါတယ်။
အကယ်ဒမီမတိုင်ခင်ကလည်း ရွှေတံဆိပ်ပေးခံရတဲ့ ရုပ်ရှင်တွေ မြန်မာပြည်မှာ ပေါ်ခဲ့ဖူးပါတယ်။
ရုပ်ရှင်ပေါ်ခါစ ၁၉၂ဝ ကျော်ကတည်းက ရှိခဲ့တာပါ။
ပထမဆုံးရိုက်တဲ့ မြန်မာသတင်းကား ဦးထွန်းရှိန် စျာပန ကို ဂျီစီဘီအေကွန်ဖရင့်က ရွှေတံဆိပ်ပေးခဲ့ပြီး ပထမဆုံး ဇာတ်လမ်းရုပ်ရှင်ဖြစ်တဲ့ မေတ္တာနဲ့သူရာ ကို ပြသတဲ့ စီနီမာဒီပဲရစ်ရုံနဲ့ တရားဝန်ကြီး ဆာမောင်ခင်တို့က ရွှေတံဆိပ်တွေ ချီးမြှင့်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ben Davies
ပထမဆုံးဆုချီးမြှင့်ခံရတဲ့ အမျိုးသမီးကတော့ ၁၉၂၆ မှာရိုက်တဲ့ ငယ်ကျွမ်းဆွေ ဇာတ်ကားက ခင်ထားဖြစ်ပြီး နေရှင်နယ်စပို့တင်းကလပ်ကနေ အလှဆုံးအမျိုးသမီးပထမဆု ချီးမြှင့်ခဲ့တာပါ။
ရွှေစင်ငွေစင် ကြေးစင်
ဒီလိုကြိုကြားပေးတဲ့ဆုတွေ ရှိခဲ့ပေမယ့် နှစ်စဉ်ပုံမှန်ချီးမြှင့်တဲ့ဆုကိုတော့ လွတ်လပ်ပြီးနောက်မှ အစိုးရက ကြီးမှူး ချီးမြှင့်ခဲ့ပါတယ်။
၁၉၅၂ က စပြီး ပေးတဲ့ ဒီဆုတွေပေါ်ခါစက ရွှေစင်ကိန္နရီရုပ်၊ ငွေစင်ဒေါင်းရုပ်နဲ့ ကြေးစင်ခြင်္သေ့ရုပ် ဆိုပြီး ဇာတ်ကားဆုတွေ ခွဲခြားချီးမြှင့်ခဲ့ပါတယ်။
အမျိုးသား အမျိုးသမီး ပညာသည်ဆုဆိုပြီး ဇာတ်ဆောင်နဲ့ ဇာတ်ရံမခွဲဘဲ ပေးခဲ့ပြီး ရွှေရင်ထိုးတွေ ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jade City - မနောမြေမှ ကျောက်စိမ်းကမ႓ာ
၁၉၅၅ ကျမှ ဆုအားလုံးကို ကိန္နရီရုပ် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ဒါရိုက်တာ၊ ဓာတ်ပုံ၊ ဇာတ်ပို့စတဲ့ဆုတွေ တဖြည်းဖြည်းတိုးပွားလာပြီး အခုဆိုရင် တသက်တာဆုအပါအဝင် ဆုအမျိုးအစား ၁၃ ဆုထိ ပေးနေပါပြီ။
အထူးဆုကို အရင်က ကလေးသရုပ်ဆောင်တွေကို ပေးခဲ့ပေမယ့် ၂ဝ၁၆ အတွက် အထူးဆုကိုတော့ မနောမြေမှ ကျောက်စိမ်းကမ္ဘာ ကားက ရခဲ့ပါတယ်။
အကယ်မီနဲ့ အပြိုင်ပေးခဲ့တဲ့ဆုကတော့ ပရိသတ် ဆန္ဒမဲနဲ့ရွေးတဲ့ သူရဿတီဆု ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myat Khine
၁၉၆ဝ က ရန်ကုန်မြို့တော်ခန်းမမှာ ပေးတဲ့ ဒီဆုကို မင်းသားမောင်သင်နဲ့ ဒါရိုက်တာသုခက ချစ်သွေးသစ္စာ ဇာတ်ကားနဲ့ ရခဲ့ပြီး အဲဒီကားကိုလည်း ဇာတ်ကားဆုပေးခဲ့ပါတယ်။
အဲဒီနှစ်မှာပဲ မောင်သင်ဟာ ချစ်သွေးသစ္စာ၊ ရေမြေဆုံးတိုင် နဲ့ စိုးပါနဲ့မေရယ် သုံးကားပေါင်းပြီး အမျိုးသား သရုပ်ဆောင်ဆု ရခဲ့ပါသေးတယ်။
အကယ်ဒမီနဲ့ အငြင်းပွားမှု
အကယ်ဒမီဆုတွေ ပေးစကတည်းက ဆုနဲ့ပတ်သက်ပြီး ငြင်းခုံတာတွေ ရှိခဲ့ပါတယ်။
ဆုတွေကို အဲဒီအချိန်က အင်အားကြီး ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ အေဝမ်းနဲ့ ဗြိတိသျှဘားမားက တလှည့်စီရတာလည်း ရှိခဲ့ပါတယ်။
၁၉၅၇ မှာ မြင့်မြင့်ခင်ကို ချစ်ညီမ ဇာတ်ကားနဲ့ ဆုပေးတဲ့အခါ အဲဒီကားမှာပဲ သူ့အစ်မအခန်းက ပါတဲ့ မေရှင်က ပိုရသင့်တယ်လို့ ရေးကြပါတယ်။
၁၉၆၅ မှာ တင်တင်မူကို သဲလွန်စ ဇာတ်ကားမှာ ဇာတ်ပို့ဆုပေးတဲ့အခါ အဓိကအခန်းက သရုပ်ဆောင်သူကို ဇာတ်ပို့ဆု ပေးတယ်လို့ ဝေဖန်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြန်မာရုပ်ရှင်ဇာတ်ကားအဟောင်း နှစ်သက်သူများ
ဒီဆုကို ခရီးလွန်နေလို့ တက်မယူခဲ့တဲ့ တင်တင်မူလည်း အဲဒီကားနောက်ပိုင်း ရုပ်ရှင်မရိုက်တော့ဘဲ နားခဲ့ပါတယ်။
၁၉၆၆ ကလည်း မြေမှာပွင့်သောမေတ္တာပန်း က အဓိကသရုပ်ဆောင် စိုးရွှေကို ဇာတ်ပို့ဆု ပေးပြန်ပါတယ်။
၁၉၆၈ မှာတော့ တိမ်လွှာမို့မို့လွင် နဲ့ ဇာတ်ပို့ဆုရမယ်လို့ ခင်လေးဆွေ နာမည်ကြီးခဲ့ပြီး အပယ်ရတနာ က ခင်မိုးမိုးက ရခဲ့ပါတယ်။
အဲဒီအချိန်က ခင်လေးဆွေနားမှာ ဝိုင်းနေတဲ့ ဓာတ်ပုံဆရာတွေ ခင်မိုးမိုးကို လိုက်ရှာရတယ်လို့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတွေအကြောင်း ရေးတဲ့ မောင်စင်ကြယ်က ရေးခဲ့ပါတယ်။
တခါတလေ ပရိသတ် အကြိုက် အကဲဖြတ်တွေအကြိုက်နဲ့တွေ့ပြီး တစ်ပေးခံရပေမယ့် မရတဲ့ကားတွေရှိသလို မှန်းထားတဲ့အတိုင်း ရတာလည်း ရှိပါတယ်။
၁၉၇၅ က ရွှေခြည်ငွေခြည်တန်းပါလို့ ဇာတ်ကားဟာ အကယ်ဒမီ လေးဆုအထိ ရခဲ့ပြီး မှန်းထားတဲ့ အတိုင်း အောင်မြင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar Famous Stars
အကယ်ဒမီမရတဲ့ နာမည်ကြီးတွေ
၁၉၅၂ က ချစ်သက်ဝေကားနဲ့ ကြည်ကြည်ဌေး အကယ်ဒမီရပါတယ်။
ဒီကားကို အစက မေရှင်နဲ့ ရိုက်ဖို့ ရှိပေမယ့် အဖွားကြီး လုပ်ရမယ့်အခန်းတွေ ပါလို့ မရိုက်ဖြစ်ခဲ့ဘူး ဆိုပါတယ်။
မေရှင်ဟာ ၁၉၆ဝ ထိ ရုပ်ရှင်ဆက်ရိုက်ပေမယ့် အကယ်ဒမီ မရခဲ့ပါဘူး။
ရှုမဝဦးကျော်နဲ့ အေဝမ်းမောင်လှမျိုးတို့ ရိုက်တဲ့ကားတွေ ဆုတွေဆွတ်ခူးခဲ့ပေမယ့် သူတို့ကတော့ ဒါရိုက်တာဆုတွေနဲ့ လွဲခဲ့ပါတယ်။
အလားတူ ၁၉၅၃ မှာ သည်ဆောင်းဟေမာန် ဇာတ်ကားနဲ့ ထင်ရှားခဲ့တဲ့ ကျော်ဆွေဟာလည်း ပုလဲမျက်ရည်၊ မချူသာသည် စတဲ့ နာမည်ကြီးကားတွေ အများအပြား ရိုက်ကူးခဲ့ပြီး အနုပညာအရလည်း ထင်ရှားခဲ့ပေမယ့် အကယ်ဒမီတဆုမှ မရခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, မြန်မာရုပ်ရှင်ဇာတ်ကားအဟောင်း နှစ်သက်သူများ
အကယ်ဒမီပေးတဲ့ ရုပ်ရှင်အကဲဖြတ်အဖွဲ့မှာ သူနဲ့မတည့်သူပါလို့ မရဘူးလို့တောင် ပြောစရာ ဖြစ်ခဲ့ပါတယ်။
ရုပ်ရှင်အကဲဖြတ်အဖွဲ့မှာ စဖွဲ့ကတည်းက ဒေါက်တာထင်အောင်၊ ဒေါ်မြစိန်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးသန့်၊ သခင်ဘသောင်း၊ တက်တိုး၊ ဒေါက်တာသာလှ စတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေ ပညာရှင်တွေနဲ့ ဖွဲ့ခဲ့တာ ဖြစ်ပြီး ပညာရှင်တွေ ကိုယ်တိုင် ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ နှစ်တွေ ရှိပါတယ်။
၁၉၆၂ နောက်ပိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဆိုရှယ်လစ်ရေး အားပေးတဲ့ ဇာတ်ကားတွေကို ပိုပြီး ရွေးချယ်ပေးတာတွေ ရှိလာသလို ၁၉၈၈ ခုနှစ် အာဏာသိမ်းပွဲ နောက်ပိုင်းမှာလည်း မျိုးချစ် စိတ်ဓာတ် မြှင့်တင်ရေး ခေါင်းစဉ်နဲ့ အကျုံးဝင်တဲ့ ဇာတ်ကားတွေကို အရေးပေးလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thierry Falise
၁၉၈၈ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အေးအေးသင်းနဲ့ ထွန်းဝေ စတဲ့ အကယ်ဒမီဆုရ သရုပ်ဆောင်တွေကို ဇာတ်ကားရိုက်ခွင့် ပိတ်တာတွေလည်း ရှိခဲ့ပါတယ်။
မိဘမေတ္တာ၊ အချစ်နဲ့ ယဉ်ကျေးမှုထိန်းသိမ်းရေး ဇာတ်ကားတွေကို အကယ်ဒမီပေးတာကတော့ အစဉ်အလာလို ဖြစ်ခဲ့ပြီး ရုပ်ရှင်တွေ ၁၉၆ဝ ပုံစံခွက်ထဲက မထွက်ဘူးလို့ အဝေဖန်ခံခဲ့ရပါတယ်။
ဒီကြားထဲက ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း၊ တခါကတဘဝ စတဲ့ ထူးခြားတဲ့ အနုပညာမြောက်ကားတွေ ပေါ်ထွက်ခဲ့ပြီး ဆုတွေရခဲ့ပါတယ်။
၁၉၈၈ မတိုင်ခင်က တနှစ်ကို ရာဂဏန်းကျော် မြန်မာရုပ်ရှင်တွေ ထွက်ခဲ့တာကလည်း နာမည်ကြီးတွေ အကယ်ဒမီမရတဲ့ အကြောင်းတခု ဖြစ်ပါတယ်။
ပထမဆုံး စပေးတဲ့ ၁၉၅၂ မှာတင် ဇာတ်ကား ၁၂၆ ကားကို လူ ၁၇ ယောက်နဲ့ စိစစ်ပြီး ဇာတ်ကား၊ အမျိုးသားနဲ့ အမျိုးသမီးပညာသည် ဆု ၃ ဆုကို ပေးခဲ့တာပါ။
နောက် ၁၉၆၃ နဲ့ ၁၉၈၆ ကနေ ၁၉၈၈ ထိ နှစ်တွေမှာ အကယ်ဒမီဆုမပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
၁၉၇၂ မှာတော့ ဒါရိုက်တာနဲ့ ဓာတ်ပုံဆု နှစ်ဆုပဲ ပေးခဲ့ပြီး အနည်းဆုံးပေးတဲ့နှစ်တနှစ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။
၁၉၇၄ မှာလည်း နွဲ့နွဲ့မူနဲ အောင်လွင်နှစ်ယောက်ပဲ ဆွတ်ခူးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
အကယ်ဒမီ ဒီရေ
၁၉၉၄ ကစပြီး အကယ်ဒမီဆု အများအပြား ပေးတာနဲ့ တဆုတည်းကို နှစ်ယောက်အထိ ပေးတာတွေ ဖြစ်လာပါတယ်။
ဒါကြောင့် အရင်က အကယ်ဒမီဆုအများဆုံးစံချိန်ကို သုခက ခြောက်ဆုနဲ့ တင်ထားခဲ့ပေမယ့် ညွန့်ဝင်းက ခုနစ်ဆု၊ ရန်အောင်က ခြောက်ဆု ဆိုတာတွေ ဖြစ်လာပါတယ်။
တဆုတည်းကို နှစ်ယောက် သို့မဟုတ် နှစ်ကားပေးတဲ့ ခေတ်က ၂ဝဝ၂ ခုနှစ်မှာ ဆန်ရေ နဲ့ ငါသူတစ်ပါး ယောက်ျားမိန်းမ ဇာတ်ကားတွေကို ဇာတ်ကားဆု ပူးတွဲပေးခဲ့ဖူးသလို ဒါရိုက်တာဆုကိုလည်း ဒီနှစ်ကားက ကြည်စိုးထွန်းနဲ့ ပန်းချီစိုးမိုးတို့ကို ချီးမြှင့်ခဲ့ပါတယ်။
ဂီတဆုမှာလည်း ဒီနှစ်ကားကပဲ ဂီတလုလင်မောင်ကိုကိုနဲ့ ခင်မောင်ကြီးတို့ ရရှိသွားခဲ့ပြီး ၂ဝဝ၂ ဟာ နှစ်ကားကနေ သုံးဆုအတွက် ခြောက်ခါရခဲ့တဲ့ ထူးခြားတဲ့နှစ် ဖြစ်ခဲ့ပါတယ်။
၁၉၉၄ ကနေ ၂ဝဝ၁ ထိကာလအတွင်းမှာတော့ နှစ်ဆုပူးတွဲပေးမှု ၉ ကြိမ်ထိ ရှိခဲ့ပါတယ်။
၁၉၉၄ မင်းသမီးဆု။ ။ စိုးမြတ်သူဇာနဲ့ မို့မို့မြင့်အောင်
၁၉၉၅ မင်းသားဆု။ ။ ရန်အောင်နဲ့ စိုးသူ
၁၉၉၆ မင်းသားဆု။ ။ ရန်အောင်နဲ့ ကျော်ရဲအောင်
၁၉၉၆ မင်းသမီးဆု။ ။ ထက်ထက်မိုးဦးနဲ့ မေသန်းနု
၁၉၉၇ အမျိုးသားဇာတ်ပို့ဆု။ ။ ညွန့်ဝင်းနဲ့ ဇင်ဝိုင်း
၂ဝဝဝ မင်းသားဆု။ ။ ရန်အောင်နဲ့ သီဟတင်စိုး
၂ဝဝ၁ မင်းသားဆု။ ။ မင်းမော်ကွန်းနဲ့ လွင်မိုး
၂ဝဝ၁ မင်းသမီးဆု။ ။ ထက်ထက်မိုးဦးနဲ့ မေသန်းနု
၂ဝဝ၁ အမျိုးသမီးဇာတ်ပို့ဆု။ ။ မေသဉ္စာဦးနဲ့ စိုးမြတ်နန္ဒာ
အရင်က ရုပ်ရှင်ကားတကားကနေ အများဆုံး အကယ်ဒမီ လေးဆုပဲ ရခဲ့ဖူးပေမယ့် ၁၉၉၅ က တိုက်ပွဲခေါ်သံ က ငါးဆု ရတာကနေ စပြီး ၂ဝ၁၁ မှာ ရှစ်ဆု ရတဲ့ ထာဝရအလင်းတန်း ထိ ရှိလာခဲ့ပါတယ်။
ဆုပူးတွဲပေးတာတွေ၊ နည်းပညာဆုတွေ တိုးမြှင့်ပေးလာတာတွေကြောင့် ဒီလိုဆုတွေများလာတာပါ။
နဝတခေတ်မှာ ကားထွက်နည်းပေမယ့် မင်းသားမင်းသမီးတွေကို အလှည့်ကျစနစ်နဲ့ ဆုပေးတယ်လို့ ပြောစမှတ်လည်း ဖြစ်ခဲ့ပါတယ်။
မျက်နှာသစ် မျက်နှာဟောင်း
မြန်မာရုပ်ရှင်လောကမှာ လူသစ်လူဟောင်း ပြဿနာကလည်း အရင်ကတည်းက ရှိခဲ့ပါတယ်။
၁၉၅၆ မှာ မန္တလေးရုပ်ရှင် ပေါ်လာတဲ့အခါ အညာသားကုန်သည်ပွဲစားတွေ အပျော်ရုပ်ရှင်ရိုက်တယ်လို့ ယူဆခဲ့ကြပေမယ့် ပထမဆုံးကားနဲ့ အကယ်ဒမီဆုရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aung Mon
ရုပ်ရှင်လောကမှာ လူသစ်တွေ တိုးရခက်တာက နယ်ပယ်တိုင်းမှာ ကြုံရတဲ့ ပြဿနာ ဖြစ်သလို လူခံရှိတိုင်းလည်း အောင်မြင်မှု မရပါဘူး။
နာမည်ကြီး စာပေမဂ္ဂဇင်းတွေကနေ ရုပ်ရှင်ကုမ္ပဏီထောင်တာကို ရှုမဝနဲ့ သွေးသောက်မှာ တွေ့ရသလို ဝင်းဦးကလည်း စန္ဒာရုပ်ရှင်နဲ့ မဂ္ဂဇင်းကို တခေတ်တည်းမှာ တည်ထောင်ခဲ့ပါတယ်။
၁၉၈၈ နောက်ပိုင်းမှာ ဗီဒီယိုပါပေါ်လာတဲ့အတွက် မျက်နှာသစ်တွေ အများကြီး ရုပ်ရှင်လောကကို ရောက်လာပါတယ်။
၂ဝဝဝ ပြည့်လွန်နှစ်တွေမှာ ပြည်ပအထိ သွားပြီး ရုပ်ရှင်ပညာသင်တဲ့ မျိုးဆက် ပြန်ပေါ်လာခဲ့ပါတယ်။
၁၉၆၂ မတိုင်ခင်က အစိုးရက အမေရိကန်ကို ရုပ်ရှင်ပညာသင် လွှတ်ဖူးပြီး ဆိုဗီယက်ကို လွှတ်တာလည်း ရှိခဲ့ပါတယ်။
အနုပညာမျိုးဆက် တကွေ့တိုင်းမှာ တီထွင်ဖောက်ထွက်မှုတွေ ရှိတာကလည်း ထုံးစံပဲ ဖြစ်ပါတယ်။
ရုပ်ရှင်မှာ တင်းကျပ်မှုတွေ လျှော့ပေါ့လာပြီးနောက် သာမန်လူမှုဘဝတွေကို အနုပညာအမြင်သစ်နဲ့ ချဉ်းကပ်တဲ့ ရုပ်ရှင်တွေ ထွက်တာတော့ နည်းနေတာကို တွေ့ရပါတယ်။











