ရုပ်ရှင်ရုံတွေပြန်ဖွင့်ဖို့ စစ်ကောင်စီ ဖိအားပေးနေသလား

ဓာတ်ပုံ ရင်းမြစ်, Shweinnthar KhinMgWin
နှစ်နှစ်ကျော်ကြာ ပိတ်ထားတဲ့ ရုပ်ရှင်ရုံတွေ ဒီကနေ့ ပြန်လည်ဖွင့်ပေမယ့် လာကြည့်တဲ့ပရိတ်သတ်ကတော့ ရုံအနီးတစ်ဝိုက်မှာ ကျိုးတိုးကျဲတဲ အနေအထားပဲတွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အရင်ကတော့ အခုလိုမြန်မာနှစ်ဆန်းတစ်ရက်ဆိုရင် ရန်ကုန်မြို့အနှံ့ ရုပ်ရှင်ရုံတွေ တန်ခိုးကြီးဘုရားတွေမှာ လူတွေအပြည့်နဲ့ စည်ကားလေ့ရှိပါတယ်။
" သင်္ကြန်တုန်းကလည်း ဟိုနားအုန်း ဒီနားအုန်း တာတွေ ရှိခဲ့တော့ လူစည်နေတာတော့ မတွေ့ရဘူး။ အရင် ပုံမှန်ကာလတွေက ဒီရက်ဆို ရုပ်ရှင်ရုံ ဘုရား ပန်းခြံ အဲဒါတွေမှာသာ ကားထိုးထား ခေါက်တုံ့ခေါက်ပြန် ဆွဲရတယ်။ အခုတော့ လူရဖို့ မနည်း ပတ်ရှာနေကြရတယ်။" လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီက ကိုဗစ် ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေကို ဖြေလျှော့ပြီး ညမထွက်ရအမိန့်တွေကိုလည်း လျှော့ပေးကာ လူ ၄၀၀ ထိ စုဝေးခွင့်ပြုလိုက်တဲ့အပြင် မြန်မာနှစ်ဆန်းတရက် ဧပြီလ ၁၇ ရက်မှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ဖို့ အမိန့်ကို ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အစီအစဥ်နဲ့ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးရုပ်ရှင်ရုံ ၄၈ ရုံဖွင့်လှစ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shweinnthar KhinMgWin
စစ်ကောင်စီက ရန်ကုန်နဲ့ မန္တလေးအပါအဝင် နိုင်ငံအနှံ့က ရုပ်ရှင်ရုံအချို့ကို ပြန်လည်ဖွင့်လှစ်ဖို့စီစဥ်ခဲ့တာဖြစ်ပြီး မန္တလေးမှာလည်း မြို့မ၊ ဝင်းလိုက်၊ မြို့ဂုဏ်ရောင် အပါအဝင် မန္တလေးက ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
မန္တလေးက ရုပ်ရှင်ရုံတွေကို ဒီကနေ့ နှစ်ဆန်းတစ်ရက်က စတင်ပြီး စစ်ကောင်စီက အမိန့်ပေးစေခိုင်းတာကြောင့် ပြန်လည်ဖွင်လှစ်နေပေမယ့် လာရောက်ကြည့်ရှု့သူ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ကရင်ပြည်နယ် ဘားအံ့မြို့မှာလည်း ဒီကနေ့ တက်နေဝန်းရုပ်ရှင်ရုံကို ဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ် မြဝတီမြို့ရှိ ရွှေစင်ခြူးနဲ့ သွန်းရွှေစင် ရုပ်ရှင်ရုံတို့ကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်၊
ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့ကျင်းပတဲ့ ရုပ်ရှင်ရုံဖွင့်ပွဲ အခမ်းအနားမှာ စစ်ကောင်စီခန့်ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်တွေဖွင့်လှစ်ပြသခြင်းမရှိသေးတဲ့ ရုပ်ရှင်ရုံပိုင်ရှင်တွေကိုလည်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြသနိုင်ရေး ကြီးကြပ်ဆောင်ရွက်နေတယ်လို့ ပြောသွားခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်ရှင်ထုတ်လုပ်သူတွေကို ဇာတ်ကားတွေကို ရုံတင်ဖို့ ဖိအားပေးတာတွေရှိတယ်လို့လည်း ရုပ်ရှင်လောကသားတွေဘက်က တစ်ဆင့် သိရပါတယ်။

ဧပြီလ ၁၇ ရက်နေ့ကစပြီး ဧပြီ ၂၇ ရက်နေ့အထိ ပြသမယ့် ရုပ်ရှင် ဇာတ်ကားတွမှာ မြန်မာဇာတ်ကားနဲ့ နိုင်ငံခြားကားတွေ ပါဝင်ပြီး ဒီကနေ့ သမ္မတရုပ်ရှင်ရုံမှာ ၅၀၅ ကနဲ့ တရားစွဲခံရပြီး ပြန်လွတ်လာတဲ့ သရုပ်ဆောင်လူမင်းပါဝင်တဲ့ "ဝေးမနေချင်ဘူး" ဇာတ်ကားကို ပြသခဲ့ပါတယ်။
ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်လိုက်ပေမယ့်လည်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်မှာ ရုပ်ရှင်လုပ်ငန်း ပြန်လည် မလုပ်ကိုင်ကြတဲ့ အနုပညာရှင်တွေလည်း ရှိနေသေးတာကြောင့် ရုပ်ရှင်ဈေးကွက်က ချက်ချင်း ပြန်ကောင်းလာတာမျိုး မဖြစ်နိုင်သေးဘူးလို့ ရုပ်ရှင်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
ရုပ်ရှင်ဇာတ်ကားတွေကို ထုတ်လုပ်တဲ့ ထုတ်ဝေရေးတစ်ခုက မန်နေဂျာတစ်ဦးက " ရုပ်ရှင်ဈေးကွက်က အခြေအနေမကောင်းနိုင်သေးဘူး။ အခုတောင် နောက်ကားတွေအတွက် ဘာမှမပြင်ဆင်ထားကြဘူး။ ပထမကားရဲ့ အခြေအနေကို စောင့်ကြည့်နေကြတာ။ မလွယ်သေးဘူး။ ဒီကာလ ရိုက်ဖို့ရော၊ ကွာလတီရော၊ နိုင်ငံရေးရော၊ အားလုံးချိန်နေရတယ်။ " လို့ ပြောပါတယ်။
ဒါ့အပြင် တစ်ဖက်မှာလည်း ရုပ်ရှင်လောကသားတွေ အနေနဲ့ ၅၀၅ နဲ့ ရှောင်တိမ်းနေကြရသူတွေလည်း ရှိနေတာကြောင့် ပြန်လည်စုစည်းနိုင်တာတွေ မရှိနိုင်သေးတဲ့ ကာလဖြစ်လို့ ရုပ်ရှင်လောကနဲ့ဈေးကွက်မှာ အရှိန်ယူဖို့လိုတယ်လို့လည်း သုံးသပ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူငယ် ဒါရိုက်တာတစ်ဦးကလည်း " အရင်က ကိုယ့်ကား ရုံတင်ခွင့်ရဖို့အတွက် ဒီလိုရက်ကို လုရတာ မျှော်ရတာ။ ဒီလို နှစ်ဆန်းတစ်ရက်က ဝင်ငွေ အများဆုံးရတဲ့ ရက်တွေထဲမှာပါတယ်လေ။ အခုကတော့ ကိုယ့်ကားကို မတင်ရဲတဲ့အနေအထား၊ သူများကား ရုံတင်တာကို အခြေအနေ တစ်ချက်စောင့်ကြည့်နေရတဲ့အနေအထားဖြစ်နေတာ။ အခု စတင်တဲ့သူတွေကလည်း တစ်ပြားမှ မရဘဲ ထိုင်နေရမယ့်အတူတူတော့ တင်ကြည့်ထားမယ်ဆိုပြီး စမ်းတင်ကြည့်တဲ့ သဘောပဲ။ အရှိန်ယူဖို့က အချိန်လိုဦးမယ်။ ကိုယ့်လောကသားတွေတောင် စုစည်းဖို့ခက်နေတာ။ ရှိတဲ့သူနဲ့ ရိုက်ပြီထားဦး၊ ပရိသတ်က အားပေးမှာလား။ အဲဒါတွေက ရှိသေးတယ်။ ဘက်ပေါင်းစုံက လှုပ်မရတဲ့ အနေအထားမှာရှိတယ်။" လို့ ပြောပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံရေး မတည်ငြိမ်သရွေ့တော့ ဖျော်ဖြေရေး လုပ်ငန်း တစ်ခုမှ အဆင်မပြေနိုင်သေးဘူးလို့ စီးပွားရေးပညာရှင်တွေရဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
" နိုင်ငံတစ်နိုင်ငံ စည်ပင်ဝပြောဖို့က နိုင်ငံရေးကောင်းဖို့ပဲ။ နိုင်ငံရေးကောင်းမှ စီးပွားရေး ကျန်းမာရေး ၊ ပညာရေး အကုန် ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်မယ်။ အဲဒီနောက်ကမှ ကျန်းမာရေး ကိစ္စတွေပါလာမယ်။ လူမှုရေး သာရေးနာရေးတွေ လိုက်လာမယ်။ နောက်မှ ဖျော်ဖြေရေးတွေ ရှိမယ်။ အားကစားတွေရှိမယ်။ အစပိုင်း နိုင်ငံရေးကိုက မကောင်းနေတော့ ကျန်တာ ဖွံ့ဖြိုးမယ်လျှောက်ပြောနေတာ စိတ်ကူးပဲ။ မဖြစ်နိုင်သေးဘူး"
ပထမဆုံးရုံတင်တဲ့နေ့မှာတော့ ရုံပွဲစဉ်တွေ အနည်းငယ် အချိန်အပြောင်းအလဲရှိပြီး လက်မှတ်ခတွေ အပြောင်းအလဲ မရှိဘူးလို့ ရန်ကုန်မြို့က ရုပ်ရှင်ရုံတစ်ရုံထံက သိရပါတယ်။
လက်ရှိမှာတော့ နောက်ဆုံးပွဲစဉ်က ညနေ ၆ နာရီ ပွဲစဉ်ဖြစ်ပြီး လက်မှတ်ကြိုဝယ်ဖို့မလိုဘဲ လာမှဝယ်လို့ရတယ်လို့ ရုပ်ရှင်ရုံ အခြေအနေကို ဖုန်းနဲ့ဖြေကြားပါတယ်။
စစ်ကောင်စီလက်အောက်မှာ မြန်မာ့ရိုးရာသင်္ကြန်ကို လူအများစုက အင်နဲ့အားနဲ့ ပါဝင်မဆင်နွှဲကြတဲ့အတွက် အခုလို ရုပ်ရှင်ရုံ စတဲ့ဖျော်ဖြေရေးတွေဘက်ကို အချိန်ပေးဖို့က လတ်တလော မဖြစ်နိုင်သေးဘူးလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။








