''UFC ကြိုးဝိုင်းထဲမှာ မြန်မာအလံကို တွေ့ရပြီ။ ... ဒီလိုဖြစ်ဖို့ ကျွန်တော်တိုက်ယူခဲ့ရတာ'' - ဂျော့ရှုဝါ ဗန်

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ချင်းဖိုက်တာ ဂျော့ရှုဝါ ဗန်ဟာ ကမ္ဘာတဝန်းပရိသတ် အခိုင်အမာရှိပြီး ထင်ရှားကျော်ကြားတဲ့ UFC ပြိုင်ပွဲ သမိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်တဲ့မြန်မာနွယ်ဖွား ဖိုက်တာတစ်ဦး ဖြစ်ပါတယ်။
အခုတော့ သူဟာ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကို ကာကွယ်ဖို့ ဂျပန်ဖိုက်တာ တာဆုရို တိုင်ရာနဲ့ ဧပြီလမှာ ယှဥ်ပြိုင်ထိုးသတ်ဖို့ ရှိနေပါတယ်။
ဂျော့ရှုဝါ ဗန်ကို ဘီဘီစီ မြန်မာပိုင်း သတင်းထောက် ကိုသူရက ဒီဇင်ဘာလတုန်းက အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဗန် ပြောတဲ့ သူ့ရဲ့ ချန်ပီယံခါးပတ်ကို ကာကွယ်မယ့် စိတ်အားထက်သန်မှုတွေ၊ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနဲ့ ပတ်သက်တဲ့သူ့ရဲ့စိတ်ခံစားချက်၊ သူ့ဘဝနဲ့ မိသားစုအကြောင်း၊ ဖိုက်တာဘဝ ရှေ့အနာဂတ်မျှော်မှန်းချက်တွေနဲ့ ပတ်သက်တဲ့ပြောကြားချက်အပြည့်အစုံကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ။ ။ ဗန်ရဲ့ ဇာတိချက်ကြွေနေရာက မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ဖြစ်တယ်ဆိုတာသိရတယ်။ အမေရိကန်ပြည်ထောင်စုကို မပြောင်းလာခင်က ဗန်ရဲ့ ငယ်ဘဝအကြောင်း ပြောပြပေးပါလား။
ဂျော့ရှုဝါ ဗန်။ ။ ကျွန်တော့်ငယ်ဘဝက ရိုးရှင်းပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော့်ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်းခဲ့တာပါ။ ကျွန်တော် မြန်မာနိုင်ငံမှာ ၈ နှစ်အရွယ်အထိ နေခဲ့တယ်။ အဲဒီအချိန် မြန်မာနိုင်ငံက အခြေအနေတွေက သိတဲ့အတိုင်းပါပဲ။ ဒါကြောင့် ကျွန်တော့်မိဘတွေက ကျွန်တော်တို့အနာဂတ်တွေ ပိုကောင်းဖို့ အခွင့်အလမ်းကောင်းတွေကို ရှာဖွေခဲ့တယ်။ အဲဒီလိုနဲ့ မလေးရှားကို ရောက်ခဲ့ပြီး ခိုလှုံခွင့် တောင်းခံခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ အမေရိကန်ကို ရောက်လာတာပေါ့။
ဘီဘီစီ။ ။ အမေရိကန်ကို ရောက်လာပြီးတဲ့အချိန်မှာရော ဗန်ရဲ့ဘဝဇာတ်ကြောင်းက ဘယ်လိုတွေရှိခဲ့လဲ။
ဂျော့ရှုဝါ ဗန်။ ။ အမေရိကန်နိုင်ငံကို ရောက်လာပြီးတဲ့နောက်မှာ အရာအားလုံးပြောင်းသွားခဲ့တယ်။ အားလုံး သိတဲ့အတိုင်းပဲ။ မြန်မာလူနေမှုပုံစံနဲ့ အမေရိကန်လူနေမှုပုံစံက လုံးဝ မတူဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကျောင်းတက်တဲ့အရွယ်မှာ ကျွန်တော့်နှလုံးသားက အတော်လေးကို ခက်ထန်ခဲ့တယ်။ အတော်လေး ခက်ခဲခဲ့တယ်။ သူငယ်ချင်းတွေလည်း မရှိခဲ့ဘူး။ ဝိုင်းပြီးတော့ အနိုင်ကျင့်တာလည်း ခံခဲ့ရတယ်။ ဒါကြောင့် ကျောင်းတက်တဲ့အရွယ်မှာ အရာအားလုံးအတွက် တိုက်ယူခဲ့ရတယ်။
ဘီဘီစီ ။ ။ ဒါက ဗန်ရဲ့ဘဝဇာတ်ကြောင်းပေါ့။ ဗန် အခုလို ဖိုက်တာ တစ်ယောက်ဖြစ်လာအောင် ဘယ်အရာတွေက တွန်းပို့ခဲ့တာလဲ။
ဂျော့ရှုဝါ ဗန်။ ။ ကျွန်တော်က အစကတည်းက ဖိုက်တာ တစ်ယောက်ဖြစ်ခဲ့တာပါ။ ကျောင်းတက်တုန်းကဆိုရင်လည်း မကြာခဏ ရန်ဖြစ်တာမျိုးလည်း ရှိခဲ့တာဆိုတော့လေ။ အကြောင်းပေါင်းစုံတာတွေ အများကြီးဖြစ်ခဲ့တော့ တစ်ရက်မှာ တက္ကဆက်က ဟူစတန်မြို့ကနေ အိုင်အိုဝါပြည်နယ်ကို ပြောင်းခဲ့ရတဲ့အထိပဲ။
တက္ကဆက်ပြည်နယ်မှာ ဆက်နေလို့မရတော့တဲ့ အခြေအနေအတွက်ကြောင့် တခြားမြို့ကို ပြောင်းခဲ့ရတာပါ။ ကျွန်တော် အိုင်အိုဝါကို ပြောင်းပြန်တော့လည်း ရန်တွေ ဆက်ဖြစ်နေတုန်းပဲ။
တစ်ရက်မှာ ကျွန်တော် ရန်ဖြစ်ပြီးတော့ အိမ်ကိုပြန်ရောက်လာတယ်။ မျက်နှာတစ်ခုလုံးလည်း ပွန်းပဲ့ဒဏ်ရာတွေအပြည့်ပဲ။ အဲဒီအချိန် ကျွန်တော့်အဒေါ်က ကျွန်တော့်ကို စကားပြောချင်လို့ ခဏလာဦး ဆိုပြီး လှမ်းခေါ်တယ်။
မင်းကိုယ်မင်း ယောက်ျားလို့ ထင်လားဆိုပြီး အဒေါ်က မေးတယ်။ ကျွန်တော်ကလည်း ဟုတ်တယ်ဆိုပြီး ပြန်ဖြေလိုက်တယ်။ ပြန်တုံ့ပြန်ခဲ့တာတွေ ရှိခဲ့ဖူးတာကိုး။
သူက အဲဒါ ယောက်ျားလို့ မခေါ်ဘူး။ တကယ့်ယောက်ျားဆိုတာ တိုင်းပြည်နဲ့ မိသားစုအတွက် တိုက်ပွဲဝင်တယ်။ မန်နီ ပက်ကွီယိုနဲ့ နမူနာပေး ပြောတယ်။ တကယ့် ယောက်ျားဆိုရင် တိုင်းပြည်အတွက် ကမ္ဘာ့စင်မြင့်ထက်မှာ တိုက်ပွဲဝင်ရတယ်ဆိုပြီး အဒေါ်က ပြောတယ်။ အဲဒီစကားက ကျွန်တော့်ကို အရှိုက်ထိသွားစေတယ်။
အိပ်ရာထဲမှာ ကျွန်တော် တစ်ညလုံး တွေးနေခဲ့တာ။ အိပ်လို့လည်း မရဘူး။ နောက်နေ့မနက်ကျတော့ ကျွန်တော့်အမေကို ဖုန်းဆက်ပြီး တက္ကဆက်က ဟူစတန်မြို့ကို ပြန်မယ်၊ စပြီးလေ့ကျင့်တော့မယ်ဆိုပြီး ပြောခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော့်ရဲ့ ဖိုက်တာဘဝ စတင်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ဗန် UFC ရဲ့ ကြိုးဝိုင်းထဲကို လျှောက်လာတဲ့အချိန် ပရိတ်သတ်တွေအရှေ့ မြန်မာအလံကို ခြုံပြီး ထွက်လာခဲ့တယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ အဲဒီလိုပွဲထွက်ခဲ့တာလဲ။
ဂျော့ရှုဝါ ဗန်။ ။ ကျွန်တော် UFC ကို မရောက်ခင်ကတည်းက မြန်မာနိုင်ငံကို ကိုယ်စားပြုခဲ့တာပါ။ UFC ကို ရောက်လာတဲ့အချိန်မှာလည်း တော်တော်များများက မြန်မာနိုင်ငံကို မသိကြဘူး။ မြန်မာအလံလည်း သယ်ခွင့် မပေးခဲ့ဘူး။ ဒီလို မြန်မာအလံခြုံနိုင်ဖို့ ကျွန်တော်တိုက်ယူခဲ့ရတာပါ။
ဒါက လွယ်ကူတဲ့အလုပ်တော့ မဟုတ်ခဲ့ပါဘူး။ ကျွန်တော်ဟာ မြန်မာနိုင်ငံကို တကယ်ကိုယ်စားပြုချင်တယ်ဆိုတာကို သူတို့ နားလည်နိုင်ဖို့ ပြိုင်ပွဲတချို့ကို အနိုင်ရအောင် ထိုးခဲ့ရတယ်။
ပထမ ၄ ပွဲလောက်နိုင်တဲ့အထိ မြန်မာအလံကို သယ်ခွင့်မပေးခဲ့ဘူး။ သူတို့ကတော့ မြန်မာနိုင်ငံဖြစ်နေလို့ စသဖြင့်ပြောတယ်။ ကျွန်တော့်အတွက်တော့ ဒါက အောင်မြင်မှု တစ်ခုပဲလို့ မြင်ပါတယ်။ လူတွေက မြန်မာနိုင်ငံကို မသိကြဘူး။ ဒီတော့ သူတို့အတွက် မြေပုံမှာ မြန်မာနိုင်ငံဆိုတာကို ကျွန်တော် ထည့်ပေးလိုက်နိုင်ပြီ။
အခုဆို UFC ရဲ့ ကြိုးဝိုင်းထဲမှာ မြန်မာအလံကို တွေ့နေရပြီ။ မြန်မာဘယ်မှာရှိလဲဆိုတာလဲ လူတွေသိကြပြီ။ မြန်မာအလံကို သယ်ဖို့၊ နိုင်ငံကို ကိုယ်စားပြုဖို့ ကျွန်တော် တိုက်ယူခဲ့ရတာပါ။
ဘီဘီစီ။ ။ မြန်မာအလံ ခံတွင်းကပ်ကို တွေ့လိုက်တယ်။ ဖိနပ်ရောပဲ။ ကိုယ့်နိုင်ငံကို ကမ္ဘာ့ကြိုးဝိုင်းထဲမှာ ကိုယ်စားပြုရတာ ဘယ်လိုခံစားရလဲ။
ဂျော့ရှုဝါ ဗန်။ ။ မြန်မာအလံကို သယ်ခွင့်မပေးလို့ မြန်မာအလံအရောင်ချယ်ထားတဲ့ ခံတွင်းကပ်ကို ကြိုးဝိုင်းထဲမှာ တပ်ခဲ့တာပါ။ ကြိုးဝိုင်းထဲ အလံသယ်ခွင့်မပေးတော့ တခြားနည်းဖြစ်တဲ့ ဒီနည်းသုံးခဲ့တာ။ ဒါမှ ကမ္ဘာက မြင်နိုင်မှာကိုး။ ဒါကို သူတို့တွေ့တဲ့အခါလည်း မြန်မာဆိုတာ နိုင်ငံတစ်ခုပါလားဆိုပြီး ဖြစ်သွားစေတယ်။
ဒီလိုလုပ်ခဲ့၊ ဖြစ်ခဲ့တော့ သူတို့ ငြင်းခွင့်မသာတော့ဘူး။ ဒီလိုနဲ့ နောက်ပွဲတွေမှာ မြန်မာအလံကို သယ်ခွင့်ပေးခဲ့တယ်။
မြန်မာအလံနဲ့ ဖိနပ်ကတော့ ကျွန်တော်လုပ်ခိုင်းခဲ့တာမဟုတ်ဘူး။ ဖိနပ်ဆိုင်တစ်ဆိုင်က သီးသန့်ဆိုပြီး လုပ်ပေးခဲ့တာ။ ခုတော့ မြန်မာကို လူတွေသိလာတာ ကျေးဇူးတော်ပါပဲ။ ဖိနပ်မှာ ဒီလို လုပ်ပေးဖို့ ကျွန်တော့်ဘက်က တောင်းဆိုခဲ့တာ မဟုတ်ပါဘူး။
ကျွန်တော့်အတွက်ဆိုပြီး မြန်မာအလံနဲ့ပါတဲ့ သေနတ်တစ်လက်ကို ဂုဏ်ပြုလက်ဆောင်ဆိုပြီး ပေးခဲ့ကြတာရှိတယ်။ လူတွေက မြန်မာဆိုတာကို သိနေကြပြီ။ ဒီအတွက် ကျွန်တော်ဝမ်းသာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ ။ ။ ဗန်က ချန်ပီယံခါးပတ်နဲ့ အုတ်ဂူတစ်ခုကို သွားခဲ့တာ တွေ့တယ်။ ဘယ်သူ့အုတ်ဂူလဲ။
ဂျော့ရှုဝါ ဗန်။ ။ ကျွန်တော့်အဖေပါ။
ဘီဘီစီ ။ ။ အဖေ့အကြောင်း ပြောပြပေးပါလား။ ဘယ်အချိန်က ဆုံးပါးသွားခဲ့တာလဲ။
ဂျော့ရှုဝါ ဗန်။ ။ ၂၀၁၇ ခုနှစ်မှာ ကျွန်တော့် အဖေက ဆုံးပါးသွားခဲ့တာပါ။
ဘီဘီစီ ။ ။ ဗန်က အခုချန်ပီယံလည်း ဖြစ်လာပြီ။ အဖေ့ရဲ့အုတ်ဂူကိုသွားတဲ့အခါမှာ ဘာပြောခဲ့လဲ။
ဂျော့ရှုဝါ ဗန်။ ။ ကျွန်တော့် အဖေကို စကားပြောခဲ့တယ်။ အဖေက ကျွန်တော့်ကို ဂုဏ်ယူနေလိမ့်မယ်လို့ ထင်တယ်။ သူရှိနေတုန်းက ကျွန်တော်က ဘာမှမဟုတ်ခဲ့ဘူး။ အရင်က မလုပ်သင့်တဲ့အရာတွေ လုပ်ခဲ့တယ်။ အခုတော့ ချန်ပီယံလည်းဖြစ်ပြီ။ အဖေ ကျွန်တော့်အတွက် ဂုဏ်ယူနေမယ်လို့ ထင်တယ်။ အဖေ့ အုတ်ဂူကိုသွားပြီး အဲဒီလို ပြောပြဖြစ်ခဲ့တယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ဗန်သိတဲ့အတိုင်းပဲ မြန်မာနိုင်ငံက အခုဆိုပြည်တွင်းစစ်ဖြစ်နေတယ်။ ဗန်ရဲ့ မွေးရပ်မြေ ချင်းပြည်နယ်လည်း စစ်ဖြစ်နေတယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေတွေပဲဖြစ်ဖြစ် ဗန်ကို သူတို့တွေ အားပေးနေကြတယ်။ ဒီလိုအားပေးနေတဲ့ မြန်မာပြည်သူတွေကို ဘာများပြောချင်လဲ။ ဘယ်လိုအားပေးချင်လဲ။
ဂျော့ရှုဝါ ဗန်။ ။ မြန်မာမှာ ဖြစ်နေတာတွေက သိတဲ့အတိုင်းပါပဲ။ ဘယ်သူမှလည်း ဒီလိုမဖြစ်ချင်ဘူး။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ဆုတောင်းရမှာပဲ။ ပိုကောင်းတဲ့ကမ္ဘာဖြစ်လာဖို့ ဆုတောင်းရမယ်။ ကျွန်တော်တို့ ဒီကနေ မြန်မာပြည်သူတွေအတွက် အမြဲဆုတောင်းပေးနေပါတယ်။ ကျွန်တော်တို့ မိသားစု ဆုတောင်းတဲ့အခါမှာလည်း မြန်မာပြည်သူတွေကို အမြဲထည့်ပြီး ဆုတောင်းပေးပါတယ်။
ကျွန်တော့် အနေနဲ့ မကြာခင်အရာအားလုံး အဆင်ပြေသွားဖို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ရဲစွမ်းသတ္တိတွေ မဆုံးရှုံးစေနဲ့။ သတ္တိရှိရှိ ကျော်ဖြတ်ပါ။
ဘီဘီစီ။ ။ ပြည်သူတွေကို ဘယ်လိုမျိုး အားပေးချင်လဲ။
ဂျော့ရှုဝါ ဗန်။ ။ ကျွန်တော် စောစောက ပြောခဲ့သလိုပါပဲ ခက်ခဲတဲ့အချိန်တွေဆိုတာ အမြဲတမ်း မရှိတတ်ပါဘူး။ ပြီးတော့ ဒီအခက်အခဲတွေကြောင့်ပဲ ပိုပြီးတော့ သန်မာတဲ့သူတွေဖြစ်လာမှာပါ။ မြန်မာပြည်သူတွေ ကြိုးစားနေသရွှေ့ အရာအားလုံးအဆင်ပြေမှာပါ။ ကျွန်တော်တို့ ဒီကနေလည်း ဆုတောင်းပေးနေပါမယ်။ အရာရာအားလုံး အဆင်ပြေသွားမှာပါ။ နောက်ဆုံးမှာ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ကြတဲ့သူတွေ ဖြစ်လာကြမှာပါ။
ဘီဘီစီ ။ ။ ကျွန်တော် အမှတ်မမှားရင် ဗန်က MMA လေ့ကျင့်တာ ၅ နှစ်ပဲ ရှိသေးတယ်။ အချိန်တို အတွင်းမှာ ချန်ပီယံဖြစ်လာတယ်။ ဘယ်လိုခံစားရလဲ။
ဂျော့ရှုဝါ ဗန်။ ။ ခံစားမှုကတော့ အတိုင်းထက်အလွန်ပါပဲ။ ကျွန်တော် ကြိုးဝိုင်းထဲမှာ ထိုးသတ်ခဲ့တာ ၅ နှစ်ပဲ ရှိသေးတယ်ဆိုပေမဲ့ ကြိုးဝိုင်းအပြင်ဘက်က ကျွန်တော့်ဘဝတလျှောက်လုံးမှာလည်း ကျွန်တော်ဟာ ဖိုက်တာ တစ်ယောက်ဖြစ်နေခဲ့တာပါ။ ဒါက ကျွန်တော့်အတွက်တော့ အသစ်မဟုတ်ပါဘူး။
ဘီဘီစီ ။ ။ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပန်တိုဂျာနဲ့ ချန်ပီယံခါးပတ်လုပွဲအကြောင်း ပြောချင်ပါတယ်။ ပွဲမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ဖြစ်သွားခဲ့တယ်။ ဗန်အနေနဲ့ ပွဲကို ဒီလိုမဟုတ်ဘဲ တခြားပုံစံမျိုးနဲ့ အဆုံးသတ်ချင်ခဲ့သလား။ ပန်တိုဂျာက ပွဲစကတည်းက ခပ်ကြမ်းကြမ်းပုံစံနဲ့ ထွက်လာခဲ့တာ တွေ့ရ တယ်။ ပန်တိုဂျာသာ ဒဏ်ရာမရခဲ့ရင်ရော ချန်ပီယံခါးပတ်ရဖို့ ဘယ်လောက်ယုံကြည်မှုရှိလဲ။
ဂျော့ရှုဝါ ဗန်။ ။ သူဒဏ်ရာမရခဲ့ရင်တောင် အဲဒီပွဲက ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်သူ့ကို ခပ်ကြမ်းကြမ်းထိုးပြီး အသာလေးအနိုင်ယူပြမှာပဲ။ ဒါပေမဲ့ အဲဒီပွဲက ဖြစ်သင့်လို့ဖြစ်တယ်လို့ထင်တယ်။ အကြောင်းရှိလို့ အကျိုးဖြစ်လာတာပါ။
အစကတော့ ပွဲကို ခပ်ကြာကြာဖြစ်သင့်တယ်လို့ တွေးခဲ့ပေမဲ့ ကျွန်တော်က ကံကို ယုံကြည်တဲ့သူလေ။ အဲဒီပွဲမှာ ကျွန်တော်က နိုင်ဖို့ ကံပါလာတာလို့ မြင်တယ်။
ကျွန်တော်လည်း သူ့ကို ခပ်ကြာကြာထိုးချင်တာပေါ့။ ကျွန်တော် ဘယ်လိုဖိုက်တာမျိုးလည်းဆိုတာ ပြချင်တာပေါ့။ ဒါပေမဲ့ ပိုကောင်းတဲ့သူက ကျွန်တော်ပဲ ဖြစ်ခဲ့တယ်။ ပိုကောင်းတဲ့သူကပဲ အဲဒီညက ပွဲကို အနိုင်ပိုင်းသွားခဲ့တယ်။
ဘီဘီစီ ။ ။ ပန်တိုဂျာနဲ့ ပွဲကို လူတွေရဲ့တုံ့ပြန်မှုဟာ အကောင်း အဆိုး ဒွန်တွဲနေတယ်။ ဗန်အနေနဲ့ နောက်ပွဲတွေမှာ ကိုယ်ဟာ ဘယ်လိုဖိုက်တာမျိုးဖြစ်တယ်ဆိုတာပြသဖို့ လိုတယ်လို့ ထင်ပါသလား။
ဂျော့ရှုဝါ ဗန်။ ။ ကျွန်တော် ထိုးသတ်ခဲ့တဲ့ပွဲတွေမှာ ကျွန်တော်ဘယ်လိုဖိုက်တာမျိုးလဲဆိုတာ ပြသခဲ့ပြီးဖြစ်တယ်။ကျွန်တော် ထပ်ပြီး သက်သေပြနေစရာမလိုဘူး။ ကျွန်တော်ဟာ ကျွန်တော်ပါပဲ။ ဂျော့ရှုဝါဗန် ဆိုတဲ့ကျွန်တော်ဟာ အရင်အတိုင်းပဲ ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။
ကျွန်တော့်ကို ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ ကျွန်တော် ထိုးသတ်တာတွေ စောင့်ကြည့်နေပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ထိုးသတ်ခဲ့တဲ့ပွဲတိုင်းက ပျင်းစရာကောင်းတဲ့ပွဲမျိုး တစ်ပွဲမှ မရှိခဲ့ပါဘူး။
ဘီဘီစီ ။ ။ အခု ပန်တိုဂျာကလည်း ဒဏ်ရာရနေတော့ သူပြန်မလာနိုင်ရင် Manel Kape ဒါမှမဟုတ် Tatsuro Taira နဲ့ ထိုးရနိုင်ခြေရှိတယ်။ ဗန် ဘယ်သူနဲ့ တွေ့ချင်လဲ။
ဂျော့ရှုဝါ ဗန်။ ။ ဘယ်သူပဲ ဖြစ်ဖြစ်ပါ။ သူတို့ ဘယ်သူနဲ့ပဲ ပွဲတည်ပေးပေး၊ ကျွန်တော်ကတော့ ထိုးမှာပဲ။ Manel ဖြစ်ဖြစ်၊ Tatsuro Taira ဖြစ်ဖြစ်ပါ။ သူတို့ နှစ်ယောက်လုံးနဲ့ တစ်ညတည်း ထိုးရမယ်ဆိုရင်လည်း ရတယ်။
ဘီဘီစီ ။ ။ Manel Kape က ဗန်အကြောင်း တောက်လျှောက်ရေး တင်နေတယ်။ သူတို့ နှစ်ယောက်တည်းက တစ်ယောက်ကို ရွေးရမယ်ဆိုရင် ဗန်အနေနဲ့ ဘယ်သူ့ကို ရွေးမလဲ။
ဂျော့ရှုဝါ ဗန်။ ။ ရွေးချယ်တာတွေ ကျွန်တော်မလုပ်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ထိုးမှာပါ။ ကျွန်တော် ပြောခဲ့သလိုပဲ နှစ်ယောက်လုံးနဲ့ တစ်ညတည်းထိုးရမယ်ဆိုလည်း ရတယ်။
ဘီဘီစီ ။ ။ ဗန်အနေနဲ့ ဘယ်အရာတွေက ကိုယ့်ရဲ့ အားသာချက်လဲ။ ဘယ်အရာတွေက ပိုကောင်းအောင် လုပ်ဖို့ လိုမလဲ။
ဂျော့ရှုဝါ ဗန်။ ။ သေချာတော့မပြောတတ်ဘူး။ ပိုကောင်းအောင်လုပ်မယ်။ Gym မှာ အမြဲလေ့ကျင့်မယ်။ စည်းကမ်းရှိရှိ ချဉ်းကပ်မယ်။ ကျွန်တော်က အကောင်းဆုံး ဖိုက်တာပဲလေ။
ဘီဘီစီ ။ ။ ဂျော့ရှုဝါ ဗန်က အခု UFC ဖလိုင်းဝိတ် ချန်ပီယံဖြစ်လာပြီ။ ရှေ့ဆက် အနာဂတ်အတွက် ဘယ်လိုစဉ်စားထားလဲ။
ဂျော့ရှုဝါ ဗန်။ ။ ပွဲပြီးကတည်းက တောက်လျှောက် အင်တာဗျူးတွေပဲ ဖြေနေရတော့ ဒါနဲ့ ပတ်သက်လို့ ကျွန်တော် သေချာ မစဉ်းစားရသေးဘူး။ သူငယ်ချင်းတွေနဲ့ အပြင်သွားနေတာလည်းပါတယ်။ လာမယ့် ပိတ်ရက်မှာလည်း ကျွန်တော့်အတွက် ပါတီလုပ်ပေးဖို့ရှိတယ်။ ဒါပြီးရင်တော့ သေချာစဉ်းစားပြီး ၂၀၂၆ မှာ ဘာဖြစ်ချင်တယ်ဆိုတာ ချရေးသွားမှာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ ။ ။ ဗန် ချန်ပီယံရခဲ့တဲ့ပွဲတုန်းက မြန်မာပရိသတ်တွေ အားပေးခဲ့ကြတဲ့ဗီဒီယိုဖိုင်တွေ တွေ့ပြီးပြီလား။ ဘယ်လိုခံစားရလဲ။
ဂျော့ရှုဝါ ဗန်။ ။ အရမ်းဝမ်းသာတယ်။ မန်နီ ပတ်ကွီယို ပွဲရှိရင် ဖိလစ်ပိုင်တစ်နိုင်ငံလုံးက အရူးအမူးအားပေးခဲ့ကြတာ သိတယ်မလား။ ကျွန်တော် အဲဒီခံစားချက်မျိုးရခဲ့တယ်။
ကြိုးစားချင်စိတ်တွေ ပိုပြီး ဖြစ်လာခဲ့တယ်။ မြန်မာပြည်သူတွေ စောင့်ကြည့်ပေးကြပါ။ ခင်ဗျားတို့အတွက် ကျွန်တော် ထိုးပေးမှာပါ။ နောက်ပွဲတွေအတွက် မစောင့်နိုင်တော့ဘူး။ ဒီလိုအားပေးနေတာတွေ့ရတော့ ကျွန်တော့်အတွက် ခွန်အားတွေ ပိုပြီးဖြစ်လာခဲ့ပါတယ်။
ဘီဘီစီ ။ ။ နောက်ပွဲအတွက် ဘယ်လောက် ယုံကြည်မှုရှိနေပြီလဲ
ဂျော့ရှုဝါ ဗန်။ ။ အမြဲယုံကြည်မှုအပြည့် ရှိနေပြီးသားပါ။
ဘီဘီစီ ။ ။ အခုက Manel Kape နဲ့ Tatsuro Taira တို့ နှစ်ယောက်လုံးကို ရည်ရွယ်ပြီး လေ့ကျင့်နေ တာလား။ ဒီတိုင်းပဲ လေ့ကျင့်နေတာလား။
ဂျော့ရှုဝါ ဗန်။ ။ ဒီတိုင်းပါပဲ။ အေးဆေးပါ။ အခုအလေး မ နေတယ်။ ဒီအပတ်ပြီးရင် ခရီးသွားရတာတွေ ရှိမှာ မဟုတ်တော့ဘူး။ ပြီးရင်တော့ ပုံမှန်အတိုင်း လေ့ကျင့်သွားတော့မှာပါ။
ဘီဘီစီ ။ ။ အနယ်နယ်၊ အရပ်ရပ်က မြန်မာပြည်သူတွေ ဗန်ကို အားပေးနေကြပြီ။ သူတို့ကို ဗန်ဘာများပြောချင်လဲ။
ဂျော့ရှုဝါ ဗန်။ ။ အခုလို အားပေးနေတဲ့အတွက် မြန်မာပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ခင်ဗျားတို့ကို ချစ်တယ်။ ခင်ဗျားတို့အတွက် ကြိုးစားနေတယ်။ အခုက အစပဲရှိသေးတယ်။ နောက် ၄ နှစ်၊ ၅ နှစ်လောက်ဆိုရင် UFC မှာ နောက်ထပ် မြန်မာဖိုက်တာတွေ ရှိလာတော့မှာပါ။ ကျွန်တော်တော့ အနာဂတ်ကို ကြိုမြင်ချင်နေပြီ။ မစောင့်နိုင်တော့ဘူး။
ဘီဘီစီ ။ ။ ဗန်က ချန်ပီယံဖြစ်လာပြီဆိုတော့ ချန်ပီယံခါးပတ်ကို မြန်မာနိုင်ငံကိုပဲ ဖြစ်ဖြစ်၊ မြန်မာ နိုင်ငံသားအများစု ရှိတဲ့နေရာကိုပဲ ဖြစ်ဖြစ် ယူလာဖို့ အစီအစဉ်ရှိလား။
ဂျော့ရှုဝါ ဗန်။ ။ သေချာတာပေါ့။ ကျွန်တော် မြန်မာနိုင်ငံကို ပြန်လာချင်ပါတယ်။ ထိုင်းနိုင်ငံကိုလည်း လာချင် ပါတယ်။ အရင်ဆုံး ကျွန်တော့် မန်နေဂျာနဲ့ တိုင်ပင်လိုက်ဦးမယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်အပါအဝင်အခြေအနေတွေကို တချက်ကြည့်ပါဦးမယ်။ အခြေအနေကောင်းလာရင် ကျွန်တော့် အိမ်(မြန်မာနိုင်ငံ)ကို ပြန်လာနိုင်မှာပါ။
ဘီဘီစီ ။ ။ ဗန်က UFC မှာ ပထမဆုံးချန်ပီယံဖြစ်လာတဲ့မြန်မာဖိုက်တာဖြစ်တယ်။ ဗန်လိုပဲ တခြားမတူညီနိုင်ငံတွေ၊ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နေကြတဲ့မြန်မာဖိုက်တာတွေ ရှိတယ်။ သူတို့ကို ဘာများ သတင်းစကားပါးချင်လဲ။
ဂျော့ရှုဝါ ဗန်။ ။ ပွဲများများ ထိုးပါ။ ကိုယ့်လုပ်နေတာတွေကို မရပ်တန့်လိုက်နဲ့။ ကျွန်တော် ပြောခဲ့သလိုပဲ။ UFC မှာ တစ်ယောက်တည်းသော မြန်မာဖိုက်တာ ဖြစ်နေမှာတော့မဟုတ်ဘူး။ မကြာခင် မြန်မာဖိုက်တာတွေ မြင်တွေ့လာရတော့မှာပါ။ အနာဂတ်မှာ ကျွန်တော်တို့ မြန်မာဖိုက်တာအတွက် ဘယ်လိုအလားလာတွေ ရှိနေမလဲဆိုတာ မြင်ရဖို့ ကျွန်တော်တော့ မစောင့်နိုင်တော့ပါဘူး။











