အောင်လအန်ဆန် - တိုင်းပြည်ကို ပျော်စေချင်သူ

ဓာတ်ပုံ ရင်းမြစ်, ONE Championship
ကြိုးဝိုင်းကြမ်းပြင်က လက်အိတ်တစ်စုံ၊ ''အောင်လ''၊ ''မြန်မာ'' လို့ ကြိမ်ရေများစွာ သံပြိုင်အော်နေတဲ့ လူအုပ်ကြီးနဲ့ အားကစားရုံတစ်ရုံလုံးထဲက လက်ခုပ်သံတွေက မြန်မာ့ အထင်ရှားဆုံး ဖိုက်တာ ကမ္ဘာ့ ချန်ပီယံဟောင်းရဲ့ နိုင်ပွဲကို ဂုဏ်ပြုသြဘာပေးနေကြပါတယ်။
ဝမ်းချန်ပီယံရှစ်ရဲ့ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံဟောင်း မြန်မာဖိုက်တာ အောင်လအန်ဆန်က သူ့ရဲ့ အနှစ် ၂၀ ကျော် သက်တမ်းရှိတဲ့ MMA (mixed martial arts) ဖိုက်တာဘဝကို အောက်တိုဘာ ၄ ရက်နေ့ မနက်မှာနိုင်ပွဲနဲ့ နှုတ်ဆက်ခဲ့ပါတယ်။
"မြန်မာ့စပါးအုံး"အဖြစ် ကမ္ဘာ့တိုက်ခိုက်ရေး ကစားသမားလောကမှာ ထင်ရှားကျော်ကြားတဲ့ အောင်လအန်ဆန်က မြန်မာမှာ ကိုယ်ခံပညာသိုင်းပေါင်းစုံ MMA ကို မျိုးစေ့ချခဲ့သူထက် ပိုခဲ့ပါတယ်။
သူ့ရဲ့ ကစားသမားဘဝခရီးက မြန်မာအတွက် ဂုဏ်ယူစရာ၊ ငြိမ်းချမ်းရေး၊ စည်းလုံးမှုနဲ့ အားယူဖွယ် အနာဂတ် မျှော်လင့်ချက်တို့အတွက် ပြယုဂ်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ နှုတ်ဆက်ပွဲမှာလည်း တိုင်းပြည်ကို ငြိမ်းချမ်းရေးအတွက် ထပ်ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ONE Championship
မြန်မာမြေပေါ် နှုတ်ဆက်ခွင့်မရတဲ့ အောင်လအန်ဆန်

ဓာတ်ပုံ ရင်းမြစ်, ONE Championship
မြန်မာသန်းနဲ့ချီ ရှိနေတဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းမြေပေါ် မှာ ၂၀၂၅ အောက်တိုဘာ ၄ ရက်က ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန် ကာဒေစတမ်နဲ့ ထိုးသတ်အနိုင်ယူပြီး MMA ကစားသမားဘဝကို အောင်လအန်ဆန်က နှုတ်ဆက်ခဲ့ပါတယ်။
ဘန်ကောက်မြို့က လုမ္ပနီအားကစားရုံထဲမှာ '' မြန်မာ'' ''မြန်မာ'' ''အောင်လ'' ''အောင်လ'' ဆိုတဲ့ သံပြိုင်အော်ဟစ်သံတွေက အားကစားရုံတစ်ခုလုံး ညံနေခဲ့ပါတယ်။
အားကစားရုံထဲကို ဝင်ခွင့်ရသူတွေရဲ့ လက်ပတ်မှာ လင်းနေတဲ့ နီယွန်မီးတွေကလည်း အားကစားရုံတစ်ရုံလုံး အပြည့်ပါပဲ။ ရုံပြည့်ရုံလျှံလို့ ဆိုရမှာပါ။
ONE Fight Night 36 ပွဲစဥ်က ကစားသမားတွေရဲ့ ပွဲဆိုင်းတွေအရဆို ရုံပြည့်နိုင်တဲ့အထိ မဖြစ်ပါဘူး။ အောင်လအန်ဆန် ရဲ့ နှုတ်ဆက်ပွဲဖြစ်တဲ့ Co Main Event ဒုတိယခေါင်ပွဲကြောင့်ပဲ လုမ္ပနီ အားကစားရုံတစ်ခုလုံးသာမက ရုံအပြင်ဘက်မှာပါ မြန်မာပရိသတ် အပြည့်အလျှံ ဖြစ်ခဲ့တယ်လို့ ONE ဘက်ကလည်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ONE Championship
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာအလံကို ခြုံပတ်ပြီး အောင်လအန်ဆန် ကြိုးဝိုင်းထဲ ဝင်လာချိန်မှာ သူ့ရဲ့ ထိုးသတ်ပွဲတိုင်းအတွက် ပွဲထွက်သီချင်းဖြစ်တဲ့'' အမဲလိုက်အက '' သီချင်းနဲ့ပါပဲ။
ဒါပေမဲ့ ဒီတစ်ကြိမ်ပွဲကတော့ထူးခြားပါတယ်။ သီချင်းရဲ့ အဆိုပိုင်ရှင် တေးသံရှင်လေးဖြူ ကိုယ်တိုင် လုမ္ပနီအားကစားရုံထဲမှာ Live သီဆိုပေးခဲ့တာဖြစ်ပါတယ်။ ဒါက ONE Championship ရဲ့ ထိုးသတ်ပွဲတွေ တလျှောက်မှာ အထူးခြားဆုံးဖြစ်ခဲ့ပါတယ်။
မောင်မောင်ဇော်လတ် ရေးပြီး မြန်မာထင်ရှား ရော့ခ်ကာကြီး လေးဖြူ ကိုယ်တိုင်သီဆိုတဲ့ အမဲလိုက်အက သီချင်းရဲ့ စိတ်အားတက်ကြွဖွယ် တေးသီချင်းသံကလည်း ရုံတစ်ခုလုံးမှာ ဟိန်းခဲ့ပါတယ်။ တေးသီချင်းကို လိုက်ပါ သီဆိုသံတွေကလည်း ရုံလုံးပြည့် သံပြိုင်ညီညာ မြည်ဟိန်းနေပါတယ်။
''ကျွန်တော် ဒီသီချင်းကို ကြားကြားချင်းကတည်းက ကျွန်တော့်ရဲ့ စိတ်မှာ ငါဟာ ကြိုးဝိုင်းထဲမှာ အမဲလိုက်မယ့်သူလို့ ခံစားရတယ်။ အဲဒါကြောင့် ဒီသီချင်းကို အရမ်းကြိုက်နှစ်သက်တယ်'' လို့ အောင်လက ဒီသီချင်းကိုသုံးပြီး ကြိုးဝိုင်းထဲ ဝင်ခဲ့တဲ့ သူ့ရဲ့ခံစားချက်ကို ဘီဘီစီကို ပြောပြထားပါတယ်။
ထိုးသတ်ပွဲမှာ အောင်လက ကာဒက်စတမ် ကို ဒုတိယအချီ ၂ မိနစ် ၂၀ မှာ တရစပ်လက်သီးထိုးလုံးတွေနဲ့ အနိုင်ယူခဲ့ပါတယ်။
ပထမအချီမှာ တစ်ဦးနဲ့တစ်ဦး ဟာကွက်ကို စောင့်ကြည့်နေကြပြီး Stand-up Game ထဲက ခြေကန်ချက်ကို နှစ်ဦးလုံးက အားပြုသုံးပြီး ကစားခဲ့ပါတယ်။ ဒါပေမဲ့ ကန်ချက်တွေ ထိရောက်ခဲ့ကြတာ မရှိပါဘူး။ နှစ်ဦးလုံး Low Blow (ခါးပတ်စည်းအောက်ပိုင်းကို အပြန်အလှန်ကန်ချက်) ဖြစ်ကြပြီး Injury Time လည်း ရှိခဲ့ပါတယ်။
ဒုတိယအချီမှ ထိုးသတ်မှုပိုမြိုင်လာပြီး ဆိုင်ထိုး တေ့ထိုးခဲ့ကြပါတယ်။
ဒါပေမဲ့ ခြေကန်ချက်အားကောင်းတဲ့ ကာဒေစတမ်က လက်သီးအားနည်းခဲ့ပါတယ်။ အောင်လက Stand-up Game ထဲက လက်သီးထိုးလုံးတွေကို အားပြုသုံးခဲ့လို့ ဒုတိယအချီ ၂ မိနစ် ၂၀ မှာ Knockout (အလဲထိုး ဒိုင်ပွဲရပ်)နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
အစောပိုင်းက ဒီပွဲနဲ့ ပတ်သက်လို့ အောင်လအန်ဆန်က ပြိုင်ဘက်ကို ကြမ်းပြင်ပေါ်လဲကျပြီး အဆုံးသတ်နိုင်မှ ချန်ပီယံဟောင်း ဖိုက်တာတွေရဲ့ ဂုဏ်သိက္ခာတွေကို ပြသနိုင်မယ့် တစ်ခုတည်းသောနည်းလမ်း ဖြစ်တယ်လို့ပြောထားပါတယ်။
အဲဒီအတိုင်းပဲ အောင်လအန်ဆန်က လုပ်ပြခဲ့တာဖြစ်ပါတယ်။
''ကျွန်တော် ဒီပွဲအတွက် အကောင်းဆုံးပြင်ဆင်တယ်။ ကျွန်တော်သိထားတဲ့ ပညာတွေအားလုံးသုံးပြီး အကောင်းမွန်ဆုံးပြင်ဆင်ထားတယ်'' လို့ အောင်လက ဘီဘီစီကို ပွဲမတိုင်ခင် ၃ ရက်အလိုက ဖြေဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ONE Championship
အောင်လအန်ဆန် ရဲ့ကစားသမားဘဝ အကြီးဆုံးမှတ်တိုင်တွေဖြစ်တဲ့ မစ်ဒယ်၀ိတ်နဲ့ လိုက်ဟဲဗီး၀ိတ် ချန်ပီယံခါးပတ် ၂ ခုကို မြန်မာ့မြေပေါ်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ကစားသမားဘဝကို နှုတ်ဆက်ချိန်မှာလည်း မြန်မာ့မြေပေါ်မှာ နှုတ်ဆက်လိုတဲ့ ဆန္ဒသူ့မှာရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းခံထားရပြီး နိုင်ငံတဝန်းနယ်မြေ ၇၀ ရာခိုင်နှုန်းခန့် စစ်ပွဲပဋိပက္ခတွေရှိနေတဲ့ နိုင်ငံရဲ့ အခြေအနေက သူ့ကို အခြေအနေမပေးခဲ့ပါဘူး။
''ကျွန်တော်ရဲ့ စိတ်ကတော့ သိပ်မကောင်းဘူး။ ဒါပေမဲ့ ဒီဟာက အခြေအနေအရပေါ့နော်။ ကျွန်တော့်ရဲ့ အိပ်မက်လုပ်ခွင့်ရမယ် အတိုင်းဆိုရင်တော့ မြန်မာပြည်မှာပဲ နောက်ဆုံးပွဲအနေနဲ့ ကစားချင်တယ်။ ကျွန်တော့်ရဲ့ အခြေအနေ ONE Championship နဲ့ သူတို့ရဲ့ အခြေအနေနဲ့ တိုင်းပြည်အခြေအနေ တွေအားလုံး ပေါင်းစုံသွားတာပေါ့။ ကျွန်တော်ကိုယ်တိုင် ရွေးချယ်ချင်တာကတော့ အဲဒီလိုမဟုတ်ဘူးပေါ့'' လို့ မြန်မာမှာ နှုတ်ဆက်ခွင့် မရတဲ့အပေါ် အောင်လက ဘီဘီစီကို ရင်ဖွင့်ခဲ့ပါတယ်။
ချန်ပီယံပြန်ဖြစ်ရေးလက်လွှတ်ရပေမဲ့ Hall of Fame ဝင်ခဲ့သူ

ဓာတ်ပုံ ရင်းမြစ်, ONE Championship
အောင်လအန်ဆန် က ၀မ်းချန်ပီယံရှစ်ရဲ့ မစ်ဒယ်၀ိတ်နဲ့ လိုက်ဟဲဗီး၀တ်ချန်ပီယံခါးပတ် ၂ ခု ချန်ပီယံဟောင်းဖြစ်ပါတယ်။
မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုခါးပတ်ကို ၂၀၁၇ ခုနှစ်မှာ အဲဒီအချိန်က လက်ရှိချန်ပီယံ ဖြစ်နေတဲ့ ဘစ်ဒက်ရှ် ကို လက်ရည်အသာနဲ့ ထိုးသတ်ပြီး အမှတ်နဲ့ အနိုင်ရယူပြီး ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံး မြန်မာဖိုက်တာ တစ်ဦး ဖြစ်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ ONE Light Heavyweight MMA ကမ္ဘာ့ချန်ပီယံလုပွဲအတွက် အလက်ဇန္ဒားမာချာဒိုကို အနိုင်ယူပြီး နှစ်ထပ်ကွမ်း ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ချန်ပီယံခါးပတ်တွေကို လက်လွှတ်ခဲ့ရပါတယ်။
၂ဝ၂ဝ ပြည့်နှစ် ONE Championship မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲမှာ နယ်သာလန်ဖိုက်တာ ဒီရစ်ဒါကို ရှုံးနိမ့်ကာ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို စွန့်လွတ်ခဲ့ရသလို ၂ဝ၂၁ ခုနှစ်မှာ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက် ဒီရစ်ဒါနဲ့ ထပ်မံယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ပြီး လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကိုပါ စွန့်လွှတ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ယူရှင်အိုကာမီ၊ ဂီလ်ဘာတို ဂါဘယ်အို၊ ဖန်ရောင်း စတဲ့ ဖိုက်တာ ၃ ဦးနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ပွဲတွေမှာ ၃ ပွဲဆက် အနိုင်ယူခဲ့ပြီး သူလက်လွှတ်ခဲ့ရတဲ့ မစ်ဒယ်၀ိတ် ချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပါတယ်။
ဒါပေမဲ့ ရှုံးပွဲမရှိခဲ့တဲ့ တူရကီဖိုက်တာ ရှမီးအာဒိုဂန်နဲ့ ယှဥ်ပြိုင်ခဲ့ရာမှာ ၂ ပွဲဆက် ရှုံးခဲ့တာကြောင့် သူ့ရဲ့ မစ်ဒယ်၀ိတ်ချန်ပီယံခါးပတ် ပြန်ရရေး အိပ်မက်ကို နှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။
အောင်လအန်ဆန်က ONE Championshop မှာ ကာဒေစတမ်နဲ့ ပွဲအပါ ပွဲ ၂၀ ကစား ၁၅ ပွဲနိုင်ပြီး ၅ ပွဲ ရှုံး မှတ်တမ်းရှိခဲ့ပါတယ်။ ကာဒေစတမ်က ONE Championship မှာ အခုပွဲအပါ ၁၂ ပွဲကစား ၇ ပွဲနိုင် ၅ ပွဲရှုံး ဖြစ်ပါတယ်။
ဒါပေမဲ့ အောင်လအန်ဆန်ရဲ့ နောက်ဆုံးနှုတ်ဆက် ထိုးသတ်ပွဲမှာ ONE Championship ရဲ့ စီအီးအို ချက်ထရီက အောင်လကို အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဆုကြေးငွေနဲ့ ဂုဏ်ပြုခဲ့သလို အထူးခြားဆုံးကတော့ ONE က ဂန္ထဝင်ကစားသမားတွေထဲ လွယ်လွယ်ကူကူ ရလေ့မရှိတဲ့ Hall of Fame ဆုကိုပေးအပ်ခဲ့ပါတယ်။
အောင်လက သူ့နောက်ဆုံး နှုတ်ဆက်ပွဲအပြီးမှာ သူလက်တွဲခဲ့တဲ့ ONE Championship ရဲ့ စီအီးအိုကို သူထိုးခဲ့တဲ့ လက်အိတ်ကို အမှတ်တရပေးမယ်လို့ ပြောနေတုန်းမှာပဲ အစီအစဥ်တင်ဆက်သူက နေပါဦး၊ မင်းလက်အိတ်ကို မချွတ်ပါနဲ့ဦးလို့ ပြောပြီး အခုလိုကြေညာခဲ့ပါတယ်။
''ချက်ထရီက မင်းကို ဂုဏ်ပြုတာ ဆုကြေးတင်မကပါဘူး။ နောက်ထပ်ရှိသေးတာက လာမယ့် နိုဝင်ဘာ ဂျပန်မှာ လုပ်မယ့် One 173 ပွဲစဥ်မှာ Hall of Fame ဆုပေးမှာဖြစ်ပါတယ်'' လို့ ကြိုးဝိုင်းထဲက အစီအစဥ်တင်ဆက်သူ Mitch Chilson က ဝမ်းသာအားရ ပြောပြီးကြေညာပေးခဲ့ပါတယ်။
Hall of Fame ဆိုတာက ဖိုက်တာကစားသမားတွေရဲ့ အသက်မွေးဝမ်းကျောင်း တလျှောက်လုံးအတွက် အမြင့်ဆုံးဂုဏ်ပြုမှုဖြစ်ပါတယ်။ အထူးသဖြင့် Legend အကျော်အမော်တွေအနေနဲ့ သူတို့ ဖြတ်သန်းခဲ့တဲ့ ကစားသမား သမိုင်းတလျှောက်အတွက် ထူးချွန်ထင်ရှားသူ စံပြပြုထိုက်သူအဖြစ် မှတ်တမ်းတင်ခံရတာဖြစ်ပါတယ်။
ဘီဘီစီက စုဆောင်းရရှိထားတဲ့အချက်အလက်အရဆိုရင် ONE မှာ Hall of Fame စာရင်းဝင် ကစားသမား များများစားစားမရှိပါဘူး။
အမေရိကန် MMA ဖိုက်တာ Demetrious Johnson၊ ဘရာဇီး MMA ဖိုက်တာ Bibiano Fernandes တို့သာရှိခဲ့ပြီး အခု မြန်မာ့စပါးအုံး Aung La N Sang တို့ဖြစ်လာခဲ့ပါတယ်။
ကာဒေစတမ်နဲ့ အနိုင်ပွဲမှာ အောင်လထိုးသတ်ခဲ့တဲ့ လက်အိတ်တစ်စုံ ကလည်း HOF အတွက်ပြသထားစရာ ဖြစ်လာနိုင်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်က ကချင်ရိုးရာ မနောကွင်းအတွင်းမှာတော့ ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခု ပခုံးပေါ် တင်ထားတဲ့ဟန်နဲ့ အောင်လအန်ဆန် ပုံတူ ကြေးရုပ်တု က ၂၀၁၈ ခုနှစ်ကတည်းက ရှိထားပါတယ်။ မြန်မာနွယ်ဖွား ကစားသမားတွေထဲ ကြေးရုပ်တုနဲ့ ဂုဏ်ပြုခံရတဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားလည်းဖြစ်ပါတယ်။
အောင်လရဲ့ ရှေ့ခရီးနဲ့ မိသားစုက ပထမ

ဓာတ်ပုံ ရင်းမြစ်, ONE Championship
ပရော်ဖက်ရှင်နယ် ဖိုက်တာကစားသမားဘဝကို ၂၀၀၅ ခုနှစ်မှာ စတင်ခဲ့တဲ့ သူက ONE Championship နဲ့ ၂၀၁၆ ခုနှစ်မှာ တရားဝင်ကစားသမားအဖြစ် စတင်ပွဲထွက်ခဲ့ပါတယ်။
ONE မှာ ဆယ်စုနှစ် တစ်ခုစာနီးပါး သူ့ရဲ့ကစားသမား ဘဝကို ကုန်ဆုံးခဲ့ပြီး ONE မှာပဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပါတယ်။
''ကျွန်တော့် အတွက် မိသားစုက ပထမပါ။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တိုင်းက မိသားစုအတွက်တွေးပြီး ဆုံးဖြတ်ခဲ့တာချည်းပါပဲ။ မိသားစုကပဲ ကျွန်တော့်ရဲ့ တစ်ခုတည်းသော စိတ်ခွန်အားတက်ကြွမှုကို ပေးပါတယ်။ ဖြစ်ချင်စိတ်တွေ ပိုပြီးဆာလောင်မွတ်သိပ်မှုကိုလည်း မိသားစု ကပဲပေးပါတယ်'' လို့ အောင်လက ONE နဲ့ သီးခြားအင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။
ဘီဘီစီနဲ့ စကားပြောခဲ့ချိန်မှာလည်း သူက ဒါကိုထည့်ပြောပြီး ကစားသမားဘဝ အနားယူပြီးချိန်မှာ မိသားစုနဲ့ အချိန်ပေးမယ်လို့ဆိုပါတယ်။ ဒါအပြင် သူ့ရဲ့ သားအကြီးဆုံးအတွက်လည်း သူ အားကစားခန်းမ ထူထောင်လိုက်ပါတယ်။
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်က သူ့အိမ်အနီးမှာ ဖွင့်လှစ်လိုက်တဲ့ အားကစားရုံကနေ MMA ဖိုက်တာတွေကို မွေးထုတ်ဖို့လည်း သူစိတ်ကူးရှိပါတယ်။
'' Gym ကို ဖွင့်တာက ကျွန်တော့်သားကြီးနဲ့ ကျွန်တော့်တူ ပေါ့။ သူတို့ ကစားလို့ရတဲ့နေရာ ကြီးပြင်းလာလို့ရတဲ့နေရာ ဖြစ်မယ်။ နောက်ပြီးတော့ နောက် ၁၀ နှစ်မှာ ကျွန်တော်တို့ရဲ့ ဖိုက်တာအသစ်ရအောင် ကြိုးစားမယ်။ နောက်လာမယ့်မျိုးဆက်အတွက်၊ အနာဂတ်ကိုကျွန်တော်ကြည့်ပြီး ထူထောင်တာပါ'' လို့ အောင်လက ဘီဘီစီကို ပြောပါတယ်။
MMA ပွဲတွေမှာ အဓိကအားဖြင့် နည်းဗျူဟာ ၃ မျိုးနဲ့ ထိုးသတ်ကြပါတယ်။ Ground Fighting (အချုပ်အားပြုကစားပုံစံ)၊ Clinch Fighting (မတ်တပ်ရပ်အနေအထား အချုပ်၊ အထိုး၊ အကန်၊ အတိုက်နဲ့ တိုက်ခိုက်တဲ့ပုံစံ)၊ Stand-up Game (လက်သီး၊ ခြေကန်ချက်တွေကို အားပြုကစားတဲ့ပုံစံ) တို့ဖြစ်ပါတယ်။
အောင်လက ဘရာဇီး ဂျူဂျစ်ဆု၊ လက်ဝှေ့၊ မွေထိုင်း စတဲ့ကစားနည်းပေါင်းစုံ ကျွမ်းကျင်သူဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝ တလျှောက်ဖြတ်သန်းမှုမှာ ချုပ်ကွက် Ground Fighting နဲ့ ထင်ရှားသူဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့အတွက် အနွတ္တသညာ "မြန်မာ့စပါးအုံး" လို့ နာမည်ကျော်ခဲ့တာပါ။
လူချစ်လူခင်များတဲ့ အောင်လ

ဓာတ်ပုံ ရင်းမြစ်, ONE Championship
ကချင်ပြည်နယ် မြစ်ကြီးနားဇာတိ အောင်လအန်ဆန်က ရတနာလုပ်ငန်းရှင် ဦးအင်ဆန်တူးအောင်နဲ့ ဒေါ်ရှဒန်နန်ဘူတို့ရဲ့ သားသမီး ၅ ဦးထဲက တတိယမြောက်သား ဖြစ်ပါတယ်။ အတန်းပညာကို ရန်ကုန်မှာသင်ကြားခဲ့ပါတယ်။
၂၀၀၁ ခုနှစ် အကုန် ၂၀၀၂ ခုနှစ်မှာ အမေရိကားမှာ စတင် အခြေချနေထိုင်ပြီး အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ်၊ အင်ဒရူးတက္ကသိုလ်မှ စိုက်ပျိုးရေး ဘာသာရပ်နှင့် ဘွဲ့ရရှိထားသူ ဖြစ်ပါတယ်။
အောင်လရဲ့ မိခင် ဒေါ်နန်ဘူ ကတော့ အောင်လကို ထိခိုက်နာကျင်ရတာမကြည့်ရက်လို့ ဖိုက်တာတစ်ဦးမဖြစ်စေချင်ခဲ့ဘူးလို့ အောင်လအကြောင်း မှတ်တမ်းရုပ်ရှင်မှာပြောခဲ့ဖူးပါတယ်။
အောင်လရဲ့နောက်ဆုံးနှုတ်ဆက်ထိုးသတ်ပွဲ မစခင်မှာ ONE Championship က အောင်လရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ အမှတ်တရပြောစကားတွေကို စုစည်းထားတဲ့ ရုပ်သံဖိုင်ကို ONE Championship က ထုတ်လွှင့်ခဲ့ပါတယ်။
အဲဒီထဲမှာ အောင်လရဲ့ အချစ်ဆုံးသူငယ်ချင်း ဗီယက်နမ် ဖိုက်တာ မာတင်ငုယင်က အောင်လ အနိုင်ရဖို့ ဗီဒီယိုနဲ့ ဆုတောင်းပေးထားသလို သူ့ရဲ့ အစ်ကိုကြီးသဖွယ်သူငယ်ချင်းအဖြစ် ရှိပေးခဲ့လို့ ကျေးဇူးတင်ကြောင်း ပြောပါတယ်။
ဗီယက်နမ်-သြစတြေးလျ MMA ဖိုက်တာ မာတင်ငုယင်က နှစ်ကာလရှည် အောင်လနဲ့ ဆက်ဆံရေးကောင်းမွန်သူဖြစ်ပါတယ်။ အောင်လ ရှုံးပွဲတွေဆက်တိုက်ကြုံခဲ့ရချိန်မှာလည်း အတူရှိပေးခဲ့သူ အားပေးခဲ့သူအဖြစ် အောင်လကိုယ်တိုင် ထုတ်ပြောခဲ့သူဖြစ်ပါတယ်။
နောက်တစ်ဦးက ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဟောင်း ဘရန်ဒန်ဗီရာဖြစ်ပါတယ်။ သူက အောင်လရဲ့ ဖိုက်တာခရီးတစ်ခုလုံးက လုပ်ဆောင်ခဲ့မှုတွေကို အသိအမှတ်ပြု ချီးကျူးခဲ့ပါတယ်။
အောင်လ အတွက် အမှတ်တရစကားပြောပေးခဲ့သူတွေထဲ ONE Championship ရဲ့ Hall of Fame စာရင်းဝင် အမေရိကန် MMA ဖိုက်တာ Demetrious Johnson လည်းပါဝင်ပါတယ်။ မိသားစုနဲ့ အလုပ်ကို မျှတအောင် အချိန်ပေးလုပ်ကိုင်နိုင်တဲ့ အောင်လကို သူတို့က ချီးကျူးစကားပြောခဲ့ကြပါတယ်။
နာမည်ကျော် မွေထိုင်းဖိုက်တာ ရော့ထန်ကလည်း နှုတ်ဆက်စကားပြောခဲ့ပြီး '' မင်းဘယ်နေရာမှာပဲရှိနေပါစေ မင်းကငါ့ရဲ့ အစ်ကိုကြီးပါ။ မင်းကို အရမ်းချစ်တယ်။ လေးစားတယ်'' လို့ နှုတ်ဆက်စကားဆိုပါတယ်။
အောင်လရဲ့ ဖခင်က မြန်မာပြည်ကိုယ်စားဂုဏ်ယူရလို့ ဝမ်းမြောက်ရတယ်လို့ပြောပြီး မိခင်ကတော့ နောက်မျိုးဆက်အတွက် MMA ပညာကို လက်ဆင့်ကမ်းသယ်ပေးဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
အောင်လရဲ့ အမျိုးသမီး Kaiti ကတော့ အောင်လရဲ့ ကစားသမားခရီးအပြီး နောက်ထပ် ခရီးတွေအတွက် ရင်ခုန်နေတယ်လို့ ပြောပြီး ဖခင်ကောင်းဖြစ်သလို ကစားသမားကောင်းဖြစ်လို့ ဂုဏ်ယူရတယ်လို့ ပြောခဲ့ပါတယ်။
''ကျွန်မတို့ ရှင့်ကို အရမ်းချစ်တယ်။ ရှင်က ကျွန်မတို့အတွက် အမြဲတမ်းချန်ပီယံပါပဲ'' လို့ ပြောခဲ့ပါတယ်။
တိုင်းပြည်ကို ပျော်စေချင်သူ

ဓာတ်ပုံ ရင်းမြစ်, ONE Championship
အမေရိကန် နိုင်ငံသား ခံယူထားခဲ့ပေမယ့် မြန်မာကိုယ်စားပြုကာ ယှဥ်ပြိုင်ထိုးသတ်ခဲ့တဲ့သူဟာ မြန်မာပြည်တွင်းက စစ်ပွဲတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်း ညီညွတ်စေချင်တဲ့ သူ့ရဲ့ သဘောထားကို မကြာခဏ ထုတ်ပြောလေ့ ရှိခဲ့သူပါ။
ငြိမ်းချမ်းရေးအတွက် ဘက်ပေါင်းစုံကို တိုက်တွန်းပြောလေ့ရှိသူဖြစ်ခဲ့သလို မြန်မာတွေ စိတ်ဓာတ်မကျဘဲ အရာရာကို အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းဖို့ တိုက်တွန်းလေ့ရှိသူဖြစ်ပါတယ်။
မြန်မာမှာ အာဏာမသိမ်းခင်ကာလ ၂၀၁၇ ခုနှစ်က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း သွားရောက်တွေ့ဆုံခဲ့တာက မြန်မာပရိသတ်ကြားမှာ အမှတ်အရဆုံး ဖြစ်စဥ်တွေထဲက တစ်ခုဖြစ်ပါတယ်။
အဲဒီအချိန်က မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ကချင်တိုင်းရင်းသား အောင်လအန်ဆန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ ညီညွတ်ငြိမ်းချမ်းမှုနဲ့ အနာဂတ်ကို ဦးဆောင်သွားနိုင်ဖို့ ဆုတောင်း စကားဆိုခဲ့ပါတယ်။
''ကျွန်တော်တို့တွေအားလုံး ချစ်ချစ်ခင်ခင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းလုံးညီညွတ်မှုရှိပြီး အောင်မြင်စွာ နေထိုင်နိုင်ဖို့ အတွက် ဒီနေ့ ခေါင်းဆောင်များနဲ့ အနာဂတ် လူငယ်များ အတွက် အန်တီစုက အမြဲတမ်း မားမား မတ်မတ်နဲ့ ဦးဆောင်သွားနိုင်ပါစေလို့ ကျွန်တော် ဆုတောင်း ပေးလိုက်ပါတယ်ဗျာ" လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့အပြီး ထုတ်ပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုမှုမရှိခဲ့တဲ့ အပေါ်မှာလည်း သူ့ပရိသတ်အများစု အားမလိုအားမရဖြစ်ခဲ့လို့ အဲဒီအချိန်က ဝေဖန်မှုတွေကြုံခဲ့ရပါတယ်။
ဒါပေမဲ့ သူကတော့ သူ့ရဲ့တောက်လျှောက် တိုက်တွန်းချက်အတိုင်း ငြိမ်းချမ်းရေးစကားတော့ ပြောခဲ့ပါတယ်။
ကာဒaစတမ်နဲ့ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးနှုတ်ဆက်ပွဲမှာလည်း ဘဝရဲ့ အနိမ့်အမြင့် အတက်အကျတွေကြုံရတဲ့အခါ မိသားစုနဲ့ ကိုယ့်ဘဝရဲ့ တန်ဖိုးထားချစ်ခင်ရသူတွေက အရေးအကြီးဆုံးလို့ ပြောခဲ့သလို မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ပြီး ဘယ်လိုအရာကိုမဆို ရင်ဆိုင်ကျော်ဖြတ်ကြဖို့ ကြိုးဝိုင်းထဲကနေ တိုက်တွန်းအားပေးစကားပြောသွားပါတယ်။
စစ်ဘေးရှောင်တွေကို လှူဒါန်း ကူညီမှုပေးဖို့ သူ့ရဲ့ အင်္ကျီတွေ၊ လက်အိတ်တွေနဲ့ အသုံးအဆောင်တွေကို လေလံတင် ရောင်းချမှုတွေလည်း ပြုလုပ်ခဲ့သူဖြစ်သလို ၂၀၂၅ မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်ဒဏ်ထိ မြန်မာလူထုအတွက်လည်း ၂၀၁၇ ခုနှစ်က ဟောင်ကောင်နိုင်ငံသား ကင်မရွန်းနွယ်ဖွား Alain Ngalani နဲ့ မြန်မာမှာ ထိုးသတ်ခဲ့တဲ့ ပွဲစဥ်က လက်အိတ်ကို လေလံတင်ရောင်းချပြီး ငလျင်ဘေးကူညီခဲ့ပါတယ်။
''ကျွန်တော်တို့ သားသမီးတွေနဲ့ သူတို့ရဲ့ အနာဂတ်အတွက် အမြဲစဥ်းစားရမယ်။ ကျွန်တော်တို့ အနာဂတ်က ကျွန်တော်တို့ရဲ့ လက်မှာပဲ။''
ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာလည်း မြန်မာနိုင်ငံသားတွေ စိတ်ဓာတ်မကျဖို့ ထပ်ပြောခဲ့သလို တိုင်းပြည်ကို ပျော်စေချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
''ကျွန်တော်ပြောချင်တာက ကျွန်တော် အားလုံးကို အရမ်းချစ်တယ်။ အရမ်း ကျေးဇူးတင်တယ်။ အားလုံးအတွက် ကျွန်တော် အမြဲဆုတောင်းပေးတယ်။ တိုင်းပြည်ပျော်ဖို့ ငြိမ်းချမ်းရေးရှိဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်။''








