အောင်လအန်ဆန် ONE Championship နဲ့ ဆက် လက်တွဲမှာလား

ချန်ပီယံခါးပတ် ၂ ခုကိုလက်ဝယ်ရရှိခဲ့ချိန်က အောင်လအန်ဆန်

ဓာတ်ပုံ ရင်းမြစ်, One Championship

မြန်မာ့စပါးအုံးအောင်လအန်ဆန် နဲ့ ONE Championship ရဲ့ စာချုပ်ပြည့်ပြီဖြစ်ပါတယ်။ ချန်ပီယံခါးပတ် ၂ ခု ကို ပြန်ယူမယ်လို့ပြောထားတဲ့ MMA ဖိုက်တာ အောင်လအန်ဆန်အတွက် စာချုပ်သစ်ကဘယ်လောက် အရေးကြီးလဲ။ စာချုပ်အသစ်အတွက် ‌နှစ်ဖက်ကြားဘယ်လိုဆွေးနွေးမှုတွေရှိနေလဲ။ ဘီဘီစီ နဲ့ အောင်လအန်ဆန် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို တင်ဆက်လိုက်ပါတယ်။

ဘီဘီစီ - ကိုအောင်လ နဲ့ ONE Championship ကြားက စာချုပ်သက်တမ်းကကုန်နေပြီလို့ သိရပါတယ်။ အခု စာချုပ်အသစ်ထပ်ချုပ်ဖို့ ရှိပါသလား။

အောင်လအန်ဆန် -ကျွန်တော်တို့အခု Negotiation ( ညှိနှိုင်းမှု) မှာပဲ ဖြစ်နေသေးတယ်။ စာချုပ်ကဘာမှမရသေးဘူး။ ကျွန်တော်ကတော့ အခုလိုမျိုးအချိန်မှာ လေ့ကျင့်ခန်းပဲလုပ်တယ်။ သိပ်တခြားမစဥ်းစားဘူး။ ကိုယ်ပိုပြီးတော့ကောင်းတဲ့ကစားသမားဖြစ်အောင်ဆိုပြီးကြိုးစားနေတယ်။ စာချုပ်အသစ်ကို သူတို့ ( ONE Championship ) က ပေးမလား ၊ ‌မပေးဘူးလား မသိသေးဘူး။ ကျွန်တော်စောင့်နေတုန်းပဲ နော့။

ဘီဘီစီ - ONE Championship ဘက်က စာချုပ်အသစ်အတွက် ဘာကြောင့်စဥ်းစားနေတာလဲ။

အောင်လအန်ဆန် - ရှင်းရှင်းပြောရမယ်ဆိုရင်တော့ သူတို့ ( ONE Championship ) နဲ့ နည်းနည်း ညှိနေတုန်းပဲ။ သူတို့ပေးတဲ့စာချုပ်ပုံစံကကျွန်တော်နဲ့ သိပ်အဆင်မပြေသေးဘူး။ အဲဒါကြောင့် ညှိနေတုန်းပဲ။ ကျွန်တော်လိုချင်တဲ့ စာချုပ်ပုံစံကို သူတို့မပေးသေးဘူးဆိုတော့ နည်းနည်းစောင့်ရဦးမယ်။

ဘီဘီစီ - ကိုအောင်လကရော ONE Championship ကို ဘယ်လောက်စောင့်မှာလဲ။

အောင်လအန်ဆန် - စောင့်မယ်။ မဟုတ်ဘူးဆိုရင်တော့တခြားနည်းလမ်းကို ကျွန်တော်ကြည့်ဦးမယ်။

ဘီဘီစီ - ကိုအောင်လ ခုနကဖြေခဲ့တဲ့အထဲပါပါတယ်။ စာချုပ်ပုံစံကိုမကြိုက်လို့ဆိုတော့။ သူတို့ဘက်ကပြောတဲ့စာချုပ်ပုံစံမှာ ပွဲအရေအတွက် နဲ့ နှစ်သက်တမ်း အဲဒီလိုမျိုးတွေမှာ စကားပြောနေရတာမျိုးလား။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အောင်လအန်ဆန် - အားလုံးပဲပေါ့နော်။ ကျွန်တော်နဲ့သိပ်အဆင်မပြေဘူး။ အဲဒီတော့ ကျွန်တော်ကြည့်ဦးမှာပေါ့။ တခြားဘာနည်းလမ်းတွေရှိမလဲပေါ့။ တခြားလမ်းတွေလည်း ရှိတယ်လို့ ကျွန်တော်သိတယ်။အဲဒီတော့ ONE နဲ့ကဆက်ပြီးတော့ အတူတူ အလုပ်လုပ်မလား။ မဟုတ်ဘူးဆိုရင် တခြားကိုသွားမလားဆိုတာ မသိသေးဘူး။ အဲဒါကဘုရားရဲ့လက်မှာပဲ။

ဘီဘီစီ - ကိုအောင်လ ရဲ့ အသက်အရွယ်အပိုင်းအခြားတစ်ခုကြောင့် ONE Championship စဥ်းစားနေတာလားဆိုတဲ့ ပြောဆိုချက်တွေရှိပါတယ်။ ကိုအောင်လ ဘယ်လိုယူဆပါလဲ။

အောင်လအန်ဆန် - သူတို့ဘယ်လိုစဥ်းစားနေလဲ ကျွန်တော် မသိသေးဘူး။ ဒါပေမဲ့ ကျွန်တော့်တန်ဖိုးကို ကျွန်တော်သိပါတယ်နော့။ အခုကကျွန်တော့်ရဲ့အသက်က အရွယ်ကကောင်းနေပြီ။ နောက်ထပ်လည်း အများကြီး ကစားနိုင်မှာမဟုတ်တော့ဘူး။ ဒီအချိန်က ကျွန်တော့်အတွက်အကောင်းဆုံးအချိန်ပဲ။ အဲဒီတော့ ကျွန်တော်ရဲ့တန်ဖိုးကို ကျွန်တော်သိတယ်။ ကျွန်တော် Fan ( ပရိသတ်) ဘယ်လောက် ခေါ်လာလဲ ကျွန်တော်သိတယ်။ ကျွန်တော့်နောက်မှာ ပရိသတ်တွေ ဘယ်လောက်ရှိလဲ သိတယ်။ အဲဒီတော့ကျွန်တော်က မစိုးရိမ်ပါဘူးနော့။ အခုအချိန်မှာတော့ ကျွန်တော် အကျန်းမာဆုံးပဲ။ ကစားမယ်ဆိုရင်အကောင်းဆုံး ကစားနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ နောက်လာမယ့်ပွဲမှာဆိုရင်လည်း အကောင်းဆုံးကစားနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။

လေ့ကျင့်ရေးကွင်းအတွင်းက အောင်လအန်ဆန်

ဓာတ်ပုံ ရင်းမြစ်, ryanloco

ဘီဘီစီ - ONE Championship နဲ့ စာချုပ်ချုပ်ဖြစ်မှပဲ ချန်ပီယံခါးပတ်ပြန်ရဖို့တွေက ဖြစ်နိုင်မှာပါလား။

အောင်လအန်ဆန် - ဟုတ်ပါတယ်။ အကယ်လို့ သူတို့နဲ့ အလုပ်မလုပ်ဘူးဆိုရင် တခြားပရိုမိုးရှင်း မှာကျွန်တော်ပြိုင်ရမှာပေါ့နော။ ဒါပေမဲ့ကျွန်တော့်ရဲ့စိတ်မှာ ကျွန်တော်ယုံကြည်ပါတယ်။ ဘယ်မှာပဲဖြစ်ဖြစ် ချန်ပီယံပြန်ဖြစ်အောင် ကြိုးစားမယ်။

ဘီဘီစီ - ကိုအောင်လက MMA ကစားသမား ဘဝ ကို ONEမှာပဲ အဆုံးသတ်မယ်လို့ ဖွင့်ဟထားတယ်။ ဆိုတော့ စာချုပ်ဆက်မချုပ်ဖြစ်ဘူးဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားမှာလဲ။

အောင်လအန်ဆန် - ဘယ်မှာပဲကစားကစား ကျွန်တော်က အကောင်းဆုံးကစားပေးမယ်။ ပြီးတော့ကျွန်တော့်ရဲ့ မြန်မာပြည်ကပရိသတ်တွေလည်း အမြဲတမ်း ကျွန်တော်နဲ့ အတူတူရှိတယ်လို့ ယုံကြည်တယ်။ ပြီးတော့ ပွဲထိုးတိုင်းလည်း ကျွန်တော် အကောင်းဆုံး ထိုးတယ်။ ကျွန်တော့်ပရိသတ်တွေ ကြည့်ရှုချင်တဲ့ အတိုင်းဖြစ်အောင်ကြိုးစားတယ်။ Knock Out တွေ Submission တွေကို ကြိုးစားပြီး ကျွန်တော်ထိုးပါတယ်။ အဲဒီတော့ ဘယ်ပရိုမိုးရှင်းမှာပဲရောက်ရောက် ကျွန်တော်က မစိုးရိမ်ဘူးနော့။ ကျွန်တော့်ဆီမှာ အမြဲတမ်း ပရိသတ်‌တွေ ပါတယ်။ ပြီးတော့ ပွဲလည်းကောင်းအောင် ကျွန်တော်ထိုးနိုင်တယ်။ အခုအချိန်က ကျွန်တော့်အတွက် အကောင်းဆုံးအချိန်ပဲ။ ကျွန်တော် ဘာမှ မစိုးရိမ်ပါဘူး။

ဘီဘီစီ - ဒီအခြေအနေမှာ ချန်ပီယံပြန်ဖြစ်ဖို့ ဘယ်လောက်ဖြစ်နိုင်လဲ။

အောင်လအန်ဆန် - ဘယ်မှာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ကြိုးစားမယ်။ အခုအချိန်မှာ တိုက်ခိုက်မှုစွမ်းရည် ပိုကောင်းအောင် ကြိုးစားနေတယ်။ ကျွန်တော့်ရဲ့သူငယ်ချင်းတွေကို ကူညီပေးမယ်။ သူတို့ကို ကူညီပေးနေချိန်မှာ ကျွန်တော့်ရဲ့ တိုက်ခိုက်နိုင်စွမ်း ပိုမြင့်အောင် ကြိုးစားမယ်။

ဘီဘီစီ - ချန်ပီယံခါးပတ်ဆိုရင် ဒီရစ်ဒါအကြောင်းမေးရမှာပါ။ ခါးပတ် ၂ ခုလုံးကို ဆုံးရှုံးခဲ့တာက သူ့ကိုပဲ ဆိုတော့သူ့ကို ဘာကြောင့်ရှုံးခဲ့တာလဲ။ အခုလက်ရှိမှာရော သူ့ကိုပြိုင်နိုင်ဖို့ လုံလောက်အဆင်သင့်ဖြစ်ပြီလား။

အောင်လအန်ဆန် - ကျွန်တော် ၂၀၁၈ မှာတုန်းက ဂျူဂျစ်ဆုသိပ်မကစားတော့ဘူး။ သိပ်မလေ့ကျင့်တော့ဘူး။ ဒီရစ်ဒါရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုပုံစံနဲ့ သူ့ရဲ့ ထိုးသတ်တဲ့ပုံစံက ကျွန်တော့်အတွက် အခက်အခဲပေးတယ်။ အကယ်၍ ဒီရစ်ဒါသာ ၃ လက်မ ၊ ၄ လက်မလောက် ပိုပုမယ်ဆိုရင်ကျွန်တော့်အတွက် ဒီလိုပြဿနာရှိမှာ မဟုတ်ဘူး။ ဂျူဂျစ်ဆုက ကျွန်တော် နည်းနည်းအားနည်းသွားတယ်။ ဒါပေမဲ့ လူတိုင်းကကိုယ့်အတွက် အခက်အခဲပေးတဲ့ အားကစားသမားတွေရှိတယ်။ ဒါပေမဲ့ အဲဒါကသိပ်အရေးမကြီးပါဘူး။ ပိုပြီးတော့ကျွမ်းကျင်တဲ့ကစားသမားဖြစ်အောင်လုပ်မယ်။ နောက်တစ်ခေါက်ပြန်ထိုးရင် ဘယ်လိုမျိုးအခြေအနေမျိုးနဲ့ နိုင်ရမလဲဆိုတာကိုပဲ အာရုံစိုက်တယ်။ နိုင်လမ်းကိုကျွန်‌တော်ရှာတယ်။

ဒီရစ်ဒါကိုရှုံးပြီးခါးပတ်လက်လွှတ်ခဲ့ရတဲ့ ပြိုင်ပွဲ

ဓာတ်ပုံ ရင်းမြစ်, One Championship

ဘီဘီစီ - ONE Championship နဲ့ အရင်စာချုပ်မှာ ၁၉ ပွဲထိုးတယ်။ ၄ပွဲရှုံးတယ်။ အဲဒီ ၄ ပွဲက ဒီရစ်ဒါ နဲ့ နောက် ဗစ်တာလီဘစ်ဒက်ချ် ကိုရှုံးတယ်ဆိုတော့။ ဗစ်တာလီဘစ်ဒက်ချ်ကိုရောဘာကြောင့်ရှုံးတာလဲ။

အောင်လအန်ဆန် - ဟုတ်ပါတယ်။ သူ့ရဲ့ပုံစံကတော့ ရုရှားစတိုင်၊ Wrestling Base ပေါ့။ ဒါပေမဲ့ ကျွန်တော့်ရဲ့အမြင်မှာတော့ ဒီအားကစားသမား ၂ ယောက်လုံးကို နိုင်လို့ရတယ်ဆိုတာ ယုံကြည်တယ်။ ၁၉ ပွဲမှာ ၁၅ ပွဲနိုင်တယ်။ ၄ ပွဲရှုံးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် နိုင်တာ၊ရှုံးတာသိပ်အရေးမကြီးဘူး။ ကိုယ်က ကျွမ်းကျင်တဲ့အားကစားသမားဖြစ်အောင် ပိုပြီးတော့ပဲ ကြိုးစားတယ်။

ဘီဘီစီ - သူတို့နှစ်ယောက်က ကိုအောင်လအတွက်အခက်ခဲဆုံး ကစားသမားတွေလား။

အောင်လအန်ဆန် - ဟုတ်ကဲ့ပါ။ သူတို့နှစ်ယောက်က ကျွန်တော့်အတွက် သူတို့နှစ်ယောက်က နည်းနည်းခက်ခဲတယ်။ ဒါပေမဲ့ကျွန်တော့်ရဲ့အမြင်မှာ ပြန်ထိုးမယ်ဆိုရင် နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဟုတ်ပါတယ်။ သူတို့ကို ကျွန်တော်ရှုံးတယ်။ ဒါပေမဲ့သူတို့က ကျွန်တော့်ကို ပိုပြီးတော့ကျွမ်းကျင်တဲ့ကစားသမားဖြစ်အောင် လုပ်ပေးတယ်။ ကျွန်တော်ဘယ်နေရာမှာ ပိုပြီးတော့ကြိုးစားရမလဲဆိုတာ သူတို့ ပြောပြတယ်။ ကျွန်တော် နည်းပြလုပ်ထားတဲ့ ကစားသမားတွေက သူတို့လိုလူတွေနဲ့ ကစားမယ်ဆိုရင် ဘာလုပ်ပေးရမလဲဆိုတာ ကျွန်တော်သိသွားပြီပေါ့။

ဘီဘီစီ - ONE Championship က ကိုအောင်လနဲ့စာချုပ်မချုပ်ရင် မြန်မာပရိသတ်ကို ဆုံးရှုံးရနိုင်တယ်လို့ ပြောကြတယ်။ တစ်ဖက်မှာလည်း မြန်မာပြည်တွင်းမှာ ပွဲတွေမလုပ်နိုင်တဲ့ အခြေအနေဖြစ်လို့ ONE က စဥ်းစားနေတာလားဆိုတာမျိုးလည်း ပြောကြတယ်။ ဘာကြောင့် ဖြစ်နိုင်လဲ။

အောင်လအန်ဆန် - သူတို့ ဘာစဥ်းစားလဲ ကျွန်တော်မသိဘူး။ သူတို့ရဲ့ ဗျူဟာ ဘယ်လိုလဲဆိုတာကျွန်တော်မသိဘူး။ ဒါပေမဲ့ ONE Championship မှာ သူတို့ရဲ့ မားကက်တင်းဗျူဟာ ရှိတယ်။ ရှိုးဗျူဟာ ရှိတယ်။ ကျွန်တော်က သူတို့ရဲ့ ဗျူဟာထဲမှာ မပါတာလား ကျွန်တော်မသိဘူး။ ဒါပေမဲ့ ကျွန်တော်ကော်လိုရာဒိုမှာ ထိုးတဲ့အချိန်တုန်းက သတင်းစာရှင်းလင်းပွဲမှာလည်း မပါဘူး။ ကျွန်တော် နဲ့ သူတို့ကသိပ်အဆင်မပြေဘူးလား မသိဘူးနော့။ ပွဲပြီးတဲ့အချိန်မှာလည်း စီအီးအိုကလည်း ကျွန်တော့်ကိုစကားလည်း မပြောဘူး။ ပွဲကောင်းလို့လည်း မပြောဘူး။ ဘာမှလည်းမပြောဘူးဆိုတော့ ကျွန်တော်လည်း နားမလည်ဘူး။

ဘီဘီစီ - ONE မှာ မြန်မာနွယ်ဖွား ချင်းလူမျိုး တီရယ်ထန်လို ဖိုက်တာတွေရှိလာတယ်။ အဲဒီတော့ သူတို့အတွက် နည်းပြလုပ်ပေးနေတာ ရှိလား။

အောင်လအန်ဆန် - အခုလောလောဆယ် ကျွန်တော့်ရဲ့ ညီလေး တီရယ်လ်ထန် စနေနေ့မှာ ပွဲထိုးမှာ ရှိတယ်။ သူနဲ့အတူ လိုက်သွားမယ်။ ကျွန်တော့်သူငယ်ချင်း မာတင် (MMA ဖိုက်တာ ဗီယက်နမ်လူမျိုး၊ သြစတြေးလျ နိုင်ငံသား မာတင်ငုယင်) လည်း ရှိတယ်။ သူတို့ကိုကျွန်တော်ကူညီပေးမယ်။ သူတို့ ပိုပြီးတော့ အကောင်းဆုံးကစားနိုင်အောင် သူတို့အတွက် လုပ်ပေးမယ်။ အခုလောလောဆယ် အဲဒီမှာပဲအာရုံစိုက်တယ်။

မာတင်ငုယင်၊ တီရယ်လ်ထန် တို့နဲ့အတူ

ဓာတ်ပုံ ရင်းမြစ်, ONE Championship

ဓာတ်ပုံ ပုံစာ, တီရယ်လ်ထန်ထိုးတဲ့ပွဲမှာ တွေ့ရတဲ့ အောင်အန်ဆန်နဲ့ မာတင်ငုယင်

ဘီဘီစီ - မိသားစုအကြောင်းမေးချင်ပါတယ်။ သားဖြစ်သူကို ဖိုက်တာတစ်ယောက်ဖြစ်စေချင်လား။

အောင်လအန်ဆန် -( ရယ်လျက် ) ဒီဖိုက်တင်က မလွယ်ဘူးနော့။ အရမ်းခက်ခဲတဲ့အလုပ်တစ်ခု ဖြစ်ပါတယ်။ သူသာစိတ်ပါမယ်ဆိုရင်တော့ အားပေးပါတယ်‌။ စိတ်မပါရင်တော့ မတွန်းပါဘူး။ ဖိုက်တင်ကအရမ်း အခက်အခဲ ရှိတယ်။ စိတ်ပါတာကိုပဲလုပ်ဖို့ပဲ ကျွန်တော် သူ့ကို အားပေးမယ်။

မိသားစုနဲ့အတူ

ဓာတ်ပုံ ရင်းမြစ်, Aung La N'Sang Facebook

ဓာတ်ပုံ ပုံစာ, အောင်လအန်ဆန်နဲ့ မိသားစု

ဘီဘီစီ - အခက်အခဲနဲ့ မွန်းကျပ်မှုတွေကြားက အမြဲတမ်းအားပေးတဲ့ မြန်မာပရိသတ်ကို ဘာပြောပြချင်သေးလဲ။

အောင်လအန်ဆန် - ကျွန်တော့်ရဲ့ ဒီ Career တစ်ခုလုံးမှာ အားပေးခဲ့ကြလို့ အရမ်းကျေးဇူးတင်တယ်။ ONE Championship မှာလည်း အမြဲတမ်းအားပေးတဲ့အတွက်အားလုံးကို အရမ်းကျေးဇူးတင်တယ်။ အားလုံးကိုချစ်တယ်။ ONE Championship နဲ့ လမ်းခွဲရင်လည်း ကျွန်တော့်ကို နှစ်ပေါင်းအများကြီး အားပေးထားတဲ့ ပရိသတ်ကို ကျေးဇူးတင်တယ်။ မကြာခင်လည်းအားလုံးနဲ့ပြန်တွေ့ဆုံချင်တယ်။ တစ်နေ့ကျရင် မြန်မာပြည်ကိုပြန်လာပြီ းအားလုံးကို ကောင်းတာ တစ်ခုခုလုပ်ပေးချင်တယ်။အားလုံးက ဘုရားရဲ့လက်မှာပါပဲ။ အားလုံးလည်းဆုတောင်းပေးပါ။

ဘီဘီစီ - ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။