အောင်လအန်ဆန် - ၈၉ စက္ကန့်နဲ့ပြိုင်ဘက်ကို အလဲထိုးသူ

 စက္ကန့် ၉၀ တောင်မပြည့်ဘဲ ပထမအချီနဲ့တင် ပြိုင်ဘက်ကို အနိုင်ယူ

ဓာတ်ပုံ ရင်းမြစ်, Screengrab

ဓာတ်ပုံ ပုံစာ, စက္ကန့် ၉၀ တောင်မပြည့်ဘဲ ပထမအချီနဲ့တင် ပြိုင်ဘက်ကို အနိုင်ယူ

‘‘အမဲလိုက်အက၊ ခွန်အားရှိမှ၊ ဆုတံဆိပ်တွေ ရလိမ့်မယ် ...’’ ဆိုတဲ့ နာမည်ကြီးအဆိုတော်လေးဖြူရဲ့ အမဲလိုက်အက သီချင်းသံ တပိုင်းတစဟာ မြန်မာ့မြေမဟုတ်တဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Impact Arena အားကစားရုံတွင်းရောက်နေတဲ့ ပရိသတ်တွေကြား အကျယ်ဆုံးကြားရတဲ့သံပြိုင်သီဆိုမှုဖြစ်ပါတယ်။

မြန်မာ့ စပါးအုံးလို့ နာမည်ကျော်တဲ့ အောင်လအန်ဆန် တစ်ယောက် ဘရာဇီးတိုက်ခိုက်ရေးသမား ဂီလ်ဘာတို ဂယ်ဗောင်းကို ယှဥ်ပြိုင်ထိုးသတ်ဖို့ ကွင်းထဲဆင်းလာချိန် ကစားသမား မိတ်ဆက်အဖွင့်သီချင်းကို ပရိသတ်တွေက အတူသီဆိုခဲ့ကြတာပါ။

သိုင်းပေါင်းစုံ လက်ဝှေ့သမား အောင်လအန်ဆန်ဟာ ဘရာဇီးဖိုက်တာ ဂီလ်ဘာတိုနဲ့ One Championship ပြိုင်ပွဲရဲ့ ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး (One Fight Night -6) ပွဲစဉ်တစ်ပွဲအနေနဲ့ ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းတုန်းက ယှဥ်ပြိုင် ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပြိုင်ပွဲမှာ ထိုင်းရောက်မြန်မာတွေ အများဆုံးလာရောက်အားပေးကြတာတွေ့ရပါတယ်
ဓာတ်ပုံ ပုံစာ, ဒီနေ့ပြိုင်ပွဲမှာ ထိုင်းရောက်မြန်မာတွေ အများဆုံးလာရောက်အားပေးကြတာတွေ့ရပါတယ်

ဒီပွဲမှာလည်း MMA လက်ဝှေ့သမား အောင်လက သူယှဥ်ပြိုင်ထိုးသတ်နေကျအတိုင်း ပြိုင်ဘက် ကစားသမားကို ပထမဆုံးအချီမှာပဲ ၈၉ စက္ကန့်နဲ့ အလဲထိုး အနိုင်ယူခဲ့ပြန်ပါတယ်။

ဂီလ်ဘာတိုဟာ ပွဲထွက်လာကတည်းက သူသန်တဲ့ အားပြင်းတဲ့ ဝိုက်လက်သီးတွေနဲ့ တရစပ်ထိုးပေမဲ့ အောင်လရဲ့ ပင့်လက်သီးတစ်လုံးမိသွားခဲ့ပါတယ်။

နောက် ဂီလ်ဘာတိုက ကြိုးဝိုင်းသံဆန်ခါမှာ ဖိကပ်ပြီး ချုပ်လှဲဖို့ ကြိုးစားပေမဲ့ အောင်လက ခွာထွက်ပြီး လဲကျသွားတဲ့ ပြိုင်ဘက်ကို လက်သီးတွေ ဘယ်ပြန် ညာပြန်ထိုးခဲ့တာကြောင့် ပထမအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် One Championship က အခုနှစ် ၂၀၂၃ ခုနှစ်အတွက်အဖွင့်ပြိုင်ပွဲအနေနဲ့ ပြုလုပ်တဲ့ ဒီနေ့ ပြိုင်ပွဲမှာ မြန်မာ့ စပါးအုံးက ပြိုင်ဘက်ကို ပထမ တချီတည်းနဲ့အလဲထိုးတဲ့ အကြိမ် ၂၀ မြောက် စံချိန်ကို ချိုးသွားခဲ့တာဖြစ်ပါတယ်။

Skip X post
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

End of X post

ပြိုင်ဘက် အသက် ၄၀ အရွယ် ဘရာဇီးဖိုက်တာ ဂီလ်ဘာတိုဟာ ၃ နှစ်ကျော်ကြာပြီးမှ ကြိုးဝိုင်းထဲကို တကျော့ပြန်လာသူဖြစ်ပြီး လေ့ကျင့်ချိန် ၂ ပတ် ကျော်ပဲရှိတယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အောင်လရဲ့ကစားကွက်ကို သိနေတာကြောင့် ပြိုင်ပွဲမှာ ပြိုင်ဘက်ကို ချုပ်ပြီး ထိုးနှက်ယှဥ်ပြိုင်ကစားနိုင်ရေး ကြိုးစားမယ်လို့ ပွဲမတိုင်ခင်မှာ ပြောခဲ့ပေမဲ့ ကြိုးဝိုင်းအတွင်းမှာ မအောင်မြင်ဖြစ်ခဲ့ပြီး ရှုံးနိမ့်ခဲ့တာပါ။

တစ်ဖက်မှာလည်း အောင်လအန်ဆန်ကတော့ ဒီပြိုင်ပွဲမှာ မြန်မာပရိသတ်တွေဖြစ်စေချင်တဲ့ အလဲထိုး အနိုင်ယူမှုနဲ့ ယှဥ်ပြိုင်မှုကို အဆုံးသတ်ခဲ့ပါတယ်။

‘‘မြန်မာပရိသတ်ကို အမြဲတမ်း ကျေးဇူးတင်တယ်။ အရမ်းလည်း ချစ်တယ်။ အရင်နှစ်က ကျွန်တော့်အတွက် အရမ်းခက်ခဲတယ်။ ကျွန်တော်လည်း စိတ်ဓာတ်အရမ်းကျတယ်။ ဒါပေမဲ့ ပြောချင်တာက အားလုံး စိတ်ကို တင်းတင်းထားပါ။ ငြိမ်းချမ်းရေးက ကျွန်တော်တို့အတွက် အရေးကြီးဆုံးပဲ။ ကျွန်တော်တို့ အသက်တာမှာ ငြိမ်းချမ်းရေးပေးတာ ဘုရားကပဲ ပေးနိုင်တယ်။ အဲဒီတော့ အားလုံး ဆက်ပြီးတော့ ဆုတောင်းပါ။ ငြိမ်းချမ်းရေးအတွက် အားလုံး ဆုတောင်းပေးပါလို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်’’ လို့ အောင်လအန်ဆန်က နိုင်ပွဲကြေညာအပြီးမှာ မြန်မာပရိသတ်တွေကို ပြောပါတယ်။

‘‘မြန်မာပြည်မှာ မထိုးနိုင်ပေမဲ့ မြန်မာပြည်ကလူတွေက အမြဲတမ်း ကျွန်တော်နဲ့အတူပါတယ် ဆိုတာကို ကျွန်တော်သိတယ်။ ဘယ်မြို့မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် မြန်မာပြည်က ကျွန်တော့်ရဲ့ အသည်းထဲမှာပါတယ်။ သူတို့ကလည်း ကျွန်တော်ရဲ့အသည်းထဲမှာရှိတယ်’’ လို့ အောင်လအန်ဆန်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲလုပ်ချိန် ဘီဘီစီနဲ့သီးသန့်တွေ့ဆုံမေးမြန်းမှုမှာ ပြောထားပါတယ်။

အောင်လအန်ဆန်ကတော့ ဒီနှစ်လယ်ပိုင်းမှာ ကစားဖို့ရှိတဲ့ မစ်ဒယ်ဝိတ်တန်းပြိုင်ပွဲမှာလည်း အခုလိုပဲ ပထမအချီနဲ့ ပြိုင်ဘက်ကို အနိုင်ယူပြီး ချန်ပီယံဆု ယူဖို့ အခုကတည်းက ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

လသားအရွယ်သားငယ်၊ သမီးငယ်နဲ့ ဇနီးဖြစ်သူတို့အတွက် အချိန်ပိုပေးမှာဖြစ်ပေမဲ့ ချန်ပီယံဖြစ်ရေး ရည်မှန်းချက်ကိုတော့ လျှော့မှာမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။