တိုက်ရိုက်ထုတ်လွှင့်မှု, သက်စွန့်တာဝန်ထမ်းရလို့ တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ကြေးပေးမယ်လို့ စစ်ကော်မရှင်ပြော

စစ်ကော်မရှင်က အငြိမ်းစားဗိုလ်ချုပ်ကြီးတွေကို သရေစည်သူဘွဲ့ ပေးတဲ့သတင်းအပါအဝင် မတ် ၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • အမှုထမ်းလုပ်သက်အလိုက် တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေး လတိုင်းပေးမယ်
  • တပ်တွင်းဝေဖန်မှုရှိတယ်လို့ CDM စစ်သားအသိုင်းအဝိုင်းပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အကြမ်းဖက် ပုဒ်မတွေနဲ့ တရားစွဲခံရထားရသူ ၁၂,၀၀၀ ကို စစ်တပ် အမှုပိတ်

    ၂၀၂၅ နိုဝင်ဘာ ၂၇ ရက်တုန်းက အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသားတွေပြန်လွှတ်ပေးတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၅ နိုဝင်ဘာ ၂၇ ရက်တုန်းက အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသားတွေပြန်လွှတ်ပေးတဲ့မြင်ကွင်း

    အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က) တို့နဲ့ တရားစွဲခံထားရသူတွေအပါအဝင် ဒီအမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေအပါ လူပေါင်း ၁၂,၄၈၇ ဦးကို ဒီနေ့မှာ အမှုပိတ်သိမ်းပေးလိုက်တဲ့အကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

    အကြမ်းဖက်အမှုတွေနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ချုပ်နှောင်ခံထားရသူ ၇,၃၃၇ ဦးကိုလည်း ပြစ်ဒဏ်လျော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာပေးခဲ့ပါတယ်။

    “နောက်တစ်ကြိမ်ပြစ်ဒဏ်ထပ်ကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ဆက်ကျခံပါမယ်” ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပြန်လွှတ်ပေးခဲ့တာပါ။

    ဒါဟာ ၅ နှစ်တာအတွင်း စစ်တပ်ရဲ့ လွတ်ငြိမ်းသက်သာပေးမှုတွေထဲ အကြမ်းဖက်အမှုတွေကို ပထမဆုံး အကြိမ်ပိတ်သိမ်းပေးပြီး လွတ်ငြိမ်းပေးတာလည်းဖြစ်ပါတယ်။ အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာ နှစ်ရှည်ထောင်ဒဏ်ကျမှတ်ခံရနိုင်တဲ့ ဒီအကြမ်းဖက်အမှုတွေနဲ့ တရားစွဲဆိုခံထားရတာပါ။

    စစ်ကော်မရှင်ကတော့ တပေါင်းလပြည့်အချိန်ကာလ ဒီနေ့ မတ် ၂ ရက်မှာကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အမှုပိတ်သိမ်းတာလို့ ဖော်ပြပါတယ်။

    နောက်ထပ်အကျဉ်းသား/အကျဉ်းသူ ၂,၈၂၅ ဦးကိုလည်း လွတ်ငြိမ်းပေးသလို နိုင်ငံခြားသား ၁၀ ဦးကိုလည်း လွတ်ငြိမ်းနဲ့လွှတ်ပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ ဒီလူတွေကတော့ ဘယ်အမှုနဲ့ကျခံနေရသူတွေလည်းဆိုတာတော့ တိတိကျကျဖော်ပြတာမရှိပါဘူး။

    ဒါအပြင် လူသတ်မှု၊ မုဒိန်းမှု၊ ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းများအက်ဥပဒေ၊ မတရားအသင်း အက်ဥပဒေ၊ လက်နက်ဥပဒေ၊ ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုတွေ၊ မူးယစ်ဆေးဝါးအမှုတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှု ဥပဒေနဲ့ အဂတိဥပဒေတို့နဲ့ ပြစ်ဒဏ်ကျနေသူတွေကလွဲပြီး ကျန်တဲ့အမှုတွေမှာ ကျခံနေရသူတွေရဲ့ ကျန်ရှိတဲ့ ပြစ်ဒဏ်ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။

    အာဏာသိမ်း ၅ နှစ်အကြာမှာ စစ်တပ်က အပိုင်းလိုက်ရွေးကောက်ပွဲပြုလုပ်ပြီး မတ်လလယ်မှာ လွှတ်တော်ခေါ်ကာ အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ရှိနေပါတယ်။

    ဒီအချိန်မှာပဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်သင့်ကြောင်းမကြာခဏ ထုတ်ပြောနေပါတယ်။ စစ်တပ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကို လွှတ်ပေးရေးဆိုတဲ့အချက်အပါအဝင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကပါ တိုက်တွန်းထားပါတယ်။

  2. အီရန်ကို အစ္စရေးနဲ့ အမေရိကန်တိုက်ခိုက်မှု ၃ ရက်မြောက် - ဘာတွေဆက်ဖြစ်နေလဲ

    အမေရိကန်ရဲ့ ပစ်ခတ်မှုတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဘက်အားလုံးက ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်တဲ့ အမေရိကန်- အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှု ၃ ရက်ထဲ ဝင်လာပြီဖြစ်ပါတယ်။

    ဒီဖြစ်ရပ်နောက်ဆုံးရသတင်းတွေ စုစည်းချက်ကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

    - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ‘‘ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေအားလုံး မပြည့်မချင်း’’ အီရန်အပေါ် ‘‘တိုက်ခိုက်မှုစစ်ဆင်ရေး’’ ဆက်ပြီးလုပ်သွားမယ်လို့ သူ့ရဲ့ ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။

    - အီရန်ရဲ့တိုက်ခိုက်မှုအတွင်း အမေရိကန် တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး နောက်ထပ် ၅ ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားတယ်လို့ အမေရိကန်ဗဟိုကွပ်ကဲရေးဌာန ထုတ်ပြောထားတာကြောင့် အမေရိကန်တွေ ထိခိုက်သေဆုံးမှု နောက်ထပ်ဖြစ်လာနိုင်ခြေရှိတယ်လို့လည်း သူက ဆိုပါတယ်။

    - တနင်္လာနေ့ မနက်အစောပိုင်းမှာတော့ ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို ရော့ကတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုဖြစ်အပြီးမှာ အစ္စရေးဟာ လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာတွေရဲ့ပစ်မှတ်လို့ ဆိုတဲ့နေရာတွေကို လေကြောင်း တိုက်ခိုက်တာတွေ လုပ်နေပါတယ်။

    - အီရန်အရာရှိတွေကတော့ မိန်းကလေးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ အနည်းဆုံး လူ ၁၅၃ ဦးသေဆုံးတယ်လို့ ပြောပြီး အီရန်သမ္မတကတော့ ဒါဟာ ‘‘လူမဆန်တဲ့လုပ်ရပ်’’ လို့ ဆိုပြီး ပြောပါတယ်။

    - အစ္စရေး လူနာတင်ယာဉ်နဲ့ကူညီရေးအဖွဲ့ မက်ဂန် ဒေးဗစ် အဒွန်ရဲ့အပြောအရ အီရန်ဒုံးကျည်တွေဟာ ဘေ့ ရှီမက်ရှ်မြို့ကို ကျလို့ လူ ၉ ဦးထက်မနည်းသေဆုံးတယ်လို့ဆိုပါတယ်။ ဒါဟာ ၃ ရက်ထဲဝင်လာတဲ့ တစ်ကျော့ပြန် တိုက်ပွဲမှာ အစ္စရေး တိုက်ခိုက်ခံရမှုအတွင်း လူသေဆုံးမှုအများဆုံးဖြစ်ရပ်ဖြစ်လာပါတယ်။

    - အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) မှာလည်း အီရန်က စနေနေ့တုန်းက လက်တုံ့ပြန်တဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့လို့ လူ ၃ ဦးသေဆုံးတယ်လို့ သတင်းမှာဖော်ပြပြီး ဘာရိန်း၊ အီရတ်က အယ်လ်ဘီလ်မြို့နဲ့ ဂျော်ဒန်တို့မှာလည်း ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

    - တနင်္လာနေ့ မနက်ပိုင်းမှာတော့ အာရှတလွှား စျေးကွက်ဖွင့်ချိန်မှာ ကမ္ဘာ့ရေနံစျေးတွေ တက်နေပါတယ်။

    - ဗြိတိသျှဝန်ကြီးချုပ် ဆာ ကီယာ စတားမာကတော့ အမေရိကန်ကို ဗြိတိန်ရဲ့စစ်အခြေစိုက်စခန်းတွေမှာ ခုခံကာကွယ်ရေးလုပ်ဆောင်ခွင့်ပေးမှာဖြစ်ပေမဲ့ လက်ရှိဖြစ်နေတဲ့ ‘‘ထိုးစစ်သဘောတိုက်ခိုက်မှုမှာ ပါဝင်ဦးမှာမဟုတ်ဘူး’’လို့ ပြောထားပါတယ်။

    - ဗြိတိန် တော်ဝင်လေတပ် RAF ကလည်း ဆိုက်ပရက်စ်က စစ်ခြေစိုက်စခန်းတစ်ခုကို မသင်္ကာဖွယ်ရာဒရုန်းနဲ့ တိုက်ခိုက်မှုတစ်ခုကို တုံ့ပြန်ထားတယ်လို့ အတည်ပြုပါတယ်။

  3. တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အထူးထောက်ပံ့ကြေးပေးမယ်လို့ စစ်ကော်မရှင်ထုတ်ပြန်

    ၂၀၂၁ ခုနှစ် ရန်ကုန်မြို့ပေါ်က အာဏာသိမ်းမှုဆန့်ကျင်ကြောင်းဆန္ဒပြပွဲကို ဖြိုခွင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ် ရန်ကုန်မြို့ပေါ်က အာဏာသိမ်းမှုဆန့်ကျင်ကြောင်းဆန္ဒပြပွဲကို ဖြိုခွင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ

    စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အမှုထမ်းလုပ်သက်အလိုက် တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေး လတိုင်းပေးမယ်လို့ စစ်ကော်မရှင်က မနေ့ မတ် ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

    ဖေဖော်ဝါရီ ၂၈ ရက်မှာပြည့်တဲ့လုပ်သက်ပေါ်အခြေခံပြီး လုပ်သက်အလိုက် ထောက်ပံ့ကြေးပေးမှာဖြစ်ပြီး မတ် ၁ ရက်နေ့ကစလို့ စပေးတယ်လို့ စစ်ကော်မရှင်က ကြေညာပါတယ်။

    ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကို နှိမ်နင်းတာဟာ ရဲတာဝန်ဖြစ်နေပေမဲ့ လိုအပ်ချက်ကြောင့် စစ်တပ်က ဝင်လုပ်ရတာလို့ဆိုပြီး စစ်ခေါင်းဆောင်က အခုလပိုင်းတွေအတွင်း နှစ်ကြိမ်ထက်မနည်း ထုတ်ပြောအပြီးမှာ ရဲတွေကို လစာတိုးပေးတဲ့ အစီအစဉ် ထွက်ပေါ်လာတာပါ။

    လုပ်သက် ၁၀ နှစ်အထက်ဆိုရင် ငွေကျပ် ၃ သောင်း၊ ၁၅ နှစ်အထက်ဆိုရင် ၅ သောင်းနဲ့ နှစ် ၂၀ အထက်ဆိုရင် ၁ သိန်းထောက်ပံ့မှာပါ။

    “လုပ်သက်အရ တိုးတာ ကောင်းပေမဲ့ ကြီးကြီးမားမားတော့ ပြောင်းလဲမှု မရှိဘူး။ အခုလည်း ဆန်၊ ဆီ၊ ဆား ရိက္ခာအစို ရတယ်၊ ကုန်ဈေးနှုန်းနဲ့ ရတဲ့လစာက မကာမိတော့ ချင့်ချိန်သုံးရတယ်။ ကျန်တဲ့ မိသားစုဝင်တွေက အပြင်အလုပ်ထွက်မလုပ်ရင် မလောက်ငဘူး” လို့ ရန်ကုန်မြို့အခြေစိုက် တပ်မိသားစုဝင်တစ်ဦးက ပြောပါတယ်။

    ရာသီမ‌ရွေး၊ နေရာမရွေး၊ အချိန်မရွေး ပင်ပင်ပန်းပန်းနဲ့ သက်စွန့်တာဝန်ထမ်းရလို့ ဂုဏ်ပြုချီးမြှင့်တာလို့ စစ်ကော်မရှင်ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ကြေးတိုးပေးတဲ့သတင်း ထုတ်ပြီး နောက်တစ်နေ့မှာပဲ စစ်ကော်မရှင်ဟာ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဦးအောင်လင်းဒွေး၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦးအပါအဝင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ကို သရေစည်သူဘွဲ့ ချီးမြှင့်တယ်လို့ မတ် ၂ ရက် ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။

    အာဏာသိမ်း ၅ နှစ်တာအတွင်း စစ်ရေးပြင်းထန်လာတာကြောင့် စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ အနားမရသလို အောက်ခြေတပ်မိသားစုဝင်တွေလည်း စီးပွားရေးကြပ်တည်းမှုကိုပါ ရင်ဆိုင်ရတာကြောင့် တပ်တွင်းဝေဖန်မှုရှိတယ်လို့ CDM စစ်သားအသိုင်းအဝိုင်းက သူတို့ရဲ့အစီရင်ခံချက်တွေမှာ ထည့်ပြောကြပါတယ်။

    တစ်ဖက်မှာ ပြည်တွင်းက ရဲတပ်ဖွဲ့ဘက်ကို ကြည့်ရင် မြန်မာမှာ စစ်အာဏာမသိမ်းခင်က ရဲလုပ်ငန်းစွမ်းရည်မြှင့်တင်ဖို့ဆိုပြီး ဥရောပသမဂ္ဂအပါအဝင်နိုင်ငံတကာက မြန်မာရဲတပ်ဖွဲ့ကို သင်တန်းပေးတာနဲ့ ကူညီထောက်ပံ့တာတွေပြုလုပ်ခဲ့ပြီးပေမဲ့ စစ်အာဏာသိမ်းပြီးတဲ့နောက် ဒီလိုအကူအညီပေးတဲ့လှုပ်ရှားမှုတွေ မတွေ့ရတော့ပါဘူး။

    ဒါပေမဲ့ မြန်မာစစ်ကော်မရှင်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)နှိမ်နင်းရေးလို ကိစ္စတွေကို အာဆီယံ ရဲတပ်ဖွဲ့နဲ့ ဆက်လက်ပူးပေါင်းနေတာရှိတယ်လို့ သတင်းတွေထုတ်ပြန်လေ့ရှိပါတယ်။

  4. မင်္ဂလာပါ။ မတ် ၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။