"ညီအစ်ကိုတွေပြန်ဆုံဖို့ လိုပါသေးတယ်" - အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကြည်ဝင်းညီအကိုတွေ

လွတ်ငြိမ်းပေးခံရသူတွေကို တင်ဆောင်လာတဲ့ ကားပြတင်းပေါက်ကနေ အင်္ကျီအဖြူရောင်ဝတ်ထားတဲ့ ကိုရန်နောင်ကြည်ဝင်းက အပြင်ကို လက်ဝှေ့ယမ်းနုတ်ဆက်နေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၂၇ ရက် လွတ်ငြိမ်းမှာပါလာတဲ့ ကိုရန်နောင်ကြည်ဝင်း (လယ်)

"ကိုရန်နောင်ကြည်ဝင်းလွတ်လာပြီဗျ"

ရန်ကုန်၊ အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီး အကျဉ်းချထားသူတွေ ကို ပြန်လွှတ်ရာမှာ ညီအငယ်ဆုံးပြန်လွတ်လာပြီ ဖြစ်ကြောင်း အစ်ကိုဖြစ်သူ ကိုနိုင်ဇော်ကြည်ဝင်းက ဘီဘီစီကို စာတိုလှမ်းပို့ကာ ပြောပြပါတယ်။

အမြွှာအစ်ကိုဖြစ်သူ ကိုရန်နိုင်ကြည်ဝင်းကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားဖျက်ဆီးတာက ကာကွယ်ပေးရေးဥပဒေနဲ့ ထောင်ဒဏ် ၄၉ နှစ်ချမှတ်အပြီး တစ်ပတ်အကြာမှာပဲ အမြွှာညီဖြစ်သူ ကိုရန်နောင်ကြည်ဝင်း လွတ်ငြိမ်းချမ်းသာနဲ့ အင်းစိန်ထောင်ကပြန်လွတ်လာတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ "တစ်ယောက်ဝင်လိုက်၊ တစ်ယောက်ထွက်လာလိုက်နဲ့" လို့ ညီအစ်ကိုလေးဦးမှာ အကြီးဆုံး ဖြစ်သူ ကိုသူဇော်ကြည်ဝင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားပါတယ်။

နာမည်ခပ်ဆန်းဆန်းနဲ့ ဒီညီအစ်ကိုလေးဦးဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ရေးမှာ ပါဝင်သူတွေဖြစ်ပြီး အကျဉ်းထောင်တွေထဲ ဝင်လိုက်ထွက်လိုက်အကြိမ်ကြိမ်ဖြတ်သန်းနေရသူတွေပါ။

အင်းစိန်အကျဉ်းထောင်က ရန်နိုင် ရန်နောင် အမြွှာညီအကို

ရန်ကုန် အင်းစိန်အကျဉ်းထောင်ထဲကို ရဲကားတစ်စီးဝင်သွားတာကို လမ်းတဖက်ကနေ ပြည်သူတွေ မတ်တပ်ရပ်ကြည့်နေကြချိန်
ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၂၇ ရက် မနက် အင်းစိန်အကျဉ်းထောင်ရှေ့ မြင်ကွင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ရဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ရာမှာ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်က ညီအစ်ကိုလေးဦးရဲ့ ပါဝင်မှုက တမူထူးခြားပါတယ်။

ကိုသူဇော်ကြည်ဝင်း၊ ကိုနိုင်ဇော် ကြည်ဝင်းနဲ့ အမြွှာညီအစ်ကိုဖြစ်တဲ့ ကိုရန်နိုင်ကြည်ဝင်း၊ ကိုရန်နောင်ကြည်ဝင်းဆိုတဲ့ ညီအကိုတွေပါ။

အသက် ၇ နှစ်ကြီး၊ ၇ နှစ်ငယ်တဲ့ နာမည်ခပ်ဆန်းဆန်းနဲ့ ဒီညီအစ်ကိုလေးဦးဟာ မြန်မာစစ်တပ်ရဲ့ အကြိမ်ကြိမ် ဖမ်းဆီးထောင်ချမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူတွေဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာပြည်မရောက်မီအချိန်၊ အမေရိကန်အစိုးရ အမိမြေလုံခြုံရေးဌာနရဲ့ မြန်မာနိုင်ငံသားတွေအပေါ် ပေးအပ်ထားတဲ့ TPS ယာယီအကာအကွယ်ပေးမှုကို ရပ်ဆိုင်းခဲ့တဲ့ရက်ပိုင်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာတဲ့ စစ်တပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ အငယ်ဆုံးညီ ကိုရန်နောင်ကြည်ဝင်း ပြန်လွတ်မြောက်လာခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ဆန္ဒထုတ်ဖော်လို့ဆိုပြီး ၅၀၅ - က နဲ့ ဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့ ကိုရန်နောင်ကြည်ဝင်းဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက် လွတ်ငြိမ်းမှာ ပါလာခဲ့ပါတယ်။

စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူတွေ မဲပေးနိုင်ဖို့ဆိုပြီး ၅၀၅ - က နဲ့ ဖမ်းဆီးထိန်းသိမ်းခံရ သူ ၇၂၄ ဦးပြန်လွှတ်ရာမှာ အထွေထွေသပိတ်ကော်မတီ (GSC) ရဲ့ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီဝင် ကိုရန်နောင်ကြည်ဝင်း ပါလာခဲ့တာပါ။

စစ်တပ်ဟာဒီပုဒ်မနဲ့အကျဉ်းကျခံနေရတဲ့ ၂,၃၆၁ ဦးကို ပြစ်ဒဏ်လျော့ပေါ့ပေးသလို တရားစွဲဆိုဖမ်းဝရမ်း ထုတ်ခံရလို့ ထွက်ပြေးတိမ်းရှောင်နေကြသူ ၅,၅၈၀ ဦးရဲ့ အမှုတွေကို ပိတ်သိမ်းပြီး ပြန်လွှတ်မယ်လို့လည်း ကြေညာခဲ့ပါတယ်။

"မိသားစုတွေတော့ ထောင်ရှေ့သွားမစောင့်ဘူးဗျ" လို့ ညီအစ်ကိုလေးဦးထဲက ဒုတိယမြောက်ဖြစ်တဲ့ ကိုနိုင်ဇော်ကြည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီညီအစ်ကိုလေးဦးကိုစစ်တပ်ကအကြိမ်ကြိမ်အကျဉ်းချသလို ရွှေပြည်သာမြို့နယ်ထဲ မှာရှိတဲ့ သူတို့နေအိမ်ကိုလည်း မကြာခဏလာရောက်ရှာဖွေတာကြောင့် သားရှင်မိခင်လည်း နေရာရွှေ့ပြောင်း နေထိုင်နေရလို့ဖြစ်ပါတယ်။

သူတို့ညီအစ်ကိုတစ်ဦးအဖမ်းခံရရင် ရန်ကုန်မြို့ထဲမှာ နေအိမ်တစ်ခါရွှေ့ပြောင်းနေထိုင်ရတယ်လို့ ဆိုပါတယ်။

"အကြီးကောင် (ကိုရန်နိုင်ကြည်ဝင်း) အဖမ်းခံရပြီးနောက်လပဲ အိမ်ရှင်က အိမ်မငှားတော့ဘူးဆိုလို့ အိမ် ထပ်ပြောင်းရမယ်။ အငယ်ကောင် (ကိုရန်နောင်ကြည်ဝင်း) အဖမ်းခံရတုန်းကလည်း အဲလိုပဲ။ အိမ်ရှင်တွေ ကလည်း သူတို့အိမ်တွေ ချိပ်ပိတ်တဲ့ထဲ အပါခံရမှာ စိုးရိမ်သလားမသိပါဘူး" လို့ မိခင်နဲ့ အကြိမ်ကြိမ် အိမ်ပြောင်းနေရတဲ့အကြောင်း ကိုနိုင်ဇော်ကြည်ဝင်းက ရှင်းပြပါတယ်။

ညီဖြစ်သူ ကိုရန်နောင်ကြည်ဝင်းပြန်လွတ်မြောက်လာကြောင်း ကိုသူဇော်ကြည်ဝင်းရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားဖော်ပြချက်

ဓာတ်ပုံ ရင်းမြစ်, Thu Zaw

ဓာတ်ပုံ ပုံစာ, ညီဖြစ်သူ ကိုရန်နောင်ကြည်ဝင်းပြန်လွတ်မြောက်လာကြောင်း ကိုသူဇော်ကြည်ဝင်းရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားဖော်ပြချက်

အခုလွတ်ငြိမ်းမှာ ကိုရန်နောင်ကြည်ဝင်းပြန်လွတ်လာပေမဲ့ မိခင်ဖြစ်သူရဲ့ သောကအလုံးစုံမငြိမ်းသေးပါဘူး။ ဒီလွတ်ငြိမ်းမတိုင်ခင် တပတ်အလိုကမှ တတိယမြောက်သားဖြစ်တဲ့ ကိုရန်နိုင်ကြည်ဝင်းကို စစ်တပ်က ထောင်ဒဏ် ၄၉ နှစ် အမိန့်ချမှတ်ခဲ့တာကြောင့်ဖြစ်ပါတယ်။

အမြွှာညီအစ်ကိုထဲက အကြီးဖြစ်တဲ့ ကိုရန်နိုင်ကြည်ဝင်းဟာ အများပြည်သူသွားလာတဲ့ နေရာ ၁၀ ခုထက်မနည်းမှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေလုပ်ခဲ့တာကြောင့်ဆိုပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

သူတို့ဟာ စက်တင်ဘာ ၁၇ ရက်မှာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်းနဲ့ ဦးဖိုးလှိုင် လမ်းထောင့်မှာရှိတဲ့ လမ်းညွှန်ဆိုင်းဘုတ်မှာ ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်းရေးသားထားတဲ့စာတန်းပါ စတစ်ကာတွေကို ကပ်ခဲ့တာကြောင့်လို့ စစ်ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားဖျက်ဆီးတာက ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ (က) နဲ့ အမှု ၇ မှုအဖွင့်ခံရကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။ လှိုင်သာယာမြို့နယ်အရှေ့ပိုင်းမှာ ၂ မှု၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်းမှာ ၅ မှု တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒီပုဒ်မမှာပြဋ္ဌာန်းချက်အရ ထောင်ဒဏ် အနည်းဆုံး ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်တာဖြစ်လို့ အမြင့်ဆုံးပြစ်ဒဏ် ၇ နှစ်နဲ့ စုစုပေါင်း ၄၉ နှစ်အကျဉ်းချဖို့ နိုဝင်ဘာ ၁၉ ရက်မှာ အမိန့်ချခဲ့တာပါ။

"အကြီးကောင်အတွက် ရှေ့နေငှားပြီး ပါဝါ တင်တဲ့ရက်မှာပဲ အမိန့်ကကျသွားပြီ။ အဲ့နေ့က တရားရုံး ပရဝဏ်ထဲကို အမေ့ကိုပေးမဝင်ခဲ့ဘူး။ ကျွန်တော့်အမေသွားခဲ့တယ်" လို့ ကိုနိုင်ဇော်ကြည်ဝင်းက ပြောပါတယ်။

ဒီတခါ နှစ်ရှည်ထောင်ဒဏ်သတ်မှတ်ခံရချိန်မှာတော့ သားလေးဦးမိခင်ဟာ စိတ်ကျန်းမာရေးအထူးထိခိုက် ကြေကွဲခဲ့ရတယ်လို့ ဆိုပါတယ်။

တစ်ဦးကို နှစ်ကြိမ်စီအကျဉ်းထောင်ရောက်ခဲ့တဲ့ ညီအကိုတွေ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁ မှာ တပ်ရင်းမှူး ကိုသူဇော်ကြည်ဝင်း

ဓာတ်ပုံ ရင်းမြစ်, Thu Zaw

ဓာတ်ပုံ ပုံစာ, ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁ မှာ တပ်ရင်းမှူး ကိုသူဇော်ကြည်ဝင်း

ခါးသက်သက်ကံကြမ္မာမှာ တိုက်ဆိုင်မှုလို့ပြောရရင် သူတို့ညီအစ်ကိုလေးဦးထဲက သုံးဦးဟာ အကျဉ်းထောင်ထဲ နှစ်ကြိမ်ရောက်ခဲ့သူတွေဖြစ်ပါတယ်။

အမြွှာညီအစ်ကိုဖြစ်တဲ့ ကိုရန်နိုင်ကြည်ဝင်းနဲ့ ကိုရန်နောင်ကြည်ဝင်း ကတော့ ပူပူနွေးနွေးအကျဉ်းထောင်ထဲ ဝင်လိုက်ထွက်လိုက်လုပ်နေရသူတွေလို့ ဆိုနိုင်ပါတယ်။

အကြီးတွေဖြစ်တဲ့ ကိုသူဇော်ကြည်ဝင်း နဲ့ ကိုနိုင်ဇော်ကြည်ဝင်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၅ ခုနှစ်ကတည်းက ရွှေပြည်သာအလုပ်သမားသပိတ်မှာပါဝင်ခဲ့တာကြောင့် အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းချခံခဲ့ရသူတွေပါ။

"ကျွန်တော်နဲ့ ကျွန်တော့်ညီအလတ်က အလုပ်သမားအရေး၊ လယ်သမားအရေးလုပ်ခဲ့ကြတယ်။ ၂၀၁၆ ခုနှစ်မှ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်ခဲ့ကြတာပါ" လို့ ကိုသူဇော်ကြည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

အဲဒီနောက် အကြီးနှစ်ယောက်က အလုပ်သမားအရေးလှုပ်ရှားကြပြီး အမြွှာအကြီးက ဖုန်းပြင်သူဖြစ်လာကာ အငယ်ကတော့ တက်တူးရေးဆွဲသူအဖြစ် လုပ်ကိုင်ခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ရွှေပြည်သာမြို့နယ်က အလုပ်သမားတွေနဲ့အတူ အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြပါတယ်။

"မဲစာရင်းက အားနည်းချက်တွေရှိတယ်ဆိုရင်တောင် သေနတ်ထောက်ပြီး အာဏာသိမ်းစရာမလိုဘူးလေ။ ဒါကမဲပေးခဲ့တဲ့ လူထုဆန္ဒကို စော်ကားတာ" လို့ ကိုနိုင်ဇော်ကြည်ဝင်းက အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲ တွေ ပါဝင်ဖြစ်ခဲ့ပုံကို ပြန်ပြောင်းပြောပြပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့ တာမွေ ကျောက်မြောင်းသပိတ်ဖြိုခွင်းခံရချိန်မှာလည်း စစ်ကောင်စီတပ်တွေရဲ့ ရိုက်နှက်ခံခဲ့ရတဲ့ ကိုနိုင်ဇော်ကြည်ဝင်းဟာ နောက်လ ဧပြီမှာတော့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ထွက်ပြေးတိမ်းရှောင်တဲ့ ကိုရန်နောင်ကြည်ဝင်းကို မေလမှာ ပဲခူးဘုရားကြီးအနီး ဖမ်းဆီးခဲ့ပြီး ကိုရန်နိုင်ကြည်ဝင်းကိုတော့ ဇူလိုင်လမှာ ရွှေပြည်သာရဲစခန်းရှေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

ကိုသူဇော်ကြည်ဝင်းကလည်း ဖမ်းဝရမ်းထုတ်ခံရတာကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။

"အမေတစ်ယောက်ပဲကျန်ခဲ့တယ်။ ပါဆယ်ပို့တာတွေ ဘယ်တတ်နိုင်ပါ့မလဲ။ အမေလည်းနားချင်မှာပဲ" လို့ အာဏာသိမ်းမှုဆန့်ကျင်တဲ့သားရှင်မိခင်တစ်ဦးရဲ့ သောကအကြောင်း ကိုနိုင်ဇော်ကြည်ဝင်းက ပြောပြပါတယ်။

ကိုနိုင်ဇော်ကြည်ဝင်း ပုံဟောင်း

ဓာတ်ပုံ ရင်းမြစ်, Thu Zaw

ဓာတ်ပုံ ပုံစာ, ကိုနိုင်ဇော်ကြည်ဝင်း ပုံဟောင်း

အာဏာမသိမ်းခင်ကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအဖြစ်လုပ်ခဲ့ကြတဲ့ ညီအစ်ကိုတွေဖြစ်တာ ကြောင့် မိသားစုက ဖိအားမပေးဘူးလို့ ဆိုပါတယ်။

"မိသားစုအပေါ်သက်ရောက်မှုက အိမ်မရှိတော့ဘူး၊ အကုန်ရှောင်နေရတာပဲ။ ကျွန်တော့်အမျိုးသမီးရော ကျွန်တော့် အမေရော အကုန်ရှောင်ပြီး တခြားနေရာတွေမှာပဲ နေနေခဲ့ရတယ်" လို့ သားအကြီးဆုံး ကိုသူဇော်ကြည်ဝင်း က ပြောပါတယ်။

ကိုသူဇော်ကြည်ဝင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁ မှာ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ လက်ရှိမှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်မှာ စစ်ရေးလှုပ်ရှားနေသူဖြစ်ပါတယ်။

"လက်ရှိ ညီတွေအဖမ်းခံရတဲ့ ကိစ္စတွေအတွက် စိတ်မကောင်းဘူး။ အခြေအနေအရ ကျွန်တော့်အနေနဲ့ ဘာမှ မလုပ်ပေးနိုင်တာကို ပိုစိတ်မကောင်းဖြစ်တယ်" လို့ ကိုသူဇော်ကြည်ဝင်းက ဘီဘီစီကို ဖြေပါတယ်။

သူ့ရဲ့ ညီသုံးဦးဖြစ်တဲ့ ကိုနိုင်‌ဇော်ကြည်ဝင်း၊ ကိုရန်နိုင်ကြည်ဝင်း နဲ့ ကိုရန်နောင်ကြည်ဝင်းတို့ဟာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာပေးမှုနဲ့ အကျဉ်းထောင်တွေကနေ အသီးသီးလွတ်မြောက်ခဲ့ကြပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ - က နဲ့ တရားစွဲဆိုအကျဉ်းချခံရပြီး ကိုရန်နောင်ကြည်ဝင်းက ပဲခူးထောင်၊ ကိုနိုင်ဇော်ကြည်ဝင်း နဲ့ ကိုရန်နိုင်ကြည်ဝင်းတို့က အင်းစိန်ထောင်ကနေ ၂၀၂၁ နှစ်ကုန်ပိုင်း နဲ့ ၂၀၂၂ အစောပိုင်း တွေမှာ ပြန်လွတ်မြောက်ခဲ့ကြပါတယ်။

ပြန်လွတ်လာတဲ့ ညီအစ်ကိုသုံးဦးရဲ့ ပြန်လည်ဆုံစည်းတဲ့ကာလက တစ်လလောက်သာရှိခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်ဖွား အမြွှာညီအစ်ကိုနှစ်ဦး အကျဉ်းထောင်ထဲမှာဆိုးဆိုးရွားရွားအတွေ့အကြုံတွေကြုံခဲ့ရတယ်လို့ သူတို့ ပြန်ဆုံချိန်က စကားပြောဆိုခဲ့ပုံတွေကို ကိုနိုင်ဇော်ကြည်ဝင်းက ဘီဘီစီကို ပြန်ပြောပြပါတယ်။

"ကျွန်တော်တို့အကြီးတွေက သူတို့နှစ်ယောက်ကို ကလေးတွေလို့ပဲခေါ်တယ်။ ကလေးတွေမျက်နှာကိုကြည့်ရတာ စိုးရွံနေသလိုပဲ။ အကြီးကောင် (ကိုရန်နိုင်ကြည်ဝင်း) ဆိုရင် ခါးအတော်ထိထားတယ်" လို့ ကိုနိုင်ဇော်ကြည်ဝင်းက ပြောပါတယ်။

အဲဒီနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ ကိုရန်နောင်ကြည်ဝင်းပြန်အဖမ်းခံရပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာမှာ ကိုရန်နိုင်ကြည်ဝင်း ထပ်အဖမ်းခံခဲ့ရပါတယ်။ မိခင်ဖြစ်သူနားမှာတော့ ကိုနိုင်ဇော်ကြည်ဝင်း ဆက်ရှိနေဆဲပါ။

ကိုရန်နိုင်ကြည်ဝင်း - အကျဉ်းထောင်ကပေးတဲ့ ခါးဒဏ်ရာ

ကိုရန်နိုင်ကြည်ဝင်း (ဘယ်) ကို ဖမ်းဆီးထားကြောင်း စစ်ကော်မရှင် ထုတ်ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ကိုရန်နိုင်ကြည်ဝင်း (ဘယ်) ကို ဖမ်းဆီးထားကြောင်း စစ်ကော်မရှင် ထုတ်ပြန်ချက်

ဘီဘီစီစကားပြောခွင့်ရတဲ့ ကိုသူဇော်ကြည်ဝင်းနဲ့ ကိုနိုင်ဇော်ကြည်ဝင်းတို့ကတော့ အကျဉ်းထောင်ထဲ ဆက်ရှိနေတဲ့ ညီဖြစ်သူရဲ့ ကျန်းမာရေးကို စိုးရိမ်ပူပန်နေတယ်လို့ ဖြေကြပါတယ်။

ရွှေပြည်သာရဲစခန်းမှာအဖမ်းခံရပြီး အင်းစိန်ထောင်ကို ပထမအကြိမ်ရောက်ခဲ့ချိန် ကိုရန်နိုင်ကြည်ဝင်းမှာ ဆိုးရွားတဲ့ ခါးဝေဒနာခံစားခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

"စစ်ကြောရေးဒဏ်နဲ့ ထောင်ထဲမှာ ပစ်စလက်ခတ် နေခဲ့ရတာကြောင့်ရောပေါ့။ ဆေးကုနေရတာလေ" လို့ ကိုနိုင်ဇော်ကြည်ဝင်းက ပြောပါတယ်။

အခုနောက်တကြိမ် စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားဖျက်ဆီးတာက ကာကွယ်ပေးရေးဥပဒေနဲ့ ထပ်မံအကျဉ်းချခံရချိန်မှာတော့ ခါးဒဏ်ရာပိုမိုဆိုးရွားလာတယ်လို့ ထောင်တွင်းကနေတဆင့်သိရကြောင်း သူက ပြောပါတယ်။

လက်ရှိ ထောင်ဒဏ် ၄၉ နှစ်ချခံထားရတဲ့ ကိုရန်နိုင်ကြည်ဝင်းဟာ လှိုင်၊ ရွှေပြည်သာ နဲ့ အင်းစိန်မြို့နယ် တွေမှာပါ ထပ်မံတရားစွဲဆိုခံထားရတယ်လို့လည်း သိရပါတယ်။

"ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေလား ၅၀၅ နဲ့လားဆိုတာသေသေချာချာမသိရဘူး။ ဒါကလည်း ကာယကံရှင်တွေတောင် မသိတဲ့အခြေအနေပါပဲလေ" လို့ ကိုနိုင်ဇော်ကြည်ဝင်း က ဆက်ပြောပါတယ်။

ညီအစ်ကိုလေးယောက်ထဲ အင်းစိန်အကျဉ်းထောင်ထဲမှာ ဆက်ကျန်ရှိနေသေးတဲ့ ကိုရန်နိုင်ကြည်ဝင်းဟာ အလုပ်သမား၊ လယ်သမားအရေးတက်ကြွလှုပ်ရှားတဲ့ အကိုတွေနဲ့ ညီအစား အိမ်ကိုပိုပြီး ငွေကြေး ထောက်ပံ့နိုင်အောင် ကြိုးစားခဲ့သူလို့ ဆိုပါတယ်။

"သူက အိမ်အတွက် ငွေရှာပေးတဲ့ညီပေါ့။ သူတစ်ယောက်ပဲအလုပ်လုပ်ပြီး မိသားစုနဲ့ ဝေးဝေးနေရပြီး အမေကို ထောက်ပံ့ပေးတာ" လို့လည်း ကိုသူဇော်ကြည်ဝင်းက ပြောပြပါတယ်။

ဒီလိုမိသားစုလိုက် အကျဉ်းထောင်ထဲဝင်လိုက်၊ ထွက်လိုက်ဖြစ်ကာ အခက်အခဲရှိနေပေမဲ့ ကြုံလာသမျှကို ဆက်ရင်ဆိုင်ရမယ်လို့ ဆိုလာကြပါတယ်။

အာဏာသိမ်းပြီးနောက် ဒီမိသားစုလို ကံကြမ္မာရင်ဆိုင်ရတဲ့ မိသားစုတွေ၊ ဘယ်တော့မှ ပြန်မဆုံတွေ့နိုင်တော့တဲ့အထိ သေကွဲ ကွဲကြရတဲ့မိသားစု တွေအမြောက်အများရှိနေဆဲပါ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရဆိုရင် အာဏာသိမ်းပြီး နောက် ဖမ်းဆီးခံရသူ ၃၀,၀၃၁ ဦးရှိကာ အကျဉ်းထောင်ထဲထိန်းသိမ်းခံရဆဲဦးရေ ၂ သောင်းကျော် ဆက်ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်တဲ့ ကိုနိုင်ဇော်ကြည်ဝင်းကတော့ ညီအစ်ကိုလေးဦးပြန်ဆုံဖို့က အချိန်လိုသေးကြောင်းနဲ့ ပြန်ဆုံဖို့ ကြာမယ်ဆိုတာသိပြီးသားလို့ ဆိုပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁ ရက်ဆိုရင် အာဏာသိမ်းတာ ၅ နှစ်ပြည့်မှာဖြစ်သလို ဒီမိသားစုတွေ မစုံမလင်နဲ့ ၅ နှစ်တာဖြတ်သန်းလာခဲ့ရတဲ့သဘောလည်း ဖြစ်ပါတယ်။

"ညီအစ်ကိုတွေပြန်ဆုံကြဖို့တော့ မျှော်လင့်တယ် မသေခဲ့ကြရင်ပေါ့။ ပြန်ဆုံကြရင် အမေ့အိမ်မှာ အရင်လိုဂစ်တာပြန်တီး၊ အရက်လေးသောက် အမေ့ကိုစနောက်လိုက်နဲ့ ပြန်နေချင်တာပါပဲ" လို့ ကိုသူဇော်ကြည်ဝင်းက သူ့ဆန္ဒကို ပြောပါတယ်။