စစ်သုံးစစ် ကို ဆန့်ကျင်ရင်း ထောင်တွင်းအသက်ဆုံးခဲ့ရသူ မဝတ်ရည်အောင်

အရယ်အပြုံးများပြီး ချစ်စရာကောင်းတဲ့သူမို့ ကျောင်းသားအချင်းချင်းက နာမည်ပေးရင်း "အပြုံး" လို့ နာမည်ပြောင် တွင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ

ဓာတ်ပုံ ပုံစာ, အရယ်အပြုံးများပြီး ချစ်စရာကောင်းတဲ့သူမို့ ကျောင်းသားအချင်းချင်းက နာမည်ပေးရင်း "အပြုံး" လို့ နာမည်ပြောင် တွင်ခဲ့ပါတယ်

ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးအကျဉ်းသူတွေကြားမှာ ဝတ်ရည်အောင်လို့ ပြောကြတဲ့အခါ "တကယ်ချစ်စရာကောင်းတဲ့ကလေး" ဒါမှမဟုတ် "ငိုနေတဲ့သူကို ပြုံးအောင် ချော့တတ်တဲ့သူမျိုး" လို့ လူသိများပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကြောင့် အင်းစိန်အကျဥ်းထောင်ထဲ ဖမ်းဆီးခံရသူတွေထဲမှာ မဝတ်ရည်အောင်လည်း ပါဝင်ခဲ့ပါတယ်။

အခုတော့ သူ အကျဉ်းချခံရတာ ၄ နှ‌စ်ပြည့်ခါနီး လပိုင်းအလို ဇူလိုင် ၂၀ ရက်မှာ အင်းစိန်ထောင်ထဲမှာ ဦးခေါင်းအကြိတ်ရောဂါနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရလို့ ကွယ်လွန်ခဲ့ပါပြီ။

အကျဥ်းထောင်နဲ့ နီးစပ်သူတချို့ရဲ့ အပြောအရ ဇူလိုင် ၁၉ အာဇာနည်နေ့ နီးလာချိန်မှာ အင်းစိန်ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ မဝတ်ရည်အောင်ကို ထောင်အာဏာပိုင်တွေက ထောင်ထဲကိုပြန်ပို့ခဲ့တယ်လို့ဆိုပါတယ်။

ရန်ကုန်၊အင်းစိန်ဆေးရုံကနေ ထောင်ထဲပြန်အရောက် ရက်ပိုင်းအကြာမှာပဲ သူ ကွယ်လွန်ခဲ့တာပါ။

ထောင်အာဏာပိုင်တွေက ပြင်းထန် အတက်ရောဂါနဲ့ ဆုံးတယ်လို့ မှတ်ချက်ပေးပေမဲ့ မဝတ်ရည်အောင်ဟာ "စစ်ကြောရေးကနေ ရခဲ့တဲ့ဒဏ်ရာတွေကြောင့်''၊ ''လုံလောက်တဲ့ ဆေးကုသခွင့် မရခဲ့တာကြောင့်" သေဆုံးတာလို့ သူနဲ့ နီးနီးစပ်စပ်ရှိခဲ့တဲ့ နိုင်ငံရေးအကျဥ်းသူဟောင်းတချို့က ပြောပါတယ်။

စစ်ကြောရေးမှာ ခေါင်းထိခိုက်ခဲ့

စစ်အာဏာသိမ်းအစောပိုင်းကာလ ဆန္ဒပြပွဲတွေမှာ မဝတ်ရည်အောင် ပါဝင်ခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, မညို

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းအစောပိုင်းကာလ ဆန္ဒပြပွဲတွေမှာ မဝတ်ရည်အောင် ပါဝင်ခဲ့ပါတယ်

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် အပါအဝင် ကျောင်းသား ၅ ဦးဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်မေးရင်း အသက်ပါသွားခဲ့ကြသူတွေရှိတဲ့အထိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကြောရေးကို မဝတ်ရည်အောင် အသက်ရှင်လျက်ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ စစ်ဆေးမေးမြန်းခံရတဲ့ပုံစံကတော့ ပြင်းထန်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကြောရေးမှာ မဝတ်ရည်အောင်နဲ့ဆုံခဲ့တဲ့ နိုင်ကျဉ်းဟောင်း အမျိုးသမီးတစ်ဦးက " သူ(မဝတ်ရည်အောင်) ပြောပြသလောက်ကတော့ သူ့ နံရိုးကို စစ်ဖိနပ်နဲ့ ကန်ပြီး ‌ခေါင်းကိုလည်း ထုခံထားရတယ်ဆိုပြီး သိရတယ်"လို့ ပြောပြပါတယ်။

စစ်ကြောရေးကနေ အင်းစိန်အကျဉ်းထောင် အမျိုးသမီး အချုပ်ခန်း ၃ ၊ အခန်း ၆ ကို အသက် ၂၀ ကျော်အရွယ် မဝတ်ရည်အောင် ရောက်လာခဲ့ပြီးနောက်မှာတော့ သူ့ရဲ့စစ်ကြောရေးဖြတ်အတွေ့အကြုံကို နိုင်ငံရေး အကျဉ်းသူအချင်းချင်း ရင်ဖွင့်ကြပါတယ်။

"မသေကြလို့ ထောင်ထဲရောက်ကြတာပါ။ ဝတ်ရည်လေးက နံပါတ်တုတ်လို တုတ်မျိုးနဲ့ အရိုက်ခံရတာ။ ထောင်ရောက်ကတည်းက ခေါင်းမူးတာပြင်းတယ်၊ သွေးပေါင်က အတော်ကျပါတယ်"လို့ မဝတ်ရည်အောင်နဲ့အတူ အကျဥ်းကျ အဆောင်မှာအတူတူ ရှိခဲ့တဲ့ မညိုက ပြောပါတယ်။

မဝတ်ရည်အောင်ရဲ့ ဦးခေါင်းခွံဟာ မွေးကင်းစကလေးခေါင်းလို ပျော့သွားတဲ့အထိ အရိုက်ခံခဲ့ရပြီးနောက် ခေါင်းမှာ အကြိတ်လိုမျိုး အဖုတွေ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုပြင်းထန်တဲ့ ဝေဒနာတွေကို အိမ်သာထဲမှာ ကြိတ်ငိုပြီး ကျော်ဖြတ်ဖို့ သူကြိုးစားပါတယ်။

"အိမ်သာထဲသွားငိုပြီး လူမိရင် စိတ်မပူကြနဲ့ သမီးဘာမှ မဖြစ်ဖူးနော်တဲ့" ဆိုပြီး သူငိုတာကို မြင်သွားတဲ့သူကိုယ်တောင် ပြန်နှစ်သိမ့်ပေးသေးတတ်တယ်လို့ မညိုက ပြောပါတယ်။

ကျောင်းသားတွေအချင်းချင်းကြားမှာလည်း လူချစ်လူခင်ပေါခဲ့သူပါ

ဓာတ်ပုံ ရင်းမြစ်, မညို

ဓာတ်ပုံ ပုံစာ, ကျောင်းသားတွေအချင်းချင်းကြားမှာလည်း လူချစ်လူခင်ပေါခဲ့သူပါ

မဝတ်ရည်အောင် အဖမ်းမခံရခင်က အစာအိမ်နာတဲ့ရောဂါသာ ရှိပြီး ခေါင်းနဲ့ပတ်သက်တဲ့ ရောဂါ မရှိခဲ့ဘူးလို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂတာဝန်ရှိသူ ရွှေသိင်္ဂီက ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်ကနေ အမှုရင်ဆိုင်ရင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရပြီး အမျိုးသမီး အကျဉ်းထောင်အဆောင် ၇ ကို မဝတ်ရည်အောင် ပြောင်းရပါတယ်။

"အဆောင်နဲ့ ထောင်ဆေးရုံ ခေါက်တုံ့ခေါက်ပြန်ဆိုသလို သူ ဆေးရုံတက်ရတယ်။ သူက မူးပြီး လေဖြတ်သလို အားမရှိ ဖြစ်နေတတ်တယ်" လို့ မဝတ်ရည်အောင်နဲ့ ဆုံခဲ့တဲ့ မညိုက ပြောပါတယ်။

သန်မာတဲ့ အရွယ်ကောင်း အမျိုးသားတွေတောင် သေဆုံးတဲ့အထိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့စစ်ကြောရေးကို သူ အသက်ရှင်လျက် လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ဆက်တွဲ ကျန်းမာရေး ရိုက်ခတ်မှု ဒဏ်တွေက ထောင်ထဲအထိ ကပ်ပါလာပါတယ်။

အပြုံး ဆေးကုသနိုင်ဖို့ ထောင်တွင်းလူစုကြတယ်ဆိုပြီး ဒိုက်ဦးထောင် အပို့ခံရ

အင်းစိန်အကျဉ်းထောင် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်းစိန်အကျဉ်းထောင် (ပုံဟောင်း)

မဝတ်ရည်အောင်ဟာ စစ်ကြောရေးကနေ အင်းစိန်ထောင်ရောက်တဲ့အခါ လမ်းလျှောက်ရင်း ရုတ်တရက် လဲကျတာ၊ အိပ်နေရင်းနဲ့ တက်သလို ဖြစ်တာတွေ တစ်ပတ်ကို နှစ်ကြိမ်ကနေ ၃ ကြိမ်အထိ အကြိမ်ရေစိပ်လာပါတယ်။

ဒါကြောင့်သူ့ကျန်းမာရေးက ထောင်ဆေးရုံတက်ရတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်တုန်းက သူ ထောင်ဆေးရုံတက်နေရတဲ့တောက်လျှောက်မှာ အနားမှာရှိနေခဲ့သူက မဆုဖြစ်ပါတယ်။ သူလည်း အူမကြီးရောဂါကြောင့် ထောင်ဆေးရုံ တက်နေရတဲ့အချိန်ပါ။

ဆေးရုံမှာလည်း မဝတ်ရည်အောင် တက်ပြီး သတိလစ်သွားရင် နေ့တဝက်ကနေ တစ်ရက်အထိ ကြာပြီးမှ သတိပြန်လည်လာတယ်လို့ နိုင်ငံရေးအကျဥ်းသူဟောင်း မဆုက သူမြင်ခဲ့ရတာကို ပြန်ပြောပြပါတယ်။

"သတိပြန်လည်လာရင် ဘာဖြစ်ခဲ့လဲဆိုတာ သူ မမှတ်မိတော့ဘူး။ ဒီလောက်ဝေဒနာ ခံစားနေရတာ‌တောင် ဘယ်ချိန် နိုးလာ နိုးလာ ခပ်ပြုံးပြုံးပဲ။ သူ ဆေးရုံမှာ အမြဲပြောနေကျစကားက ငါတို့ နိုင်တော့မှာ အားတင်းထားတဲ့"

သတိလစ်သွားလို့ အင်းစိန်ထောင်ဆေးရုံမှာ ဆေးအရှိန်နဲ့ မှိန်းနေတဲ့ မဝတ်ရည်အောင်ကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၄ ရက်မှာ ထောင်အာဏာပိုင်တွေက လာနှိုးပြီး ဒိုက်ဦးထောင်ကို ပို့ပါတယ်။

"အတင်းနှိုး အင်္ကျီတွေ အတင်းဝတ်ပေးပြီး ခေါ်သွားတာပါ။ အရေးပေါ် ဆေးကုသမှု လိုအပ်နေတဲ့ လူနာကိုတောင် ထောင်ပြောင်း ပို့ပစ်တာ" လို့ မဆုက ပြောပြပါတယ်။

ထောင်ပြောင်းရတဲ့အကြောင်းရင်းက မဝတ်ရည်အောင်ရဲ့ကျန်းမာရေးကို စိုးရိမ်ကြလို့ အပြင်ဆေးရုံကို ပြပေးဖို့ ကျောင်းသားသမဂ္ဂက နိုင်ကျဉ်းတွေနဲ့ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေက ထောင်တွင်းဆန္ဒပြခဲ့တာကြောင့်ဖြစ်ပါတယ်။

"နိုင်ကျဉ်းအမျိုးသမီးတွေက လူစုပြီး ဦးစီးရုံးကို သွားပြောကြတယ်။ လူစုပြီး ပုံစံထိုင်ကြတယ်။ အစာငတ်ခံဆန္ဒပြဖို့ လူစုနေတုန်း ခွဲထုတ်လိုက်တာပါ။ ချက်ချင်းကို လုပ်တာပါ" လို့ မဆုက ပြောပါတယ်။

ထောင်တွင်းဆန္ဒပြတဲ့အထဲ ပါဝင်ခဲ့တဲ့ နိုင်ငံ‌ရေးအကျဉ်းသား၊ အကျဉ်းသူတွေလည်း တခြားထောင်တွေကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင်

ဓာတ်ပုံ ရင်းမြစ်, မညို

ဓာတ်ပုံ ပုံစာ, ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင်

ဒိုက်ဦးထောင်မှာ ထောင်ဆေးရုံ မရှိတာကလည်း မကြာခဏ သတိလစ်သွားတတ်တဲ့ မဝတ်ရည်အောင် ရဲ့ ကျန်းမာရေးကို ပိုဆိုးစေတဲ့အကြောင်းရင်း တစ်ရပ်ဖြစ်ခဲ့တယ်လို့ ဒိုက်ဦးထောင်မှာအတူရှိခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း တစ်ဦးက ပြောပါတယ်။

မဝတ်ရည်အောင် သတိလစ်သွားတဲ့အချိန်တွေဆို အရေးပေါ် ဆေးကုသဖို့ ထောင်ဆေးဝန်ထမ်းတွေကို ခေါ်ရင်တောင် အနည်းဆုံး ၁ နာရီလောက်ကြာတယ်လို့လည်း သူက ပြောပါတယ်။

ဒိုက်ဦးထောင်မှာ ဆေးဝါးမလုံလောက်တာကြောင့်လို့ဆိုပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်မှာ ထောင်အာဏာပိုင်တွေက မဝတ်ရည်အောင်ကို အင်းစိန်ဆေးရုံကို ပြန်ပြောင်းရွှေ့ပါတယ်။

မဝတ်ရည်အောင်ဟာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရအချိန်အတွင်းမှာပဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ထပ်ပြီး တရားစွဲခံထားရပါတယ်။

၂၀၂၃ ခုနှစ်မှာ လွတ်ရက်စေ့မှာဖြစ်ပေမဲ့ အဲဒီပုဒ်မကြောင့်ပဲ ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခံခဲ့ရပါတယ်။

"ဆန္ဒပြပွဲတွေမှာ ရှေ့ဆုံးက ဆန္ဒပြခဲ့တော့ အကြမ်းဖက်ပုဒ်မ ထပ်တပ်ခံရတာပါ" လို့ နိုင်ငံရေး အကျဉ်းသူဟောင်း မဆုက ပြောပါတယ်။

စာသင်ပျော်တဲ့တက္ကသိုလ်ရပ်၀န်းဖြစ်ဖို့ အားထုတ်ခဲ့သူ

စစ်အာဏာသိမ်းအစောပိုင်းကာလ လမ်းပေါ် တက်ဆန္ဒပြမှုတွေထဲ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တကသများ လို့ ရေးထားတဲ့ အဖြူအမည်း စာတန်းကိုင်ထားတဲ့ လူငယ် တစ်ချို့ကို တစုတစည်းတည်း မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, မညို

မြန်မာ့နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး မဝတ်ရည်အောင်ရဲ့လက်သုံးစကားက "သေရင်မြေကြီး ရှင်ရင် ရွှေထီးပဲ။ ငါ မြေကြီးဖြစ်ခဲ့ရင်တောင် ကျန်ခဲ့တဲ့ငါတို့နောက်မျိုးဆက် ရွှေထီးဆောင်းရစေမယ်" ဆိုတဲ့စကားပါ။

ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေကို ၂၀၁၇ ခုနှစ်ကတည်းက စိတ်ဝင်စားဆောင်ရွက်ခဲ့ပြီး ဒဂုံတက္ကသိုလ်ရဲ့ ကျောင်းသား ခေါင်းဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။

လွတ်လပ်ပေါ့ပါးတဲ့အပြုံးနဲ့ ကူညီတတ်တဲ့သူဖြစ်လို့ ဒဂုံတက္ကသိုလ်က အသင်းအဖွဲ့တွေနဲ့ ကျောင်းသားတွေကြား ချစ်ခင်သူပေါတဲ့လူတစ်ယောက်ဖြစ်တယ်လို့ အပြုံးလို့လည်း သူ့ကို ချစ်စနိုးခေါ်ကြပါတယ်။

မဝတ်ရည်အောင်ဟာ ၂၀၂၀ ပြည့်နှစ် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲမှာ Unity & Progress ကျောင်းသားအဖွဲအစည်းကနေ အနိုင်ရခဲ့ပြီး ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တွဲဖက်အတွင်းရေးမှူးတာဝန်ယူခဲ့ပါတယ်။

ကိုဗစ်ကပ်ဘေးကာလမှာ ရန်ကုန်က ကိုဗစ်စင်တာတွေမှာ စေတနာ့ဝန်ထမ်းလုပ်ရုံသာမက ရခိုင်အထိပါ သွားကူညီခဲ့သူပါ။

"စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ မှာ မဝတ်ရည်အောင်က စေတနာ့ဝန်ထမ်း လုပ်အားပေးခဲ့တဲ့ ရခိုင်ကနေ ပြန်ရောက်တာ မကြာသေးဘူး။ စစ်သုံးစစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတိုက်ပွဲကို ကျောင်းသားအလံကိုင်စွဲပြီး ပါဝင်ခဲ့တာ" လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂတာဝန်ရှိသူ မရွှေသင်္ဂီက ပြောပါတယ်။

သူပြောတဲ့ စစ်သုံးစစ်ဆိုတာက စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ ယန္တရား စတာတွေကို ဆန့်ကျင်ကြတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မဝတ်ရည်အောင်လို လူငယ်အမျိုးသမီးတစ်ယောက်အပေါ် စစ်ကောင်စီက ဖိနှိပ်ခဲ့တာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသူတွေဟောင်းတွေနဲ့ ကျောင်းသား သမဂ္ဂအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။

မလုံလောက်တဲ့ ထောင်တွင်းဆေးဝါးကုသမှု

အင်းစိန်ဆေးရုံမှာ လွှဲပြောင်းကုသခံယူခွင့်ရချိန်

ဓာတ်ပုံ ရင်းမြစ်, မညို

ဓာတ်ပုံ ပုံစာ, အင်းစိန်ဆေးရုံမှာ လွှဲပြောင်းကုသခံယူခွင့်ရချိန်

ထောင်တွင်းဆေးဝါးကုသမှုဆိုတာ "မသေရုံတမယ် ကုပေးရုံ" သာ ဖြစ်ပြီး ရောဂါသက်သာ ပျောက်ကင်းအောင် ကုသပေးတာမျိုး မရှိဘူးလို့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေဟောင်းတွေက ပြောကြပါတယ်။

နိုင်ငံရေး အကျဉ်းသား အကျဉ်းသူအများစုဟာ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့် ကန့်သတ်ခံရသလို ထောင်ထဲကို ဆေးဝါးယူခွင့်လည်း တင်းကျပ်ခံရပါတယ်။

"လုံလောက်တဲ့ ဆေးဝါးလည်း မရှိဘူး။ အိမ်က တစ်လစာအတွက် ပို့ပေးတဲ့ ဆေးတွေ များလို့ဆိုပြီးလည်း အပြည့်အဝ သွင်းခွင်မရဘဲ ထောင်ဝင်စာဌာနက ဖြတ်တယ်။ အထဲရောက်ပြန်တော့လည်း ရှောင်တခင် စစ်ဆေးရေးတွေက တွေ့ရင် ရုံးခန်းထဲ သိမ်းသွားတယ်"လို့ နိုင်ငံရေးအကျဥ်းသူဟောင်း မပိုးကပြောပါတယ်။

မပိုးက မဝတ်ရည်အောင် ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်ကို ပြန်ရွှေ့ခံရချိန်မှာ ထောင်ဆေးရုံမှာ ဆုံခဲ့တဲ့နိုင်ငံရေးအကျဥ်းသူဟောင်း ဖြစ်ပါတယ်။ မပိုးရဲ့ အမျိုးသမီးရောဂါကြောင့် ထောင်ဆေးရုံတက်ရင်း မဝတ်ရည်အောင်နဲ့ ဆုံခဲ့တာပါ။

ထောင်ဆေးရုံမှာ ဆေးဝါးမစုံလင်တာသာမက ကုသတဲ့အပိုင်းမှာ ကျွမ်းကျင်သူတွေလည်း နည်းပါးတယ်လို့ နိုင်ငံရေးအကျဉ်းသူတွေဟောင်းတွေက မှတ်ချက်ပြုပါတယ်။

မဝတ်ရည်အောင် တက်သွားတဲ့အချိန်မှာ ရောဂါအကြောင်း နားလည်သူတွေက လျှာမကိုက်မိအောင် တခုခုခံပေးတာ၊ ထိန်းပေးတာတို့ကို အချင်းချင်း လုပ်ပေးရင်လည်း ဆေးဝန်ထမ်းတွေက ကြိမ်းမောင်းကြတယ်လို့ ဆိုပါတယ်။

"သူ တက်ပြီဆို သူတို့(သူနာပြုတွေ)က ပေါင်အသားတွေကို ဆွဲလိမ်နေတော့တာပဲ။ အတက်ကျအောင် လုပ်တာလို့ ပြောတာပဲ။ ပြီးရင်အသားတွေ အရမ်းနာနေမှာလို့ ကျွန်မက ပြောရင် ဘာနားလည်လို့ လာပြောနေတာလဲဆိုပြီး အော်ခံရပါတယ်" လို့ နိုင်ငံရေးအကျဥ်းသူဟောင်း မဆုက သူ ကြုံခဲ့ရတာကို ပြန်ပြောပြပါတယ်။

မဆုက ဆေးဝါးနဲ့ပတ်သက်ပြီး နားလည်ထားတဲ့သူတစ်ယောက်မို့ မဝတ်ရည်အာင်ကို ထိုးပေးတဲ့ ဆေးတွေကိုလည်း စောင့်ကြည့်နေခဲ့တယ်လို့ ပြောပါတယ်။

"တက်တဲ့အချိန်ရယ်၊ တက်တာကို မထိန်းနိုင်တဲ့ အချိန်ရယ်ဆို ဒိုင်ယာစီပင်ကိုပဲ ထိုးပေးတာ။ အဲဒါ သူတို့ရဲ့ ကုသမှုပါ။ ဝတ်ရည်က ဆေးဒဏ်နဲ့ ငြိမ်သွားတယ်။ မှိန်းပြီး တောင်တောင် မြောက်မြောက်တွေ ပြောတော့တာပဲ" လို့ မဆုက ပြောပါတယ်။

သံကြိုးခတ်ခံထားရတဲ့ မဝတ်ရည်အောင်

ဓာတ်ပုံ ရင်းမြစ်, PPNM

ဓာတ်ပုံ ပုံစာ, အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူချိန် သံကြိုးခတ်ခံထားရတဲ့ မဝတ်ရည်အောင်

မဝတ်ရည်အောင်ဟာ ကျန်းမာရေးအတွက် ထောင်ဆေးရုံမှာသာ အများဆုံးကုသခံရပြီး တစ်ခါတလေမှ အင်းစိန်ဆေးရုံမှာ လွှဲပြောင်းကုသခံယူခွင့်ရပါတယ်။

ဒါပေမဲ့ အင်းစိန်ဆေးရုံမှာ ရှိနေတဲ့ ကာလတလျှောက်လုံး ကုတင်တိုင်နဲ့ ခြေထောက်ကို သံကြိုးခတ်ခံထားရပြီး ရေချိုး၊ အိမ်သာသွားဖို့ဆိုရင် ခြေကျင်းနဲ့သွားရတယ်လို့ မဝတ်ရည်အောင် ဆေးရုံတက်ချိန်မှာ သတင်းမေးဖို့ သွားခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပြပါတယ်။

ဒါက အကျဉ်းသားတွေ အပြင်ဆေးရုံတက်တဲ့အခါ အကျဉ်းဦးစီးဌာနရဲ့ လုပ်ရိုးလုပ်စဉ်လို့ နိုင်ငံရေးအကျဉ်းသားတွေ နားလည်ထားပေမဲ့ ဒီမြင်ကွင်းကတော့ ရင်နင့်စေခဲ့ပါတယ်။

ဒီလိုအခြေအနေတွေမှာတောင် မဝတ်ရည်အောင် (ခ) အပြုံးဆိုတဲ့ အမျိုးသမီးငယ်လေးက အပြုံးမပျက် ရှိနေခဲ့ပါတယ်။

အင်းစိန်ဆေးရုံမှာတော့ မိခင်ဖြစ်သူက လာရောက်စောင့်ရှောက်ခွင့် ရခဲ့ပါတယ်။

"ဝတ်ရည်အောင်က သူ့အမေနဲ့ အရမ်းတွေ့ချင်နေခဲ့တာ" လို့ သူနဲ့ အတူဆုံခဲ့ဖူးတဲ့ နိုင်ငံရေး အကျဉ်းသူတွေက ပြောကြပါတယ်။ ဒါပေမဲ့ သူ့အမေနဲ့ တွေ့ခွင့်ဟာ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ မတိုင်ခင်က နောက်ဆုံးအကြိမ် ဖြစ်ခဲ့ပါတယ်။

အင်းစိန်ဆေးရုံကနေ ထောင်ကို ရုတ်တရက် ပြန်ပို့ခံရပြီးနောက် ရက်ပိုင်းမှာပဲ မဝတ်ရည်အောင် ကွယ်လွန်ပါတယ်။

သေဆုံးမှ လွတ်မြောက်ခွင့်ရ

သေဆုံးသွားချိန်မှ လွတ်မြောက်ကြောင်း အမိန့်စာ

ဓာတ်ပုံ ရင်းမြစ်, Mya Aye

အင်းစိန်ထောင်တွင်း သေဆုံးခဲ့တဲ့ မဝတ်ရည်အောင် ရုပ်အလောင်းကို ထောင်အာဏာပိုင်တွေက အင်းစိန်ဆေးရုံ ရင်ခွဲရုံကို ဇူလိုင် ၂၀ ရက် မနက် ၃ နာရီမှာ ပို့ခဲ့ပါတယ်။

ထောင်လွတ်လက်မှတ်မှာတော့ ပြင်းထန်အတက်ရောဂါကြောင့် သေဆုံးတယ်လို့ ထောင်အာဏာပိုင်က မှတ်ချက်ရေးပါတယ်။

အင်းစိန်ဆေးရုံကနေမှ ရေဝေးသုသာန်ကို ပို့တဲ့အချိန်မှာ အလောင်းဘေးကနေ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ယောက်က ထောင်ကနေ လွှတ်ပေးလိုက်ပြီဖြစ်တဲ့အကြောင်း အမိန့်စာပြန်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်လအတွင်း ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု လုံလုံလောက်လောက် မရတာကြောင့် သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သိရပါတယ်။

ထောင်တွင်း သေဆုံးသွားတဲ့ မဝတ်ရည်အောင်ကို ပြန်လွှတ်လိုက်ပြီဆိုတဲ့အကြောင်း အမိန့်စာပြန်

ဓာတ်ပုံ ရင်းမြစ်, နာရေးကူညီမှုအသင်း(ရန်ကုန်)

ဓာတ်ပုံ ပုံစာ, ထောင်တွင်း သေဆုံးသွားတဲ့ မဝတ်ရည်အောင်ကို ပြန်လွှတ်လိုက်ပြီဆိုတဲ့အကြောင်း အမိန့်စာပြန်

ဇူလိုင် ၂၂ ရက်မှာပြုလုပ်တဲ့ အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင် (ခ) အပြုံးရဲ့ နာရေးကို စစ်ကောင်စီရဲ့စောင့်ကြည့်မှုတွေ ကြားကနေ ပြုလုပ်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း အပြုံးလို့ ချစ်စနိုးခေါ်ကြတဲ့ မဝတ်ရည်အောင် သေဆုံးမှုဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက် အခြေအနေတွေကို မီးမောင်းထိုးပြနေတယ်လို့ နိုင်ငံရေးအကျဥ်းသားတွေအရေး အကူအညီပေးနေသူတွေက ပြောကြပါတယ်။

မညို၊ မပိုးနဲ့ မဆုတို့ဟာ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေဖြစ်ပြီး သူတို့လုံခြုံရေးအတွက် နာမည်ပြောင်းလဲ အသုံးပြုထားပါတယ်။