စစ်တပ်၊ အချစ်နဲ့ ထောင်။ ဒေါက်တာဇော်မြင့်မောင်

ဒေါက်ဇော်ဆိုပြီး မန္တလေးနဲ့ အညာတကြောမှာ လူသိများ

ဓာတ်ပုံ ရင်းမြစ်, NLD

ဓာတ်ပုံ ပုံစာ, ဒေါက်ဇော်ဆိုပြီး မန္တလေးနဲ့ အညာတကြောမှာ လူသိများ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြန်မာပြည်မှာ ထောင်သက်အရှည်ဆုံး နိုင်ငံရေးခေါင်းဆောင်တွေဖြစ်ကြတဲ့ ဟံသာ၀တီ ဦး၀င်းတင်နဲ့ ဒေါက်တာဇော်မြင့်မောင်တို့ နှစ်ယောက်လုံး NLD ပါတီ၀င်တွေ ဖြစ်ကြပြီး ကွယ်လွန်သွားကြပြီ ဖြစ်ပါတယ်။ ထောင်ထဲမှာ ၁၉ နှစ် နေခဲ့ရတဲ့ ဦး၀င်းတင်ဟာ NLD နဲ့ စစ်တပ် ပူးတွဲအာဏာမရမီမှာ ကွယ်လွန်ခဲ့ပြီး ဒေါက်တာဇော်မြင့်မောင်ကတော့ NLD တိုင်း၀န်ကြီးချုပ်ဘ၀ကို ဖြတ်သန်းပြီး ဒုတိယထောင်သက်တမ်းထဲမှာ ဆုံးပါးခဲ့တာပါ။ ဒေါက်ဇော်ဆိုပြီး မန္တလေးနဲ့ အညာတကြောမှာ လူသိများတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ နိုင်ငံရေးလောကကို အသက် ၃၈ နှစ် အရွယ်မှ ၀င်လာခဲ့သူ ဖြစ်ပါတယ်။ ထောင်သက် ၂၂ နှစ်ကို နုတ်လိုက်ရင်တော့ သူ့ရဲ့ ပြင်ပ နိုင်ငံရေးသက်တမ်းက ၁၃ နှစ် ကျော်ကျော်ပဲ ရှိပါတယ်။ ဆေးတက္ကသိုလ်ပါမောက္ခရဲ့သား၊ ဆေးမဟာသိပ္ပံဘွဲ့ယူဖို့ ပြင်နေတဲ့ သရုပ်ပြဆရာဘ၀ကနေ ကြမ်းတမ်းတဲ့ နိုင်ငံရေးခယောင်းတောကိုဖြတ်ပြီး သူမြင်လိုတဲ့ နိုင်ငံရေးအပြောင်းအလဲကို ရဖို့ တစိုက်မတ်မတ် ကြိုးပမ်းခဲ့တဲ့အတွက် မြန်မာပြည်ရဲ့ အကြီးဆုံး အရပ်သားပါတီမှာ ဒုတိယဥက္ကဋ္ဌထိ သူ တာ၀န်ယူခဲ့ရသလို နိုင်ငံရေးအာဏာတွေလည်း ရရှိခဲ့ပါတယ်။

စိန့်ပီတာနဲ့ ဆေးမန်းထွက် ၀န်ကြီးချုပ်

စိန့်ပီတာကျောင်းက ကင်းထောက် ဇော်မြင့်မောင် (တတိယတန်း ညာမှ ဒုတိယ)

ဓာတ်ပုံ ရင်းမြစ်, Prof Than Win

ဓာတ်ပုံ ပုံစာ, စိန့်ပီတာကျောင်းက ကင်းထောက် ဇော်မြင့်မောင် (တတိယတန်း ညာမှ ဒုတိယ)

ဗြိတိသျှခေတ် အထက်မြန်မာပြည်မှာ ထူထောင်တဲ့ စိန့်ပီတာ အထက်တန်းကျောင်းဟာ ရန်ကုန်က စိန့်ပေါ၊ မော်လမြိုင်က စိန့်ပက်ထရစ်ကျောင်းတွေလိုပဲ ပညာတတ် ပညာရှင်တွေ မွေးထုတ်ပေးတဲ့ ခရစ်ယာန်သာသနာပြု ယောက်ျားလေးကျောင်းကြီးအဖြစ် ထင်ရှားပါတယ်။ ဒီကျောင်းက ထွက်တဲ့အထဲက ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဦးကာ၊ ဆေးတက္ကသိုလ် (၁ ) ပါမောက္ခချုပ် ဦးကျော်မြင့်တို့လို ပညာရှင်၀န်ကြီးတွေ ထင်ရှားခဲ့ပြီး နိုင်ငံရေးသမား၀န်ကြီးအဖြစ် ဒေါက်တာဇော်မြင့်မောင် ပေါ်ထွက်ခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ငယ်စဥ်ထဲက ပညာထူးချွန်ပြီး အထက်တန်းမှာ သင်္ချာရည်ချွန်ဆုတွေ ဆွတ်ခူးခဲ့ပါတယ်။ သူနဲ့ ခေတ်ပြိုင်တွေထဲမှာ သူ့လိုပဲ စိုက်ပျိုးရေးတက္ကသိုလ်ပါမောက္ခချုပ်ရဲ့သား ဖြစ်တဲ့ ဒေါက်တာသန်း၀င်းက သူ့ထက် နှစ်တန်းကြီးပြီး ၂၀၁၅ မှာ NLD အမျိုးသားလွှတ်တော်အမတ် ဖြစ်ခဲ့ပါတယ်။ ပညာရှင် ပါမောက္ခချုပ်ဘ၀ကနေ လွှတ်တော်အမတ်ဖြစ်လာတဲ့ ဒေါက်တာသန်း၀င်းနဲ့ မတူဘဲ ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာမြင့်နိုင်တို့ကတော့ ၁၉၉၀ အမတ်အကျဥ်းသားတွေဘ၀နဲ့ နှစ်ရှည်ထောင်ကျပြီးမှ ၂၀၁၆ မှာ တိုင်း၀န်ကြီးချုပ်တွေ ဖြစ်ခဲ့ကြပါတယ်။

တခါ ဒေါက်တာဇော်မြင့်မောင်နဲ့အတူ မန္တလေးဆေးတက္ကသိုလ်က ဆေးပညာဘွဲ့ရခဲ့ကြတဲ့ ဆရာ၀န် တချို့ ၁၉၉၀ ရွေးကောက်ပွဲမှာ အမတ်တွေ ဖြစ်ခဲ့ကြပါတယ်။ ဒီထဲကနေ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရေးလောကကို စွန့်ခွာသွားကြတဲ့အတွက် ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာတင့်ဆွေနဲ့ ဒေါက်တာမြင့်နိုင်တို့လောက်ပဲ ထင်ထင်ရှားရှား တင်ကျန်ခဲ့ပါတယ်။

ပြည်သူကြားမှ သံတိုင်ကြားသို့

ကမ္ဘာကျော် တောင်သမန်အင်းနဲ့ တံတားရှိတဲ့ အမရပူရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာကျော် တောင်သမန်အင်းနဲ့ တံတားရှိတဲ့ အမရပူရ

၁၉၈၈ အရေးအခင်းမှာ မန္တလေးဆေးတက္ကသိုလ် ဆရာသမဂ္ဂနဲ့ မန္တလေးဆရာ၀န်သမဂ္ဂအတွင်းရေးမှူးဖြစ်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ဆန္ဒပြတဲ့အထဲပါသူတွေကို အရေးမယူဘူးပြောပြီးမှ သူ့ကို ရန်ကုန်ဆေးတက္ကသိုလ် (၁) ကို ပို့လို့ မကျေနပ်တဲ့အတွက် ငွေငါးသောင်းလျော်ကြေးပေးပြီး အလုပ်က ထွက်ခဲ့တယ်လို့ မန္တလေးအလင်းသတင်းစာကို ၂၀၁၆ က ပြန်ပြောင်းပြောပြပါတယ်။

အဲဒီအချိန်မှာ ပညာရေးနဲ့ ကျန်းမာရေး၀န်ကြီး ဖြစ်နေတဲ့ ဒေါက်တာဖေသိန်းဟာ သူ့ဖခင် ဒေါက်တာချစ်မောင်နဲ့ တဌာနထဲ သုတေသန အတူလုပ်ခဲ့ကြတဲ့ ဇီ၀ကမ္မပညာရှင် ဖြစ်သလို ဒေါက်တာဇော်မြင့်မောင်တို့ ဇနီးမောင်နှံကို လက်ထပ်ပေးခဲ့တဲ့ ဆရာရင်း ပါမောက္ခချုပ်လည်း ဖြစ်ပါတယ်။ အစိုးရအလုပ်ကို သည်းခံပြီး ဆက်လုပ်ရင် သူ့အတွက် ဘွဲ့လွန်ရပြီး ရာထူးတက်လမ်းရှိပေမယ့် မလုပ်ဘဲ နိုင်ငံရေးလမ်းကို ရွေးခဲ့သူဖြစ်ပါတယ်။

NLD အမတ်အဖြစ် သူနေထိုင်ရာ အမရပူရမြို့နယ်က ကောက်စိုက်သမထုကြီးရဲ့မဲနဲ့ အရွေးခံရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ လွှတ်တော်မတက်ရဘဲ နိုင်ငံရေးမုန်တိုင်းကြောင့် တုံ့နှေးခဲ့ရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ အာဏာလွှဲပြောင်းရေးဖြစ်မလာဘဲ ဂန္ဓီခန်းမကြေညာစာတမ်းကနေ အဝေးရောက်ညွန့်ပေါင်းအစိုးရဖွဲ့တဲ့အထိ ဖြစ်လာတဲ့ နိုင်ငံရေးတကွေ့ချိုးခဲ့ပါတယ်။ ဒီအတောအတွင်း အမရပူရမှာ လုပ်တဲ့ NLD အမတ်တွေရဲ့ အစည်းအဝေးတခုမှာ ပါဝင်ကူညီမှုနဲ့ ဆရာ၀န်အမတ်ပေါက်စ ဒေါက်တာဇော်မြင့်မောင် ထောင်ဒဏ်နှစ်ရှည်တွေချမှတ်ခံခဲ့ရသလို ထောင်ထဲမှာလည်း ဖိနှိပ်မှုအမျိုးမျိုးနဲ့ ထပ်ဆင့် ထောင်ဒဏ်တွေ ကျသင့်ခဲ့ပါတယ်။

အိမ်မှာ ကျန်ရစ်တဲ့ မိသားစု

ဓာတ်ပုံ ရင်းမြစ်, https://drzawmyintmaung.blogspot.com/

ဓာတ်ပုံ ပုံစာ, အိမ်မှာ ကျန်ရစ်တဲ့ မိသားစု

အင်းစိန်နဲ့ မြစ်ကြီးနားထောင်တွေမှာ ၁၉ နှစ် နေခဲ့ရတဲ့ ဒေါက်တာဇော်မြင့်မောင်အဖို့ မြန်မာ့နိုင်ငံရေးနဲ့ရော မိသားစုနဲ့ပါ ဆယ်စုနှစ် နှစ်စုနီးပါး အဆက်ပြတ်ခဲ့ရပါတယ်။ သူနဲ့အတူ ထောင်ထဲ နေခဲ့ရသူတွေထဲမှာ ဟံသာဝတီဦးဝင်းတင်နဲ့ မျိုးမြင့်ငြိမ်းတို့လို စာနယ်ဇင်းသမားတွေ ပါသလို ဒေါက်တာခင်ဇော်ဝင်းလို လူမှုဝန်ထမ်းတွေလည်း ပါပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်တွင်းမှာ လူငယ်တွေကို ဦးဆောင်မှုပေးနိုင်ပြီး နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးသုံးသပ်ရာမှာလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သူဖြစ်တယ်လို့ စာရေးဆရာ အယ်ဒီတာ ဦးမျိုးမြင့်ငြိမ်းက ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ချိန်မှာ ဧရာဝတီသတင်းဌာနကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

၁၉ နှစ် ထောင်ကျချိန်မှာ သူ့မိသားစုနဲ့ သူ့ဖခင်က သူ့ကို ထောင်၀င်စာပို့ပြီး အားပေးခဲ့ကြသလို ဇနီးဖြစ်သူ ဒေါက်တာယုယုမေကလည်း အခက်အခဲတွေကြားက သားသမီးသုံးယောက်ကို လူတလုံးသူတလုံးနဲ့ ပညာရည်ချွန်အောင် ပျိုးထောင်ပေးခဲ့ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးကတဆင့် မြစ်ကြီးနားထောင်ကို ပို့ရာမှာ ဇနီးသည်က လမ်းကနေ ဆိုင်ကယ်နဲ့ လိုက်တွေ့တဲ့အကြောင်းကလည်း နိုင်ငံရေးမိသားစုတွေကြားမှာ မျက်ရည်လည်စရာ ဖြစ်ခဲ့ရပါတယ်။

စစ်ကိုင်းနားက ရွာထောင်ဘူတာမှာ ရထားရပ်ချိန်မှာ လာတွေ့ကြတဲ့ မိသားစုထဲက သမီးငယ်ကို "ဖေဖေက ငိုတာမကြိုက်ဘူးနော်" ဆိုပြီး ဒေါက်တာယုယုမေက ပြောလိုက်ချိန်မှာ တွဲလဲခိုနေတဲ့ မျက်ရည်ဥလေး ပြန်ဝင်သွားကြောင်း ဒေါက်တာဇော်မြင့်မောင်နဲ့ မြစ်ကြီးနားထောင်မှာ ရှစ်နှစ် အတူနေခဲ့ရတဲ့ ကိုမာကီခေါ် ကျော်ကျော်ထွေးက ပြန်ပြောင်းရေးပြခဲ့ပါတယ်။ ဘေးက လူငယ်တွေ မျက်ရည်မဆည်နိုင်ဖြစ်ကြရတဲ့ ဒီမိသားစုတွေ့ဆုံပွဲမှာ ဒေါက်တာဇော်မြင့်မောင် တချက်မှ မျက်နှာမပျက်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

တတိယအရွယ်မှာ ဒီမိုကရေစီရှာ

၁၉ နှစ်ကြာတဲ့ အိမ်ပြန်ခရီး

ဓာတ်ပုံ ရင်းမြစ်, https://drzawmyintmaung.blogspot.com/

ဓာတ်ပုံ ပုံစာ, ၁၉ နှစ်ကြာတဲ့ အိမ်ပြန်ခရီး

၂၀၀၈ ဖွဲ့စည်းပုံနဲ့ လုပ်တဲ့ ရွေးကောက်ပွဲမတိုင်မီ ၂၀၀၉ ခု ၅၈ နှစ်အရွယ်မှာ ဒေါက်တာဇော်မြင့်မောင်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်မီ တနှစ်အတွင်း NLD ပါတီထဲမှာ ဖြစ်ပွားခဲ့တဲ့ ရွေးကောက်ပွဲဝင်သင့် မဝင်သင့်ကနေ ဦးခင်မောင်ဆွေတို့ ပါတီခွဲထောင်တဲ့အထိ ဖြစ်ခဲ့ပေမယ့် ဒေါက်တာဇော်မြင့်မောင်ကတော့ ဟံသာ၀တီဦးဝင်းတင်နဲ့အတူ ရွေးကောက်ပွဲမဝင်ရေးဘက်က ရပ်တည်ခဲ့ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူအတိုင်း ဝင်အရွေးခံပြီး ဒုတိယအကြိမ် အမတ်ဖြစ်လာခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ တဖက်က နိုင်ငံရေးအပြောင်းအလဲတွေကြားမှာ ဟန်ချက်ညီအောင်နဲ့ ပါတီပြန်လည်ထူထောင်ရေး၊ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်ရေးအတွက် လုံးပန်းရသလို တဖက်ကလည်း မိသားစုပုံမှန်ဘဝ ပြန်လည်ရရှိအောင် ကြိုးစားရပါတယ်။

သူပြန်လွတ်လာချိန်မှာ သားဆရာဝန်နှစ်ယောက် ပြည်ပ ထွက်ခွာသွားပြီမို့ သမီးအငယ်ဆုံး ဆေးကျောင်းသူပဲ အိမ်မှာ ရှိပါတယ်။ သမီးဖြစ်သူနဲ့ ရင်းနှီးမှု ရဖို့ ဒေါက်တာဇော်မြင့်မောင် အင်မတန်ကြိုးစားပြီး သူ့သမီးကိုချစ်ကြောင်း အများကြီး ပြခဲ့တယ်၊ တခါမှ အသံမာမာတောင် မပြောဘူးဆိုပြီး သမီးငယ် ဒေါက်တာ စုဝေပုံက ဖခင်ကွယ်လွန်ချိန်မှာ အမှတ်တရ ရေးသားခဲ့ပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် အောင်မြင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် အောင်မြင်ခဲ့

၂၀၁၅ ရွေးကောက်ပွဲမှာ NLD အပြတ်အသတ် အနိုင်ရပြီးနောက် ပထမဆုံးအကြိမ် NLD နဲ့ စစ်တပ် ပူးတွဲပြီး အစိုးရသစ် ဖွဲ့ရပါတယ်။ အဲဒီအခါမှာ ဖွဲ့စည်းပုံကန့်သတ်ချက်ကြောင့် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်သလို သားတွေ ပြည်ပရောက်နေတဲ့ ဒေါက်တာဇော်မြင့်မောင်လည်း သမ္မတမဖြစ်ခဲ့ကြောင်း သူနဲ့ ၁၉၈၈ နိုင်ငံရေးကတည်းက သိကျွမ်းခဲ့တဲ့ NLD ထိပ်တန်းအမတ်တယောက်က ပြောပါတယ်။ သမ္မတမဖြစ်ပေမယ့် ဒေါက်တာဇော်ဟာ မန္တလေးဝန်ကြီးချုပ်အဖြစ် အောင်မြင်ခဲ့ပါတယ်။

ငယ်သူငယ်ချင်းနဲ့ သူ့လိုပဲ ဆေးတက္ကသိုလ်ပါမောက္ခသားဖြစ်တဲ့ မျက်စိပါမောက္ခဦးရဲလွင်နဲ့ ဒေါက်တာဇော်မြင့်မောင်တို့ ပူးတွဲ ကြိုးပမ်းမှုကြောင့် မန္တလေးဟာ စမတ်စီးတီးအဖြစ် နိုင်ငံတကာတန်းဝင်လာခဲ့ပါတယ်။ မန္တလေးတိုင်းအတွင်းမှာ အုပ်ချုပ်ရေးပြောင်းလဲအောင် ကြိုးပမ်းမှုတွေကြောင့်လည်း မန္တလေးအတွက် ဦးရာဇတ်လုပ်ကြံခံရပြီးကတည်းက ပျောက်ကွယ်နေခဲ့တဲ့ အထက်မြန်မာပြည်ခေါင်းဆောင်တယောက် ပြန်လည်ရရှိခဲ့ပါတယ်။ NLD ပါတီမှာလည်း ၂၀၁၈ ကစပြီး ဒေါက်တာဇော်မြင့်မောင်ဟာ သမ္မတဦးဝင်းမြင့်နဲ့အတူ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

မုန်တိုင်းကြားကလူ

မိတ္ထီလာမြို့နယ် မြေတိုင်ရွာရောက် ဒေါ်စုနဲ့ ဒေါက်ဇော်

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, မိတ္ထီလာမြို့နယ် မြေတိုင်ရွာရောက် ဒေါ်စုနဲ့ ဒေါက်ဇော်

NLD ခေတ် ငါးနှစ်သက်တမ်းမှာ အနှစ် ၅၀ ကျော် အုပ်စိုးလာခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ရဲ့ ဒဏ်တွေကို ခံရသလို စစ်တပ်နဲ့ ဗျူရိုကရေစီယန္တရားရဲ့ အကဲစမ်းမှုကိုလည်း ဒေါက်တာဇော်မြင့်မောင်တို့ကြုံခဲ့ရပါတယ်။ တဖက်မှာလည်း ပြုပြင်ပြောင်းလဲရေး ရှေ့ရောက်ချင်တဲ့ လက်ဝဲစွန်းနဲ့ လစ်ဘရယ်သမားတွေရဲ့ ဝေဖန်မှုတွေ ခံရပါတယ်။ ကျောင်းသားဆန္ဒပြပွဲ၊ အယ်လ်ဖာဘိလပ်မြေစက်ရုံသပိတ် စတဲ့ ကိစ္စတွေမှာ ဒေါက်တာဇော်မြင့်မောင် ကိုင်တွယ်ပုံကို မကြိုက်သူတွေ ရှိသလို လူမျိုးစုတွေ NLD အောက်မှာ ပူးပေါင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းမှုနဲ့ ညွန့်ပေါင်းအစိုးရဆိုတာ စဉ်းစားတဲ့အထဲကို မပါဘူးဆိုတဲ့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက ဒေါက်တာဇော်မြင့်မောင်ရဲ့ ပြောဆိုချက်မျိုးတွေကို မကြိုက်တဲ့ လူမျိုးစုပါတီတွေ ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးမှာတော့ နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ ဆိုပြီး လူမျိုးစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ NLD ဘက်က စာထုတ်ခဲ့သလို အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့ဖို့ ဒေါက်တာဇော်မြင့်မောင်တို့ NLD ခေါင်းဆောင်ပိုင်းက လေသံပြောင်း ပြောလာခဲ့ပါတယ်။

ရခိုင်မှာ အေအေနဲ့ စစ်တပ်ကြား စစ်မီးတောက်လောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရခိုင်မှာ အေအေနဲ့ စစ်တပ်ကြား စစ်မီးတောက်လောင်

ရခိုင်မှာ မေတ္တာတရား ခေါင်းပါးနေလို့ ဝိုင်းပြီးတော့ မေတ္တာပို့ပေးကြပါဆိုတဲ့ ၂၀၁၉ ရခိုင်မှာ စစ်မီးတောက်နေချိန်က သူ့ပြောစကားဟာလည်း ကနေ့ထက်ထိ ရခိုင်နဲ့ NLD ကြားဆက်ဆံရေးမှာ အဖုအထစ်ဖြစ်ကျန်နေဆဲ ဖြစ်ပါတယ်။

တခါ ၂၀၂၀ က မန္တလေး သတင်းဂျာနယ်ပါ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ကာကွယ်မလေ ဆိုပြီး အညာသား ကလောင်နဲ့ ရေးတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ဆောင်းပါးမှာလည်း မြန်မာအစိုးရဖွဲ့တဲ့ ရခိုင်အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာထဲမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာ အင်အားအလွန်အကျွံ သုံးထားတာတွေ တွေ့ရတယ်လို့ ပါပါတယ်။ ဒါပေမဲ့ လူမျိုးတုံးသတ်ဖြတ်မှု လက္ခဏာ မတွေ့ရဘူးလို့ အခိုင်အမာပြောထားတာပါဆိုပြီး စစ်တပ်ဘက်က ခုခံ ရေးသားခဲ့မှုတွေကြောင့် လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ဖုံးဖိသူအဖြစ် ဒေါက်တာဇော်မြင့်မောင်ကို တခြား NLD ခေါင်းဆောင်တွေနဲ့အတူ သတ်မှတ်စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

ပုဂံရောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဇော်မြင့်မောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပုဂံရောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဇော်မြင့်မောင်

နောက် သူ့လက်ထက်မှာ အဂတိလိုက်စားမှုရှိတယ်ဆိုပြီး စွပ်စွဲမှုတွေ ရှိခဲ့တဲ့အတွက် သူကိုယ်တိုင် ၂၀၂၀ ပြည့်နှစ်မှာ “ဝန်ကြီးချုပ်သား ကန်ထရိုက်ရတယ်လို့ ခင်ဗျားတို့ ဒါပြောချင်တာ မဟုတ်လား။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော့်သားက နိုင်ငံခြားမှာနေနေတာဗျ ၊ ဆရာဝန်ဗျ။ ဘာမှမဟုတ်ဘူး ။တောင်သမန်သစ္စာမှာလည်း ကျွန်တော့်သမီးရတယ် ပြောနေတာတွေ အများကြီးပါ ”ဆိုပြီး မီဒီယာတွေကို ချေပစကား ပြောကြားခဲ့ပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ပဲ သူ့ကို လုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက လာဘ်ယူမှုနဲ့ ၂၀၂၁ အာဏာသိမ်းစစ်တပ်က တရားစွဲထောင်ချခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာဇော် လွတ်မြောက်ရေး ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါက်တာဇော် လွတ်မြောက်ရေး ဆန္ဒပြ

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း NLD ခေါင်းဆောင်တွေကို ထိန်းသိမ်းရာမှာ ဒေါက်တာဇော်မြင့်မောင်လည်း ပါဝင်ခဲ့ပါတယ်။ မိသားစုကိုလည်း နေအိမ်အကျယ်ချုပ်ချခဲ့ပါတယ်။ ၂၀၁၉ ကတည်းက သွေးကင်ဆာရောဂါကြောင့် ဆေးကုသနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးဟာ ထောင်တွင်း အခြေအနေတွေနဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့် ပိုမို ဆိုးရွားလာပါတယ်။

သူနဲ့အတူ ထောင်ကျနေတဲ့ စီဒီအမ် ကင်ဆာအထူးကုဆရာဝန်က ကုသပေးသလို အခြေအနေဆိုးလာချိန်မှာ မန္တလေးဆေးရုံကြီးကို လွှဲပြီးကုသပေးတာတွေ ရှိပေမယ့် သက်သာမလာခဲ့ပါဘူး။ လက်ရှိကုထုံးအရ ဆေးကုသမှု မတိုးတက်တော့တဲ့အတွက် ကုထုံးသစ်ကို ပြောင်းလဲကုသချိန်မှာ သွေးဖြူဥကျဆင်းပြီး ကွယ်လွန်ကြောင်း နီးစပ်တဲ့ သတင်းရင်းမြစ်ဆီက သိရပါတယ်။ ဒီကုထုံးသစ်ရဖို့အတွက်လည်း ဆေးဝါးကို ဆရာဝန်တွေ ကိုယ်တိုင်ခက်ခက်ခဲခဲ ရှာဖွေခဲ့ရတာ ဖြစ်ပါတယ်။

ပြည်သူ့မေတ္တာကို သက်ဆုံးတိုင်အောင် ရရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, Maung Maung Oo

ဓာတ်ပုံ ပုံစာ, ပြည်သူ့မေတ္တာကို သက်ဆုံးတိုင်အောင် ရရှိခဲ့

သူကွယ်လွန်ချိန်မှာ ထောင်နဲ့ချီတဲ့ မြို့ခံတွေက သူ့နာရေးကို ကြောက်ရွံ့မှုတွေကြားက လိုက်ပါပို့ဆောင်ကြသလို လမ်းဘေးကလည်း ငိုကြွေး ကန်တော့ပြီး နှုတ်ဆက်ကြပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ မှတ်ဉာဏ်အထူးကောင်းမွန်ပြီး အထိန်းသိမ်းခံ သမ္မတဦးဝင်းမြင့်လိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်အားကိုးခံရတဲ့သူဖြစ်လို့ သူတို့နှစ်ယောက်မပါဘဲ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချတတ်ဘူးလို့လည်း ဒေါက်တာဇော်မြင့်မောင်နဲ့ နီးစပ်တဲ့ ထိပ်တန်းလွှတ်တော်အမတ်က ပြောပါတယ်။ ဒါကြောင့် စစ်တပ်နဲ့ ပြည်ပက ဒေါ်စုဆီ ချဉ်းကပ်ပြီး နိုင်ငံရေးကိစ္စဆွေးနွေးဖို့ ကြိုးစားရာမှာ ဗဟိုအလုပ်အမှုဆောင်တွေ မပါဘဲ မဆွေးနွေးနိုင်ကြောင်း ဒေါ်စုက တုံ့ပြန်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံရေး ရပ်တည်မှု ခိုင်မာပြီး လူချစ်လူခင်များတဲ့ ဒေါက်တာဇော်မြင့်မောင်ကို စစ်တပ်ဘက်က ရန်ငြိုးထားတုံ့ပြန်မှုကြောင့် ထောင်ထဲမှာပဲ ကင်ဆာရောဂါဖိစီးပြီး ကွယ်လွန်ခဲ့ရသလို ဇနီးဖြစ်သူကိုလည်း ဖမ်းဆီးမယ်လုပ်လို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ဒေါက်တာဇော်မြင့်မောင်မှာ နိုင်ငံရေးအသိအမြင်ပိုင်း အားနည်းပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အရပ်သားနိုင်ငံရေးကို ပြန်လည် မြေစမ်းခရမ်းပျိုး ထူထောင်ခဲ့သူအဖြစ် အောင်မြင်ခဲ့တယ်လို့ ပညာရှင်တချို့က သုံးသပ်ကြပါတယ်။

ဒေါက်ဇော်နဲ့ ဒေါက်ရဲခေတ်မှာ တခေတ်ဆန်းခဲ့တဲ့ မန္တလေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါက်ဇော်နဲ့ ဒေါက်ရဲခေတ်မှာ တခေတ်ဆန်းခဲ့တဲ့ မန္တလေး